← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း (၂၂၃) - သင်္ဂြိုဟ်ချိန်သီချင်း (၁)

"ဟာသဖြစ်သွားပြီလား..."

သင်္ချိုင်းမင်းသား၏သဘောထားက အလွန်ကောင်းမွန်နေသည်။ ယခုအချိန်တွင် ထျန်းကျီးတောင်ကြား၌ ဖြစ်ပျက်နေသမျှသည် သူလိုချင်သည့်အတိုင်း မဟုတ်သော်ငြား သူ၏အသံက နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး လေသံမှာလည်း အေးအေးဆေးဆေးနှင့် အလျင်စလိုခြင်းမရှိပေ။

"ငါကျင့်ကြံထားတဲ့ ပညာရပ်က 'သင်္ဂြိုဟ်ချိန်သီချင်း'လို့ခေါ်တယ်... ဒါက ငါတို့ဂိုဏ်းရဲ့ 'လျှို့ဝှက်ချက်ခုနစ်ပါး၊ ရတနာသုံးပါးနဲ့ ဆန်းကြယ်သောဂိုဏ်းခြောက်ခု'ထဲက တစ်ခုဖြစ်ပြီး သာမန်သိုင်းပညာတွေနဲ့ လုံးဝယှဉ်လို့မရဘူး..."

"တစ်ကြိမ်ကျွမ်းကျင်အောင် ကျင့်ကြံနိုင်ပြီဆိုတာနဲ့ တန်ခိုးစွမ်းအား ကြီးမားလာပြီး ကံကြမ္မာကိုပါပြောင်းလဲပစ်နိုင်တယ်..."

"လူငယ်လေး... မင်း ငါ့ကို မသတ်နိုင်ဘူး... ငါက အကြိမ်တစ်သောင်းသေဆုံးနိုင်သလို၊ သင်္ချိုင်းဂူထဲကနေ အကြိမ်တစ်သောင်းပြန်ထွက်လာနိုင်တယ်..."

"မင်းမှာတော့ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်..."

"တစ်နေ့ကျရင် မင်းရဲ့လျှို့ဝှက်ကတ်တွေ အကုန်ထုတ်သုံးပြီး ဘာမှချန်ထားနိုင်တော့မှာ မဟုတ်ဘူး... အဲဒီအခါ ငါ့လက်ထဲမှာ သေရလိမ့်မယ်... ပြန်လှည့်ဖို့လမ်းရှိတော့မှာ မဟုတ်ဘူး..."

ထိုစကားများကိုနားထောင်ရင်း ချူချင်းက အနည်းငယ်စိတ်ပျက်သွားမိ၏။ ဤသင်္ချိုင်းမင်းသားသည် ယုံကြည်မှုလွန်ကဲနေပြီး 'သင်္ဂြိုဟ်ချိန်သီချင်း'၏ အစွမ်းအာနိသင်အချို့ကို သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာမည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။

သို့သော် ရလဒ်အနေဖြင့် နာမည်တစ်ခုတည်းကိုသာ ပြောသွားခြင်းဖြစ်သည်။

ချူချင်း၏မျက်နှာအမူအရာမှာ ထူးဆန်းသွားလေသည်။

"အကြိမ်တစ်သောင်းသေဆုံးနိုင်ပြီး သင်္ချိုင်းဂူထဲကနေ အကြိမ်တစ်သောင်းပြန်ထွက်လာမယ်…”

"ခင်များ ကျင့်ကြံထားတာ သိုင်းပညာမဟုတ်ဘဲ နတ်ဝိဇ္ဇာအတတ်ပညာများ ဖြစ်နေမလား..."

"ဟားဟားဟား..."

သင်္ချိုင်းမင်းသားက ရုတ်တရက် ရယ်မောလိုက်လေ၏။

"သိုင်းပညာက နတ်ဘုရားတွေဆီရောက်နိုင်တယ်... မင်းနဲ့ငါ့ရဲ့ သိုင်းပညာက သာမန်လူတွေရဲ့ မျက်လုံးထဲမှာတော့ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေနဲ့ ဘာကွာလို့လဲ…”

"အိမ်တော်သခင်ဝမ်... ခင်များရော ဘယ်လိုထင်လဲ..."

ဝမ်ဖူစန်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"နောက်ဆုံးတော့လည်း သာမန်အသားစိုင်ခန္ဓာကိုယ်ပဲလေ... ဒီလောကမှာ မသေနိုင်တဲ့သူဆိုတာ မရှိသလို ထာဝရရှင်သန်နိုင်တဲ့ နတ်ဝိဇ္ဇာဆိုတာလည်း ပိုလို့တောင် မရှိဘူး..."

