အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂) - အဆုံးမဲ့သတ်ဖြတ်ခြင်း (၂)
ယခုအခါ သူသည် တစ်ကိုယ်လုံးတွင် မိုးကြိုးစွမ်းအင်များ ဖုံးလွှမ်းထားကာ မိုးကြိုးအင်္ကျီတစ်ထည် ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
ဤကျင့်စဉ်မှာ အလွန်စွမ်းအားကြီးမားပြီး အထူးသဖြင့် သတ္တုနှင့်သံကဲ့သို့သော အရာများအပေါ် ကြီးမားသောသက်ရောက်မှု ရှိလေသည်။
ဓားအဟုန် မည်မျှပင်ပြင်းထန်နေပါစေ မိုးကြိုးစွမ်းအင်ကြောင့် ပွန်းပဲ့သွားမည်ဖြစ်ပြီး ဓားအဟုန်ကိုလမ်းကြောင်းလွှဲကာ ထိန်းသိမ်းရန် ခက်ခဲစေမည်မှာ အသေအချာပင်။
ဤသို့ဟန့်တားလိုက်ပြီးနောက် စုဆောင်းထားသော ဓားအဟုန်များမှာ မိုးကြိုးအင်္ကျီကြောင့် ချက်ချင်းလွင့်စင်သွားတော့သည်။
ရှီယဲသည် ခြေနှစ်ဖက်မြေပေါ်ကျသည်နှင့် ရုတ်တရက်လှည့်ကြည့်လိုက်ပြီး သူ့နောက်ရှိ ချူချင်းထံသို့ ယူမင်ဝမ်ရှန်းကျင့်စဉ်ဖြင့် တိုက်ခိုက်ရန်ပြင်လိုက်၏။
သို့သော် လှည့်ကြည့်လိုက်သည့် တစ်ခဏအတွင်းမှာပင် ထိုကျင့်စဉ်ကို မထုတ်လွှတ်နိုင်ခင် လက်ချောင်းနှစ်ချောင်းက သူ၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
'ဇွပ်'
နဂါးနှစ်ကောင်ဂူစူးစမ်းခြင်းဆိုသည်မှာ သိုင်းလောကတွင် အသုံးများလွန်းလှသော တိုက်ကွက်တစ်ခုပင် ဖြစ်သည်။
သာမန်လမ်းဘေးလူမိုက်များပင်လျှင် နဂါးနှစ်ကောင်ဂူစူးစမ်းခြင်း၊ ခြေကန်ချက်၊ မျောက်မင်းမက်မွန်သီးခူးခြင်းစသည့် အရေးကြီးသောအချက်များကို ပစ်မှတ်ထားသော ယုတ်မာသည့်နည်းလမ်းမျိုးစုံကို အသုံးပြုတတ်ကြ၏။
တစ်နေ့တွင် ဤတိုက်ကွက်မျိုးက မိမိအပေါ်ရောက်လာလိမ့်မည်ဟု ရှီယဲ အိပ်မက်ပင်မမက်ဖူးချေ။
ထို့ပြင် ချူချင်း၏ဤတိုက်ကွက်မှာ ရှင်းရှင်းလင်းလင်း ကြိုတင်ကြံစည်ထားခြင်း ဖြစ်ပေသည်။
'စောစောက ဓားချက်က မိုးကြိုးအင်္ကျီကြောင့် ဓားအဟုန် ဆက်မသွားနိုင်တာလား...'
'ဒါမှမဟုတ် ဒီလူက ငါ့ရဲ့မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပစ်ချင်လို့ တမင်တကာ လုပ်တာလား...'
