အခန်း ၉၈၃
Vol. 66 Ch. 983
အခန်း (၉၈၃) ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ်ပုဂ္ဂိုလ်။
တုံးကျိုးစီရင်စုနှင့် လင်းကျိုးစီရင်စု လမ်းဆုံအရောက်တွင်, ချင်ယွင်သည် လေထဲတွင် ရပ်တန့်လိုက်သည်။ သူသည် သူ၏ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော တောင်တန်းသဖွယ် မြင့်မားသော ပုံရိပ်တစ်ခုကို စိုက်ကြည့်နေသည်။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ရှိနေသောကြောင့် ဤလူသည် သူ့အတွက် ရောက်လာနေသည်မှာ ထင်ရှားပါသည်။
ထိုလူသည် ချောမောလှပသော မျက်နှာ၊ ထက်ရှသော မျက်ခုံးမွှေးနှင့် ခန့်ညားထည် ဝါသော လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် အဖြူရောင် ၀တ်စုံရှည်ကို ၀တ်ဆင်ထား ပြီး အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်နေ သည်။ ဤပုဂ္ဂိုလ်သည် အင်အားစုကြီးတစ်ခု၏ ကျင့်ကြံပေးခြင်း ခံရသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။
သို့သော် ချင်ယွင်က ဤလူသည် အဘယ်ကြောင့် ဤနေရာတွင် ရှိနေသနည်း၊ အဘယ်ကြောင့် ဤမျှလောက် အစွမ်းထက်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်ထားရသနည်း? ဆိုသည်ကို နားမလည်နိုင်ပေ။
"အသင်က ဘယ်သူလဲ?" ချင်ယွင်က လူငယ်ကိုကြည့်ကာ ပြောသည်။
လူငယ်သည် ချင်ယွင်၏ မေးခွန်းကို ကြားသောအခါ, နောက်ဆုံးတွင် သူသည် မျက်လုံးများကို ဖွင့်ကာ ချင်ယွင်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများက အလွန်မင်း အေးစက်သည့် အရိပ်အယောင်များဖြင့် ပြည့်နေသည်။
"ငါ့နာမည်က ဆုဟန်ယွန်" လူငယ်က အေးစက်စွာ ပြန်ဖြေသည်။
ထိုနာမည်ကိုကြားတော့ ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသော်လည်း၊ ဤလူငယ်က မည်သူလဲဆိုသည်ကို ချက်ချင်း နားလည်သွားပါသည်။
သူ၏ရှေ့တွင်ရှိသော ဤလူငယ်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ကောင်းကင်အဆင့်တွင် နံပါတ်တစ်ပုဂ္ဂိုလ်မှ လွဲ၍ အခြားလူမဟုတ်ပေ။ တစ်ချိန်တည်းမှာ ပင်၊ ဤလူငယ်သည် ဆူဟန်ယု၏အစ်ကိုလည်း ဖြစ်ပါသည်။
ဆုကလန်သည် တာချင်း အင်မော်တယ်မင်းဆက်၏ ထင်ရှားကျော်ကြားသော မျိုးနွယ်စု တစ်ခု ဖြစ်သည်။ ဆုကလန်၏ ကလန်ခေါင်းဆောင်သည် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါးလည်း ဖြစ်ပါသည်။ သို့သော်၊ ဂုဏ်ယူစရာအကောင်းဆုံးမှာ ဆုကလန် ခေါင်းဆောင်တွင် ထူးချွန်ထက်မြက်သော သားနှစ်ယောက် ရှိနေပါသည်။ တစ်ယောက်က ဆုဟန်ယွန်ဖြစ်ပြီး၊ အခြားတစ်ယောက်ကတော့ ချင်ယွင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော ဆုဟန်ယုတို့ ဖြစ်ပါသည်။
