အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) - ပြင်းထန်သောတိုက်ပွဲ (၂)
ဝမ်ရို၊ ဟွာကျင်နျန်းနှင့် ဇောင်ဝန်ချွမ်းတို့သည်လည်း သူတို့၏ကိုယ်ပိုင်သိုင်းစွမ်းရည်များကို အသီးသီးထုတ်ဖော်ပြသနေကြသည်။
ဟွာကျင်နျန်း၏ဓားသိုင်းများမှာ ထူးဆန်းပြီး ခန့်မှန်းရခက်လွန်းလှရာ ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များကို ရင်ဆိုင်ရာတွင် အလွယ်တကူကာကွယ်နိုင်စွမ်းမရှိအောင် ဖြစ်စေသည်။
သို့သော် သူနှင့်ယှဉ်ပါက ဇောင်ဝန်ချွမ်း၏လုပ်ရပ်များက ပို၍ပင် လွန်ကဲနေသေး၏။
သွေးပျော်နတ်လက်ဝါးသိုင်းသည် သူ၏ရှေ့တွင် လုံးဝအသုံးမဝင်ဖြစ်နေသည်။ ဦးခေါင်းပေါ်တွင် ပူပြင်းသော နေရောင်ခြည်ကို ဆောင်ထားလျက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေခြင်းက ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များအား အကြီးအကျယ် ဒုက္ခရောက်သွားစေသည်။
အကြောင်းမှာ သူကျင့်ကြံထားသော ကျင့်စဉ်သည် ဆရာကြီးထျန်းယူကိုယ်တိုင် သင်ကြားပေးခဲ့သော မဟာနေမင်းကျင့်စဉ်ဖြစ်ပြီး ထိုကျင့်စဉ်မှာ လက်ရှိတွင် ဝူချန်းဟွမ် နားလည်သဘောပေါက်နေသည့် လညွှန်လျှို့ဝှက်ကျင့်စဉ်နှင့် ဖြည့်စွက်ကျင့်စဉ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ဤကျင့်စဉ်သည် သန့်စင်သော ယန်စွမ်းအင်လမ်းကြောင်းကို လိုက်နာသော်လည်း ယွီလုံသူခိုးအိုကြီး၏ အဆုံးမဲ့ကျင့်စဉ်နှင့်ကား လမ်းကြောင်းတစ်ခုတည်း မဟုတ်ပေ။
ယွီလုံသူခိုးအိုကြီး၏အဆုံးမဲ့ကျင့်စဉ်သည် အဖော်နှင့်အတူ ပူးပေါင်းကျင့်ကြံရသော လမ်းစဉ်ဖြစ်ပြီး ယန်စွမ်းအင်ကို ယန်ဖြင့်သာ ဖြည့်တင်းရသဖြင့် ယင်နှင့်ယန် ညီညွတ်မျှတမှုမရှိသောကြောင့် ကိုယ်တွင်းအပူမီးကို ဖြစ်ပေါ်စေနိုင်သည်။
ယုတ္တိဆန်စွာတွေးကြည့်မည်ဆိုလျှင် ဤသို့ ဆက်လက်ကျင့်ကြံပါက မိမိကိုယ်ကို မီးလောင်ကျွမ်းစေမည်သာ ဖြစ်၏။
သို့သော် ဤသိုင်းပညာကို တီထွင်ခဲ့သူမှာ အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေခဲ့ပြီး မီးကို အသက်ဆက်ရန်အသုံးပြုကာ ကိုယ်တွင်းစွမ်းအင်များကို အခြားအစွန်းရောက်တစ်ဖက်သို့ လမ်းပြပို့ဆောင်ပေးခဲ့သည်။
ထို့ကြောင့် ကိုယ်တွင်းအပူမီးလောင်ကျွမ်း၍ သေဆုံးမည်မဟုတ်သော်လည်း ထိုသူ၏စရိုက်လက္ခဏာမှာမူ ဤသိုင်းပညာ၏လွှမ်းမိုးမှုကို ခံရပေလိမ့်မည်။
ဤကျင့်စဉ်သည် မဟာလမ်းစဉ်နှင့် မကိုက်ညီသော်လည်း မိစ္ဆာကျင့်စဉ်ဟုလည်း မဆိုသာပေ။ တိတိကျကျပြောရလျှင် ယန်မီးတောက်သည် မိစ္ဆာဆန်ပြီး လာရာလမ်းကြောင်း မမှန်ကန်သောကြောင့် ဆိုးယုတ်သောကျင့်စဉ်တစ်ခုဟု သတ်မှတ်နိုင်ကာ သဘာဝအလျောက် နူးညံ့သိမ်မွေ့မှုနှင့် မှန်ကန်ဖြောင့်မတ်သော စွမ်းအင်များကို ဆုံးရှုံးသွားစေသည်။
