အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) - သက်သောင့်သက်သာရှိခြင်း (၂)
သူတို့နှစ်ဦး၏လက်သီးအရိပ်များမှာ အပြန်အလှန်ယှဉ်ပြိုင်နေကြပြီး သူတို့ရှိနေသော နေရာပတ်ဝန်းကျင်ရှိ မြေပြင်အခြေအနေမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြောင်းလဲသွားကာ ပြင်းထန်သော လေအေးများ၊ လွင့်စင်လာသော ဖုန်မှုန့်များနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံကြီးက မျက်တောင်တစ်ခတ်အတွင်း အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားလေသည်။
ဤအရှိန်အဟုန်မှာ အမှန်ပင် ကြီးမားခမ်းနားလှပေသည်။
အစောပိုင်းက သင်္ချိုင်းမင်းသားကျရောက်သွားသော နေရာမှာ လူအုပ်ထဲတွင်ဖြစ်ပြီး မူလတိုက်ခိုက်နေကြသော အဖွဲ့နှစ်ဖွဲ့မှာ အပြန်အလှန်သေဆုံးဒဏ်ရာရမှုများဖြင့် တိုက်ပွဲမှာ အရှိန်တက်နေဆဲဖြစ်သည်။
ဤလူနှစ်ဦးရောက်လာသောအခါ မူလက ဆူညံပွက်လောရိုက်နေသော မြင်ကွင်းမှာ အပိုင်းပိုင်းအစစပြိုကွဲသွားလေ၏။
ရှောင်တိမ်းရန် အချိန်မမီလိုက်သူများမှာ မျက်တောင်တစ်ခတ်အတွင်း ထိုလူနှစ်ဦး၏တိုက်ခိုက်မှုအရှိန်ကြောင့် လွှမ်းခြုံခံလိုက်ရပြီး လက်သီးလေလှိုင်းများကြောင့် တစ်ကိုယ်လုံး ဒဏ်ရာများရရှိသွားသလို တစ်ခဏချင်းပင် အအေးဓာတ်ကြောင့် တစ်ကိုယ်လုံးအေးခဲသွားကြသည်။
"ဆုတ်ကြ..."
မည်သူက အော်ဟစ်လိုက်မှန်း မသိသော်လည်း ဤအချိန်တွင် ကောင်းကင်မိစ္ဆာဂိုဏ်းဖြစ်စေ၊ သိုင်းပညာရှင်များဖြစ်စေ တိုက်ခိုက်ရန် ဂရုမစိုက်နိုင်တော့ဘဲ အားလုံးဆုတ်ခွာသွားကြလေသည်။
ချန်ဝေနှင့်ရှောက်ဇီဟန်တို့နှစ်ဦးသာ မျက်လုံးများနောက်ကျိနေကာ လက်ရှိအခြေအနေကို လုံးဝဂရုမစိုက်နိုင်ဖြစ်နေကြသည်။ သူတို့သည် ယမမင်းအမိန့်တော်သင့်ထားပြီး မူလက သင်္ချိုင်းမင်းသား၏ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ယခုအခါ သင်္ချိုင်းမင်းသားသည် ချူချင်းနှင့်ယှဉ်ပြိုင်တိုက်ခိုက်ရန် အပြည့်အဝအာရုံစိုက်နေရသဖြင့် ဤနှစ်ဦးကိုဂရုမစိုက်နိုင်တော့ချေ။
ထို့ကြောင့် သူတို့သည် အန္တရာယ်ကို မည်သို့ရှောင်ရှားရမည်ကို မသိကြဘဲ တိုက်ခိုက်လိုစိတ်ရှိနေဆဲဖြစ်သည်။
ရလဒ်အနေဖြင့် ရှောက်ဇီဟန်သည် တစ်လှမ်းပိုမြန်ကာ ဆွန်ရှောင်ရှန်းဆီသို့ပြေးဝင်သွားပြီး ချန်ဝေသည် တစ်လှမ်းနှေးသွားသဖြင့် ချူချင်း၏နှင်းခဲများကြောင့် ခြေနှစ်ဖက်လုံးအေးခဲသွားလေ၏။ နှင်းခဲများက သူ၏ခြေထောက်တစ်လျှောက် ပျံ့နှံ့သွားပြီး တစ်ခဏအကြာတွင် သူသည် ထိုနေရာတွင်တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ချေ။