ထိုအတွေးက စိတ်ထဲတွင် တစ်ချက်ဖြတ်ပြေးသွားသော်လည်း အဖြေကိုမူ မရှာတွေ့နိုင်တော့ချေ။
ခြေတစ်ချက်ကန်ထွက်လာရာ အလွန်ပြင်းထန်လှသဖြင့် သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်မှာ ကန်ချက်ကြောင့် အတွင်းသို့ ချိုင့်ဝင်သွားလေသည်။
လူလွင့်စင်သွားသော်လည်း မျက်လုံးများကမူ ကျန်ရစ်ခဲ့၏။
ချူချင်းက သူ၏လက်ကို ခါရမ်းလိုက်ကာ ထိုမျက်လုံးနှစ်လုံးကို လူအုပ်ထဲသို့ လွှင့်ပစ်လိုက်သည်။
ဤအချိန်တွင် ထျန်းကျီးတောင်ကြားအတွင်း အရပ်လေးမျက်နှာ၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားနေပြီး လူအုပ်ကြီးမှာ ပြေးလွှားနေကြကာ အတွင်းအားလေလှိုင်းများ၊ လက်ဝါးလေဟုန်များကလည်း တစ်ခုပြီးတစ်ခုထွက်ပေါ်နေ၏။
ကျွမ်းကျင်သူအများအပြားက တိုက်ကွက်များကို တစ်ခုပြီးတစ်ခုထုတ်ဖော်နေကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိုးချုန်းသံများကဲ့သို့ ဆူညံသံများ ထွက်ပေါ်နေသည်။
ထိုမျက်လုံးများက လူအုပ်၏ ခြေအောက်သို့ကျသွားရာ တစ်ခဏအတွင်းမှာပင် အပိုင်းပိုင်းအစစဖြစ်အောင် နင်းခြေခံလိုက်ရလေသည်။
ထိုအခါမှသာ ရှီယဲ၏ စူးရှသောအော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း ဆက်လက်တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ချူချင်းက မင်ယွိကျင့်စဉ်ကိုအသုံးပြုကာ လှမ်း၍ဖမ်းဆွဲလိုက်၏။
"မင်း... မင်း ငါ့မျက်လုံးတွေကို ဖျက်ဆီးပစ်လိုက်တယ်..."
ရှီယဲ၏အသံမှာ စူးရှနာကျင်နေသော်လည်း နောက်တစ်စက္ကန့်တွင် စကားမပြောနိုင်တော့ချေ။ ချူချင်း၏မင်ယွိကျင့်စဉ်မှ ထူးဆန်းသော အအေးဓာတ်က သူ၏သွေးကြောများထဲသို့ ဝင်ရောက်သွားပြီး လက်တစ်ချက်ခါရမ်းကာ သင်္ချိုင်းမင်းသားထံသို့ ပစ်လွှတ်လိုက်လေသည်။
သင်္ချိုင်းမင်းသားသည် မူလက ရှီယဲ၏နေရာကို အစားထိုးကာ ဝမ်ဖူစန်းနှင့်ရင်ဆိုင်နေခြင်း ဖြစ်သည်။
ရှီယဲကို တိုက်ပွဲစက်ဝန်းထဲမှ လွှင့်ပစ်လိုက်ခြင်းက စေတနာကောင်းဖြင့်ဖြစ်သော်လည်း အခွင့်အရေးကို အကောင်းဆုံး အသုံးချတတ်သောသူနှင့်တွေ့ကာ ရှီယဲ၏အသက်ကို အဆုံးစီရင်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်နှင့် ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးမှာ သာမန်မဟုတ်ပေ။ သင်္ချိုင်းမင်းသား၏သိုင်းပညာ မည်မျှပင် ပြိုင်ဘက်ကင်းနေပါစေ တိုက်ကွက်နှစ်ကွက်၊ သုံးကွက်အတွင်း ဝမ်ဖူစန်း၏အသက်ကို နုတ်ယူရန်မှာ မဖြစ်နိုင်ချေ။
လူရိပ်နှစ်ခုက လျင်မြန်စွာ ရွေ့လျားသွားလာနေကြပြီး သူတို့၏ ကြီးမားလှသော တိုက်ကွက်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖုန်ထောင်းထောင်းထနေ၏။
သူတို့သတိမထားမိချိန်မှာပင် လေတိုက်ခတ်သံများနှင့်အတူ ရှီယဲ၏ စူးရှသောအော်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
သင်္ချိုင်းမင်းသား၏မျက်နှာဖုံးအောက်ရှိ မျက်လုံးများ အနည်းငယ်ပြောင်းလဲသွားပြီး လက်ဝါးကိုမြှောက်ကာ ရိုက်ချလိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသကဲ့သို့ရှိပြီး သူ၏ ကြီးမားလှသော အတွင်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ ဝမ်ဖူစန်းပင် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရလေသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ် ရှိနေသောကြောင့် ဆုတ်ခွာလိုက်ရသော်လည်း ဒဏ်ရာရရှိခြင်းမရှိပေ။
သင်္ချိုင်းမင်းသားက သူ၏လက်နှစ်ဖက်ကို ခွဲထုတ်ကာ ပြန်လည်ပူးကပ်လိုက်ရာ မျက်ကန်းဖြစ်နေသောရှီယဲမှာ သင်္ချိုင်းမင်းသား၏ကိုယ်ပေါ်သို့ မရောက်ခင်မှာပင် ဓားကဲ့သို့ ထက်မြက်သော လက်ဝါးလေဟုန်ကြောင့် နှစ်ပိုင်းပြတ်သွားလေသည်။
အလောင်းနှစ်ပိုင်းက တစ်ဖက်စီလွင့်စင်သွားပြီး သင်္ချိုင်းမင်းသား မော့ကြည့်လိုက်ရာ အလောင်းများကြားမှ ချူချင်းက ဓားကိုင်ကာ တိုက်ခိုက်လာသည်ကို မြင်လိုက်ရ၏။
သင်္ချိုင်းမင်းသားက ချူချင်း၏ဓားသွားကို လက်ဝါးနှစ်ဖက်ကြားတွင် ဖမ်းဆုပ်ထားလိုက်သည်။
"အရင်လှည့်ကွက်ကိုပဲ ထပ်သုံးဦးမလို့လား..."
