အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆) - ပြင်းထန်သောတိုက်ပွဲ (၁)
ဝမ်ဖူစန်းနှင့်အခြားသူများ ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာအတည်ပြုပြီးနောက်မှသာ သူတို့၏အကြံအစည်များကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။
အိမ်တော်အတွင်း မီးရှို့ကာ လော့ချန်အိမ်တော်မှတပည့်များအား မီးငြိမ်းသတ်ရန် လှည့်စားခဲ့ပြီးနောက် အချို့ကမူ ရတနာမျှော်စင်ဆီသို့ အပြေးအလွှားသွားရောက်ခဲ့ကြသည်။
ထျန်းကျီးတောင်ကြားက အလွန်ကောင်းမွန်သည်ဆိုသော်ငြား သိုင်းလောကတွင် နှစ်ပေါင်းရာချီရပ်တည်လာခဲ့သော လော့ချန်အိမ်တော်၏အုတ်မြစ်ကိုလည်း လျှော့တွက်၍မရနိုင်ပေ။
အကယ်၍ ဝမ်ဖူစန်း၏ ကောင်းကင်ကြယ်တာရာကာကွယ်ခြင်းကျင့်စဉ်နှင့် ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးသိုင်းကိုသာ ရရှိမည်ဆိုလျှင်၊ ကိုယ်တိုင်မကျင့်ကြံလျှင်ပင် စိတ်ကူး၍ပင်မရနိုင်လောက်သည့် ကြွယ်ဝချမ်းသာမှုများကို ရရှိနိုင်ပေသည်။
ကံကောင်းသည်မှာ ဤအချက်နှင့်ပတ်သက်၍ ချူချင်းရော၊ ဝမ်ဖူစန်းပါ ကြိုတင်စဉ်းစားထားပြီးဖြစ်နေခြင်းပင်။
ဝမ်ဖူစန်းသည် ရတနာမျှော်စင်တွင် ကြယ်တာရာအစောင့်တပ် အများအပြားကို ချထားခဲ့သည်။ ထိုသူများအားလုံးသည် ကျွမ်းကျင်သူများဖြစ်ကြပြီး ရန်သူကိုရင်ဆိုင်ရန် ဖွဲ့စည်းထားသော သူတို့၏ခံစစ်ကို မည်မျှပင် အစွမ်းထက်သည့် သိုင်းပညာရှင်ဖြစ်စေကာမူ အချိန်တိုအတွင်း ချိုးဖျက်နိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ဝမ်ဖျင်ချဲ့မှာလည်း ထျန်းကျီးတောင်ကြားအဝင်ဝ၌ ဝမ်ဖူစန်းနှင့်တွေ့ဆုံပြီးနောက် လူယုတ်မာများအခွင့်ကောင်းယူ၍ အနှောင့်အယှက်ပေးမည်ကို ကာကွယ်ရန် အိမ်တော်အတွင်း၌ ဝမ်ဖူစန်းက တာဝန်ချထားပေးခဲ့သည်။
ထို့အပြင် ဝမ်ခိုင်ယွမ်ကလည်း အလယ်မှနေ၍ ညှိနှိုင်းစီစဉ်ပေးနေခဲ့သည်။
ထို့ကြောင့် လော့ချန်အိမ်တော်အတွင်း ပရမ်းပတာဖြစ်နေသော်လည်း ရှုပ်ထွေးမှုများကြားတွင် စည်းစနစ်ကျမှုရှိနေခဲ့သည်။
အခက်ခဲဆုံးအပိုင်းမှာ အလျင်အမြန် ငြိမ်းသတ်ရန်လိုအပ်သည့် ဤမီးလောင်မှုများပင် ဖြစ်သည်။ သို့မဟုတ်ပါက လူအများကို ထိတ်လန့်တုန်လှုပ်စေရုံသာမက ဆက်တိုက်ဆိုသလို ဆုံးရှုံးမှုများကိုပါ ဖြစ်ပေါ်စေမည်ဖြစ်၏။