"ကိုယ့်ကိုယ်ကို အထင်သေးနေတာကပဲ ခင်များ ဒီနှစ်တွေအတွင်း ဘာမှတိုးတတ်မလာတာရဲ့ အကြောင်းရင်းပဲ... ဗုဒ္ဓ၊ ဘိုးဘေးတစ်ယောက် မဖြစ်ရဲဘူးဆိုရင် မြင့်မြတ်တဲ့နေရာကို ဘယ်တော့မှရောက်မှာ မဟုတ်ဘူး…”

"ခင်များကိုယ်တိုင်တောင် လုပ်နိုင်မယ်လို့မယုံကြည်ရင် သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး..."

သင်္ချိုင်းမင်းသားက ရှေ့သို့ခြေလှမ်းလိုက်ရာ သူ၏ကိုယ်ပတ်လည်တွင် စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားပြီး ကန့်လန့်ကာကြီးတစ်ခုကို ဆွဲယူလိုက်သကဲ့သို့ ဖြစ်သွားကာ သူ၏နောက်တွင် အလွန်မြင့်မားသော တောင်တန်းကြီးတစ်ခု ရှိနေလေ၏။ ပေတစ်သောင်းကျော်အမြင့်အထိ စိုးမိုးထားပြီး ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးကွယ်ထားသကဲ့သို့ ရှိပေသည်။

ဤစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထျန်းကျီးတောင်ကြားတစ်ခုလုံးရှိ လူအားလုံးက ၎င်းကို ခံစားလိုက်ရသည်။

မျက်စိဖြင့်မမြင်နိုင်သော ဝမ်းနည်းပူဆွေးမှုများက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားပြီး ဝမ်းနည်းကြေကွဲမှုများက သဘာဝအလျောက် စီးဆင်းလာတော့၏။

ရုတ်တရက် လူတစ်ယောက်က မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ အသံလွှင့်၍ ပြင်းပြင်းထန်ထန် ငိုကြွေးလိုက်လေသည်။

ဤငိုကြွေးသံက ကူးစက်တတ်ပုံရကာ သိုင်းလောကမှ ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် တိုက်ခိုက်နေခြင်းကို စွန့်လွှတ်လိုက်ကြပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ မျက်ရည်များကျဆင်းလျက် ငိုကြွေးနေကြသည်။

သူတို့၏အိမ်မှ ချစ်ခင်ရသူများ သေဆုံးသွားသကဲ့သို့ ဝမ်းနည်းကြေကွဲမှုများက မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေလေ၏။

ချူချင်းက ထိုအပြောင်းအလဲများကိုကြည့်ရင်း သူ၏ရင်ထဲတွင် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

မင်ယွိကျင့်စဉ်သည် သူ၏သွေးကြောများအတွင်း သဘာဝအလျောက် စီးဆင်းသွားပြီး အေးစက်သော အတွင်းအားများက သူ၏စိတ်နှလုံးကို တည်ငြိမ်စေကာ အနှောင့်အယှက်ပေးခြင်းမှ ကင်းဝေးစေခဲ့သည်။

သို့သော် ဘေးဘက်ရှိ ဝမ်ဖူစန်း၏မျက်နှာကမူ တဖြည်းဖြည်း ကြမ်းကြုတ်လာလေသည်။ ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်က သူ၏သွေးကြောများထဲတွင် စီးဆင်းလာသောကြောင့် သူ၏ဆံပင်များ လွင့်ပျံသွားပြီး မျက်လုံးများထဲတွင် အနီရောင်များ မှိန်ဖျော့ဖျော့လင်းလက်လာတော့၏။

သင်္ချိုင်းမင်းသားက တိုးညင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"လက်တစ်ဖက်လှုပ်ရှားတာနဲ့ သက်ရှိအားလုံး လဲကျသွားရတယ်…”

"ငါက နတ်ဝိဇ္ဇာမဟုတ်ပေမဲ့ နတ်ဝိဇ္ဇာဆိုရင်ရော ဘာဖြစ်လဲ..."

လူအုပ်ထဲတွင် မော့တူရှင်းနှင့် ဝမ်ရိုတို့၏ရှေ့၌ အချိန်ပြည့်ကာကွယ်ပေးနေသော ပျန်းချန်၏မျက်နှာမှာ တည်ကြည်သွားလေသည်။

"ထူးဆန်းတယ်... အတွင်းအားတွေစုစည်းပြီး သတိထားကြ..."

