အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅) - သင်္ဂြိုဟ်ချိန်သီချင်း (၃)
ဝမ်ဖူစန်းက ဤနေရာသို့ရောက်လာပြီးနောက် ဘေးဘက်ရှိ ဆွန်းရှောင်ရှန်းကို ကြည့်လိုက်လေသည်။
"မင်းက... တစ္ဆေဧကရာဇ်ဂိုဏ်းထဲကို ဝင်သွားတာလား..."
"အဲဒီလောက် ကံမကောင်းပါဘူး..."
ဆွန်းရှောင်ရှန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မြင်းရှေ့က တပ်သားတစ်ယောက်ပါပဲ..."
အရှင်သခင်သုံးပါးနှင့် ဧကရာဇ်ငါးပါးတို့၏ ရှေ့တန်းတပ်သားများသည် သာမန်ထျန်းကျီးအမိန့်တော်ပြားအတွက်နှင့်တော့ လော့ချန်အိမ်တော်သို့ လာမည်မဟုတ်သည်မှာ သဘာဝပင်။
သူမက ကောင်းကင်မိစ္ဆာဂိုဏ်းကြောင့် လာခဲ့ခြင်းလော။
ဝမ်ဖူစန်းက ထပ်မံ၍မေးမြန်းလိုသေးသော်လည်း ထိုချန်ဝေက ထရပ်လာခဲ့ပြီဖြစ်သည်။
သူ၏မျက်လုံးနှစ်လုံးက နီရဲနေပြီး မျက်ခုံးနှစ်ခုကြားတွင် မည်သည့်အချိန်ကတည်းက အသားပိုအဖုတစ်ခု ထွက်ပေါ်လာမှန်း မသိတော့ပေ။
မျက်လုံးနှစ်လုံးက စောစောကတည်းက နောက်ကျိနေခဲ့ပြီဖြစ်သည်။
ဤပုံစံကို နေရာတွင်ရှိနေသော သိုင်းလောကမှ ကျွမ်းကျင်သူများစွာက ယခင်ကမြင်တွေ့ခဲ့ဖူးကြလေ၏။
အဘယ်ကြောင့်ဆိုသော် ယနေ့ညနေပိုင်းက ဤကဲ့သို့သော လူတစ်ယောက်သည် လော့ချန်အိမ်တော်၏တံခါးဝရှေ့၌ သေဆုံးသွားခဲ့သောကြောင့်ပင်။
"ယမမင်းအမိန့်တော်..."
ချူချင်းက သင်္ချိုင်းမင်းသားကို စိုက်ကြည့်လိုက်လေ၏။
"လျန့်ပေချန်း ပြောခဲ့တယ်... အဲဒီနှစ်တွေတုန်းက သူ့ကို ယမမင်းအမိန့်တော် ထည့်ပေးခဲ့တဲ့သူက အနီးအနားမှာ ရှိတယ်တဲ့…”
"တကယ်ပဲ ခင်များဖြစ်နေတာကိုး…”
"ဒါပေမဲ့ ဒီကျင့်စဉ်က ဖုံးကွယ်ထားလို့ရပြီး သူတို့ကိုယ်တိုင်တောင် ဒီလှည့်ကွက်ကိုမိနေမှန်း မသိခဲ့ဘူးလို့တော့ မထင်ထားခဲ့မိဘူး..."
"ယမမင်းကဆင့်ခေါ်ရင် သူတို့က အမိန့်ကို လက်ခံသလား၊ မခံဘူးလား ဆိုတာကို ကြည့်ရမယ်... လျန့်ပေချန်းက သဘောမတူတဲ့အတွက် အရူးတစ်ယောက်ပဲ ဖြစ်သွားခဲ့တယ်…”
“သူတို့က သဘောတူတယ်ဆိုရင်တော့ အခြေအနေက သဘာဝအတိုင်း ကွဲပြားသွားပြီပေါ့... ဒါကြောင့် သခင်လေးသုံး... ဒါက ငါတို့ ပထမဆုံးအကြိမ်ရင်ဆိုင်ရတာ မဟုတ်ဘူး..."
