အခန်း ၁၀၂၀
Vol. 68 Ch. 1020
အခန်း (၁၀၂၀) ငါမယုံနိုင်ဘူး။
"ဟမ့်၊ မင်းက ငါ့ကိုယ်ပွားကို သတ်လိုက်တယ်။ မင်း ဒီနေ့ သေချာပေါက် သေရမယ်။" ဟောင်ယန်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ရွှမ်ဟေးကို လုံးလုံးလျားလျား သတ်ပစ်ချင်သည့်အလား ရွှမ်ဟေးဆီသို့ ပျံသန်းသွားခဲ့သည်။
ဟောင်ယန်၏ အမြန်နှုန်းသည် လျှပ်စီးလက်သလို မြန်ဆန်လွန်းသည်။ သူ၏ခန္ဓာကိုယ် ပေါ်ရှိ ကောင်းကင်တာအိုနယ်ပယ် အဆင့် ၁၀ ၏ အငွေ့အသက်သည် တုနှိုင်းမရလောက် အောင် ပြင်းထန်လွန်းနေသဖြင့် တစ်စုံတစ်ယောက်၏ စိတ်နှလုံးကို ကြောက်ရွံ့ တုန်လှုပ် သွားစေနိုင်သည်။
ဘန်း….။
ကြောက်မက်ဖွယ်ကောင်းသော ရေခဲအငွေ့အသက်များက ဟောင်ယန်၏လက်ဖဝါးတွင် ချက်ခြင်း စုရုံးလာခဲ့ပြီး ရွှမ်ဟေး၏မျက်နှာဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
သို့သော် ဟောင်ယန်သည် ရွှမ်ဟေးနှင့် ထိတွေ့ခါနီးတွင် ရွှမ်ဟေး၏ရှေ့မှာ ပုံရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာသည်။ အလားတူ ထိုပုံရိပ်သည် မည်သည့်ယဉ်ကျေးမူမှ ရှိမနေဘဲ လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ဟောင်ယန်၏ လက်ဖဝါးကို ပြင်းထန်စွာ ထိမိသွားခဲ့သည်။
“ဘုန်း…”။
စွမ်းအားနှစ်ခုသည် ပြင်းထန်စွာ ထိတွေ့မိပြီး ပြင်းထန်သော လေလှိုင်းတစ်ခုအဖြစ် ပတ်ဝန်းကျင်ကို ချက်ချင်း ဝင်ရောက် တိုက်ခတ်သွားသည်။
ဟောင်ယန်၏ အမူအရာသည် ပြောင်းသွားသည်။ သူသည် ချက်ချင်း နောက်ပြန်ဆုတ်သွား ပြီး ခပ်ဝေးဝေးမှ ကန်ရေပြင်ပေါ် သက်ဆင်းလိုက်ပါသည်။ သူ၏မျက်လုံးတစ်စုံက ရွှမ်ဟေး၏ ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် ချင်ယွင်ကို စိုက်ကြည့်နေသည်။
"လူသား၊ မင်း တကယ်ပဲ သေချင်နေတာလား?။" ဟောင်ယန်၏ လေသံက အေးစက်ပြီး မောက်မာကာ၊ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လိုက် သည်။
"ကျုပ်က သေချင်ပါတယ်လို့ ဘယ်သူ ပြောလဲ?။ ဒီကိုမလာခင်ကတည်းက ရွှမ်ဟေးကို ကျုပ်က ကတိပေးထားခဲ့တယ်။ သူ့အတွက် လက်စားချေမယ်လို့။ ထုံးစံအတိုင်း ကျုပ်က ကျုပ်စကားကို တည်အောင်လုပ်ရုံပါပဲ။" ချင်ယွင်က တဟားဟား ရယ်မောပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်း သူ့အတွက် လက်စားချေပေးချင်တာလား?။ မင်းက ဟာသပြောနေတယ်လို့ မထင်ဘူးလား?" ဟောင်ယန်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောပြီး ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေကလည်း လှောင်ပြောင်သည့် အမူအရာ ရှိနေပါသည်။
"ကျုပ်တော့် အဲလိုမထင်ဘူး" ချင်ယွင်က ညင်သာစွာ ခေါင်းခါလိုက်ပြီး၊ သူ၏မျက်နှာက ယုံကြည်မှု အပြည့်နှင့် ပြုံးနေဆဲပင်။
ဤအပြုံးသည် ဟောင်ယန်၏ မျက်လုံးထဲသို့ ရောက်ရှိသွားသောအခါ၊ သူသည် ချက်ချင်း ပင် ဒေါသအငွေ့ ထွက်သွားသည်။
“သူ ဘယ်သူလဲ?”။
သူသည် ထိပ်တန်း မျိုးနွယ်စုငါးခုအနက်မှ မြွေမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူ၏ခွန်အားသည် ကောင်းကင်တာအိုနယ်ပယ် အဆင့် ၁၀ ၏ အထွတ်အထိပ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သိပ်မကြာခင်မှာပင်၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ သို့ ဖြတ်ကျော်ဝင်ရောက်ပြီး နတ်ဆိုးသားရဲမျိုးနွယ်တစ်ခုလုံးမှာပင် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာပါတော့မည်။