ယခုအချိန်တွင် ဝမ်ခိုင်ယွမ်သည် ရတနာမျှော်စင်ရှေ့၌ရပ်ကာ သူ့ရှေ့မှောက်တွင် ဖြစ်ပွားနေသော ရှုပ်ထွေးသည့်တိုက်ပွဲကို စောင့်ကြည့်နေလေသည်။
ဝမ်ဖျင်ချဲ့သည် သူ၏ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးသိုင်းကို ဆက်တိုက်အသုံးပြုနေပြီး သူ၏ပြိုင်ဘက်ကျွမ်းကျင်သူသုံးဦးမှာ ချန်ဝေနှင့်ရှောက်ဇီဟန်တို့၏ အဆင့်တွင်မရှိသော်ငြား လျှော့တွက်၍မရနိုင်လောက်အောင် အစွမ်းထက်နေဆဲပင် ဖြစ်သည်။
ကံကောင်းစွာဖြင့် အနီးအနားတွင်ကူညီပေးမည့် ကြယ်တာရာအစောင့်တပ်များ ရှိနေခဲ့၍သာတည်း။ သို့မဟုတ်ပါက ဝမ်ဖျင်ချဲ့တစ်ယောက်တည်းဖြင့် ပြိုင်ဘက်သုံးဦးကိုရင်ဆိုင်ရမည်ဆိုလျှင် ရှုံးနိမ့်သွားနိုင်ဖွယ်ရှိသည်။
ယနေ့ညတွင်မူ စီယဲ့နှင့်စီချန်တို့၌ ကိုယ်ပိုင်တာဝန်များရှိနေသောကြောင့် အချိန်မီရောက်လာနိုင်မည် မဟုတ်ချေ။ အကယ်၍ သူတို့သာကူညီပေးရန် ရှိနေခဲ့မည်ဆိုလျှင် ဤမျှအထိ အထိနာနေမည် မဟုတ်ပေ…
"ဝမ်ဖျင်ချဲ့... မင်းတစ်ယောက်တည်းနဲ့ ငါတို့ကိုတားဆီးနိုင်မယ် ထင်နေလား..."
"မြန်မြန်ဖယ်ပေးလိုက်စမ်း... မဟုတ်ရင် မင်းအသက်ကိုပါ နုတ်ယူရလိမ့်မယ်..."
"သူနဲ့စကားပြောပြီး အချိန်ဖြုန်းမနေနဲ့... ရတနာမျှော်စင်ကိုသာ ဖြိုချလိုက်... ဒီနေရာက အကြာကြီးနေဖို့ မသင့်တော်ဘူး..."
အော်ဟစ်သံများက ည၏အမှောင်ထုထဲတွင် ပဲ့တင်ထပ်နေပြီး ဝမ်ဖျင်ချဲ့က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ရဲ့လော့ချန်အိမ်တော်မှာ လာပြီး ရမ်းကားရဲတယ်ပေါ့... မင်းတို့က သေချင်နေတာပဲ..."
လူတိုင်းဆဲဆိုအော်ဟစ်ရင်း သူတို့၏ အပြင်းထန်ဆုံးတိုက်ကွက်များကို အပြန်အလှန်ထုတ်သုံးနေကြသည်။
ထိုစဉ် ရုတ်တရက် အဝေးမှ အသံတစ်သံထွက်ပေါ်လာလေ၏။
"ရှုပ်ထွေးနေတဲ့ကြားက ရတနာတွေကို လုယူနေကြတယ်ပေါ့... တကယ့်ကို အရှက်မရှိတဲ့ကောင်တွေပဲ..."
ထိုအသံမှာ လေးနက်ပြီး ဩဇာပါလှရာ ဝမ်ခိုင်ယွမ်ပင် အသံလာရာဘက်သို့ လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ လူတစ်ယောက်က လေပြင်းများနှင့်အတူ အပြေးအလွှားရောက်ရှိလာကာ ကြယ်တာရာအစောင့်တပ်များကို ကျော်ဖြတ်၍ ကျွမ်းကျင်သူသုံးဦးထဲမှ တစ်ဦးဆီသို့ တည့်မတ်စွာပြေးဝင်လာသည်ကို သူမြင်တွေ့လိုက်ရသည်။
ထိုလူက နောက်သို့လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဘယ်ကရောက်လာတဲ့ ကောင်လေးလဲ..."