သို့သော် ဇောင်ဝန်ချွမ်း၏ မဟာနေမင်းကျင့်စဉ်မှာမူ မတူညီဘဲ မှန်ကန်ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာကျင့်ကြံထားခြင်း ဖြစ်သည်။
နေမင်းကြီး၏စွမ်းအင်ကို အသုံးပြု၍ ကျင့်စဉ်ကိုပေါင်းစပ်ကာ ဗုဒ္ဓတရားတော်များဖြင့် ရန်ငြိုးများကို ချေဖျက်ထားခြင်းပင်။
ပျိုးထောင်ထားသည်မှာလည်း သန့်စင်သော ယန်စွမ်းအင်အငွေ့အသက်များသာ ဖြစ်၏။
ဤသိုင်းပညာကိုသာ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင် ကိုယ်တွင်းစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းထက်ရှိနေမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မစကြာကဲ့သို့ တောက်ပလာမည်ဖြစ်ပြီး ၎င်း၏အလင်းရောင်က လောကကြီးတစ်ခုလုံးကို လင်းထိန်စေကာ မိစ္ဆာများနှင့် မကောင်းဆိုးဝါးအားလုံးကို ချေမှုန်းနိုင်စွမ်းရှိပေလိမ့်မည်။
ယခုအချိန်တွင် ဇောင်ဝန်ချွမ်း၏ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးသော်လည်း သူ၏အုတ်မြစ်က ခိုင်မာနေပြီဖြစ်သည်။ သွေးပျော်နတ်လက်ဝါးသိုင်းကဲ့သို့ ရက်စက်ယုတ်မာသော တိုက်ကွက်များဖြင့် ထိပ်တိုက်ရင်ဆိုင်လာပါက သူ၏သန့်စင်သော ယန်ကိုယ်တွင်းအားကို တွန်းလှန်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
သဘာဝကျစွာပင် တစ်ချက်ထိရုံဖြင့် ပျက်စီးသွားရလေသည်။
ထိုအရာများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဝမ်ရိုနှင့်ပျန်းချန်တို့နှစ်ဦးလုံးမှာ အရည်အချင်းမမီသလို ဖြစ်နေပေသည်။
ဝမ်ရိုက မနီးမဝေးရှိနေရာတစ်ခုကို ရံဖန်ရံခါလှမ်းကြည့်နေမိသည်။ ထိုနေရာမှ ပြင်းထန်သော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ယံကိုပင် တုန်လှုပ်စေလောက်သည့် အသံကျယ်ကြီးများ ဆက်တိုက်ထွက်ပေါ်နေခြင်းက လူတိုင်း၏နှလုံးသားကို တင်းကျပ်သွားစေသည်။
ပျန်းချန်က ဂိုဏ်းတူညီမလေး၏အကြည့်ကို သတိပြုမိသွားရာ တိုက်ခိုက်နေရင်းမှ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... အစ်ကိုသုံးရဲ့သိုင်းပညာက ပြိုင်ဘက်ကင်းပါတယ်... သူ့အတွက် စိုးရိမ်နေမဲ့အစား ငါတို့အတွက်သာ စိုးရိမ်လိုက်စမ်းပါ..."
ဝမ်ရိုက ပျန်းချန်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ သူမ စကားမပြောသော်လည်း ညီမဖြစ်သူ၏စိတ်ထဲမှ အတွေးများကို ပျန်းချန်မြင်နိုင်ပေသည်။
'ငါတို့က ဘာကိုစိုးရိမ်ရမှာလဲ...'