သင်္ချိုင်းမင်းသားက သက်ပြင်းချလိုက်လေ၏။
"ငါက မင်းနဲ့ ဓားတွေဆွဲပြီး မတိုက်ခိုက်ချင်ဘူး... ဒါပေမဲ့ ဒီနေ့က အေးအေးဆေးဆေးစကားပြောဖို့ ရက်ကောင်း မဟုတ်ပုံရဘူး…”
"ငါ့ရဲ့ ဒီခန္ဓာကိုယ်က လက်သီးနဲ့ခြေထောက်ကို ကျွမ်းကျင်တယ်... ဒါကြောင့် ငါ့ကို မင်းရဲ့လက်သီးနဲ့ ခြေထောက်သိုင်းပညာကို မြည်းစမ်းခွင့်ပြုပါဦး..."
"ဒီခန္ဓာကိုယ်က..."
ချူချင်းက ဓားကို ကန့်လန့်ဖြတ်ကိုင်လိုက်လေ၏။
'ခင်များက လက်သီးနဲ့ခြေထောက်ဆိုတိုင်း လက်သီးနဲ့ခြေထောက်ပဲလား... ကိုယ့်ကိုယ်ကို တကယ်ပဲ မင်းသားတစ်ပါးလို့ ထင်နေတာလား... ခင်များပြောတာက အတည်ဖြစ်ရမှာလား...'
နောက်တစ်ခဏတွင် မြေပြင်မှ လေပြင်းများတိုက်ခတ်လာပြီး သင်္ချိုင်းမင်းသားက လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်ရာ အရပ်ဆယ်မျက်နှာရှိ လေထုအားလုံးက သူ၏လက်သီးနှစ်ဖက်အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် သင်္ချိုင်းမင်းသား၏လက်သီးနှစ်ဖက်က ပင်လယ်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ ထိုးချလိုက်လေ၏။
မျက်စိဖြင့်မြင်နိုင်သည်မှာ လေပြင်းများက ဝဲကတော့ပုံစံဖြစ်ပေါ်သွားပြီး လက်သီးစွမ်းအင်များက လေပြင်းများအတွင်း ရစ်ပတ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော နဂါးနှစ်ကောင်ကဲ့သို့ ချူချင်းဆီသို့ ကြမ်းတမ်းစွာ ထိုးဆင်းလာခြင်းပင်။
ချူချင်း၏မျက်လုံးများထဲတွင် နတ်ဘုရားအလင်းတန်းတစ်ခု လင်းလက်သွားပြီး ဓားကိုမြှောက်ကာ ဟာကွက်နေရာသို့ ဝင်ရောက်သွားပြီး ချွန်ထက်သော အစွန်းများက အားနည်းသော နေရာမှစတင်ကာ ခန္ဓာကိုယ်က ဓားနှင့်အတူ ရွေ့လျားသွားပြီး အဆုံးမဲ့လက်သီးလေပြင်းများကို ဖျက်ဆီးပစ်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် မီးခိုးရောင်လက်သီးတစ်ဖက်က ပြင်းထန်စွာ ဖိချလာလေ၏။
ချူချင်းက ဓားကိုတုန်ခါလိုက်ရာ ဤလက်သီးက ဓားကိုယ်ထည်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဝုန်း...။
