← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) - သက်သောင့်သက်သာရှိခြင်း (၃)

ဤအသံတွင် အားအင်များပြည့်ဝနေဆဲဖြစ်၏။

သူတို့နှစ်ဦးသည် တစ်ထိုင်တည်းနှင့် လက်သီးချက်ပေါင်းရာနှင့်ချီ၍ အပြန်အလှန်ထိုးကြိတ်ခဲ့ကြသော်လည်း သင်္ချိုင်းမင်းသားက ဤသင်္ချိုင်းခန္ဓာကိုယ်၏အတွင်းအားမှာ ချူချင်းထက် သေချာပေါက်သာလွန်သည်ဟု အစပိုင်းတွင် ယုံကြည်ခဲ့သော်လည်း ယခုမူကား မသေချာတော့ပေ။

သို့သော် ဤအချိန်တွင်... စိတ်ထဲ၌လည်း တုန်လှုပ်မှုများဖြစ်ပေါ်လာသည်ကို ရှောင်လွှဲ၍မရတော့ချေ။

ချူချင်းသည် အဘယ်ကြောင့် အားအင်ကုန်ခန်းသွားပုံ မပေါ်ရသနည်း။

ယခုအထိတိုက်ခိုက်ပြီးနောက် သင်္ချိုင်းမင်းသားသည် ချူချင်းက အစွမ်းကုန်အသုံးပြုခဲ့သည်ဟု မူလက သေချာပေါက်တွေးထားသော်လည်း... ယခုမူ သူ မသေချာတော့ချေ။

သူ၏အတွင်းအားက တွင်းနက်ကြီးနှင့် ပင်လယ်ကဲ့သို့မနက်ရှိုင်းပါက သူသည် မည်သို့လျှင် ဤမျှတည်ငြိမ်နေနိုင်မည်နည်း။

သူထပ်ပြောလိုသော်လည်း ချူချင်းက သူ့ကို စကားပြောခွင့်မပေးတော့ပေ။

ခန္ဓာကိုယ်မှာ မြူခိုးငွေ့များ မျောလွင့်လာသကဲ့သို့ဖြစ်ပြီး လက်သီးများမှာ နှင်းခဲများကိုသယ်ဆောင်လာသော မိုးကြိုးနှင့်တူလေသည်။

သင်္ချိုင်းမင်းသားသည် ရုတ်တရက် အတွင်းအားကိုလှည့်ပတ်လိုက်ပြီး ခြေတစ်ချက်နင်းကာ အရှိန်အဟုန်ဖြင့် ပျံတက်သွား၏။

လူရိပ်နှစ်ခုသည် ချက်ချင်းပင် ထပ်မံတိုက်ခိုက်ကြပြန်သည်။

သို့သော် ဤတစ်ကြိမ်တိုက်ခိုက်မှုမှာ ထိုနေရာ၌ပင်ရပ်၍ တိုက်ခိုက်ခြင်းမဟုတ်တော့ဘဲ သင်္ချိုင်းမင်းသားက ပြန်လည်မတိုက်ခိုက်နိုင်သဖြင့် ခုခံနေရုံသာ တတ်နိုင်လေသည်။

လူရိပ်နှစ်ခုမှာ အပြန်အလှန်ပျံသန်းသွားလာနေကြပြီး တိုက်ကွက်တစ်ခုစီတိုင်းက ကြီးမားသောစွမ်းအားများကို သယ်ဆောင်လာကာ လက်သီးချက်များ အိမ်ပေါ်သို့ကျရောက်သွားပါက အိမ်များပြိုကွဲသွားပြီး မြေပြင်ပေါ်သို့ကျရောက်သွားပါက မြေကြီးများပြိုကျသွားသည်ကို တွေ့လိုက်ရ၏။

မြေပြင်မှနေ၍ လေထဲသို့ပျံတက်သွားပြီးနောက် ချူချင်းသည် ခြေနှစ်ဖက်ကို အဆက်မပြတ်နင်းကာ လက်ဝါးနှစ်ဖက်ဖြင့် ဆက်တိုက်တိုက်ခိုက်လေသည်။

ဒိုင်း ဒိုင်း ဒိုင်း၊ ဒိုင်း ဒိုင်း ဒိုင်း။

ပေါက်ကွဲသံများနှင့် ရောယှက်နေသည့် နဂါးဟိန်းသံများက လမ်းတစ်လျှောက်ဖြတ်သန်းသွားသော နေရာတိုင်းတွင် အဆက်မပြတ်ထွက်ပေါ်နေ၏။

