အခန်း ၁၀၀၆
Vol. 68 Ch. 1006
အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၈)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၀၀၆) မဟူရာဝက်ဝံဘုရင်မျိုးနွယ်စု ခေါင်းဆောင်။
မှတ်တမ်းများအရ မွန်းစတားတိုက်ကြီး၏ အင်အားစုများကို ယေဘုယျအားဖြင့် လူမျိုး၊ မျိုးနွယ်စုအားဖြင့် ပိုင်းခြားထားသည်။ သဘာဝအားဖြင့် မတူကွဲပြားသော လူမျိုး, မျိုးနွယ်စု များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာတတ်သည်။ မျိုးနွယ်စုများကြား စစ်ပွဲများသည် မရှိသလောက် နည်းပါးပြီး၊ စစ်ပွဲများဖြစ်လာသည်နှင့် မလွဲမသွေ အသေအပျောက်များ လည်း ရှိလာမည်ဖြစ်သည်။ (မွန်းစတားတိုက်ကြီး၊ နတ်ဆိုးတိုက်ကြီး၊ သို့မဟုတ် နတ်ဆိုးသားရဲဂြိုဟ်ကမ္ဘာစသော အသုံးနှုန်းများသည် အတူတူပင် ဖြစ်ပါသည်။ ပါသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်)
ဧရာမမျောက်ဝံမျိုးနွယ်စုနှင့် မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုတို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြ သည်။ မျိုးနွယ်စုနှစ်စုသည် သေမျိုးရန်သူများဖြစ်ကြပြီး မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက်ကြသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း မျိုးနွယ်စုများကြား အင်အား ကွာခြားချက်က သိပ်ကြီးကြီးမားမား မရှိသောကြောင့် နှစ်ထောင်ပေါင်းများစွာ ကြာသည့် တိုင်, မျိုးနွယ်စုနှစ်စုသည် တဖက်နှင့်တဖက် မည်သို့မျှ အနိုင်မယူနိုင်ခဲ့ကြပေ။ (သေမျိုးရန်သူဆိုသည်မှာ အမုန်းတရားကြီးမားသည့်အတွက် အမြဲတမ်းလိုလို တိုက်ခိုက်နေသည့် ရန်သူများကို ဆိုလိုပါသည်)။
ယခုမူကား ကွဲပြားသွားပါသည်။ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုသည် အင်မော်တယ် ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးခဲ့ပြီး၊ ထိုချိန်ခွင်လျှာလည်း ကျိုးပဲ့သွားခဲ့သည်။
မဟူရာဝက်ဝံဘုရင်မျိုးနွယ်စု၏ အင်အား တိုးလာသည်နှင့်အမျှ သူတို့၏ လှံဖျားကို သူတို့၏ သေမျိုးရန်သူဖြစ်သည့် ဧရာမမျောက်ဝံမျိုးနွယ်စုအား ပထမဆုံး ထိုးချိန်လာသည် မှာ သဘာဝပင်။ ထို့ကြောင့် မဟူရာဝက်ဝံဘုရင်မျိုးနွယ်စုသည် ဧရာမမျောက်ဝံ မျိုးနွယ်စု အား တိုက်ရိုက် တိုက်ခိုက်ခဲ့ကြသည်။
လျှိုဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ရာပါသည့် စစ်တပ်တစ်ခု၊ အင်မော်တယ်ဘုရင်အဆင့် ခြောက်ယောက်နှင့် အင်မော်တယ် ဧကရာဇ်တစ်ပါး၊ ဤအင်အားစုသည် ယခုတစ်ကြိမ်တွင် ဧရာမမျောက်ဝံ မျိုးနွယ်စုကို လုံးလုံးလျားလျား ချေမှုန်းပစ်လိုသည့်အလား ၎င်းတို့၏ အင်အားအားလုံးကို စုစည်းထားသည်ဟု ဆိုနိုင်ပါ သည်။