သူတို့ရှေ့ရှိမြင်ကွင်းက သဘာဝဘေးအန္တရာယ်တစ်ခုနှင့်ပင် တူနေလေသည်။
ကွင်းအတွင်းရှိလူတိုင်းသည် သူတို့၏ခေါင်းထဲတွင် အသံအူနေသကဲ့သို့ ခံစားလိုက်ရ၏။
ဤသို့ ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် ဝမ်ဖူစန်းသည်လည်း လက်လွတ်သွားကာ ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်ကို လှည့်ပတ်လိုက်ပြီး သူ၏ကိုယ်ဟန်က ရှောက်ဇီဟန်ဆီသို့ ဝုန်းခနဲဝင်တိုက်လိုက်သည်။
သူ၏ကောင်းကင်ယံရှိ မရေမတွက်နိုင်သော ဓားအရိပ်များမှာ ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်၏ အတိုင်းအတာအတွင်းသို့ ကျရောက်သွားပြီးနောက် နွားအိုတစ်ကောင်ကဲ့သို့ နှေးကွေးသွား၏။
ဝမ်ဖူစန်းက သူ၏မျက်ခုံးကြားကို လက်ချောင်းဖြင့် တစ်ချက်ထောက်လိုက်ရာ ဒိုင်းခနဲအသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ လွင့်စင်သွားပြီး ထိုနေရာတွင်ပင် သေဆုံးသွားလေသည်။
ဆွန်ရှောင်ရှန်းက ပြင်းထန်စွာတိုက်ခိုက်နေသည့် နေရာကို စူးစိုက်ကြည့်လိုက်ပြီး မျက်နှာအမူအရာ အကြိမ်ကြိမ်ပြောင်းလဲသွားလေသည်။
"ရှင့်ကို ဘယ်သူက ဝင်ပါခိုင်းလို့လဲ..."
ဤစကားမှာ ဝမ်ဖူစန်းကို ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ဖူစန်း၏မျက်နှာမှာ မည်းမှောင်သွား၏။
"တစ္ဆေဧကရာဇ်ရဲ့တပည့်တွေက ဒီလိုစကားပြောပြီး အလုပ်လုပ်ကြတာလား..."
"ဟွန့်..."
ဆွန်ရှောင်ရှန်းက အေးစက်စက်ရယ်မောလိုက်ပြီးနောက် ရုတ်တရက်လှည့်ကာ ထျန်းကျီးမျှော်စင်ဆီသို့ ပြေးဝင်သွားသည်။
သို့သော် အနီးသို့မရောက်ခင်မှာပင် ဝုန်းခနဲအသံကို ကြားလိုက်ရပြီး အခေါင်းများ တစ်ခုပြီးတစ်ခု ပစ်ချခံလိုက်ရကာ အလောင်းများပြုတ်ကျလာ၏။ အလောင်းတိုင်းသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး 'သင်္ချိုင်း'ဟူသော စာသားပါသည့်မျက်နှာဖုံးကို တပ်ဆင်ထားသော သင်္ချိုင်းမင်းသားများသာ ဖြစ်နေလေသည်။
ဆွန်ရှောင်ရှန်း၏မျက်ခွံများ အနည်းငယ်တုန်လှုပ်သွားပြီးနောက် မျှော်စင်အတွင်းမှ ရိုးအသောမျက်နှာထားဖြင့် ထွက်လာသည့် အသားစားဘုန်းကြီးကို တွေ့လိုက်ရလေသည်။
ဆွန်ရှောင်ရှန်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဆွန်းရှောင်ရှန်းက အေးစက်စက်ရယ်မောလိုက်၏။
"ရှင် ရှင်းပြဖို့ လိုလိမ့်မယ်..."
"တစ္ဆေဧကရာဇ်လာမေးရင်တော့ ရှင်းပြရမှာပေါ့၊ ဒါပေမဲ့ ငါ့ကို မေးတာလား..."
အသားစားဘုန်းကြီးက သူ၏ဝမ်းဗိုက်ကိုပုတ်ပြီး ရယ်မောလိုက်၏။
"ငါက မင်းကို ရှင်းပြနေရမှာလား... အရည်အချင်းရှိရင် ရှန်ချိုးယွီကိုသွားမေးလိုက်..."
"ခွေးကောင်..."