သို့သော် သူစကားပင်မဆုံးသေးခင် ကြီးမားလှသော လက်သီးတစ်လုံးက ပြင်းထန်သော အားအင်များနှင့်အတူ ရုတ်တရက်ထိုးနှက်လာသည်ကို မြင်တွေ့လိုက်ရသည်။
အရှိန်အဟုန်ကို အသုံးချထားသော ထိုလက်သီး၏စွမ်းအားမှာ အံ့မခန်းပင်ဖြစ်ပေသည်။
သို့သော် ထိုကျွမ်းကျင်သူက ဤလူမှာ ငယ်ရွယ်လွန်းသည်ဟု မြင်လိုက်သဖြင့် အလေးအနက်မထားတော့ဘဲ သူ၏လက်သီးကိုသာ ပြန်လည်ထိုးနှက်လိုက်သည်။
မမျှော်လင့်ဘဲ သူတို့နှစ်ဦး၏လက်သီးချင်း ထိခတ်သွားသည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်ဖြစ်သူ၏စွမ်းအားက ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်သီးစွမ်းအင်များ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီး ပြိုင်ဘက်၏လက်သီးက သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ တိုက်ရိုက်ကျရောက်လာခဲ့သည်။
ပြင်းထန်လှသော ခွန်အားများက တွန့်ဆုတ်မှုမရှိဘဲ ပေါက်ကွဲထွက်ပေါ်လာ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအင်အားများ၏ရိုက်ခတ်မှုကြောင့် နောက်သို့လွင့်စင်သွားခဲ့ပြီး အကြိမ်ကြိမ်ဆုတ်ခွာသွားခဲ့ရသည်။ ခြေထောက်ကို အကြိမ်ကြိမ်အားပြု၍ ရပ်တန့်ရန်ကြိုးစားခဲ့သော်လည်း ထိုအရှိန်အဟုန်ကို မထိန်းချုပ်နိုင်ခဲ့ချေ။
နောက်ဆုံးတွင် ထိုလက်သီးချက်ကြောင့် သူ၏ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စင်သွားခဲ့ပြီး သွေးများပန်းထွက်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ဖျင်ချဲ့က ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ညီငယ်လေး... တကယ့်ကို အံ့မခန်းသိုင်းပညာပဲ..."
ဝမ်ခိုင်ယွမ်၏မျက်လုံးများကလည်း တောက်ပသွားခဲ့၏။
"ထိုက်ရိနတ်လက်သီးလား... ညီငယ်လေးက ထိုက်ရိဂိုဏ်းက ဘယ်ဆရာရဲ့တပည့်လဲဆိုတာ သိခွင့်ရမလား..."
ထိုလူငယ်သည် လက်သီးတစ်ချက်တည်းဖြင့် ပြိုင်ဘက်တစ်ဦးကို ဆုတ်ခွာသွားစေပြီးနောက် ခြေလှမ်းများကိုပြောင်းလဲကာ အရှိန်အဟုန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်လေသည်။
"ထိုက်ရိဂိုဏ်းရဲ့ အမျက်မထွက်သံလက်သီးဆရာကြီးဆီက တတိယတပည့်ချူဖန်ပဲ..."
လော့ချန်အိမ်တော်အတွင်း သတ်ဖြတ်သံများဆူညံနေပြီး ထျန်းကျီးတောင်ကြားထဲတွင်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များက လွှမ်းမိုးနေပေသည်။
သိုင်းလောကမှ ကျွမ်းကျင်သူအများအပြားနှင့် ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များသည် အသေအကြေတိုက်ခိုက်နေကြပြီ ဖြစ်သည်။
လူအရေအတွက်အရ ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များမှာ အသာစီးမရသော်လည်း သူတို့သင်ယူထားသမျှမှာ မိစ္ဆာကျင့်စဉ်များသာ ဖြစ်နေပေသည်။
သွေးပျော်နတ်လက်ဝါးသိုင်းကြောင့် အထိခံရသူတိုင်းမှာ သေချာပေါက်အသက်ဆုံးရှုံးရမည်သာ ဖြစ်သည်။
၎င်းအပြင် သွေးမိစ္ဆာကျမ်းလည်း ရှိနေသေးရာ ချူယန်ကဲ့သို့ အပြည့်အစုံအသုံးမပြုနိုင်သော်ငြား သူတို့၏မြန်ဆန်မှုက အခြားသူများကို နောက်ကောက်ကျန်ရစ်စေဆဲ ဖြစ်၏။
ကျိုးကုမှာမူ နောက်ဆုံးတွင် ဝမ်ဖူစန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ယခင်ကတည်းကပင် မိမိ၏အသက်ကို စတေးကာ ဝမ်ဖူစန်း၏ခြေလှမ်းများကို နှောင့်နှေးစေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပေသည်။