အခုမူ ဤလူသား လူငယ်က သူ့ကို သတ်ချင်နေည်ဟု အမှန်တကယ် ပြောဆိုနေသည်။ ယင်းက သူ့ကို မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။
"ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။" ဟောင်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြောက်စရာကောင်းသည့် ကောင်းကင်တာအို စွမ်းအားက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပါသည်။ သူ၏ ခြေထောက်အောက်ရှိ ရေအိုင်ကြီးသည် ပြိုင်ဘက်ကင်း ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် ထွက်ပေါ်လာတော့မည့်အလား ပြင်းထန်စွာ တလှိမ့်ပြီးတလှိမ့် စတင် လှိမ့်တက်လာပါသည်။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က ချက်ချင်း ပျံ့နှံ့သွားသည်။ ကြောက်စရာ ကောင်းသော ရေခဲမြွေကြီးတစ်ကောင်သည် ရေကန်ထဲမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပျံသန်းလာစဉ် အလွန်လျင်မြန်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အအေးဓာတ်သည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းသည် ချင်ယွင်ကို ကိုက်စားချင်သည့်အတိုင်း သူ၏ပါးစပ်ကြီးကို ကျယ်လောင်စွာ ဖွင့်လိုက်သည်။
"ဟမ့်၊ ဒါက ကောင်းကင်တာအိုရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေခဲမြွေတစ်ကောင်ပဲ။ ကောင်းကင်တာအိုနယ်ပယ်ရဲ့ နဝမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးတောင် သူ့ရှေ့မှာ သံသယမရှိ သေဆုံးရလိမ့်မယ်။ မင်းလည်း ခဏစောင့်ပြီး သေလိုက်တော့" ဟောင်ယန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းကာ လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက် သည်။
"တကယ်လား? အရမ်းကို အစွမ်းထက်တာလား?" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အပေါ်သို့ ကွေးညွှတ်သွားပြီး၊ ကောင်းကင်ယံမှ လျင်မြန်စွာ ချဉ်းကပ်လာသော လျှို့ဝှက် ဆန်းကြယ်သည့် အနက်ရောင် မြွေကြီးကို ကြည့်လိုက်ရင်း သူ၏ အကြည့်များသည် စူးရှလာသည်။
အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းသည် သူ၏လက်မှ ထွက်ပေါ်လာပြီး၊ သူ၏လက်ထဲ တွင် ရင်တဒိန်းဒိန်းခုန်လောက်သည့် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေ သည်။
ချင်ယွင်က သူ၏လက်ဖဝါးကို တင်းတင်းဆုပ်လိုက်ပြီး၊ ယင်းက ကောင်းကင်ကိုးဘုံမှာ မိုးခြိမ်းသံလို ထွက်ပေါ်လာသည်။
ထို့နောက် ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ၊ သူ၏ရုပ်အသွင်သည် နောက်ဆက်တွဲ ပုံရိပ်ယောင် အစီအရီအဖြစ်သို့ ပြောင်းလဲသွားကာ၊ ဧရာမ အနက်ရောင်ရေခဲမြွေကြီးရှေ့တွင် ချက်ချင်း ပေါ်လာသည်။
"ကောင်းကင်တာအိုနယ်ရဲ့ စွမ်းအားလေးနဲ့ ငါ့ကို သတ်ချင်တယ်ဆိုရင်တော့, မင်းရဲ့ ဂြိုဟ်ကမ္ဘာက ငါ့ကို သိပ်ကို လျှော့တွက်လွန်းတယ်။ ငါ့အတွက် ဖြိုခွဲလိုက်စမ်း။" ချင်ယွင် က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ ကြောက်မက်ဖွယ် ဖရိုဖရဲ လျှပ်စီးကြောင်းများ ပါရှိနေသည့် လက်သီးချက်က ဧရာမအနက်ရောင်ရေခဲမြွေကြီးကို ပြင်းပြင်းထန်ထန် ထိမှန်သွားပါသည်။
တခဏအတွင်းမှာပင် အနက်ရောင်လျှပ်စီးကြောင်းများသည် ဧရာမအနက်ရောင်ရေခဲ မြွေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မူလက ကြောက်မက်ဖွယ်ကောင်း သော ဧရာမအနက်ရောင်ရေခဲမြွေကြီးသည် လေထဲတွင် အေးခဲနေသည်။
"ဝူး!