ပျန်းချန်မှာ တစ်ခဏမျှ စကားမပြောနိုင်တော့ချေ။ ဤသည်မှာ ငယ်စဉ်ကတည်းက သူထိန်းကျောင်းလာခဲ့သော ဂိုဏ်းတူညီမလေးပင်ဖြစ်၏။
မည်သည့်အချိန်မှ စတင်ပြီး အဘယ်ကြောင့် ပြောင်းလဲသွားရသနည်းဆိုသည်ကို သူ မသိတော့ပေ။
မော့တူရှင်းကို ထပ်မံကြည့်လိုက်သောအခါ သူ၏အကြည့်များက ရှောက်ဇီဟန်အပေါ်သို့ ရံဖန်ရံခါရောက်ရှိသွားတတ်ပြီး အထင်သေးသောအရိပ်အယောင်များ ပါဝင်နေသည်ကို သတိပြုမိလိုက်သည်။
အဝေးမှ ချူချင်းနှင့်သင်္ချိုင်းမင်းသားတို့ကို လှမ်းကြည့်လိုက်သောအခါတွင်လည်း သူ၏မျက်နှာပေါ်၌ လေးနက်တည်ကြည်သည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။
သူတို့၏တိုက်ပွဲကို တကယ်ပဲ နားလည်နေသယောင်ပင်။
အကယ်၍သာ မော့တူရှင်းအကြောင်းကို အကုန်အစင်မသိခဲ့ပါက ပျန်းချန်ပင်လျှင် ဤမျက်နှာပေးကြောင့် လှည့်စားခံရတော့မည် ဖြစ်သည်။
ထိုစဉ် ရုတ်တရက်အေးစက်လှသော အငွေ့အသက်တစ်ခုက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားလေသည်။
၎င်းမှာ ချူချင်း၏အတွင်းအားဖြစ်ကြောင်းကို သိလိုက်ရသဖြင့် ပျန်းချန်၏ရင်ထဲတွင် တင်းကျပ်သွားကာ ချက်ချင်းပင် ထိုနေရာသို့လှမ်းကြည့်လိုက်၏။
ချူချင်းနှင့်သင်္ချိုင်းမင်းသားတို့သည် လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ထားကြပြီး တစ်ဦးထံမှ အေးစက်သော အငွေ့အသက်များထွက်ပေါ်နေကာ အခြားတစ်ဦးမှာ ရွှေနှင့်သံမဏိကဲ့သို့ မာကျောခိုင်မာနေသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့နှစ်ဦး၏လက်သီးများကို နယ်နိမိတ်အဖြစ်သတ်မှတ်ကာ သူတို့၏အတွင်းအားများက လေထဲတွင် ကြီးမားလှသော လခြမ်းပုံသဏ္ဌာန်များအဖြစ်ဖန်တီး၍ မျက်နှာချင်းဆိုင်ကာ အချင်းချင်းအသာစီးရရန် ကြိုးပမ်းနေကြသည်။
ချူချင်း၏ခြေထောက်အောက်တွင် အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွား၏။
သင်္ချိုင်းမင်းသား၏ ခန္ဓာကိုယ်ပတ်လည်တွင်မူ ပြင်းထန်သော လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်နေပြီး ဆူညံသောအသံများ ထွက်ပေါ်နေသည်။
သူတို့နှစ်ဦးဆုံတွေ့ရာ နေရာမှစ၍ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါက်ကွဲထွက်ပေါ်လာကာ ပင့်ကူအိမ်ကဲ့သို့ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။
ဤသည်မှာ ပထမအဆင့်ပေါက်ကွဲမှုပင် ဖြစ်ပေသည်။
ထို့နောက် ချက်ချင်းပင် သူတို့နှစ်ဦး၏အတွင်းအားများ လှုပ်ရှားလာသည်နှင့်အမျှ မြေပြင်က ပေဝက်ခန့်နစ်ကျသွားခဲ့သည်။ သူတို့နှစ်ဦး၏ပတ်ပတ်လည်တွင် သဲများနှင့်ကျောက်ခဲများ လွင့်စင်နေပြီး ပြင်းထန်သော လေလှိုင်းများက ဝန်းရံနေသည်။
မတော်တဆဝင်ရောက်လာမိသော ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်တစ်ဦးမှာ တုံ့ပြန်နိုင်ခြင်းမရှိသေးခင် သူ၏ခန္ဓာကိုယ်က ရေခဲအဖြစ် အေးခဲသွားခဲ့သည်။
ထို့နောက်တွင် သင်္ချိုင်းမင်းသား၏ပတ်လည်ရှိ လေပြင်းများကြောင့် သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစဆုတ်ဖြဲခံလိုက်ရကာ ကောင်းကင်အနှံ့ လွင့်စင်သွားတော့သည်။
ပျန်းချန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ဇောင်ဝန်ချွမ်းအပါအဝင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်း၏ နဖူးပေါ်တွင် ချွေးအေးများစီးကျလာခဲ့သည်။
ဤတိုက်ခိုက်နေသောလူနှစ်ဦး၏ သိုင်းပညာအဆင့်အတန်းမှာ မည်မျှအထိ မြင့်မားနေသနည်းဆိုသည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်တော့ကြောင်း သူတို့ခံစားလိုက်ရသည်။
တိုက်ပွဲနယ်မြေအတွင်းမှ ထွက်ပေါ်လာသော နောက်ဆက်တွဲရိုက်ခတ်မှုများကပင် ကျွမ်းကျင်သူများကို ချက်ချင်းသေဆုံးသွားစေနိုင်သည်။
မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက... ဤလူနှစ်ဦးကို မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။
မသိစိတ်၏စေ့ဆော်မှုအရ လူတစ်ယောက်က ဝမ်ဖူစန်းကို လှမ်းကြည့်လိုက်သည်။
ယနေ့ ဤနေရာတွင်ရှိနေသူများထဲမှ မည်သူက ဤလူနှစ်ဦး၏တိုက်ပွဲကြားသို့ ဝင်ရောက်နိုင်စွမ်းရှိသနည်းဟု မေးလာပါက လော့ချန်အိမ်တော်၏ အိမ်တော်သခင်တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များမှာ သေဆုံးခြင်းမရှိသေးချေ။ အကယ်၍ ဝမ်ဖူစန်း၏ ကောင်းကင်ကြယ်တာရာကာကွယ်ခြင်းကျင့်စဉ်ဖြင့် သွေးမိစ္ဆာကျမ်းကိုသာ မထိန်းချုပ်ထားနိုင်ပါက ထိုနေရာရှိလူအားလုံးမှာ ထိုနေရာတင် သေဆုံးသွားနိုင်ဖွယ်ရှိပေသည်။
ဝမ်ဖူစန်း၏မျက်နှာက လေးနက်တည်ကြည်နေ၏။ ချူချင်း၏ကန့်သတ်ချက်က မည်သည့်နေရာတွင် ရှိနေသနည်းဆိုသည်ကို သူ မသိပေ...