ခွပ်...။
ဓားမြည်သံက ကျိုးပဲ့သံများနှင့်အတူ ထွက်ပေါ်လာပြီး ချူချင်းအသုံးပြုထားသော ဓားမှာ အစကတည်းက ကောင်းမွန်သော ဓားမဟုတ်ပေ။ သင်္ချိုင်းမင်းသား၏လက်သီးက အရမ်းမာကျောပြီး အတွင်းအား အရမ်းပြင်းထန်လှရာ ဤလက်သီးတစ်ချက်က ချူချင်း၏ဓားကို အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
ချူချင်းကသာ အတွင်းအားဖြင့် ကာကွယ်မထားပါက ဤကဲ့သို့သော ဓားဆယ်လက်ပင်လျှင် ဤလက်သီးတစ်ချက်အောက်၌ ကျိုးပဲ့သွားမည်မှာ သေချာပေသည်။
နောက်တစ်ခဏတွင် လေးလံသော ဓားသွားများက ဆွဲငင်သွားပြီး ခုနစ်လှည့်ဖြင့် ခုနစ်ချက်ပြတ်ကို ထောက်ပံ့ကာ ခုနစ်ချက်ပြတ်ဖြင့် ခုနစ်ထွေဒဏ်ရာကို လက်ခံယူထားသော ဓားတစ်ချက်က အလျင်စလိုပြေးလွှားနေသော မိုးကြိုးတစ်စင်းကဲ့သို့ သင်္ချိုင်းမင်းသား၏လည်ပင်းဆီသို့ ရုတ်တရက်ခုတ်ပိုင်းလိုက်လေ၏။
ခွပ်...။
ဓားသွားက လည်ပင်းသို့ဝင်ရောက်သွားသော်လည်း ဤတစ်ကြိမ်ပြတ်တောက်သွားသည်က ခေါင်းမဟုတ်ပေ။
ဓားပင် ဖြစ်သည်။
မူလကတည်းက ပျက်စီးနေသော ဓားကိုယ်ထည်မှာ ဤအခိုက်အတန့်တွင် လုံးဝကျိုးပဲ့သွားတော့၏။
ချူချင်း၏ခန္ဓာကိုယ်က မြူခိုးငွေ့ကဲ့သို့ဖြစ်သွားပြီး အလွန်အလှမ်းဝေးသောနေရာသို့ ရုတ်တရက် ဆုတ်ခွာသွားလေသည်။
သင်္ချိုင်းမင်းသားက လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ လည်ပင်းတွင် ကျန်ရစ်နေသော ဓားကွဲစများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"အခု မင်းလက်ထဲမှာ ဓားမရှိတော့ဘူး... ဘယ်လိုလုပ်မလဲ..."
"ဓားလိုချင်တာလား... အဲဒါက လွယ်ပါတယ်..."
ချူချင်းက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး လက်ထဲရှိဓားအကျိုးကို လွှင့်ပစ်လိုက်လေ၏။
"ဒါပေမဲ့ ကျုပ် စိတ်ပြောင်းသွားပြီ... ခင်များရဲ့ ဒီကြမ်းတမ်းတဲ့လက်သီးသိုင်းနဲ့ ရွှေကိုယ်ထည်၊ မပျက်စီးနိုင်တဲ့ ကာကွယ်ရေးနည်းလမ်းတွေ ပေါင်းစပ်ထားတာက ကျုပ်ကို လက်တည့်စမ်းချင်စိတ် ဖြစ်လာစေတယ်..."
