← Chapters

အခန်း ၁၀၂၁

Vol. 69 Ch. 1021

အခန်း ၁၀၂၁

Vol. 69 Ch. 1021

အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၉)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၀၂၁) မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးဆုံး။

ယခုအချိန်တွင် ဟောင်ယန်သည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ ထိုအခိုက်တန့်မှာ သူ၏ခန္ဓာကိုယ်သည် ကွဲထွက်သွားသလို ခံစားရပါသည်။

ချင်ယွင်၏ ဂျင်ဆွဲသီးတစ်ထောင် အလေးချိန်သည် ပြင်းထန်လွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးပင် ပြိုကျသွားနိုင်သည်။

"ခင်ဗျား ဘယ်လိုထင်လဲ ခေါင်းဆောင်ဟောင်။ ခင်ဗျားက ကျုပ်ကိုသတ်မှာ မဟုတ်ဘူး လား?။ ခင်ဗျား ဘာလို့ ကိုယ့်ဘာသာကိုယ် ပြုတ်ကျနေရတာလဲ?" ချင်ယွင်သည် ရေခဲတွင်းနက်ကြီးထဲတွင် လဲလျောင်းနေသော ဟောင်ယန်ကို ငုံ့ကြည့်ရင်း လှောင်ပြောင် ပြောလိုက်သည်။

တကယ်တော့ ချင်ယွင်သည် ဟောင်ယန်ကို မုန်းတီးမှု သိပ်မရှိပါဘူး။ သို့သော် ဟောင်ယန် ၏ မောက်မာမှုက သူ့ကို အလွန်စိတ်မချမ်းမသာ ဖြစ်စေခဲ့ပါသည်။ ထို့အပြင် ရွှမ်ဟေးကို သူ့အတွက် လက်စားချေပေးမည်ဟု ကတိပေးထားသောကြောင့် သူသည် ဟောင်ယန်ကို ဆန့်ကျင်တိုက်ခိုက်ရပါမည်။

ဤနေရာသို့ လာရာလမ်းခရီးမှာ, ရွှမ်ဟေးက သူနှင့်ဟောင်ယန်တို့ အကြောင်းကို သူအား ပြောပြထားပြီးပါပြီ။

ထိုအချိန်တုန်းက ဟောင်ယန်သည် မျိုးနွယ်စု ခေါင်းဆောင် ရာထူးအတွက် တိုက်ပွဲဝင်ရန် အတွက် ရွှမ်ဟေးက ကောင်းကင်ဆေးဆုံးများကို ခိုးယူသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး၊ ရွှမ်ဟေးကို မျိုးနွယ်စုမှ နှင်ထုတ်ခံရအောင် ကြိုးပမ်းခဲ့သည်။ ထို့အပြင်၊ သူသည် ရွှမ်ဟေး၏ရှေ့မှာပင် သူ၏ဇနီးနှင့် သားကို သတ်ပစ်ခဲ့သည်။ ဟောင်ယန်သည် သူ၏ပန်းတိုင်သို့ ရောက်ရှိရန်အတွက် အရာအားလုံး စွမ်းဆောင်နိုင်သူဟု ဆိုနိုင်ပါသည်။ သေချာသည်မှာ သူသည် ကြင်နာတတ်သည့် လူတစ်ယောက် မဟုတ်ပါဘူး။

ဟုတ်ပါသည်။ အကြောင်းရင်း တစိတ်တပိုင်းလည်း ရှိနေခဲ့ပါသေးသည်။ ထိုအရာကတော့, ဟောင်ယန်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက် အနှစ်သာရကို ရရှိရန်ပင် ဖြစ်ပါသည်။ ဟောင်ယန်ကိုယ်တိုင်က သူ့အား မပေးချင်သောကြောင့် ချင်ယွင်သည် လုယူရုံသာ တတ်နိုင်ပါတော့သည်။

ချင်ယွင်ကို ကြည့်ရင်း ဟောင်ယန်၏ မျက်လုံးများသည် နီမြန်းနေခဲ့သည်။ သူ၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်ထဲရှိ အမျက်ဒေါသသည် သူ၏နှလုံးသားတစ်ခုလုံးတွင် ပေါက်ကွဲတော့မည့် မီးတောင် တစ်ခုလို ပြည့်လျှံနေပါသည်။