ရေခဲများ ကွဲအက်သံနှင့်အတူ ပေရာနှင့်ချီရှည်လျားသော ဧရာမအနက်ရောင်ရေခဲမြွေကြီး သည် ရေခဲအဖြစ်သို့ ပြောင်းသွားပြီး ရေကန်ထဲသို့ ပြုတ်ကျသွားသည်။ ချင်ယွင်သည် လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေရင်း သူ၏ အဖြူရောင်၀တ်ရုံက လေနှင့်အတူ တဖျပ်ဖျပ်ခတ်နေကာ၊ အဆုံးမရှိ လွှမ်းမိုးကြီးစိုးသော အငွေ့အသက်ကို ထုတ်ဖော်နေ သည်။
ဤမြင်ကွင်းကို မြင်သောအခါ ဟောင်ယန်၏ မျက်ခုံးများ ပင့်သွားခဲ့သည်။ သူ့မျက်လုံးများ ၏ နက်ရှိုင်းလှသော နေရာမှာ သတ်ဖြတ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် လူငယ်လေးသည် ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အံ့အားသင့်သွားသည့် အမူအရ ပေါ်လွင်နေသည်။ ချင်ယွင်၏ ခွန်အား သည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်မှာ ထင်ရှားပါသည်။
ပတ်ဝန်းကျင်ရှိ မြွေမျိုးနွယ်စုဝင်များသည် ထိတ်လန့်နေပြီ ဖြစ်သည်။ သူတို့အားလုံးသည် အဝေးမှာ ရပ်ပြီး လှမ်းကြည့်ကြတယ်။ ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော ဧရာမရေခဲနက်မြွေကြီးကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်လိုက်သည်ကို တွေ့လိုက်သော အခါ, သူတို့ပါးစပ်များ တုန်လှုပ်သွားကြသည်။ ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက ကြောက်ရွံ့လာကြပါသည်။
"ခေါင်းဆောင်ဟောင်၊ ခင်ဗျားရဲ့ မြွေကြီးကြည့်ရတာ သိပ်သန်မာပုံလည်း မရဘူး။ ကျုပ်ရဲ့ လက်သီးချက်ကြောင့် ပြိုကွဲသွားရပြီ။" ချင်ယွင်က ဟောင်ယန်ကို လှည့်ကြည့်ပြီး ရယ်မောနေသော်လည်း၊ သူ၏လေသံက လှောင်ပြောင်မှုများဖြင့် ပြည့်နေခဲ့သည်။
သူ၏နှာခေါင်းမှ ဒေါသအမျက် ခြောင်းခြောင်း ထွက်ကျလာသည်နှင့်အမျှ ဟောင်ယန်၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းလာခဲ့ပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏ နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
သူသည် ဂုဏ်သိက္ခာကြီးမားသော မြွေမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထို့အပြင်၊ သူသည် နဂါးမျိုးနွယ်စု၏ မင်းသားတစ်ပါးရှေ့တွင် ရှိနေသည်။ ဤအရာက သူ၏မျက်နှာတစ်ခုလုံး ပျက်သွားသလို ခံစားရသည်။
ဤတစ်ကြိမ်တွင် နဂါးမင်းသားသည် မြွေမျိုးနွယ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍၊ ယခုလို အနှောက်အယှက်တွေ ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်မူ ပျက်ကွက်သွားမည်ဆိုလျှင်၊ သူ ရူးသွပ်သွားလိမ့် မည်။
"ငါ ဒီနေ့ မင်းကို သတ်ပစ်မယ်။" ဟောင်ယန်က ကျယ်လောင်စွာ အော်ပြောလိုက်သည် ။
ပြင်းထန်သော အအေးဒဏ်ကြောင့် ရေကန်မျက်နှာပြင်တစ်ခုလုံး ရေခဲအဖြစ် ချက်ချင်း အေးခဲသွားခဲ့သည်။ ဟောင်ယန်၏ လက်သီးများသည် ပြင်းထန်သော အအေးဓာတ်ကို သယ်ဆောင်လာရင်း ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ လေစွမ်းရည်နှင့်လျှပ်စီးစွမ်းရည် ကောင်းကင် တာအို စွမ်းအားများသည် အတူတကွ ပေါင်းစပ်သွားကာ၊ ပြင်းထန်သော လေနှင့်လျှပ်စီး ပေါင်းစပ်စွမ်းအင်တစ်ခု ဖြစ်ပေါ်လာပြီး၊ ဟောင်ယန်အား