စကားတစ်ဝက်ပြောပြီးချိန်တွင် သူ၏ဘေးရှိ ဝမ်ရို၊ မော့တူရှင်းတို့အားလုံးက တည်ငြိမ်အေးဆေးနေကြသည်ကို သူသတိထားမိလိုက်သည်။

ဤလေထု၏လွှမ်းမိုးမှုကို လုံးဝခံရခြင်းမရှိပေ။

တစ်ခဏမျှ အံ့သြမှင်တက်သွားပြီးနောက် အတော်ကြာအောင် ရှုပ်ထွေးနေခဲ့ပြီးမှ မိမိတစ်ယောက်တည်းသာ အရူးဖြစ်နေကြောင်း သူသိလိုက်ရသည်။

သို့သော် နောက်တစ်ခဏတွင် သူ၏မျက်စိရှေ့၌ မြင်ကွင်းတစ်ခု ရုတ်တရက်ပေါ်လာလေတော့၏။

မီးတောက်များ၊ အော်ဟစ်သံများ၊ သွေးများ၊ အလောင်းများနှင့်အတူ မျှော်လင့်ချက်မဲ့မှုများဖြင့် ဝိုင်းရံထားသော မြို့တစ်မြို့က ပေါ်ထွက်လာသည်။

ကြီးမားလှသော ဝမ်းနည်းပူဆွေးမှုနှင့် မကျေနပ်မှုများက သူ၏ရင်ထဲတွင် ပြည့်နှက်သွားလေသည်။

သူသည် မိမိ၏ပါးပြင်ကို လက်ဖြင့်ပွတ်သပ်လိုက်ရာ မျက်ရည်များကျဆင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။

"ဒါပေမဲ့ မငိုသင့်ဘူး... မုန်းတီးပစ်ရမှာ..."

ပျန်းချန်က တီးတိုးရေရွတ်လိုက်ပြီး နောက်တစ်ခဏတွင် မိမိကိုယ်တိုင် လွှမ်းမိုးခံလိုက်ရကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။

သင်္ချိုင်းမင်းသား၏သိုင်းပညာသည် အလွန်ထူးဆန်းပြီး ဆန်းကြယ်လွန်းလှရာ လူတို့၏ရင်ထဲမှ ဝမ်းနည်းဖွယ်အတိတ်များကို ဆွဲထုတ်နိုင်ပြီး ရှင်ကွဲကွဲခြင်းနှင့် သေကွဲကွဲခြင်း၏နာကျင်မှုကို ထပ်မံခံစားရစေနိုင်ပေသည်။

ပျန်းချန်သည် အချိန်အခါကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းတင်ပျဉ်ခွေထိုင်ချကာ ခုခံရန်အတွက် ပုရိကောင်းကင်စာလိပ်ကို လည်ပတ်ရန် ကြံရွယ်လိုက်သည်။

သို့သော် မျက်လုံးမမှိတ်မီလေးတွင် မလှမ်းမကမ်းရှိ ဟွာကျင်နျန်း၏မျက်လုံးများက နီရဲနေသည်ကို သူသတိထားမိလိုက်သည်။ ဝမ်းနည်းမှုအပြင် သူ၏မျက်လုံးများထဲရှိ မုန်းတီးမှုက မိမိထက်ပင် ပို၍သိသာထင်ရှားနေလေသည်။

သူ၏ရင်ထဲတွင်လည်း လျှို့ဝှက်ချက်များ ပုန်းကွယ်နေသည်လော။

မော့တူရှင်းက တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်ကြသည်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ၏ဓားကို ရင်ခွင်ထဲတွင်ပိုက်လျက် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

"အရေးကြီးတဲ့အချိန်ကျရင် ငါပါမှဖြစ်မှာ..."

သို့သော် သူ ရှေ့သို့မထွက်ရသေးမီမှာပင် ဝမ်ရိုက သူ့ကို အနောက်သို့ဆွဲခေါ်လိုက်လေ၏။

"ဂိုဏ်းတူအစ်ကိုကြီး... မရှုပ်ပါနဲ့... ရှင်တို့ကို ကျွန်မကာကွယ်ပေးမယ်..."

မော့တူရှင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်သည်။

"ဒါလည်း ကောင်းပါတယ်..."