လူငယ်တစ်ဦး၏ အနိုင်ယူခြင်းခံရမှုနှင့်အတူ ဤကဲ့သို့ အရှက်ခွဲခံရခြင်းအတွက် သူသည် ဒေါသမထွက်ဘဲ မည်သို့ ခံစားနိုင်မည်နည်း?။

"ဟမ့်၊ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒီနေ့ မင်း သေရမယ်" ဟောင်ယန်က သူ၏သွားတွေကို တင်းတင်းကြိတ်လိုက်ပြီး သူ၏တစ်ကိုယ်လုံး နီမြန်းလာပါသည်။ သူ၏ ဆံပင်တွေတောင်မှ တောက်လောင်နေသော မီးတောက်တစ်ခုလို ချက်ချင်း အနီရောင် ပြောင်းသွားပါသည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

"ကောင်းကင်ဆေးလုံးရဲ့ စွမ်းအားလား?။ ခေါင်းဆောင်က ကောင်းကင်ဆေးလုံးရဲ့ စွမ်းအားကို အသုံးပြုတော့မှာလား?။" ထိုမြင်ကွင်းကို မြွေမျိုးနွယ်စုမှ လူများ မြင်လိုက်ရသည့်အခါ သူတို့အားလုံး အံ့အားသင့်နေသည့် အမူအရာများဖြင့် ထုတ်ဖော် ပြောဆိုနေကြပါသည်။

"သူက ကောင်းကင်ဆေးလုံးရဲ့ စွမ်းအားကို အသုံးပြုချင်နေတာ။ ချင်ယွင်, မင်း သတိထားပါ။" ရွှမ်ဟေးက ချင်ယွင်ကို အဝေးမှ လှမ်းအော် သတိပေးလိုက်သည်။

ချင်ယွင်သည် ဟောင်ယန်ကို အေးစက်စွာ ကြည့်ရင်း၊ သူ၏မျက်နှာပေါ် အံ့သြတကြီး မျက်နှာထားဖြင့် မျက်မှောင်ကြုတ်လိုက်ပါသည်။

ဤအခိုက်အတန့်တွင်၊ ဟောင်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင် ကျောက်မီးသွေးကို လောင်ကျွမ်းသွားပုံရပြီး၊ သူ၏ခန္ဓာယ်ကိုတစ်ခုလုံးမှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ကောင်းကင်ဆေးဆုံးသည် မြွေမျိုးနွယ်စု၏ အကြီးအမြတ်ဆုံးအဆင့် ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤအခိုက်အတန့် တွင်, ဟောင်ယန်သည် ကောင်းကင်ဆေးဆုံးကို အသုံးပြုလိုက်စဉ်မှာ သူ၏ခွန်အားသည် ချက်ချင်းပင် တိုးမြင့်လာခဲ့သည်။ ချင်ယွင် သူ့ကို အစောပိုင်း ပေးခဲ့သည့် ဒဏ်ရာတွေ လည်း ချက်ချင်း ပြန်ကောင်းလာခဲ့ပါသည်။

ဟောင်ယန်သည် ရိုင်းစိုင်းစွာ ကခုန်နေပြီး သူ၏ အငွေ့အသက်သည် ပြင်းထန်ပြီး၊ ကြောက်စရာကောင်းသည်။

"လူသား၊ မင်းက ငါ့ကို အခုလိုမျိုး အတင်းအကြပ် လုပ်ခိုင်းခဲ့တယ်။ ဒီနေ့ ငါတို့မြွေမျိုးနွယ်စု ရဲ့ ကောင်းကင်ဆေးလုံး ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ငါပြောပြမယ်" ဟောင်ယန်သည် စကားတစ်လုံးချင်းစီ ထုတ်ပြောလိုက်ပြီး လူခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ရှေ့တွင် ပေါ်လာပါသည်။

"ဒီလောက်တောင်မှ မြန်ဆန်တာလား?" ချင်ယွင်သည် ချက်ချင်း ထိတ်လန့်သွားပါသည်။ ဤဟောင်ယန်၏ အမြန်နှုန်းသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်ကြောင်း သူ တွေ့ရှိခဲ့သည်။ ယခုပြသခဲ့သည့် အရှိန်ဟုန်သည် အမှန်တကယ်ပင် သူ့ထက် သာလွန် နေပေပြီ။ ၎င်းသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၁ နှင့်ပင် လုံးဝ နှိုင်းယှဉ်နေပြီ ဖြစ်သည်။