ဆုဟန်ယွန်နှင့် ဆုဟန်ယုတို့သည် ညီအစ်ကိုများ ဖြစ်ကြပါသည်။ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း အရမ်းရင်းနှီးသည့်အတွက် ချင်ယွင်က ဆုဟန်ယွန် အဘယ့်ကြောင့် သူ့ကို လာရှာရသလဲဆိုသည်ကို ချက်ချင်း ရိပ်စားမိပါသည်။ သူ၏ညီလေးအတွက် လက်စားချေရန် ဒီနေရာကို ရောက်နေသည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် ဆုဟန်ယွန်ကို ဂရုတစိုက် စစ်ဆးကြည့်မိသည်။ သူ့ကို အံ့သြမိစေသည့် အရာက ဆုဟန်ယွန်သည် ကောင်းကင်တာအို နယ်ပယ်၏ သတ္တမအဆင့်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ပြီ။ ကောင်းကင်အဆင့်တွင် ဒုတိယရရှိထားသော ရှရှန်းယု သည်ပင် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ အခုမှ ဖြတ်ကျော်ဝင်ရောက်စ ရှိပါသေး သည်။ ဤနံပါတ်တစ်ပုဂ္ဂိုလ်သည် သတ္တမအဆင့်ကောင်းကင်တာအို နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒီလူက မလွယ်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။ အကြောင်းတစ်ခုခုကြောင့် ချင်ယွင်သည် ဆုဟန်ယွန်၏ ခန္ဓာကိုယ်မှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစား သိရှိနိုင်ခဲ့ပြီး သူ့ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့်၊ သူသည် ကောင်းကင်တာအို နယ်ပယ်၏ နဝမအဆင့်ရှိ ကျွမ်းကျင်သူ မဟုတ်သရွေ့၊ ကောင်းကင်တာအို နယ်ပယ်၏ အဋ္ဌမအဆင့်ရှိ ကျွမ်းကျင်သူ များ ဖြစ်နေလျှင်ပင်၊ သူသည် ခြိမ်းခြောက်မှုကို ခံစားရရန် လုံးဝ မဖြစ်နိုင်ပေ။ သို့သော် ဆုဟန်ယွန်သည် ကောင်းကင်တာအို နယ်ပယ်၏ သတ္တမအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သော်လည်း၊ ၎င်းသည် ချင်ယွင်အား ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရစေခဲ့ သည်။ ဤအရာက အနည်းငယ် မူမမှန်သလိုပင်။
"ချင်ယွင်၊ ငါ မင်းကို ဒီမှာ စောင့်နေတာ ကြာပြီ။ မင်းက ငါ့ညီလေးကို သတ်ပစ်လိုက်တယ်။ ဒီနေ့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းရမယ် " ဆုဟန်ယွန်က ပြောလိက်ပေမယ့် သူ၏ လေသံက အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည့် အငွေ့အသက်ကို ပေါ်လွင်စေပါသည်။
"ဟမ့်၊ ဆုဟန်ယုက ငါ့ကို အရင်ဆုံး ရန်စခဲ့တာလေ။ ဒါက ငါနဲ့ သူနဲ့ကြားက သာမန် စိန်ခေါ်ပွဲတစ်ခုပဲ။ အခု မင်းက သူ့အတွက် လက်စားချေမယ်ဆိုတဲ့ ဆင်ခြေကတော့ ယုတ္တိမဲ့လွန်းပါတယ်" ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
ဆုဟန်ယွန်၏ လေသံက သူ့ကို အရမ်း မပျော်မရွှင် ဖြစ်စေသည်။ ဤဆုဟန်ယွန်သည် ကမ္ဘာကို အထင်မြင်သေးသည့် ခံစားချက်မျိုးဖြင့် အမြဲပြောတတ်သည်။
“မင်းက ငါ့ညီလေးကို သတ်လိုက်မှတော့ မင်း သေရမှာပဲ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်, ဒီကမ္ဘာကြီးမှာ ခွန်အားက အရေးကြီးဆုံးပဲ။ ပြီးတော့ မင်း ထိတွေ့ဆက်ဆံလို့ မရတဲ့ အရာအချို့လည်း ရှိနေတယ်။ ဒီကမ္ဘာကြီးလောက် မင်းမြင်နိုင်သလောက် မရိုးရှင်းပါ ဘူး။ ပြီးတော့၊ မင်းက ရေတွင်းထဲက ဖားသူငယ်သာသာပဲ" ဆုဟန်ယွန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်ပြီး၊ သူ၏လေသံက အလွန်မင်း မောက်မာလွန်းသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ လူတစ်ယောက်က သူ့ကို ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်ဟု သမုတ်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ပါ သည်။ ဤစကားက သူ၏နှလုံးသားထဲတွင် ပြင်းထန်သည့် အမျက်ဒေါသတွေ ပေါက်ကွဲသွားသလို ခံစားလိုက်ရပါသည်။