မူလက ချူချင်းနှင့်သင်္ချိုင်းမင်းသားတို့ ဝေးကွာသွားသည်ကိုကြည့်ကာ သေသည်အထိ ဆက်လက်တိုက်ခိုက်လိုသော လူအုပ်ကြီးမှာ ထိုလူနှစ်ဦး ပြန်လည်ရောက်ရှိလာသောကြောင့် အသီးသီးဆုတ်ခွာသွားကြပြီး ထိုနေရာ၌ရပ်ကာ ‌စောင့်ကြည့်နေကြလေသည်။

ချူချင်းက သင်္ချိုင်းမင်းသားကို ထျန်းကျီးမျှော်စင်၏နံရံအထိ တစ်လျှောက်လုံး ဖိနှိပ်တိုက်ခိုက်ခဲ့သည်ကို တွေ့လိုက်ရ၏။

သင်္ချိုင်းမင်းသားက နံရံမှအားယူလိုက်ရာ လူရိပ်နှစ်ခုသည် လက်သီးနှင့်လက်ဝါး အပြန်အလှန်တိုက်ခိုက်ရင်း အထက်သို့ တစ်လျှောက်လုံးတက်သွားကြသည်။

လေပြင်းများက ထျန်းကျီးအဆောက်အအုံပေါ်တွင် တွင်းကြီးများဖြစ်အောင်ရိုက်ခွဲပစ်နေသည်။

ပိုမိုမြင့်တက်လာသည်ကိုကြည့်ရင်း ချူချင်းသည် ရုတ်တရက် တိုက်ကွက်ပြောင်းလိုက်ပြီး လက်ဝါးကို ဓားကဲ့သို့အသုံးပြုကာ သင်္ချိုင်းမင်းသား၏လည်ချောင်းဆီသို့ တည့်တည့်ချိန်ရွယ်လိုက်၏။

သင်္ချိုင်းမင်းသားက အလိုအလျောက်ခေါင်းငုံ့လိုက်ပြီး ချူချင်း၏လက်ဝါးဓားကို မေးစေ့ဖြင့်ညှပ်ထားရန် ကြိုးစားလိုက်သော်လည်း ချူချင်းက သူ၏လက်ဝါးအရှိန်ကို စောင်းလိုက်ကာ ရှေ့သို့တိုးသွားပြီး တံတောင်ဆစ်ကိုကွေးကာ သင်္ချိုင်းမင်းသား၏ခေါင်းပေါ်သို့ ရိုက်ချလိုက်လေသည်။

ဂျွတ်ခနဲအသံနှင့်အတူ ဤရိုက်ချက်ကြောင့် သင်္ချိုင်းမင်းသားမှာ လေထဲတွင် ခေါင်းငိုက်စိုက်ကျသွားပြီး ချူချင်းကမူ အားယူကာ ခုန်ထွက်သွား၏။

သင်္ချိုင်းမင်းသားက ခေါင်းမော့ကြည့်လိုက်သောအခါ လေထဲမှဆင်းသက်လာကာ လက်တစ်ဖက်က စက်ဝိုင်းရေးဆွဲပြီး ကျန်လက်တစ်ဖက်က လက်ဝါးရိုက်ထုတ်နေသည့် ချူချင်းကို တွေ့လိုက်ရလေသည်။

သင်္ချိုင်းမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရပ်ဆယ်မျက်နှာလေပြင်းလက်သီးဖြင့် ပြန်လည်ရင်ဆိုင်ရန် ကြိုးစားလိုက်သော်လည်း သူတို့နှစ်ဦး စတင်တိုက်ခိုက်ချိန်မှစ၍ ယခုအထိ အင်အားကုန်ခမ်းမှုမှာ ကြီးမားလှ၏...

သို့သော် ဤကုန်ခမ်းမှုမှာ သင်္ချိုင်းမင်းသားတစ်ဦးတည်းအတွက်သာ အကျုံးဝင်လေသည်။

ချူချင်း၏မင်ယွိကျင့်စဉ်မှာ အတွင်းရော၊ အပြင်ပါ အလုပ်လုပ်ပြီး အကြာရှည်ဆုံးတိုက်ခိုက်နိုင်၏။ အခြားသူများ၏အတွင်းအားမှာ တိုက်ခိုက်လေ၊ နည်းလေဖြစ်သော်လည်း သူကမူ တိုက်ခိုက်လေ၊ ပိုများလေဖြစ်သည်။

လက်တွေ့တွင် သင်္ချိုင်းမင်းသားပြောသည်မှာ မှန်ပေသည်။ အစပိုင်းတွင် ဤသင်္ချိုင်းခန္ဓာကိုယ်၏အတွင်းအားမှာ အမှန်ပင် ချူချင်းထက် သာလွန်နေခဲ့လေသည်။