ဧရာမမျောက်ဝံ မျိုးနွယ်စုတွင် အင်မော်တယ်ဘုရင်အဆင့် ခုနစ်ပါးရှိပြီး လျှိုဝှက် ဆန်းကြယ်အင်မော်တယ်အဆင့် ကျွမ်းကျင်သူအရေအတွက်သည် မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုထက် မနည်းသော်လည်း၊ အခြားတစ်ဖက်တွင်မူ အင်မော်တယ် ဧကရာဇ်တစ်ပါး ရှိနေပါသည်။ အင်မော်တယ် ဧကရာဇ် တစ်ပါးတည်းကပင် ၎င်းတို့အားလုံးကို ချေမှုန်း ပစ်နိုင်ပါသည်။
“ဟား..၊ ဟား…၊ ကျောက်မျောက်ဝံ, ငါ အင်မော်တယ် ဧကရာဇ်နယ်ပယ်ထဲ ခြေတစ်လှမ်း စောဝင်နိုင်မယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား?။ ငါ အင်မော်တယ် ဧကရာဇ် နယ်ပယ်ထဲ ဝင်ရောက်တဲ့နေ့ဟာ မင်းရဲ့သေတဲ့နေ့ပဲလို့ ငါ ပြောခဲ့ဖူးပါတယ်။ အခု မင်းရဲ့သေနေ့ ရောက်ရှိလာခဲ့ပြီ။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မင်း ငါတို့ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုထံ အညံ့ခံပြီး၊ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုကို လက်အောက်ခံသရွှေ့ မင်းကို မသတ်ဖို့ ငါ စဉ်းစားပေးမယ်။” မိုးကြိုးဝက်ဝံသည် ဧရာမ မျောက်ဝံမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူ၏နောက်ကွယ်ရှိ မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုမှ လူများလည်း မောက်မာသည့် ဟန်ပန်အမူအရာတွေ ထုတ်ဖော်လာကြသည်။
ဧရာမမျောက်ဝံမျိုးနွယ်စုမှ လူတိုင်း သူတို့၏မျက်နှာတွေက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။ မိုးကြိုးဝက်ဝံ၏ စကားတွေက သူတို့၏စိတ်နှလုံးထဲရှိ ဒေါသတရားကို နှိုးဆွစေခဲ့သည်မှာ ထင်ရှားပါသည်။
“ဟမ့်၊ မိုးကြိုးဝက်ဝံ၊ မင်းက ငါတို့ ဧရာမမျောက်ဝံမျိုးနွယ်စု ဝင်အားလုံးကို သတ်နိုင်ပေမယ့် ငါ့ရဲ့ ဧရာမမျောက်ဝံမျိုးနွယ်စုကို မင်းရဲ့လက်အောက်ခံပြီး မင်းရဲ့ ကျွန်တွေဖြစ်လာစေရင် တော့ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ဧရာမမျောက်ဝံမျိုးနွယ်စုက သေရင်တောင် တိုက်ပွဲမှာပဲ သေကြလိမ့်မယ်။” ကျောက်မျောက်ဝံက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လေသံမှာ အလွန်မင်း လွှမ်းမိုးနိုင်စွမ်း ရှိသည်။
"ငါတို့ မနာခံဘူးလို့ ကျိန်ဆိုတယ်" မျိုးနွယ်စုများကလည်း အော်ဟစ်လိုက်ကြီးပြီး၊ သူတို့၏ မျက်လုံးများတွင် အသေခံရန်တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ပြတ်သားမူများဖြင့် ပြည့်နေကြ သည်။
မိုးကြိုးဝက်ဝံသည် ကျောက်မျောက်ဝံကို ကြည့်ရင်း မထီမဲ့မြင် ပြုံးလိုက်သည်။ သတ်ဖြတ်လိုသည့်ဆန္ဒ တစွန်းတစက သူ၏မျက်လုံးထဲမှ ပေါက်ထွက်လာခဲ့ပြီး "ကောင်းပြီလေ၊ ဒါဆိုလည်း မင်းရဲ့ မျိုးနွယ်စုဝင်တွေနဲ့အတူ သေနိုင်ပြီ" ဟု ပြောလိုက်ပါ သည်။
ထို့နောက် မိုးကြိုးဝက်ဝံသည် ချက်ချင်းပင် လျှပ်စီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ကျောက်မျောက်ဝံ၏ ရှေ့တွင် ပေါ်လာသည်။
ကျောက်မျောက်ဝံ မတုံ့ပြန်နိုင်ခင်မှာပင်, သူသည် မိုးကြိုးဝက်ဝံ၏ လက်သီးချက်ကြောင့် လွင့်ပျံသွားခဲ့ပြီး၊ အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