ထိုစကားဆုံးသည်နှင့် သူ၏လက်ကောက်ဝတ်နှစ်ဖက်မှ သွေးများ ရုတ်တရက်ပန်းထွက်လာပြီး အံ့အားသင့်နေချိန်မှာပင် သူ၏လက်နှစ်ဖက်လုံး မြေပေါ်သို့ပြုတ်ကျသွားလေသည်။
ထို့နောက် ဓားအလင်းက ဆက်လက်ထွက်ပေါ်လာကာ လေထဲတွင် တစ်ဟူသောစာလုံးကို ရေးဆွဲလိုက်၏။
နောက်တစ်စက္ကန့်တွင် သင်္ချိုင်းမင်းသား၏ခေါင်းက ဘုတ်ဟူသော အသံနှင့်အတူ နောက်တစ်ကြိမ် လိမ့်ကျသွားပြန်သည်။
ဝမ်ဖူစန်းက ရှေ့သို့ တစ်လှမ်းတိုးလာသည်။
"ဒါ ဘယ်လို ဓားသိုင်းမျိုးလဲ..."
"ဆယ့်ခြောက်လမ်းစဥ် မိစ္ဆာနှင်ဓားသိုင်း..."
အစောပိုင်းက ဓားချက်တွင် ကောက်ကျစ်စဉ်းလဲမှုနှင့် အမြန်နှုန်းဆိုသည့် အချက်နှစ်ချက်ကို ရယူထားခြင်း ဖြစ်သည်။
ထိုနှစ်ခုကိုပေါင်းစပ်ထားသဖြင့် အမြန်နှင့်အနှေး သင့်တင့်မျှတနေ၏။
သင်္ချိုင်းမင်းသား ဖမ်းဆုပ်ထားမိသည်မှာ နှေးကွေးသော ဓားချက်သာဖြစ်ပြီး လျင်မြန်သော ဓားချက်က ထိုမတိုင်မီကပင် သူ၏လက်နှစ်ဖက်ကို ဖြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဓားကို ဖမ်းဆုပ်ထားနိုင်သော်လည်း လက်ပြတ်ကျသွားသည့် အခြေအနေ ဖြစ်ပေါ်သွားရခြင်းပင်။
သို့သော် ချူချင်း၏မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းနေသည်။
‘သင်္ချိုင်းမင်းသား...အရင်ကလည်း တစ်ယောက်ကို သတ်ခဲ့ပြီးပြီ...အခု ဒုတိယတစ်ယောက်ကို သတ်ပြီးပြီဆိုတော့ တတိယတစ်ယောက်များ ရှိနေဦးမလား...'
ရှီယဲထွက်လာချိန်တွင် ဝမ်ဖူစန်းက ဝင်ရောက်ရင်ဆိုင်ပေးခဲ့သဖြင့် သူက ခဏတာအားလပ်သွားချိန်ကို အသုံးချကာ စနစ်၏တာဝန်မျက်နှာပြင်ကို ဖွင့်ကြည့်ခဲ့လေသည်။
ထိုစဉ် အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို သူရှာဖွေတွေ့ရှိခဲ့၏။
ယခု သူသည် စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ် ပြန်ဖွင့်ကြည့်လိုက်သည်။
[တာဝန် - သတ်ဖြတ်ခြင်းအမိန့်တော်]
[လက်ရှိတိုးတက်မှု - ၃]
[တာဝန်ဆုလာဘ် ၁ - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာများထဲမှ တစ်ခုကို ရွေးချယ်ရန်]
[တာဝန်ဆုလာဘ် ၂ - ရတနာသေတ္တာကို အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ်]
[လက်ရှိရွေးချယ်နိုင်သော သေတ္တာများ - အသံစွမ်းအင်သေတ္တာ၊ ထူးဆန်းသောပညာရပ်သေတ္တာ၊ လက်ဝါးသိုင်းသေတ္တာ]
"တကယ်ပဲ ၃ ဖြစ်သွားပြီ..."
