← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) - သင်္ဂြိုဟ်ချိန်သီချင်း (၂)

ထိုအချိန်မှာပင် ပျန်းချန်၏အသံက သူမ၏နားထဲသို့ ဝင်ရောက်လာလေ၏။

"သူ ထပ်မတောင့်ခံနိုင်တော့ဘူး..."

ဝမ်ရိုက သူ့ကို လှည့်ကြည့်လိုက်သည်။

"အစ်ကိုလတ် အဆင်ပြေသွားပြီလား..."

"နည်းနည်းပေါ့..."

ပျန်းချန်က အံကြိတ်လိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်လေ၏။

"သူ့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးလိုက်ဦးမယ်..."

စကားဆုံးသည်နှင့် သူက ဇောင်ဝန်ချွမ်း၏အနောက်သို့ ပျံသန်းသွားခဲ့သည်။

ယခုအချိန်တွင် ဇောင်ဝန်ချွမ်း၏ခေါင်းပေါ်ရှိ နေမင်းကြီးကယိမ်းယိုင်နေပြီး ကျမ်းစာရွတ်ဆိုသံများပင် အနည်းငယ်တုန်ယင်နေကာ နဖူးနှင့်ပါးပြင်တစ်ခုလုံးတွင် ချွေးများဖြင့် ပြည့်နှက်နေလေ၏။

ဤနည်းစနစ်က ကောင်းမွန်သော်လည်း အတွင်းအားတောင်းတမှုက အလွန်မြင့်မားလွန်းလှသည်။

ယခုမူ တစ်သက်တာစွမ်းအင်များဖြင့် လူ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ပြီး ကံကြမ္မာကိုနာခံနေရခြင်းမျှသာ ဖြစ်သည်။ အဆိုးဆုံးအခြေအနေတွင် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရမည်သာ ဖြစ်သည်။

ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများ ကုန်ခမ်းလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ပျန်းချန်၏အသင့်ပြင်ထားသော လက်ဝါးက ဇောင်ဝန်ချွမ်း၏ကျောပြင်ပေါ်သို့ ဖိချလိုက်ပြီဖြစ်သည်။

တဖြည်းဖြည်းခမ်းခြောက်နေသော သွေးကြောများက မိုးရေစက်များ ပြန်လည်ရရှိသွားသကဲ့သို့ ဖြစ်သွားပြီး ယိမ်းယိုင်နေသော နေမင်းကြီးက ပြန်လည်မြင့်တက်လာကာ ဇောင်ဝန်ချွမ်း၏စိတ်ဓာတ်များ တက်ကြွသွားပြီး ကျမ်းစာရွတ်ဆိုသံက ပို၍ကျယ်လောင်လာတော့၏။

"ငါလည်း မင်းကို လာကူညီမယ်..."

မြေပြင်ပေါ်မှ ကုန်းထလာသောဟွာကျင်နျန်းက သူ၏မျက်နှာပေါ်ရှိ မျက်ရည်များကို ကြမ်းတမ်းစွာသုတ်ပစ်လိုက်ပြီး ဇောင်ဝန်ချွမ်း၏အနောက်သို့ လျင်မြန်စွာရောက်လာကာ လက်ဝါးတစ်ချက် တွန်းထုတ်လိုက်လေသည်။

ဤလူနှစ်ယောက်၏အကူအညီကို ရရှိလိုက်သဖြင့် ဇောင်ဝန်ချွမ်းမှာ နောက်ဆုံးတွင် အတွင်းအားကုန်ခမ်းမည့် အန္တရာယ်မှ ယာယီလွတ်မြောက်သွားခဲ့သည်။

နာကျင်စွာ ဒူးထောက်နေသောလူများ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထရပ်လာသည်နှင့်အတူ သင်္ချိုင်းမင်းသားက ညင်သာစွာ သက်ပြင်းချလိုက်လေ၏။

"ပုရွက်ဆိတ်လိုကောင်တွေကများ ငါ့ဆန္ဒကို ဘယ်လိုများ ဆန့်ကျင်ရဲတာလဲ..."

ထိုစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ထဲမှ သုံးယောက်က ရုတ်တရက်ခေါင်းမော့လာသည်ကို မြင်လိုက်ရသည်။

တစ်ယောက်က 'ဟွာယန်ဓား' ရှောက်ဇီဟန်၊ နောက်တစ်ယောက်က 'ဗုဒ္ဓလက်ဝါးတစ်ထောင်' ကျိုးကုနှင့် နောက်ဆုံးတစ်ယောက်မှာ 'အထီးကျန်တောင်ထွတ်' ချန်ဝေတို့ဖြစ်ကြပြီး ထိုသုံးယောက်၏နဖူးပေါ်မှ သွေးများ ရုတ်တရက်စီးကျလာခဲ့သည်။

သူတို့၏ပါးပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးစွန်းရာများကို ရေးဆွဲထားသကဲ့သို့ ဖြစ်နေ၏။

သို့သော် သူတို့၏မျက်နှာပေါ်ရှိ အမူအရာများမှာ ဝေခွဲမရဖြစ်နေခြင်းမဟုတ်ဘဲ ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းများသာ ဖြစ်ပေသည်။

"မင်းက ငါ့ကို လိမ်ရဲတယ်ပေါ့..."

စကားမဆုံးမီမှာပင် ကြည်လင်မှုများပျောက်ကွယ်သွားပြီး သူတို့၏မျက်လုံးနှစ်လုံးမှာ နောက်ကျိသောအခြေအနေသို့ ရောက်ရှိသွားတော့၏။

ရှောက်ဇီဟန်နှင့်ကျိုးကုတို့က အပေါ်သို့ခုန်တက်သွားသည်ကို မြင်လိုက်ရပြီး ရှောက်ဇီဟန်က ဓားကိုမြှောက်ကာ ခုတ်ပိုင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာအနှံ့၌ ဓားရာများဖြင့် ပြည့်နှက်သွားလေသည်။

ကျိုးကု၏လက်ဝါးစွမ်းအင်များက ကောင်းကင်သို့ထိုးတက်သွားပြီး ဧရာမလက်ဝါးရာကြီးတစ်ခုက လေထဲမှနေ၍ ပြင်းထန်စွာ ကျဆင်းလာသည်။

ဤလူနှစ်ယောက်လုံးသည် နန်လင်နယ်မြေတွင် ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ကြပြီး သူတို့၏သိုင်းပညာမှာ ဇောင်ဝန်ချွမ်းတို့သုံးယောက်ထက်ပင် သာလွန်နေလေသည်။

ယခု တိုက်ခိုက်မှုများက ပို၍ကြီးကျယ်ခမ်းနားကာ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှု အနည်းငယ်မျှပင် မပြသခဲ့ပေ။

ဝမ်ရို၏မျက်လုံးများက လင်းလက်သွားပြီး လက်ချောင်းကိုကွေးကာ ထောက်လိုက်တော့မည့်ဆဲဆဲဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် လူတစ်ယောက်က လေထဲမှပျံသန်းရောက်ရှိလာပြီး သူ၏ဆံပင်များက လွင့်ပျံနေကာ လှပသောဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်မြည်နေလေ၏။

သူက လက်ချောင်းတစ်ချောင်းတည်းဖြင့် ရှောက်ဇီဟန်၏'ဟွာယန်ဓား'ကို ချိုးဖြတ်ပစ်လိုက်ပြီး ထိုမှအရှိန်ယူ၍ ကျိုးကုနှင့် ထပ်တိုက်ရင်ဆိုင်လိုက်သည်။

ဤတိုက်ခိုက်မှုသည် သူက ဒေါသတကြီးဖြင့် ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ အစောပိုင်းက ကျိုးကုသည် အသိပေးခြင်းမရှိဘဲ ချက်ချင်းတက်လာကာ ထျန်းကျီးအမိန့်တော်ပြားကိုလုယူရန် ကြိုးစားခဲ့သည်။

ဤကိစ္စက ဝမ်ဖူစန်း၏ရင်ထဲတွင် ဒေါသထွက်စေခဲ့ပြီး ခိုးကြောင်ခိုးဝှက် သတ်ပစ်လိုနေခဲ့ခြင်းပင်။

သို့သော် အချိန်အခါမသင့်တော်သဖြင့် သူသည်းခံကာ လှုပ်ရှားခြင်းမပြုခဲ့ပေ။

သို့သော် ထိုကောင်လေးက ထပ်ပြီးခုန်ထွက်ဝံ့မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ဤသည်က ရန်ကြွေးရှိလျှင် ရန်ကြွေးဆပ်ပြီး အငြိုးရှိလျှင် အငြိုးဖြေခြင်း မဟုတ်ပါလော။

ဤလက်ဝါးကျဆင်းလာသောအခါ ကျိုးကု၏ တစ်ကိုယ်လုံးတုန်ခါသွားပြီး ပါးစပ်နှင့်နှာခေါင်းထဲမှ သွေးများပန်းထွက်လာလေ၏။