တိုက်ရိုက်ပင် အပြင်းအထန် တိုက်ခိုက်လိုက်ပါသည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ရုပ်အသွင်သည် မလှုပ်မယှက် ရပ်နေ သော်လည်း၊ ဟောင်ယန်၏ရုပ်အသွင်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် နောက်ပြန် ဆုတ်သွားခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဟောင်ယန်သည် အံ့အားသင့်သွားသည့်အပြင် သူ၏ ညာလက်မောင်းတစ်ခုလုံး ထုံကျင့်သွားခဲ့သည်။ နာကျင်ကိုက်ခဲမှုတစ်ခုက သူ၏ခန္ဓာယ်ကို တစ်ခုလုံးကို ပျံ့နှံ့သွားပါသည်။
"ကြည့်ရတာ ခေါင်းဆောင်ဟောင်ရဲ့ အင်အားက ဒီလောက်ကြီးလည်း မဟုတ်ပါဘူး” ချင်ယွင်က ရယ်မောပြီး လေဟာနယ်ပေါ်ကို ခြေလှမ်းတက်လိုက်သည်။ သူ၏ ပုံရိပ်သည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းသွားပြီး သူ၏နောက်သို့ အစီအရီ လိုက်ပါလာသည်။
လေစွမ်းရည်နှင့်လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုပေါင်းစပ် စွမ်းအားသည် သူ၏ အမြန်နှုန်းကို အလွန်မင်း တိုးမြှင့်စေခဲ့သည်။ ယခုအချိန်တွင်, သူသည် ကောင်းကင်တာအို စွမ်းအား အမျိုးအစားနှစ်ခုကို ပေါင်းစပ်လိုက်သောကြောင့် ချင်ယွင်၏ အရှိန်ဟုန်သည် ကြောက်မက်ဖွယ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး လွင့်ပျံသန်းနေသော ဟောင်ယန် ကို ဖမ်းဆုပ်လိုက်သည်။ ဂျင်ဆွဲသီးတစ်ထောင်အလေးချိန်က ဟောင်ယန်၏ ရင်ဘတ်ကို တိုက်ရိုက် ထိသွားပါ သည်။
"ဖူး…."
ဟောင်ယန်သည် ပါးစပ်အပြည့် သွေးတပွက် အန်ထုတ်လိုက်ရပြီး၊ သူ၏မျက်လုံးတွေက ပြူးနေကာ၊ သူ၏မျက်နှာက မယုံကြည်နိုင်မူများနှင့် ပြည့်နေခဲ့ပါသည်။
သူ၏ရှေ့က ဤလူငယ်သည် ဤမျှလောက် ကြောက်စရာကောင်းသည့် အမြန်နှုန်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။ ချင်ယွင်၏ ခြေထောက်က ကောင်းကင်ပြိုကျပြီး မြေကြီးအက်ကွဲသွားနိုင်သည့် စွမ်းအားကို သယ်ဆောင်လာရင်း သူ၏ရင်ဘတ်ပေါ်သို့ ကျဆင်းသွားပြန်သည်။
“ဘုန်း..”။
ဟောင်ယန်၏ ခန္ဓာကိုယ်သည် သူ့အောက်ရှိ ရေကန်မျက်နှာပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ အေးခဲနေသော ရေခဲများသည် ချက်ချင်း ကွဲအက်သွားပြီး အက်ကွဲကြောင်းများက ရေကန်၏ မျက်နှာပြင်တစ်ခုလုံးကို ပျံ့နှံ့သွားကာ ရေကန်အတွင်း ၌ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးသွားပါသည်။
အဝေးမှ မြွေမျိုးနွယ်စုဝင်များသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့အားလုံး အေးစက်သော လေကို ရှုရှိုက်မိကြပါသည်။
ဟောင်ယန်သည် ၎င်းတို့၏ခေါင်းဆောင်ဖြစ်သလို မျိုးနွယ်စုတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။ အခုတော့ သူသည် လူငယ်တစ်ယောက်၏ ခြေဖဝါး အောက်မှာ အမှန်တကယ် နင်းချေခံခဲ့ရသည်။ ဤအရာက သူတို့၏ မျက်လုံးများကို မယုံနိုင်အောင် ဖြစ်သွားစေခဲ့သည်။
ဟုတ်ပါသည်။ ရွှမ်ဟေးသည် ယခုအခိုက်အတန့်တွင် ပျော်ရွှင်နေပါသည်။ ဟောင်ယန် သွေးအန်နေသည်ကို မြင်လိုက်ရတော့ သူ၏မျက်လုံးတွေက စိတ်အားတက်ကြွသည့် အလင်းရောင်တွေ ပေါက်ကွဲထွက်လာခဲ့ပါသည်။
စာစဉ် (၆၈) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။