ဆွန်ရှောင်ရှန်းမှာ ချက်ချင်းဒေါသထွက်သွားသော်လည်း ဒေါသမပေါက်ကွဲခင်မှာပင် သူမရှေ့ရှိလူရိပ်က လင်းလက်သွားသည်။ သူမ ရုတ်တရက်လှည့်ကြည့်လိုက်ရာ မူလက ထျန်းကျီးမျှော်စင်အတွင်း၌ ရှိနေသော အသားစားဘုန်းကြီးမှာ ဝမ်ဖူစန်းဘေးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ခဏတာစဉ်းစားပြီးနောက် ဆွန်ရှောင်ရှန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ထျန်းကျီးမျှော်စင်အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုအချိန်တွင် အဆက်မပြတ်တိုက်ခိုက်နေကြသော ထိုလူနှစ်ဦးသည် လက်သီးချက်ပေါင်း ရာနှင့်ချီ၍ ထိုးကြိတ်ခဲ့ပြီးဖြစ်၏။
သို့တိုင် အရှိန်အဟုန်မှာမူ အနည်းငယ်မျှ လျော့ကျမသွားခဲ့ချေ။
ဝမ်ဖူစန်း၏အကြည့်များက လေးနက်သွားလေသည်။ သူ၏တစ်ခုတည်းသော စိုးရိမ်မှုမှာ ချူချင်း၏အတွင်းအား မည်မျှနက်ရှိုင်းသည်ကို မသိရခြင်းပင် ဖြစ်သည်။ ထိုသို့ပြင်းထန်သည့် တိုက်ပွဲမျိုးတွင် အတွင်းအားဆုံးရှုံးမှုမှာ ကြီးမားမည်မှာ အသေအချာပင်…
'သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ...'
သူသည် ချူချင်းနှင့်ပူးပေါင်းရန် စွန့်စားဝင်ရောက်လိုသော်လည်း သူထွက်သွားပါက ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များက အစီအရင်ထဲသို့ဝင်ရောက်ကာ လူသတ်မည်ကို စိုးရိမ်နေမိသည်။
အခြားသူများက ကိစ္စမရှိသော်လည်း ဝမ်ရို၊ ပျန်းချန်နှင့် မော့တူရှင်းတို့အားလုံး အစီအရင်ထဲတွင် ရှိနေကြ၏။
အထူးသဖြင့် ဝမ်ရိုအတွက် အနည်းငယ်မျှအမှားခံ၍မဖြစ်ပေ။
သူစိုးရိမ်ပူပန်နေစဉ်မှာပင် ယခင်ကနှင့် လုံးဝမတူညီသော ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
၎င်းမှာ နဂါးဟိန်းသံပင်ဖြစ်၏။
နဂါးဟိန်းသံများထွက်ပေါ်လာပြီးနောက် နှင်းခဲများဖုံးလွှမ်းနေသော အဖြူရောင်နဂါးပုံသဏ္ဌာန် စွမ်းအင်တစ်ခုက သင်္ချိုင်းမင်းသားအား နောက်သို့ အဆက်မပြတ်တွန်းထုတ်သွားကာ ဖုန်မှုန့်များဖုံးလွှမ်းနေသည့် နေရာမှ အတင်းအဓမ္မထွက်ပေါ်လာစေခဲ့သည်ကို တွေ့လိုက်ရလေသည်။
သူ၏လက်သီးနှစ်ဖက်လုံးက ထိုနဂါးပုံသဏ္ဌာန်စွမ်းအင်ကို ကာကွယ်ထားပြီး သူ၏တစ်ကိုယ်လုံးရှိ အဝတ်အစားများမှာ နေရာအတော်များများတွင် ပေါက်ပြဲနေကာ မီးခိုးရောင်နှင့် အဖြူရောင်စပ်နေသော အသားအရေကို မြင်တွေ့နေရ၏။
သူ၏ခန္ဓာကိုယ်မှာ ဤကြီးမားလှသော စွမ်းအားကြောင့် တွန်းထုတ်ခံရသဖြင့် အလိုအလျောက် နောက်သို့ဆုတ်သွားလေသည်။
ထျန်းကျီးမျှော်စင်ရှေ့ရှိ ကွင်းပြင်ကိုဖြတ်ကျော်ကာ ထျန်းကျီးတောင်ကြားအတွင်းရှိ အဆောက်အအုံများကို ဝင်တိုက်မိသွားသည်။
ထိုအဆောက်အအုံများက သူ၏ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ဘဲ နံရံများပြိုကျသွားပြီး နဂါးပုံသဏ္ဌာန်စွမ်းအင်၏ ဟိန်းဟောက်သံများကြားတွင် ဖြတ်သန်းသွားသော နေရာတိုင်းမှာ အပိုင်းပိုင်းအစစပြိုကွဲသွားလေ၏။