သို့သော် ဆုဟန်ယွန်က အဘယ့်ကြောင့် သူ့ကို ယခုလိုစကားတွေ ပြောဆိုရလဲဆိုသည်ကို သူ အရမ်း သိချင်နေခဲ့သည်။
ယင်းက တွန်ဒီ ယခင်ကပြောခဲ့ဖူးသည့် စကားတွေကို ချင်ယွင်အား အမှတ်ရစေပါသည်။ “ကမ္ဘာကြီးက အနှေးနဲ့အမြန် ပြောင်းလဲတော့မယ်။ အဲဒီနေ့ရက်ကလည်း သိပ်မဝေးတော့ ဘူး”။
ထိုအချိန်က ချင်ယွင်သည် ထိုစကားကို ဂရုမစိုက်ခဲ့ပေ။ ယခု ဤကိစ္စ၏နောက်ကွယ်တွင် လျှို့ဝှက်စွာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေပုံရသည်ဟု သူ ယောင်ဝါးဝါး ခံစားလိုက်ရသည်။
အနကရောင် ကျောက်တုံး ဆယ့်နှစ်တုံးသည် ထူးဆန်းလွန်းသည်။ ၎င်းတို့သည် တွန်ဒီပြောခဲ့သည့် ကောင်းကင်ကြီး အသွင်ပြောင်းခြင်းနှင့် ပတ်သက်မှု ရှိမရှိ သူ မသိနိုင်ပေ။
သို့သော် ယခုအချိန်သည် ဤကိစ္စကို စဉ်းစားရမည့် အချိန်မဟုတ်ပေ။ ယခုအချိန်မှာ အရေးကြီးဆုံးက ဆုဟန်ယွန်၏ ပြဿနာကို ဖြေရှင်းရန် ဖြစ်ပါသည်။ အဆုံးတွင် သူသည် အင်မော်တယ် ဧကရာဇ်ယာမထံမှ အဆိပ်ဖြေဆေးရရှိရန် ကောင်းကင်ရေ နန်းတော်သို့ သွားရဦးမည်။
"မင်းက မင်းရဲ့ညီလေးအတွက် လက်စားချေချင်တယ်ဆိုမှတော့ လုပ်လိုက်ပါ" ချင်ယွင်က ဆုဟန်ယွန်ကို ပြောသည် ။
ချင်ယွင်၏စကားကို ကြားတော့ ဆုဟန်ယွန်၏ မျက်လုံးများသည် အေးစက်လာပြီး ဆုဟန်ယွန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်လာသည်။
ဘန်း..။
ဆုဟန်ယွန်၏ ရုပ်အသွင်သည် ထိုနေရာမှ ပျောက်ကွယ်သွားသည်။ သူသည် ချင်ယွင်၏ ရှေ့တွင် ပြန်ပေါ်လာပါသည်။ သူ၏လက်ဖဝါးမှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ ခေါင်းဆီသို့ ရိုက်ချလိုက်လေသည်။ ဤပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်အချို့ကိုပင် သတ်ပစ်ရန် လုံလောက်ပါသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ဆုဟန်ယွန်၏ အရှိန်ဟုန်ကြောင့် သူ၏နှလုံးသားက ထိတ်လန့်သွားရသည်။ တုန့်ဆိုင်းမနေဘဲ သူသည် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ဆုဟန်ယွန်၏ လက်ဖဝါးနှင့် ပြင်းပြင်းထန်ထန် တိုက်မိကာ ပြင်းထန်သော တုန်ခါအသံများ ထွက်ပေါ်လာသည်။
အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ချင်ယွင်နှင့် ဆုဟန်ယွန် နှစ်ဦးစလုံး နောက်ပြန် ဆုတ်သွားခဲ့ရသည်။
ဆုဟန်ယွန်၏ ရုပ်အသွင်သည် ခပ်ဝေးဝေးထိ လွင့်ပျံသွားပြီး သူ၏မျက်လုံးများက ချင်ယွင်ကို အံ့သြစွာ ကြည့်နေသည်။ သေချာသည်မှာ, ချင်ယွင်၏ တိုက်ခိုက်ရေး စွမ်းရည်က သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။
ဆုဟန်ယွန်ကိုကြည့်သည့် ချင်ယွင်၏ အကြည့်တွေက လေးနက်လာသည်။ ချင်ယွင်သည် ယခုလေးတင် ထိုလက်ဖဝါးမှ တစ်ဆင့် ထူးဆန်းသော စွမ်းအားကို ခံစားလိုက်ရသည်။ ဤစွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည်။