ကျောက်မျောက်ဝံသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူသည် လဲ့ရှောင်ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် မကျေမနပ်ဖြစ်သည့် အမူအရာဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်တွင် သူ၏ရင်ဘတ်ရှိ နံရိုးများ ကျိုးသွားကာ၊ သူ၏အတွင်းအင်္ဂါများပင် ကွဲအက် သွားခဲ့သည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ဟု ဆိုနိုင်သည်။
"အင်မော်တယ်ဘုရင်နှင့် အင်မော်တယ် ဧကရာဇ်တို့ကြား ကွာဟချက်က တကယ်ကို ကြီးမားလွန်းတယ်” ကျောက်တုံးမျောက်ဝံသည် သူ့ကိုယ်သူ တွေးလိုက်သည်။ သူသည် အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ နတ်ဆိုးသားရဲ ဖြစ်သော်လည်း၊ အင်မော်တယ် ဧကရာဇ်အဆင့်ရှိ မိုးကြိုးဝက်ဝံကို တွန်းလှန်ရန်ပင် အစွမ်းမရှိခဲ့ပေ။
“ခေါင်းဆောင်” ဧရာမမျောက်ဝံမျိုးနွယ်မှ လူတိုင်းသည် ကျောက်မျောက်ဝံ သွေးအန်နေ သည်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်စွာ အော်ဟစ်ကြသည်။
ကျောက်မျောက်ဝံက သူ၏လက်ကို ဝှေ့ယမ်းပြီး သူ အဆင်ပြေကြောင်း ပြသလိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများက သူ၏မျက်နှာကို နာကျင်သည့်အမူအရာ ဖြစ်ပေါ်စေသည်။
"ကျောက်မျောက်ဝံ၊ အခု အင်မော်တယ်ဘုရင်နဲ့ အင်မော်တယ် ဧကရာဇ်တို့ရဲ့ ခြားနားချက် ကို မင်း သိသင့်ပြီ။ မင်း သေမလား ဒါမှမဟုတ် အညံ့ခံမလား နောက်ထပ် အခွင့်အရေး တစ်ခု ငါ ထပ်ပေးမယ်။ မင်း တစ်ခုကိုပဲ ရွေးချယ်လို့ရမယ်။ မင်း ရှင်းရှင်းလင်းလင်း တွေးကြည့်သင့်တယ်။ သေရမှာက မင်းတစ်ယောက်တည်း မဟုတ်ဘူးနော်။ မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံး မင်းနဲ့အတူ မြေမြုပ်ခံရမှာ” မိုးကြိုးဝက်ဝံက အေးစက်စွာ ပြောလိုက် သော်လည်း သူ၏လေသံက ဆော့ကစားလိုဟန် ရှိနေသည်။
ကျောက်မျောက်ဝံသည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားသည်။
သူသည် သေခြင်းတရားကို မကြောက်သော်လည်း ဧရာမမျောက်ဝံ မျိုးနွယ်စုတစ်ခုလုံးကို သူနှင့်အတူ မြှုပ်နှံရန်မှာ သူ မမြင်ချင်သောအရာ ဖြစ်ပါသည်။
“ခေါင်းဆောင်၊ သူ့ကို ကတိမပေးနဲ့။ ကျွန်တော်တို့ရဲ့ ဧရာမမျောက်ဝံမျိုး နွယ်စုက တိုက်ပွဲမှာပဲ သေမယ်။ ကျွန်တော်တို့က မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုရဲ့ ကျွန်တွေ အဖြစ်ခံမှာ မဟုတ်ဘူး။" မျိုးနွယ်စုမှ လူငယ်တစ်ယောက်က မတ်တပ်ရပ်ပြီး ပြောသည် ။
"ဟုတ်တယ်၊ ခေါင်းဆောင်၊ ကျွန်တော်တို့ ဧရာမမျောက်ဝံကြီးတွေက လက်နက်ချမှာထက် သေတာက ပိုကောင်းမယ်။" အင်မော်တယ်ဘုရင် ပညာရှင်တစ်ဦးကလည်း ဝင်ပြောသည်။
ဧရာမမျောက်ဝံ မျိုးနွယ်စုဝင် အားလုံး မတ်တပ်ရပ်လိုက်ကြပြီး မဟူရာဝက်ဝံဘုရင် မျိုးနွယ်စုကို လက်အောက်ခံရန် ဆန္ဒရှိကြောင်း ဖော်ပြလာကြသည်။