သို့သော် ယခုအခါတွင် တစ်ဖက်ကလျော့နည်းသွားပြီး တစ်ဖက်ကတိုးလာသဖြင့် တစ်ဦးမှာ အောက်ခြေသို့ရောက်လုနီးပါး ဖြစ်နေပြီး ကျန်တစ်ဦးမှာမူ အပြည့်ရှိနေဆဲဖြစ်၏။

ဤသို့တိုက်ခိုက်လာမှုအောက်တွင် သင်္ချိုင်းမင်းသားက မည်သို့ တားဆီးနိုင်မည်နည်း။

ချူချင်းက တစ်ခဏချင်းပင် သူ၏လက်နှစ်ဖက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ခွဲလိုက်ပြီးနောက် တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ရိုက်ချလိုက်လေသည်။

မာနနဂါးရဲ့နောင်တ၊ နဂါးပျံ၊ ကျန်းတစ်ရာကို တုန်လှုပ်စေခြင်း...

နဂါးဟိန်းသံများ ဆူညံစွာထွက်ပေါ်လာပြီး လက်ဝါးချက်များက တစ်ချက်ပြီးတစ်ချက် သင်္ချိုင်းမင်းသား၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ ကျရောက်သွားလေ၏။

သူ၏ကာကွယ်ရေးကျင့်စဉ်မှာ မည်မျှပင် အားကောင်းစေကာမူ အတွင်းအားဖြင့် ထောက်ပံ့ပေးရမည်သာ ဖြစ်သည်။

ယခု သူ၏အတွင်းအားမှာ ချူချင်း၏အင်အားလောက် မများပြားတော့သဖြင့် လက်ဝါးသုံးချက်အောက်တွင်ပင် သူ၏ကာကွယ်ရေးကျင့်စဉ်မှာ လုံးဝပြိုကွဲသွားလေသည်။

သို့သော် ချူချင်းက အဆုံးမသတ်သေးပေ... လက်ဝါးသိုင်းတစ်စုံလုံးတွင် ကာကွယ်ရေးတိုက်ကွက်များမှလွဲ၍ အားလုံးနီးပါးကို တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါတလဲလဲအသုံးပြုခဲ့လေသည်။

သူသည် အမြင့်ပေနှစ်ဆယ်ကျော်မှနေ၍ သင်္ချိုင်းမင်းသားကို ဖုန်မှုန့်များထဲသို့ အတင်းအဓမ္မရိုက်ချလိုက်၏။

နောက်ဆုံးတွင် လက်နှစ်ဖက်လုံးက သင်္ချိုင်းမင်းသား၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် ဖိနှိပ်ထားပြီး လက်ဝါးအားကို အဆက်မပြတ်ရိုက်သွင်းလိုက်ရာ နဂါးပုံသဏ္ဌာန်စွမ်းအင်များက သင်္ချိုင်းမင်းသား၏ကျောဘက်မှ လွင့်စင်ထွက်ပေါ်လာသည်။

လူရိပ်နှစ်ခုမှာ ကြယ်ပျံများ မြေပြင်သို့ကျဆင်းလာသကဲ့သို့ ကျယ်လောင်သောအသံကြီးနှင့်အတူ ဒိုင်းခနဲပြုတ်ကျသွားလေသည်။

ကြီးမားလှသောအင်အားက အရပ်ရှစ်မျက်နှာသို့ ချက်ချင်းတိုက်ခတ်သွားရာ ထိုနေရာတွင်ရှိနေသော ဝမ်ဖူစန်း၊ အသားစားဘုန်းကြီးနှင့် ဆွန်ရှောင်ရှန်းတို့သုံးဦးမှလွဲ၍ အခြားသူများအားလုံး နောက်သို့ယိမ်းယိုင်ဆုတ်ခွာသွားကြပြီး သိုင်းပညာအားနည်းသူများမှာမူ မြေပြင်ပေါ်သို့လဲကျကာ ထပ်ခါတလဲလဲ လိမ့်ထွက်သွားကြလေ၏။

နှစ်ရာပေါင်းများစွာ ပြိုကျခြင်းမရှိခဲ့သော ဘေးဘက်ရှိထျန်းကျီးမျှော်စင်မှာ ပြိုကျလုနီးပါးဖြစ်နေလေပြီ...