ထျန်းကျီးရသေ့က သွေးချွေးများစွာရင်းနှီးကာ တည်ဆောက်ခဲ့ရသည့် ထျန်းကျီးတောင်ကြားအစီအရင်ထဲရှိ ကျောက်တုံးအိမ်များမှာ ဤတိုက်ကွက်တစ်ခုတည်းအောက်တွင် အတင်းအဓမ္မ ပြိုဖျက်ခံလိုက်ရကာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားလေသည်။
မှတ်သားစရာကောင်းသည်မှာ ယခင်က အစီအရင်ထဲသို့ကြိုတင်ဝင်ရောက်ကာ ရှေ့ရောက်လိုသူများအနက် အချို့မှာ အစီအရင်ထဲတွင်ပိတ်မိနေပြီး ဝင်ထွက်ရန် လမ်းမရှိဖြစ်နေကြ၏။
အချို့မှာမူ ထောင်ချောက်များကြောင့် ဒဏ်ရာရရှိခဲ့ပြီး အစီအရင်ထဲတွင် ကိုယ့်ကိုယ်ကိုကယ်တင်ရန် ကြိုးစားနေကြလေသည်။
ရလဒ်အနေဖြင့် ဤနဂါးပုံသဏ္ဌာန်စွမ်းအင်က တားဆီး၍မရသော အရှိန်အဟုန်ဖြင့် သင်္ချိုင်းမင်းသားအား ဝုန်းခနဲဝင်တိုက်လိုက်ရာ သူတို့အားလုံးအတွက် ထွက်ပေါက်တစ်ခု ရှာတွေ့သွားစေသည်။
သို့သော် ရှေ့သို့မပြေးနိုင်ခင်မှာပင် လမ်းတစ်လျှောက်တွင် ကျန်ရစ်ခဲ့သော နှင်းခဲများကြောင့် ထိခိုက်ဒဏ်ရာရသွားကြ၏။
ဤနှင်းခဲများက သူတို့အားလုံးကို ထိုနေရာတွင်တုပ်နှောင်ကာ ရေခဲပန်းပုများအဖြစ်သို့ မပြောင်းလဲနိုင်ပေ။
သို့သော် ချူချင်း၏လက်ဝါးအားတွင် ပါဝင်သောအအေးဓာတ်က သူတို့ကို နောက်သို့လွင့်စင်သွားစေရုံသာမက ခန္ဓာကိုယ်ထဲသို့ပါစိမ့်ဝင်သွားသောကြောင့် တစ်ခဏချင်းပင် ဖော်ပြ၍မရအောင် နာကျင်မှုဝေဒနာကို ခံစားလိုက်ရလေသည်။
နောက်ဆုံးတွင် သင်္ချိုင်းမင်းသားသည် ခြေလှမ်းများကိုရပ်တန့်လိုက်သည်။
သူသည် လက်သီးနှစ်ဖက်ကိုဝှေ့ယမ်းထားဆဲ အနေအထားတွင်ရှိနေပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အဝတ်အစားများအားလုံး ဆုတ်ပြဲသွားခဲ့ပြီဖြစ်၏။
မျက်နှာဖုံးပေါ်တွင်လည်း အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာလေသည်။
သို့သော် ခန္ဓာကိုယ်ပေါ်တွင်မူ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရထားခြင်းမရှိပေ။
သူ၏အသက်ရှူနှုန်းမှာ အနည်းငယ်မြန်ဆန်နေပြီး အဝေးရှိချူချင်းကို မော့ကြည့်လိုက်သည်။
ချူချင်းသည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အဝတ်အစားများ စုတ်ပြဲနေခြင်းမရှိသည့်အပြင် ဆံပင်များလည်း ရှုပ်ပွနေခြင်းမရှိပေ။
သူသည် အရှေ့သို့လှမ်းလာရာ ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးဆေးတည်ငြိမ်နေလေသည်။
သင်္ချိုင်းမင်းသားက ပြုံးစိစိလုပ်လိုက်ပြီးနောက် ပြောလိုက်၏။
"အရမ်းကောင်းတဲ့ လက်ဝါးသိုင်းပဲ... နှမြောစရာကောင်းတာက... မင်းက ငါ့ရဲ့ကာကွယ်ရေးကျင့်စဉ်ကို မချိုးဖျက်နိုင်သေးတာပဲ..."
"ဒါဆိုရင် သခင်ကြီးက ကျုပ်အဆင့်ကို စမ်းသပ်လို့ရပြီလား..."
ချူချင်း၏အသံကို အတွင်းအားဖြင့်ပို့လွှတ်လိုက်ရာ သင်္ချိုင်းမင်းသား၏မျက်ဆန်များမှာ ရုတ်တရက်ကျုံ့သွားလေတော့သည်။