ဘန်း..။

ဟောင်ယန်က သူ၏လက်ဖဝါးကို လှန်လိုက်ပြီး ပြင်းထန်သည့် စွမ်းအင်အတက်အကျ လှိုင်းတွေ ပါဝင်နေသည့် လက်ဖဝါးက ချင်ယွင်ဆီသို့ ရောက်ရှိသွားခဲ့သည်။ လက်ဖဝါး သည် များပြားလှသော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်ယွင်သည် ထိုလက်ဖဝါးရိုက်ချက်ကို တွန်းလှန်ခုခံရန် သူ၏လက်ကို အလျင်စလို မြှောက်လိုက်ပြီး တွန့်ဆိုင်ခြင်းမရှိပဲ လေနှင့်လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာကာ၊ ဟောင်ယန်၏ လက်ဖဝါးကို တိုက်ရိုက် ရင်ဆိုင်လိုက်ပါသည်။

“ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်သည် ပါးစပ်မှ သွေးများ အန်ထုတ်လိုက် ရပြီး၊ တခဏအတွင်း နောက်ပြန် ပျံသန်းသွားရသည် ။

ထိုအချိန်တွင်, ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။ သူ၏လက်ဖဝါးသည် ဟောင်ယန်၏ လက်ဖဝါးကို ထိလိုက်သည့် အခိုက်တွင်၊ သူ၏အင်မော်တယ် စိတ်ဝိညာဉ်ကို ဧရာမသံတူကြီးဖြင့် အပြင်းအထန် ရိုက်ခံလိုက်ရသလို ခံစားရသည်။

တကယ်လို့ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်က သူ၏အင်မော်တယ် စိတ်ဝိညာဉ်ကို အကာအကွယ်သာ မပေးထားခဲ့ဘူးဆိုရင်, သူ၏အင်မော်တယ် စိတ်ဝိညာဉ်သည် အစောပိုင်းက ထိုတိုက်ခိုက်မှုကြောင့် လုံးဝ အက်ကွဲသွားပါလိမ့်မည်။

"စိတ်ဝိညာဉ်တိုက်ခိုက်မှုလား” ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဤဟောင်ယန်သည် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းကို အမှန်တကယ် အသုံးပြုနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ၎င်း၏စွမ်းအားသည် သာမန်မဟုတ်ပေ။

"ဒါက ကောင်းကင်ဆေးလုံးလို့ခေါ်တဲ့ ဆေးလုံးရဲ့တန်ခိုးအစွမ်းလား?"။ ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။

မူလက သူသည် ဤကောင်းကင်ဆေးဆုံးကို ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း, ယခု ကောင်းကင်ဆေးလုံးဟုခေါ်သော ဤအရာကို သူ စတင် အာရုံစိုက်လာခဲ့ရသည်။ အင်မော်တယ် စိတ်ဝိညာဉ်များသည် သာမာန်ကျသော သေခြင်းနှင့်သက်ဆိုင်သည့် နေရာများ ဖြစ်ပါသည်။ အင်မော်တယ် ဧကရာဇ်များပင်လျှင် ၎င်းတို၏ အင်မော်တယ် စိတ်ဝိညာဉ်များသည် အလွန်နုနယ်ပါသေးသည်။ ထို့ကြောင့် ကောင်းကင်တာအို နယ်ပယ် ၏ ပြီးပြည့်စုံခြင်းအဆင့် အင်မော်တယ် ဧကရာဇ်များပင်လျှင် စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း ကို အလွန်ကြောက်ကြသည်။

သေချာသည်မှာ၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုများသည် အလွန်မင်းကို ရှားပါးပါသည်။ နတ်ဆိုး နတ်ဘုရားသားရဲအချို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များမှလွဲ၍၊ စိတ်ဝိညာဉ် တိုက်ခိုက်ရန် ရတနာများကိုသာ အသုံးပြုနိုင်ပါသည်။ ယခု ဟောင်ယန်တိုက်ခိုက်သည့် ပုံစံနှင့် ဆင်တူပါသည်။ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း ပညာရပ်တွေ ပျောက်ဆုံးသွားခဲ့ပြီမှာ ကြာမြင့်လှပါပြီ။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် ထိုသို့သော နည်းပညာရပ်များ မရှိကြတော့ပါ။