သို့သော် သူက ငယ်ရွယ်နေသေးသည်။ သူ၏အတွင်းအားက မည်မျှပင်နက်နဲနေပါစေ မည်သည့်အဆင့်အထိ ရောက်ရှိနိုင်မည်နည်း။
သင်္ချိုင်းမင်းသားသည် ကောင်းကင်မိစ္ဆာဂိုဏ်းအတွင်း၌ ရာထူးမြင့်တစ်ခုကိုရရှိထားသူ ဖြစ်သည်။
ဤအခြေအနေမျိုးတွင် အောင်ပွဲကို သေချာစေရန်အတွက် သူသည် ချူချင်းနှင့် အမြန်ဆုံးပူးပေါင်းရန် လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် ချူချင်းနှင့် တိုက်ခိုက်နေသောသင်္ချိုင်းမင်းသားက ရုတ်တရက်စကားဆိုလာ၏။
"ဒီလောက်အသက်အရွယ်နဲ့ ဒီလိုအဆင့်ကို ရောက်နေတာက တကယ့်ကိုအံ့မခန်းပဲ..."
"ဒါပေမဲ့ ငါ့ရဲ့ဒီသင်္ချိုင်းခန္ဓာကိုယ်က သာမန်မဟုတ်ဘူး... အသုံးပြုတဲ့ လက်သီးသိုင်းကလည်း နားလည်ဖို့ခက်ခဲသလို ငါ့ရဲ့အတွင်းအားကလည်း မင်းထက် ပိုနက်နဲတယ်... ဒီအထိ တိုက်ခိုက်ခဲ့ပြီးပြီဆိုတော့ မင်းရဲ့ခွန်အားတွေ ဘယ်လောက်တောင် ကုန်ခမ်းနေပြီလဲ..."
"ငါနဲ့ ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ..."
ချူချင်းက သူ့ကိုအံ့သြသလို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
"စကားပြောနိုင်သေးတာလား..."
"ဘယ်လောက်ကုန်ခမ်းသွားလဲဆိုတာ... ကိုယ်တိုင်စမ်းကြည့်လိုက်ရင် မသိနိုင်ဘူးလား..."
ထိုသို့ပြောလိုက်ပြီးနောက် ကြီးမားလှသော စွမ်းအားကြီးတစ်ခုက သူတို့နှစ်ဦးကြားတွင် ပေါက်ကွဲထွက်ပေါ်လာ၏။ လူနှစ်ယောက်၏ပုံရိပ်က နောက်သို့ အသီးသီးလွင့်စင်သွားကြသော်လည်း လေထဲတွင်ပင် သူတို့၏ကိုယ်ဟန်အနေအထားကို ပြောင်းလဲကာ ပြန်လည်ဝင်ရောက်လာကြသည်။
ချူချင်းက လက်ဖဝါးနှစ်ဖက်လုံးကို မြှောက်လိုက်ရာ နဂါးဟိန်းသံကြီးက မိုင်တစ်ရာခန့်အထိ တုန်ခါသွားစေသည်။
သင်္ချိုင်းမင်းသား၏ခြေထောက်များက လေပြင်းကိုစီးနင်းထားကာ သူ၏လက်သီးများက မိုးကြိုးကဲ့သို့ ပြင်းထန်သောလေလှိုင်းများအဖြစ် ပြောင်းလဲသွားတော့သည်။