သို့သော် သူက နာကျင်မှုကို လုံးဝသတိမထားမိပုံရပြီး လက်ဝါးစွမ်းအင်က လျော့ကျသွားခြင်းမရှိဘဲ ပိုမိုတိုးလာကာ လေထဲတွင် ဝမ်ဖူစန်းနှင့် အဆုံးအဖြတ် ခံယူလိုနေသည်။

ဝမ်ဖူစန်းက သူ့ကို အဘယ်ကြောင့် ကြောက်ရွံ့မည်နည်း။

ဤအဘိုးကြီး၏ဆံပင်များ လွင့်ပျံသွားပြီး ဝတ်ရုံများ တဖျပ်ဖျပ်လှုပ်ရှားသွားကာ ကြီးမားလှသော အင်အားများကို အဆင့်ဆင့်ရိုက်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

ကျိုးကုက ဖူးခနဲအသံနှင့်အတူ သွေးတစ်လုတ်ကို ထပ်မံပန်းထုတ်လိုက်ရပြန်၏။ သို့သော် သေရတော့မည်ဆိုလျှင်ပင် သူက ဆုတ်ခွာခြင်းမရှိခဲ့ပေ။

ထိုအချိန်မှာပင် ချန်ဝေက ကိုယ်ကိုကိုင်းကာ ဝင်တိုက်လိုက်သည်။

ထိုသူ၏တစ်ကိုယ်လုံးတွင် ကြံ့ခိုင်သော ချီစွမ်းအင်များပြည့်နှက်နေပြီး သူဖြတ်သန်းသွားရာ နေရာတိုင်းရှိမြေပြင်က ကျယ်လောင်စွာ ဟိန်းဟောက်သွားကာ သားရဲကြီးတစ်ကောင်ကဲ့သို့ ဇောင်ဝန်ချွမ်းဆီသို့ ကြမ်းတမ်းစွာ ထိုးဆင်းသွားလေ၏။

ဝမ်ဖူစန်းမှာ မူလကတည်းက နက်ရှိုင်းသော အတွင်းအားများရှိနေပြီး သင်္ချိုင်းမင်းသား၏သိုင်းပညာက ဆန်းကြယ်လှည့်စားတတ်သော်လည်း သူ့အပေါ်သက်ရောက်မှုမှာ သိပ်မကြီးမားလှပေ။

ဇောင်ဝန်ချွမ်း၏ အကူအညီလည်းရှိနေသဖြင့် ရင်ထဲမှ ဝမ်းနည်းပူဆွေးမှုကို အစောပိုင်းကတည်းက ဖိနှိပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

ယခု ချန်ဝေက ရုတ်တရက်လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကျိုးကုကိုထားရစ်ကာ ချန်ဝေကို အရင်သွားရောက်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ယခုအချိန်တွင် သူက ထွက်သွားချင်သော်ငြား ကျိုးကုက သူ့ကို ထွက်သွားခွင့်မပြုပေ။

သူ၏တစ်ကိုယ်လုံးရှိ အတွင်းအားများကိုအသုံးပြုကာ လောင်းကြေးထပ်၍ ဝမ်ဖူစန်းကိုချုပ်နှောင်ထားလေ၏။ သူက အတွင်းအားပြိုင်ပွဲတွင် အစကတည်းက အရေးနိမ့်နေခဲ့ပြီးသားဖြစ်သည်။

ဤလုပ်ရပ်က တံခါးဖွင့်ပြီး သူခိုးကိုဖိတ်ခေါ်နေသကဲ့သို့ပင် ဖြစ်ကာ အလျင်အမြန်သေဆုံးစေမည့် နည်းလမ်းဖြစ်သည်။

အဓိကအားဖြင့် သူ၏အသက်ကို အသုံးပြုပြီး ဇောင်ဝန်ချွမ်းတို့သုံးယောက်၏ အသက်ကိုလဲလှယ်လိုခြင်းသာ ဖြစ်ပေသည်။

ဝမ်ဖူစန်း၏မျက်နှာက မှုန်မှိုင်းသွားလေသည်။ ယခု ချူချင်းက သင်္ချိုင်းမင်းသားနှင့် ရင်ဆိုင်နေရပြီး မတိုက်ခိုက်သေးသော်လည်း ချူချင်းက အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သေစေနိုင်သော တိုက်ခိုက်မှုကို သေချာပေါက်ရင်ဆိုင်ရမည်ဖြစ်သည်။