"ကောင်းပြီလေ၊ ငါရဲ့ ဧရာမမျောက်ဝံမျိုးနွယ်စုက လက်နက်ချတာထက် သေချာက ပိုကောင်းတယ်” သူက အဝေးမှ မိုးကြိုးဝက်ဝံကို ပြောလိုက်ရင်း ကျောက်မျောက်ဝံ၏ နှလုံးသားထဲက သွေးတွေလည်း လှုံ့ဆော်လာခဲ့သည်။
“ဟမ့်၊ မသိတတ်တဲ့ကောင်တွေပဲ။ မင်းတို့က သေချင်နေမှတော့ မင်းတို့ရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။" မိုးကြိုးဝက်ဝံက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ သူ ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပါသည်။ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ အင်မော်တယ် ဧကရာဇ်မင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မိုးကြိုးဝက်ဝံ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဧရာမမျောက်ဝံ မျိုးနွယ်စုအပေါ် ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။
ဧရာမမျောက်ဝံ မျိုးနွယ်စုဝင်များသည် ၎င်းတို့အပေါ် ကြီးမားသည့် တောင်ကြီးတစ်ခု ဖိနှိပ်ထားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားခဲ့ရသည်။ အားနည်းသော ဧရာမမျောက်ဝံ မျိုးနွယ်စုဝင် အချို့သည် သွေးအန်သွားသည်အထိ ထိတ်လန့်သွားကြသည်။
"ဒီနေ့ မင်းရဲ့ ဧရာမမျောက်ဝံမျိုးနွယ်စု ဒီတိုက်ကြီးကနေ ပျောက်ကွယ်သွားရလိမ့်မယ်။" မိုးကြိုးဝက်ဝံက အော်ဟစ်လိုက်သည်။
ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးကို အနက်ရောင်တိမ်တိုက်တွေက ဖုံးလွှမ်းလာ သည်။ ထိုကြောက်မက်ဖွယ် လျှပ်စီးကြောင်းများသည် မှောင်မိုက်သော တိမ်တိုက်များ ကြားတွင် အဆက်မပြတ် တဖျပ်ဖျပ်လင်းလက်နေပြီး ၎င်းတွင်ပါရှိသော စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။
လျှပ်စီးသည် မဟူရာဝက်ဝံဘုရင် မျိုးနွယ်စု၏ သဘာဝစွမ်းရည်တစ်ခု ဖြစ်သည်။ ယခုတော့ မိုးကြိုးဝက်ဝံသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသော အခါ၊ သူသည် လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုဉပဒေသကို သဘာဝအတိုင်း နားလည်ထားသည်။
"မင်းက ငါ့ရဲ့ မျိုးနွယ်စုဝင်တွေကို သတ်ချင်တယ်ဆိုမှတော့, မင်းကို ငါကိုယ်တိုင် တိုက်ခိုက်မယ်။" အင်မော်တယ် ဘုရင်အဆင့် ဧရာမမျောက်ဝံ မျိုးနွယ်စုအဖွဲ့ဝင် တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်က ချက်ချင်းပင် ပျံထွက်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်က ချက်ချင်းကြီး ပိုကြီးလာခဲ့ပြီး ဧရာမမျောက်ဝံကြီးအဖြစ် ပြောင်းလဲသွား ကာ မိုးကြိုးဝက်ဝံဆီ တဟုန်ထိုး ပစ်ဝင်သွားခဲ့သည်။ အစွမ်းထက်သော မြေစွမ်းရည် စွမ်းအင်အတက်အကျတွေက သူ၏ လက်သီးများမှ ထွက်ပေါ်လာသည်။
ဧရာမမျောက်ဝံ မျိုးနွယ်စုသည် မြေစွမ်းရည်ဖြင့် မွေးဖွားလာသောကြောင့် ၎င်းတို့သည် မြေစွမ်းရည်တွင် ပင်ကိုယ်အားသာချက် ရှိသည်။ ဤအခိုက်အတန့်တွင်၊ ထိုအင်မော်တယ် ဘုရင်သည် ဧရာမမျောက်ဝံမျိုးနွယ်စုတစ်ခုလုံး၏ လက်ရုံးတဆူဖြစ်ပြီး၊ လုံးဝကို ထိတ်လန့် တုန်လှုပ်စရာ ကောင်းသည်။ ၎င်း၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားလှ သည်။ လက်သီးတစ်ချက် ထိုးလိုက်ရုံဖြင့် ကောင်းကင်ကို ဖြိုချပြီး မြေကြီးကို အက်ကွဲသွား စေလောက်သည်။
"မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ။ သေလိုက်တော့” မိုးကြိုးဝက်ဝံက ကောင်းကင်ကနေ သူ့ဆီ ဦးတည်လာနေသော ဧရာမမျောက်ဝံကြီးကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုဟန် အရိပ်အယောင်တွေ ပေါ်လွင်နေသည်။
ထို့နောက်, သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ လျှပ်စီးများ လင်းလက်လာခဲ့သည်။ လျှပ်စီးကြောင်းများတွင် ကောင်းကင်တာအို၏ ကြောက်စရာကောင်းသော စွမ်းအားများ ပါ၀င်နေသည်။
“ဘုန်း…”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဧရာမမျောက်ဝံကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းများ ချက်ချင်း ထိမှန်သွားသည်။ ထို့နောက် ၎င်းသည် လုံးလုံးပေါက်ကွဲသွားကာ လေထဲတွင် သွေးမိုးများ ရွာသွန်းသွားပါသည်။
“တော်ဝင်အကြီးအကဲ” ဂိုဏ်းသားများက ချက်ခြင်း ထိတ်လန့်တကြား အော်ဟစ်ကြ သည်။
ကျောက်မျောက်ဝံသည် ဤမြင်ကွင်းကို မြင်သောအခါ၊ ၎င်း၏မျက်နှာသည် အလွန်မင်း ခက်ထန်သည့် အမူအရာ ထင်ရှားပေါ်လွင်နေသည်။ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် လည်း ကြီးမားသောမျောက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကြိုးဝက်ဝံကို တိုက်ခိုက်တော့မည်။
ကျောက်မျောက်ဝံသည် လှုပ်ရှားရန် အဆင်သင့်ဖြစ်နေပြီကို မိုးကြိုးဝက်ဝံက သတိပြုမိသည်။ သူ၏ပါးစပ်ထောင့်က အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား ပြန်သည်။ "မင်းတို့အားလုံး သေချင်နေကြမှတော့ ငါလည်း မင်းတို့အားလုံးကို အတူတူ လိုက်ပို့ပေးမယ်" သူက ဆိုလိုက်သည်။
သူစကားပြောပြီးသည်နှင့် ကောင်းကင်၌ တိမ်မည်းများက အရူးအမူး ပျံ့နှံ့လာခဲ့သည်။ အလွန်ကြောက်စရာကောင်းသော လျှပ်စီးတိုင်ကြီးတစ်ခုသည် မြေပြင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့ပြီး ဧရာမမျောက်ဝံမျိုးနွယ်စု၏ အလယ်ဗဟိုသို့ ဆင်းသက်လာခဲ့သည်။
အကယ်၍ ဤလျှပ်စီးတိုက်လုံးကြီးသာ ကျဆင်းလာခဲ့ပါက၊ ဧရာမမျောက်ဝံ မျိုးနွယ်စုဝင် များထဲမှ တစ်ဦးတစ်ယောက်မျှ အနည်းငယ်မျှ အသက်ရှင်ရန်ပင် အခွင့်အလမ်း ရှိမည် မဟုတ်ပေ။
ကျောက်မျောက်ဝံသည် ကောင်းကင်မှ လျှပ်စီးတိုင်လုံးကြီးကို လှမ်းကြည့်ကာ သူ၏မျက်လုံးများတွင် ဝမ်းနည်းမူ အရိပ်အယောင်ကို ပေါ်လွင်နေသည်။ သူက တိုးတိုး ရေရွတ်လိုက်သည် "ငါတို့ ဧရာမမျောက်ဝံမျိုးနွယ်စု ပျက်သုဉ်းရတော့မှာလား?”။
ဘန်း…။
သို့သော် ဤအခိုက်အတန့်တွင် အနက်ရောင်သတ္တုတုတ်တစ်ချောင်းက လေဟာနယ်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတိုင်လုံးကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။