"လူသား ကောင်လေး၊ ငါတို့မြွေမျိုးနွယ်စုရဲ့ ကောင်းကင်ဆေးလုံးက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ အခု မင်း မြင်ဖူးသွားပြီလား?။ မှန်တယ်၊ အဲဒါက စိတ်ဝိညာဉ် တိုက်ခိုက်ခြင်းပဲ။ ငါတို့မြွေမျိုးနွယ်စုရဲ့ ကောင်းကင်ဆေးဆုံးတွေမှာ အလွန်အစွမ်းထက်တဲ့ အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအားတွေ ပါရှိနေတယ်။ အဲဒါက ငါ့ရဲ့တိုက်ခိုက်မှုနဲ့ ပေါင်းစပ်လို့ရတယ်။ ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၁ မှာရှိတဲ့ အင်မော်တယ် ဧကရာဇ်တွေတောင်မှ ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မဝံ့ရဲကြဘူး" ဟောင်ယန်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ချင်ယွင် သွေးအန်သွားသည်ကို မြင်လိုက်ရသည့်အခါ သူသည် ထုတ်ဖော်၍ မပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး၊ သူ၏မျက်လုံးထဲတွင် သွေးဆာနေသည့် ခံစားချက်တွေက ပို၍ပင် ပြင်းထန်လာခဲ့သည်။

"ဒါက မြွေမျိုးနွယ်စု ကောင်းကင်ဆေးဆုံးရဲ့ လျှို့ဝှက်ချက်လား?။ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်းက ငါတို့နဂါးမျိုးနွယ်ရဲ့ မွေးရာပါနတ်ဘုရားစွမ်းရည်နဲ့ အတော်လေး ဆင်တူတာပဲ။” အဝေးမှာရပ်နေသော နဂါးမျိုးနွယ်စု၏ တတိယမင်းသားက တဟားဟား ရယ်မောလိုက်ပြီး၊ ချောမောသည့် မျက်ခုံးမွှေးတွေက ကျီစားလိုဟန် အရိပ်မြွက်ကို သယ်ဆောင်ထားရင်း သူ့ကိုယ်သူ ပြောလိုက်ပါသည်။

သူ၏အမြင်အရဆို, ဤတိုက်ပွဲက ပြီးဆုံးသွားပါပြီ။ ချင်ယွင်က ဟောင်ယန်ကို ဖိနှိပ်နိုင်သည်ကို တွေ့လိုက်ရချိန်မှာ သူ အံ့အားသင့်သွားခဲ့သော်လည်း၊ သူ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုသည် သာမန် အင်မော်တယ် ဧကရာဇ်များ ခံနိုင်ရည်ရှိသည့် အရာမဟုတ် သောကြောင့် ဤလူသားလူငယ်သည် အနိုင်ရရန် အခွင့်အလမ်း မရှိဟု သူ ခံစားရပါသည်။ သူ၏ရှေ့မှ ဤလူငယ်သည် သေရမည်မှာ သေချာပါပြီ။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများက လေးနက်သော အမူအရာ ပေါ်လာသည်။ ဟောင်ယန်သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အမှန်တကယ် ပြုလုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဟုတ်ပါသည်။ သူ၏စိတ်ထဲမှာတော့ ခြိမ်းခြောက်မှုများစွာကို မခံစားခဲ့ရပါဘူး။ အစောပိုင်းက သူ သတိမထားမိ၍သာ ဖြစ်ပါသည်။ ယခု ဟောင်ရန်သည် စိတ်ဝိညာဉ် တိုက်ခိုက်မှုကို စတင်တော့မည်ကို သိလိုက်ရပြီဖြစ်သဖြင့် သူ့အတွက် သတိမထားမိရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်တော့ပေ။

ဘန်း…။

အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် လင်းလက်တောက်ပလာပြီး ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ဖုံးအုပ်သွားကာ ချင်ယွင်၏ နီဝမ်နန်းတော်ထဲတွင် ဝေဝေဝါးဝါး အစိမ်းရောင်ကြာပန်းတစ်ပွင့် ပေါ်လာပါသည်။

အစိမ်းရောင်ကြာပန်းစည်း တံဆိပ်၏ ကာကွယ်မှုဖြင့်၊ ချင်ယွင်သည် မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးဆုံးက သူ့ကို ထိခိုက်အောင်လုပ်နိုင်မည်ဟု မထင်ပေ။