မိမိကိုယ်တိုင်ကလည်း ကျိုးကု၏ချုပ်နှောင်ခြင်းကို ခံထားရသည်။ ချန်ဝေ၏ ဤကြံ့ခိုင်သော ချီစွမ်းအင်များကို မည်သူက တားဆီးနိုင်မည်နည်း။

အသားစားဘုန်းကြီးလော။

ဤအဘိုးကြီးက ထူးဆန်းစွာရောက်လာခဲ့ပြီး ယခု မည်သည့်နေရာသို့ ထွက်ပြေးသွားပြန်သနည်း။

စိုးရိမ်ပူပန်နေစဉ်မှာပင် လူတစ်ယောက်က လေထဲမှနေ၍ ပျံသန်းရောက်ရှိလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ဝေ၏ရှေ့၌ ပိတ်ရပ်လိုက်သည်ကို မြင်လိုက်ရသည်။

"ဆွန်းရှောင်ရှန်းလား..."

ဝမ်ဖူစန်းက အနည်းငယ်မှင်တက်သွားသော်လည်း နောက်တစ်ခဏတွင် သူ၏မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားလေ၏။

ဆွန်းရှောင်ရှန်းက လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်ရာ သူမ၏အနောက်တွင် လူငါးယောက် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤသိုင်းပညာက အလွန်ထူးခြားလှပြီး တ‌စ္ဆေဧကရာဇ်မိုတို၏ ထိပ်တန်းသိုင်းပညာဖြစ်သော 'တစ္ဆေငါးကောင် ကောင်းကင်ခိုးယူခြင်း ကျင့်စဉ်'ပင်ဖြစ်သည်။

အနောက်ဘက်ရှိ ထိုအမည်းရောင်အရိပ်ငါးခုက ဆွန်းရှောင်ရှန်း၏ လက်ဝါးနှစ်ဖက် ရိုက်ထုတ်လိုက်သည့် အခိုက်အတန့်တွင် တစ်ပြိုင်နက်တည်း လက်လှမ်းလာကြသည်ကို မြင်လိုက်ရသည်။

မှောင်မိုက်သော အတွင်းအားများက အရပ်ရှစ်မျက်နှာမှ ချက်ချင်းစုဝေးလာပြီး နောက်ဆုံးတွင် ဆွန်းရှောင်ရှန်း၏လက်ဝါးများထက်၌ စုစည်းသွားတော့၏။

ဒိုင်း...။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးထွက်ပေါ်လာပြီး ဤအခိုက်အတန့်တွင် တိုက်မိသွားသည်က လူနှစ်ယောက်တည်းမဟုတ်ဘဲ တောင်ကြီးနှစ်လုံးတိုက်မိသွားသကဲ့သို့ ရှိပေသည်။

ထိုကျယ်လောင်သော အသံကြီးပြီးနောက် ချန်ဝေ၏ခန္ဓာကိုယ်က ရုတ်တရက် အနောက်သို့လွင့်စင်သွားလေ၏။

ပြင်းထန်သော လေပြင်းများက အရပ်ရှစ်မျက်နှာသို့ တိုက်ခတ်သွားပြီး ဆွန်းရှောင်ရှန်းက သူမ၏လက်အင်္ကျီစကို ခါယမ်းလိုက်ရာ လေပြင်းအားလုံးကို သူမ၏ရှေ့တွင် စုစည်းလိုက်ပြီး နောက်ဘက်ရှိ ဇောင်ဝန်ချွမ်းတို့သုံးယောက်ကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။

တစ်ချိန်တည်းမှာပင် ကျိုးကုက နောက်ဆုံးတော့ ဆက်မတောင့်ခံနိုင်တော့ချေ။

သွေးကြောများက ကောင်းကင်ကြယ်တာရာကာကွယ်‌ရေးကျင့်စဉ်၏ အတွင်းအားများကို မခံနိုင်တော့ဘဲ အရေပြားများအက်ကွဲသွားကာ စီးကျလာသည်က သွေးများမဟုတ်ဘဲ အတွင်းအားများဖြစ်နေလေ၏။

ဖောင်း... ဖောင်း... ဖောင်း...။

အတွင်းအားများက ပန်းထွက်လာပြီး ၎င်း၏အနောက်တွင် သွေးများထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် ကျိုးကု၏တစ်ကိုယ်လုံးက စုတ်ပြဲနေသော အဝတ်အိတ်တစ်လုံးကဲ့သို့ လည်ထွက်ကာ လွင့်စင်သွားတော့၏။

All Chapters