ဝမ်ရိုက သူသဘောတူလိုက်သည်ကို မြင်သောအခါမှသာ စိတ်အေးသွားတော့၏။

သူမသည် မွေးရာပါ စိတ်ခံစားမှုနည်းပါးသူဖြစ်သော်လည်း ပုရိကောင်းကင်စာလိပ်ကို ကျင့်ကြံထားသောကြောင့် သူမ၏မျက်နှာပေါ်တွင် အမူအရာများနည်းပါးနေသော်ငြား ရင်ထဲတွင်မူ လှုပ်ရှားမှုများက အနည်းငယ်မျှမလျော့နည်းခဲ့ပေ။

ယခုအချိန်တွင် လွှမ်းမိုးမှုမရှိသည်တော့ မဟုတ်ပေ။ သို့သော် ဤလွှမ်းမိုးမှုက အခြားသူများလောက် နက်ရှိုင်းမှုမရှိခြင်းသာ ဖြစ်သည်။

သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ ယခု‌အခြေအနေကို မည်သို့ဖြေရှင်းပြီး သူတို့ကို ကယ်တင်ရမည်နည်း။

သူတို့ကို အဘယ်ကြောင့် ကယ်တင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ဝမ်ရိုက နက်နက်ရှိုင်းရှိုင်း နားလည်ထားခြင်း မရှိပေ။

သူမသည် ဝမ်ဖူစန်းနှင့်ချွေ့ပုနူတို့၏ သွန်သင်ဆုံးမမှုများအပြင် ရှင်တောက်မြို့တော်အတွင်း၌ ချူချင်းက ဓားဆွဲထုတ်ကာ လူများကိုကယ်တင်ခဲ့သည့် ကိစ္စကို သူမက မျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။

သူမက ပုံစံတူလိုက်လေ့လာကာ အတုခိုးလုပ်ဆောင်နေခြင်းမျှသာ ဖြစ်လေ၏။

မျက်မှောင်အနည်းငယ်ကုတ်ကာ အပြင်းအထန်စဉ်းစားနေစဉ်တွင် ရုတ်တရက် ကျမ်းစာရွတ်ဆိုသံတစ်ခုကို ကြားလိုက်ရသည်။

ထိုအသံတွင် ထူးခြားသော အနွေးဓာတ်တစ်မျိုး ပါဝင်နေပုံရပြီး လူတို့၏ရင်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ရင်ထဲရှိ ဝမ်းနည်းပူဆွေးမှုများကို နှစ်သိမ့်ပေးနေလေသည်။

ဝမ်ရိုက အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ လက်တစ်ဖက်က ပန်းတစ်ပွင့်ကိုကိုင်တွယ်ထားပြီး အခြားလက်တစ်ဖက်ကို ရင်ဘတ်တွင် စုယှက်ထားသော အဖြူရောင်ဝတ်လူငယ်တစ်ဦးကို မြင်လိုက်ရသည်။

ကျမ်းစာရွတ်ဆိုသံမှာ သူ၏ပါးစပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူ၏တစ်ကိုယ်လုံးတွင် အတွင်းအားများက လှိမ့်တက်နေပြီး တောက်ပပူပြင်းလျက် ကောင်းကင်ထက်ရှိ နေမင်းကြီးတစ်စင်းက ကမ္ဘာလောကကြီးတစ်ခုလုံးကို အလင်းပေးနေသကဲ့သို့ ရှိပေသည်။

အသံဖြတ်သန်းသွားရာ နေရာတိုင်းရှိ နှလုံးသားဒဏ်ရာများကို သက်သာပျောက်ကင်းစေလေ၏။

ဝမ်ရိုက ထိုသူကိုသိထားပေသည်။

သူသည် ရှီမောက်၏ ညီမရှီချောင်ဟွေ့နှင့် တစ်ချိန်က ချူချင်းနှင့် ပတ်သက်မှုအချို့ရှိခဲ့သော ရှဝမ်ရွှမ်းတို့ကို ကယ်တင်ပေးခဲ့သူဖြစ်သည်။

သူ၏နောက်ခံက ချန်းယန်တောင်၊ ဂွမ်ကျောက်ကျောင်းတော်မှ ဆရာကြီးထျန်းယူ၏တပည့်ပင် မဟုတ်ပါလော။

ဤသည်က ဗုဒ္ဓဘာသာသိုင်းပညာများ ဖြစ်နေမည်လော။

သို့သော် ဗုဒ္ဓဘာသာသိုင်းပညာဆိုလျှင် 'အသားစားဘုန်းကြီး'က ပို၍ကျွမ်းကျင်သင့်သည် မဟုတ်လော။

ဝမ်ရိုက ဤနေရာအထိ တွေးမိသွားပြီးနောက် 'အသားစားဘုန်းကြီး'၏ အရိပ်အယောင်ကို ထပ်မံရှာဖွေလိုက်သည်။

သို့သော် တစ်ပတ်လည်အောင် ရှာဖွေပြီးနောက် အစောပိုင်းက ရှိနေသေးသော 'အသားစားဘုန်းကြီး'မှာ ယခုအခါ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိတော့ကြောင်း သူမ တွေ့ရှိလိုက်ရသည်။

All Chapters