သင်္ချိုင်းမင်းသား၏မျက်နှာဖုံးအောက်ရှိ မျက်လုံးနှစ်လုံးမှာ စိတ်လှုပ်ရှားမှုအလင်းတန်းများ တောက်ပလာတော့၏။
"ကောင်းပြီ... ငါ စောင့်ကြည့်နေမယ်”
ညသည်ကား မကုန်ဆုံးသေးဘဲ တောလမ်းကျဉ်းတစ်လျှောက်တွင် မြင်းပြေးသံများက ပဲ့တင်ထပ်နေ၏။
မြင်းစီးသူတစ်ရာနီးပါးရှိသော အုပ်စုတစ်စုသည် လမ်းကျဥ်းထဲတွင် အပြင်းအထန် ခရီးနှင်နေကြလေသည်။
ဦးဆောင်လာသူသည် အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းလွန်းသဖြင့် မြင်းပေါ်တွင် စီးနင်းလိုက်ပါလာသောအခါ မြင်းပင်လျှင် သေးငယ်သွားသယောင် ထင်ရပေသည်။
သူသည် ရိုးသားဖြောင့်မတ်သော မျက်နှာသွင်ပြင်ရှိပြီး သူ၏ခန္ဓာကိုယ်က ပေးစွမ်းနေသည့်ဖိအားကိုသာ လျစ်လျူရှုလိုက်ပါက ထိုမျက်နှာကို မြင်ဖူးသူတိုင်းက သူ့အား ယုံကြည်ရသော လူရိုးကြီးတစ်ဦးဟု ထင်မှတ်သွားကြမည်ပင်။
သို့သော်လည်း ယခုအချိန်တွင် ထိုရိုးသားဖြောင့်မတ်သော မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များ ကိန်းအောင်းနေပေသည်။
"ခွေးကောင် ဝမ်ဖူစန်း... ငါ့သမီးကိုတောင် ဖမ်းပြီး ငါ့ကို ခြိမ်းခြောက်ရဲသေးတယ်... ငါ့လူတွေကို ခေါ်လာဖို့ပြောလို့ ငါခေါ်လာခဲ့တယ်... မင်းခိုင်းသမျှကို လုပ်ပေးနိုင်တယ်... အေး ဒါပေမဲ့ မင်းသာ ငါ့သမီးကို ဆံပင်တစ်ချောင်းလေးတောင် ထိခိုက်အောင်လုပ်ရဲရင်လုပ်ကြည့်... မင်းရဲ့လော့ချန်အိမ်တော်ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်..."
ထိုသူမှာ အခြားသူမဟုတ်ဘဲ ထျယ်ရွှဲ့ခန်းမဆောင်၏ ခန်းမသခင် ထျယ်လင်ယွန်းပင် ဖြစ်ပေသည်။
ဝမ်ဖူစန်း၏စာပေးပို့ချိန်သည် သူထင်မှတ်ထားသည်ထက် ပို၍စောနေခဲ့၏။ ထို့ကြောင့် ညနေပင်မစောင်းသေးမီ ထျယ်လင်ယွန်းက စာကိုလက်ခံရရှိခဲ့ပြီး ဖတ်ပြီးသည်နှင့် ကောင်းကင်ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ဘဝတစ်လျှောက်တွင် သားသုံးယောက်နှင့် သမီးတစ်ယောက်သာ ရှိပေသည်။
သမီးအငယ်ဆုံးလေးမှာ အချစ်ခံရဆုံးဖြစ်ပြီး ငယ်စဉ်ကတည်းက ပါးစပ်ထဲငုံထားလျှင် အရည်ပျော်သွားမည်၊ လက်ပေါ်တင်ထားလျှင် အေးခဲသွားမည်ကိုပင် စိုးရိမ်ခဲ့ရသည်အထိ အလိုလိုက်ခဲ့ရသူဖြစ်၏။
သူသည် သမီးငယ်လေးကို ခါးတွင်ချည်နှောင်ထားကာ သွားလေရာသို့ ခေါ်ဆောင်သွားလိုသည်အထိ ချစ်ခင်မြတ်နိုးခဲ့လေသည်။
သို့သော် ချန်ထျယ်ရှန်း ပြဿနာကြုံတွေ့ရချိန်တွင် သူကိုယ်တိုင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး ပြန်ရောက်လာချိန်၌ သမီးဖြစ်သူ ထွက်ပြေးသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သွားစရာနေရာရှားသည့်အလား အန္တရာယ်များလှသော လော့ချန်အိမ်တော်ကဲ့သို့ နေရာမျိုးသို့ အဘယ်ကြောင့် ပြေးသွားရသနည်း။