မီးခိုးငွေ့များနှင့် ဖုန်မှုန့်များကင်းစင်သွားချိန်အထိ စောင့်ပြီးနောက် လူတိုင်းမြင်တွေ့လိုက်ရ၏။

ထျန်းကျီးမျှော်စင်ရှေ့တွင် သုံးပေခန့်နက်သော တွင်းကြီးတစ်ခု ပေါ်လာလေသည်။

သင်္ချိုင်းမင်းသားမှာ တွင်းထဲသို့ရိုက်ချခံလိုက်ရပြီး တစ်ကိုယ်လုံး စက္ကူတစ်ရွက်ကဲ့သို့ဖြစ်လုနီးပါး ဖြစ်သွားပေသည်။

ချူချင်းက ခုန်တက်လိုက်ပြီး တွင်းအစွန်းသို့ဆင်းသက်လိုက်ကာ လက်ခြေများကို အနည်းငယ်လှုပ်ရှားလိုက်ပြီးနောက် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်၏။

"တစ်ယောက်ရှင်းသွားပြီ နောက်တစ်ယောက်ဘယ်မှာလဲ…”

ထိုခဏတွင် ထျန်းကျီးတောင်ကြားတစ်ခုလုံး၌ အပ်ကျသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွား၏။

ထိုမျှအဖြစ်အပျက်ကြီးကို ဖန်တီးခဲ့သော်လည်း ပုံမှန်အတိုင်း အနာတရကင်းမဲ့စွာ ရပ်နေသော ချူချင်းကိုကြည့်ရင်း ဝမ်ဖူစန်းပင်လျှင် မျက်ခွံများ တဆတ်ဆတ် တုန်လှုပ်သွားလေသည်။

မျက်မှောက်ရှိအရာက မည်သို့သော ဘီလူးသရဲမျိုးဖြစ်နေမှန်း သူနားမလည်နိုင်ဖြစ်နေရ၏။

သင်္ချိုင်းမင်းသားတစ်ယောက်တည်းနှင့်ပင် လောကကြီးကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်ကာ သတ်၍မကုန်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

သို့သော် ချူချင်း၏ကိုယ်ဟန်အနေအထားကို ကြည့်ရသည်မှာ နောက်ထပ်ဆယ်ယောက် ထပ်သတ်ရလျှင်ပင် ပြဿနာရှိမည်မဟုတ်ပေ။

အကယ်၍ နောက်ထပ်ဆယ်ယောက်သာ ထပ်ရောက်လာပါက ထျန်းကျီးတောင်ကြားအနေဖြင့် ဤကဲ့သို့သောဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိပါမည်လောဆိုသည်ကိုမူ သူမသိနိုင်ချေ။

ထိုသို့တွေးတောနေစဉ်မှာပင် အားနည်းဖျော့တော့သော အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေသောကြောင့် ထိုအသံမှာ ရှင်းလင်းစွာကြားနေရ၏။

"နောက်ထပ်... မရှိတော့ဘူး..."

ချူချင်းခေါင်းလှည့်ကြည့်လိုက်ရာ စကားပြောလိုက်သူမှာ တွင်းကြီးထဲတွင် လဲကျနေသော သင်္ချိုင်းမင်းသားပင်။

သူ၏မျက်နှာဖုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီဖြစ်ပြီး သာမန်ရုပ်ဆင်းသဏ္ဌာန်ရှိသော မျက်နှာတစ်ခု ပေါ်လွင်နေလေသည်။

ကာကွယ်ရေးကျင့်စဥ်များမှာလည်း ပြိုကွဲသွားခဲ့ပြီဖြစ်ရာ သူ့တစ်ကိုယ်လုံးမှာ သနားစရာကောင်းလောက်အောင် အခြေအနေဆိုးရွားနေပေသည်။

"မသေသေးဘူးလား..."

ချူချင်းက အနည်းငယ် အံ့အားသင့်သွား၏။

"မကြာတော့ဘူး... မကြာတော့ပါဘူး..."

သင်္ချိုင်းမင်းသား၏လေသံမှာ နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပင် ပေါ်လာသေး၏။

"ဒီမှာ ငါချန်ထားခဲ့တဲ့ သင်္ချိုင်းခန္ဓာကိုယ်တွေကို ဟိုဘုန်းကြီးက အကုန်လုံးခုတ်သတ်လိုက်ပြီလေ..."

"သင်္ချိုင်းခန္ဓာကိုယ်ကို စောင့်ကြပ်ရမဲ့တပည့်တွေလည်း... အများစုက အဆိပ်မိသွားကြတယ်..."

"ကျန်တဲ့သူတွေကလည်း... အဲဒီကတုံးသူခိုးကြီးကို မတားနိုင်ကြဘူး..."

"ဒီနေ့တိုက်ပွဲမှာ... မင်းနိုင်သွားပါပြီ..."

ချူချင်း ကြောင်အသွားသည်။ သင်္ချိုင်းမင်းသားမှာ ချူချင်း၏မျက်နှာထက်မှ ဝမ်းသာပျော်ရွှင်မှုများကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် ချူချင်း၏မျက်နှာပေါ်၌ ဒေါသများသာ အပြည့်ရှိနေကြောင်း တွေ့လိုက်ရတော့၏။

All Chapters