ချန်ဝေအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မပေးရန် ရည်ရွယ်ခဲ့ခြင်းပင်။
ကံကောင်းစွာဖြင့် ဆွန်ရှောင်ရှန်းက အကျပ်အတည်းကာလတွင် ဝင်ရောက်ကူညီခဲ့ပြီး ချန်ဝေကို ဆုတ်ခွာသွားစေခဲ့သည်။
ချူချင်းနှင့်သင်္ချိုင်းမင်းသားတို့ အမှန်တကယ် စတင်တိုက်ခိုက်ချိန်တွင်မူ ရှီယဲသည် ထိုနေရာရှိလူအားလုံးကို ဆက်လက်ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။
ဤသို့ဖြင့် အသေအကြေတိုက်ခိုက်မှုကြီး စတင်လာခဲ့လေသည်။
ဝမ်ဖူစန်းက ကောင်းကင်ကြယ်တာရာကာကွယ်ခြင်းကျင့်စဉ်ကို အသုံးပြုကာ သွေးမိစ္ဆာကျမ်းကို လေ့ကျင့်ထားသော ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များကို နှောင့်နှေးစေခဲ့ပြီး ဆွန်ရှောင်ရှန်းကမူ ချန်ဝေနှင့်ရှောက်ဇီဟန်တို့ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တိုက်ခိုက်နေလေသည်။
ထိုလူနှစ်ဦးလုံးမှာ ယမမင်းအမိန့်တော်၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိနေပြီး သူတို့၏မျက်လုံးများက နောက်ကျိနေသည်။
သူတို့၏သိုင်းစွမ်းရည်များမှာ လျော့ကျသွားခြင်းမရှိသော်လည်း တစ်ဦးက ဓားသိုင်းတွင် ပြိုင်ဘက်ကင်းနေပြီး အခြားတစ်ဦးမှာ ဓားလှံများဖြင့်ပင် ထိုးဖောက်၍မရနိုင်အောင် အစွမ်းထက်နေပေသည်။
သို့သော်လည်း နောက်ဆုံးတွင် အကန့်အသတ်တစ်ခုရှိနေသေးရာ ဆွန်ရှောင်ရှန်းကို အနိုင်မယူနိုင်ရုံသာမက ဆွန်ရှောင်ရှန်း၏ဖိအားပေးမှုကြောင့် နောက်သို့ပင် ဆက်တိုက်ဆုတ်ခွာနေရသည်။
ဤတိုက်ပွဲရလဒ်များကို မြင်တွေ့လိုက်ရသော ဝမ်ဖူစန်းပင်လျှင် အံ့ဩမှင်တက်သွားရလေသည်။
ဆွန်ရှောင်ရှန်းသည် ယခင်က သူမ၏အလှအပကြောင့် သိုင်းလောကတွင် နာမည်ကြီးခဲ့သူဖြစ်ပြီး လူလုံးမပြဘဲ ပျောက်ကွယ်သွားသည်မှာ ငါးနှစ်ခန့်သာရှိသေးကြောင်းကို သတိပြုသင့်ပေသည်။
တိုတောင်းလှသော ငါးနှစ်တာကာလအတွင်း ဤမျှအထိ တိုးတက်လာနိုင်မည်ဟု စိတ်ကူးကြည့်၍ပင် မရနိုင်ချေ...
‘တစ္ဆေဧကရာဇ်မှာ တကယ်ပဲ ကောင်းကင်ကိုတောင်လွှမ်းမိုးနိုင်တဲ့ စွမ်းရည်ရှိနေတာလား...'
ဝမ်ဖူစန်း၏စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ ဆွန်ရှောင်ရှန်းကိုကြည့်လိုက်သောအခါ သူမ၏မျက်လုံးများက နက်မှောင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုထားခြင်းဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
တစ္ဆေဧကရာဇ်သည် ထုံးစံဘောင်များကိုဂရုမစိုက်ဘဲ မိစ္ဆာကျင့်စဉ်များကိုပါ လက်ခံလေ့လာကာ နောက်ဆုံးတွင် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ကို ပြောင်းပြန်လှန်၍ တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့သူဖြစ်ကြောင်း သိုင်းလောကတစ်ခုလုံးက သိထားကြသည်။
ဆွန်ရှောင်ရှန်းသည် သူ၏ဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ရာ သူမ သင်ယူထားသော သိုင်းပညာများမှာလည်း မှန်ကန်ဖြောင့်မတ်သော လမ်းစဉ်များ မဟုတ်နိုင်ပေ။
ယခု သူမ၏စွမ်းဆောင်ရည်ကို ကြည့်ရသည်မှာ ယုတ္တိဆန်လှပေသည်။
တိုက်ခိုက်နေသော လူအုပ်ကြားထဲတွင် ပျန်းချန်က မော့တူရှင်း၏ဘေးမှနေ၍ ကာကွယ်ပေးနေရင်း တစ်ဖက်မှလည်း ထိုက်ရိနတ်လက်သီးနှင့် ထိုက်ရိနတ်ခြေကန်ချက်တို့ကို အသုံးပြုကာ ရန်သူများကို ရင်ဆိုင်နေလေသည်။