ယခုမူ ထိုသေမင်းခေါ်နေသော အဘိုးအိုဝမ်ဖူစန်း၏ လက်ထဲသို့ ကျရောက်သွားခဲ့ချေပြီ။
သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့်အတူ ဒေါသများထွက်နေသော်လည်း ဝမ်ဖူစန်း၏စာထဲတွင် ပါသည့်အတိုင်း လူများကိုစုစည်းကာ လမ်းတစ်လျှောက်လုံး အပြင်းအထန်နှင်လာခဲ့ခြင်းဖြစ်၏။
ညအချိန်ခရီးသွားရခြင်းသည် အန္တရာယ်အများဆုံးဖြစ်ရာ ဤခရီးတစ်လျှောက်တွင် နောက်မှလိုက်ပါလာသူများထဲမှ အချို့မှာ မြင်းပေါ်မှကျ၍ ဒဏ်ရာရကာ နောက်ကျကျန်ရစ်ခဲ့ကြသည်။ သို့သော် တစ်ညလုံးသွားရမည့် ခရီးစဉ်ကို ညတစ်ဝက်ခန့်ဖြင့်ပင် အပြီးသတ်နှင်လာနိုင်ခဲ့သည်။
ထိုလူတစ်စုသည် ရှည်လျားပြီး ကျဉ်းမြောင်းသော တောလမ်းကိုဖြတ်ကျော်ပြီးနောက် မော့ကြည့်လိုက်ရာ ထျန်းရှင်းတောင်သည် သူတို့၏မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ပေသည်။
အနီးသို့ပင်မရောက်သေးမီ လော့ချန်အိမ်တော်တွင် မီးရောင်များ တောက်ပစွာလင်းထိန်နေသည်ကို သူတို့မြင်တွေ့လိုက်ရ၏။
"ဘာဖြစ်နေတာလဲ... ဝမ်ဖူစန်းက ဒီလောက်တောင် ဖြုန်းတီးတတ်တာလား..."
ချန်ထျယ်ရှန်းက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
သူ၏အတွင်းဒဏ်ရာများမှာ တည်ငြိမ်နေပြီဖြစ်ရာ ယခုတစ်ကြိမ်တွင် သခင်မလေးကိုသွားခေါ်ရန် ထျယ်လင်ယွန်းနှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
"မဟုတ်ဘူး... လော့ချန်အိမ်တော်မှာ တစ်ခုခုဖြစ်နေပြီ..."
"မြန်မြန်သွားကြစမ်း... လော့ချန်အိမ်တော် ပျက်စီးသွားတာက ကောင်းကင်ဘုံက မျက်စိပါလို့ပဲ... ဒါပေမဲ့ ငါ့သမီးလေးကိုတော့ မထိခိုက်စေနဲ့..."
ထျယ်လင်ယွန်းအော်ဟစ်လိုက်ရာ သူ၏လက်အောက်ခံများအားလုံးက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြလေသည်။
တစ်ချိန်တည်းမှာပင် လော့ချန်အိမ်တော်အတွင်း၌ တကယ့်ကို ပရမ်းပတာဖြစ်နေခဲ့သည်။
ထျန်းကျီးအမိန့်တော်ပြားသည် သွေးဆောင်မှုတစ်ခုဖြစ်သော်လည်း ထျန်းကျီးအမိန့်တော်ပြားမှာ တစ်ခုတည်းသာရှိပြီး ထျန်းကျီးတောင်ကြားမှာလည်း တစ်ခုသာရှိပေသည်။
လူများပြားလာသည်နှင့်အမျှ သူတို့၏စိတ်အကြံအစည်များမှာလည်း ရှုပ်ထွေးလာကြကာ လူတိုင်း၏အာရုံက ထျန်းကျီးအမိန့်တော်ပြားနှင့် ထျန်းကျီးတောင်ကြားကိုသာ စိုက်ကြည့်နေကြခြင်း မဟုတ်ပေ။
လူတစ်စု၏အာရုံစိုက်မှုမှာမူ လော့ချန်အိမ်တော်အပေါ်တွင်သာ အမြဲရှိနေခဲ့၏။
ထို့ကြောင့် ဝမ်ဖူစန်းသည် သိုင်းလောကမှ ကျွမ်းကျင်သူများစွာကိုဦးဆောင်ကာ ထျန်းကျီးတောင်ကြားသို့ ထွက်ခွာသွားချိန်တွင် ဤလူတစ်စုက မည်သို့မျှလှုပ်ရှားခြင်း မရှိခဲ့ချေ။