ယခင်က ချူချင်းကြည့်ခဲ့ချိန်တွင် တိုးတက်မှုမှာ '၁' သာရှိသေး၏။
တစ်နည်းအားဖြင့် သူ ပထမဆုံးသင်္ချိုင်းမင်းသားကို သတ်လိုက်ချိန်တွင် တိုးတက်မှုက '၁'သို့ ခုန်တက်သွားခြင်းမှာ လုပ်ကြံမှုအောင်မြင်ကြောင်း သက်သေပြနေခြင်းပင်။
ယခု '၃' ဖြစ်လာခြင်းမှာ ရှီယဲနှင့် ဒုတိယသင်္ချိုင်းမင်းသား သေဆုံးသွားခြင်းကြောင့် ဖြစ်ပေမည်။
တစ်နည်းအားဖြင့်... အစောင့်နှစ်ယောက်နှင့် မင်းသားတစ်ပါးဟူသော ဤတာဝန်မှာ လူသုံးယောက်ဟု ထင်ရသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ပေ။
သင်္ချိုင်းမင်းသားမှာ တစ်ယောက်ထက်မက ရှိနေသည်။ သို့သော် အတိအကျ ဘယ်နှယောက် ရှိနေသနည်း။
တာဝန်တိုးတက်မှုအပိုင်းတွင် အကန့်အသတ်ကို ရေးသားထားခြင်းမရှိဘဲ သူတို့ခေါ်ဆိုသော တိုးတက်မှုဆိုသည်မှာ ယခုအချိန်အထိ လူဘယ်နှယောက် သတ်ပြီးပြီလဲဆိုသည်ကိုသာ ဖော်ပြပြီး စုစုပေါင်း ဘယ်နှစ်ယောက်ရှိသည်ကိုမူ ပြောပြမည်မဟုတ်ချေ။
သေချာသည်မှာ ဤကိစ္စနှင့်ပတ်သက်၍ ချူချင်းသည် ကြာမြင့်စွာကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤစနစ်မှာ အတုအယောင်တစ်ခုကဲ့သို့ အလွန်ရိုးရှင်းလွန်းလှပေသည်။
ကံကောင်းသည်မှာ ပေးအပ်သောဆုလာဘ်များက အစစ်အမှန်ဖြစ်နေခြင်းပင်။
ထို့ပြင် ဤတာဝန်၏အခက်အခဲမှာ မသေးငယ်သဖြင့် ဒုတိယမြောက်အဆင့်မြှင့်တင်ရေး ဆုလာဘ်တစ်ခုလည်း ရှိနေသေးသည်။
ဤသို့ဆိုလျှင် သင်္ချိုင်းမင်းသားများလေ ရွေးချယ်နိုင်သော ဆုလာဘ်များပိုများလေ ဖြစ်မည်မဟုတ်လောဟု သူတွေးတောလိုက်၏။
ထိုသို့တွေးတောနေစဉ်မှာပင် သူ့နောက်မှ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
"ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်ထွေဒဏ်ရာဓားသိုင်း... ငါ နှစ်ပေါင်းများစွာလေ့လာခဲ့ပေမယ့် အပြည့်အဝနားလည်ဖို့ ခက်ခဲခဲ့တယ်..."
"မင်းလက်ထဲ ရောက်သွားတာ ဘယ်လောက်မှတောင်မရှိသေးဘူး… ဒီလောက်အထိ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်နေပြီဆိုတော့..."
"ငါခန့်မှန်းတာ မမှားဘူးပဲ... မင်းက တကယ့်ကို လူတိုင်း ငြူစူလောက်တဲ့ ပါရမီရှင်တစ်ယောက်ပဲ..."
ချူချင်းလှည့်ကြည့်လိုက်ရာ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သင်္ချိုင်းဟူသော စာလုံးပါသည့် မျက်နှာဖုံးကို တပ်ဆင်ထားသော သင်္ချိုင်းမင်းသားက ထျန်းကျီးမျှော်စင် တံခါးဝရှေ့ရှိ ဆင်ဝင်ကိုမှီကာ သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူ့ကိုမြင်သော် ချူချင်းမှာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်လေသည်။
"မင်းက... သတ်လို့ကို မကုန်နိုင်တော့ပါလား…”