"ဟမ့်၊ လူသားကောင်စုတ်လေး၊ မင်းရဲ့စိတ်ဝိညာဉ်ပြိုကွဲခြင်း အရသာကို အခုပဲ မြည်းစမ်း ခွင့်ပေးမယ်။" ဟောင်ယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပေါ်လာပြန်ပါသည်။ သူသည် ချင်ယွင်ဆီသို့ ထပ်မံ ပစ်ဝင်လာရင်း သူ၏ခန္ဓာယ်ကိုတစ်ခုလုံး အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းသွားပြန်ပါသည်။

ထိုအရာသည် ရိုးရှင်းသော လက်ဖဝါးရိုက်ချက် တစ်ခုလည်း ဖြစ်ပါသည်၊ သို့သော် ၎င်းအပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် ယခင်ကထက် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေပါသည်။

ရှင်းနေသည်မှာ၊ ဤတစ်ကြိမ်တွင်၊ ဟောင်ယန်သည် ချင်ယွင်၏ အင်မော်တယ် စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖြိုခွဲပစ်ရန် ကောင်းကင်တာအို၏ စွမ်းအားကို အပြည့်အဝ အသုံးပြုရန် စီစဉ်နေခြင်း ဖြစ်သည်။

ချင်ယွင်က ဂရုမစိုက်သည့်ဟန်ဖြင့် နူးညံ့စွာ ပြုံးလိုက်ပါသည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် ရှေးဟောင်း ဖရိုဖရဲရတနာများ၏ အဖိုးတန်ဆုံး ရတနာငါးခုထဲမှ တစ်ခု ဖြစ်သည်။ မူလကတည်းက ၎င်းသည် အလွန်မင်း အစွမ်းထက်သော စိတ်ဝိညာဉ်ရတနာ အမျိုးစားတစ်ခုလည်း ဖြစ်ပါသည်။ မြွေမျိုးနွယ်စု၏ ကောင်းကင်ဆေးဆုံးသည် သူ၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ အကာအကွယ်ကို ဖြတ်ကျော်သွားနိုင်မည်ဟု သူ မယုံခဲ့သဖြင့် ချင်ယွင်သည် မရှောင်တိမ်းဘဲ ဟောင်ယန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အစပြုလိုက်သည်။

"သူက သေခြင်းတရားကို တောင်းခံနေတာလား?။" ခပ်လှမ်းလှမ်းမှ မြွေမျိုးနွယ်စုဝင် တစ်စုက အံ့သြစွာ ပြောသည်။

ရွှမ်ဟေးသည် မျက်မှောင်ကြုတ်လိုက်သည်။ ချင်ယွင် မည်သည့်အရာလုပ်ချင်နေမှန်း သူ နားမလည်တော့ပေ။ သူ၏အမြင်အရ၊ ဤစိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ ဟောင်ယန်ကို သူ့ကို ထိတွေ့ခွင့်မပြုသင့်ပေ။ ထို့ကြောင့် အဝေးမှ တိုက်ခိုက်မူသည် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ ယခုမူ ချင်ယွင်သည် သူနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရန် အစပြုခဲ့သည်။ ဤအရာနှင့် သေခြင်းတရားကို တောင်းခံနေခြင်းနှင့် ဘာများ ကွာခြားတောမည်နည်း?။

ချင်ယွင်က ရှောင်တိမ်းခြင်းမရှိဘဲ သူ့ကို ရင်ဆိုင်နှုတ်ဆက်ရန် အစပျိုးလိုက်သည်ကို ဟောင်ယန် မြင်လိုက်ရလျှင်, သူ၏မျက်နှာပေါ်တွင် ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာပြီး အထင်သေးစွာ ပြောလိုက်သည် "မင်းက သေချင်နေတာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့"

ထိုစကားကို ပြောပြီးနောက် ဟောင်ယန်၏ လက်ဖဝါးက ချင်ယွင်၏ ရင်ဘတ်ကို အတားအဆီးမရှိ ရိုက်ချလိုက်သည်။ သူ၏လက်ဖဝါးပေါ်ရှိ အင်မော်တယ် စိတ်ဝိညာဉ် စွမ်းအင်များသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ရောက်သွားခဲ့ပြီး ချင်ယွင်၏ နီဝမ်နန်းတော်ဆီသို့ ဦးတည်သွားပါတော့သည်။

All Chapters