အခန်း ၁၀၃၂
Vol. 69 Ch. 1032
အခန်း (၁၀၃၂) နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်း။
"အဲဒါက နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းအကြောင်းပဲ။" ရှောင်ဘိုင်က ပြောသည်။
"နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းလား? ဘာဖြစ်လို့လဲ?။" ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။
သူ၏ ဤခရီးစဉ်၏ ရည်ရွယ်ချက် နှစ်ခုမှာ တစ်ခုက ရှောင်ဘိုင်ကို ကယ်တင်ရန်ဖြစ်ပြီး နောက်တစ်ခုက ကောင်းကင်တာအိုသစ်သီးကို ရနိုင်မည်လားဟု ကံစမ်းကြည့်ရန်အတွက် နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းသို့သွားကြည့်ရန် ဖြစ်သည်။ ယခု ရှောင်ဘိုင်သည် နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းအကြောင်းကို ရုတ်တရက် ဖော်ပြလိုက်သောကြောင့် ချင်ယွင်သည် ၎င်းနှင့်ပတ်သက်ပြီး သဘာဝအတိုင်း အရေးကြီးကိစ္စတရပ်အဖြစ် အလေးနက်ထားသည်။
"နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်းက အနှစ် ၁၀၀၀၀၀ ပြည့်တိုင်းမှာ တစ်ကြိမ် အလွတ်ကာလတစ်ခု ရှိလာလိမ့်မယ်။ အဲဒီအလွတ်ကာလ ပေါ်လာတာနဲ့, နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းရှိ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေလည်း အချိန် အတိုင်းအတာတစ်ခုအထိ ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအချိန်မှာ လူတွေလည်း နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းထဲကို ဝင်ရောက်နိုင်လိမ့်မယ်" ရှောင်ဘိုင်က ပြောသည်။
"အိုး..ဒါဆို အဲဒီအလွတ်ကာလက နောက်ထပ် ဘယ်တော့လောက် ပေါ်လာမှာလဲ?။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"နောက်လပေါ့။" ရှောင်ဘိုင်က ပြောသည်။
"နောက်လလား?" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။
အကယ်၍, ရှောင်ဘိုင် ပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့လျှင် ကောင်းကင်တာအို သစ်သီးကို ရရှိနိုင်မည့် အခွင့်အလမ်းက များစွာ မြင့်မားမည် ဖြစ်သည်။
"ဒါပေမယ့်၊ ဒီတစ်ကြိမ်မှာတော့ နတ်ဆိုးသားရဲကမ္ဘာ တစ်ခုလုံးရဲ့ ကျွမ်းကျင် ပညာရှင်တွေ လည်း ရှေ့ဆက်လှုပ်ရှားကြလိမ့်မယ်။ ပုန်းကွယ်နေတဲ့ မွန်းစတာအိုကြီးတွေ အများပြား လည်း ထွက်လာကြလိမ့်မယ်။" ရှောင်ဘိုင်က ပြောသည်။
"အိုး? ကျွမ်းကျင်ပညာရှင်တွေ တော်တော်များများက နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်း ကို အာရုံစိုက်နေကြတာလား?။ ကောင်းကင်တာအိုသစ်သီးက ဒီလောက်ဆွဲဆောင်မှု မရှိသင့်ဘူး မဟုတ်လား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"မှန်တယ်။ ဟောင်ယန်ရဲ့ မှတ်ဉာဏ်တွေအရ၊ နတ်ဘုရားမြှုပ်နှံခြင်း တောင်တန်းမှာ အကြီးမြတ်ဆုံး အမွေအနှစ်တစ်ခု ရှိနေပုံရတယ်။ အဲဒါက အထွတ်အထိပ်ပုဂ္ဂိုလ်အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေးတစ်ခုလို့ ငါ ကြားထားတယ်။" ရှောင်ဘိုင်က ပြောသည်။
"အထွတ်အထိပ်ပုဂ္ဂိုလ်အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေးတစ်ခုးလား ?" ချင်ယွင် သည် သူ၏မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ အလွန်မင်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။
ယခုတော့ ရှောင်ဘိုင်သည် ထိုနတ်ဆိုးအိုကြီးများ တောင်ပေါ်မှ ထွက်လာမည်ဟု အဘယ်ကြောင့် ပြောဆိုသနည်းဆိုသည်ကို နောက်ဆုံး သူ နားလည်သွားခဲ့ပြီ။ ထိုနတ်ဆိုးအိုကြီးများအနေဖြင့်၊ ၎င်းတို့အတွက် အကြီးမားဆုံး ဆောင်မှုမှာ အဓိပတိ ဉသျှောင်နယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်ရေးဖြစ်သည်။
နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်းသည် အဓိပတိဉသျှောင်နယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်း ရှိနေသောကြောင့်၊ ထိုနတ်ဆိုးအိုကြီးများသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
ထိုအချိန်တွင်၊ ကောင်းကင်တာအိုနယ်ပယ်၏ ကြီးမားသော ပြီးပြည့်စုံခြင်းနယ်ပယ်တွင် ရှိနေကြသည့် အင်မော်တယ် ဧကရာဇ်များ ပေါ်လာမည်ဖြစ်သော်လည်း၊ အဓိပတိဉသျှောင် တစ်ပိုင်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးတစ်ယောက် ပေါ်လာခြင်း ရှိမရှိကိုတော့ သူတို့ မသိနိုင်ကြပေ။
"အစ်ကိုကြီး၊ ငါတို့ နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်းကို သွားသင့်လား" ရှောင်ဘိုင်က မေးသည်။
"သွားရမှာပေါ့။ ဘာလို့ မသွားရမှာလဲ။ ဒါပေမယ့်၊ ငါတို့ရဲ့ ပထမပန်းတိုင်က ကောင်းကင်တာအိုသစ်သီးကို ရှာပြီး ငါ့အဒေါ်ရဲ့ဒဏ်ရာတွေကို ကုစားဖို့ပဲ။ ဒုတိယအနေနဲ့၊ ငါတို့လည်း အဓိပတိဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေးတစ်ခုခု ရှာရမယ်။" ချင်ယွင်က ပြောသည်။
ရှောင်ဘိုင်က ခေါင်းညိတ်လိုက်သည်။ သူသည် ချင်ယွင်ကို စိတ်နှလုံးထဲတွင် အလွန် လေးစားသည်။ ထိုကြောင့် ချင်ယွင် ပြောသမျှကို နားထောင်သည်။ အကယ်၍, ချင်ယွင်က သူ့ကို ချက်ချင်း သတ်သေရန် ပြောလာခဲ့လျှင်ပင်, သူသည် မဆိုင်းမတွ သတ်သေလိမ့်မည်။
"စကားမစပ်, အစ်ကိုကြီး၊ နောက်ထပ် တစ်ခုခု ရှိနေသေးတယ်" ရှောင်ဘိုင်က ထပ်ပြောသည်။
"အဲဒါက ဘာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"အခုတစ်ကြိမ်မှာ, ဟောင်ယန်နဲ့ အောင်းဟန်တို့ဟာ မွန်းစတားတိုက်ကြီး တစ်ခုလုံးကို ပေါင်းစည်းပြီး မျိုးနွယ်စုအားလုံးကို နဂါးမျိုးနွယ်စုရဲ့ လက်အောက်ခံဖြစ်လာဖို့အတွက် မြွေမျိုးနွယ်စုနဲ့ နဂါးမျိုးနွယ်စုရဲ့ စွမ်းအားများကို အသုံးပြုဖို့ သဘောတူညီမှု ရရှိခဲ့က တယ်။" ရှောင်ဘိုင်က ပြောသည်။
"ဒီကိစ္စကို ငါ သိပြီးသွားပြီ။ လက်ရှိအခြေအနေအရ နဂါးမျိုးနွယ်စုဟာ မွန်းစတား တိုက်ကြီး တစ်ခုလုံးကို ပေါင်းစည်းဖို့ဆိုရင်, နဂါးမျိုးနွယ်စုရဲ့ နောက်ကွယ်မှာရှိတဲ့ အထွက်အထိပ်ပုဂ္ဂိုလ်ကိုယ်တိုင် မလှုပ်ရှားဘူးဆိုရင်တော့ နဂါးမျိုးနွယ်စုအတွက် ခက်ခဲပါလိမ့်မယ်။" ချင်ယွင် ခေါင်းညိတ်လိုက်သည်။ အောင်းဟန်သည် ယခင်က ဤကိစ္စကို ကိုယ်တိုင် ဝန်ခံခဲ့ဖူးသည်။
ရှောင်ဘိုင်လည်း ခေါင်းညိတ်လိုက်သည်။
ချင်ယွင်က စောစောက အောင်းဟန်ကို ကယ်တင်သွားခဲ့သော လုံရွှဲ့နှင့် အဆုံးတွင် လုံရွှဲ့ ပြောခဲ့သည့်အကြောင်းအရာကို မတွေးမိဘဲ မနေနိုင်ခဲ့ပါချေ။
အကြောင်းတစ်ခုခုကြောင့် ချင်ယွင်သည် ကောင်းကင်ပြင်ကနေ သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံရှိနေသည်ဟု ခံစားလိုက်ရပြီး၊ ထိုမျက်လုံးတစ်စုံက သူ့ကို လှမ်းမြင်နေရ သကဲ့သို့ ခံစားလိုက်ရပါသည်။
"ဒါက အထင်မှားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ အထွက်အထိပ်ပုဂ္ဂိုလ်က ငါ့ကို တစ်ချိန်လုံး စိုက်ကြည့်နေဖို့ မဖြစ်နိုင်ပါဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဆုဟန်ယွန်ထံမှ အဓိပတိဉသျှောင် တမန်တော်တံဆိပ်ပြားကို နောက်ဆုံး ရရှိပြီးကတည်း က ချင်ယွင်သည် သူ့ရှေ့တွင်ရှိနေသည့် မတူကွဲပြားသော ကမ္ဘာတစ်ခုကို တစ်စတစ်စ ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် အထွက်အထိပ်ပုဂ္ဂိုလ်၏ တံဆိပ်ပြားတွင်ရှိနေသည့် ထိုအထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ် အမှတ်သားကို ဖျက်ဆီးပစ်ခဲ့ပြီး အထွက်အထိပ်ပုဂ္ဂိုလ်သည် ဤအကြောင်းကို သိထားသော်လည်း ထိုအထွက်အထိပ်ပုဂ္ဂိုလ်က သူ့ကို လက်တုံ့ပြန်ရန် မည်သည့် နည်းလမ်းမျိုး အသုံးပြုလာမည်ကို သူ မသိသေးပါ။
တကယ်တော့ အထွက်အထိပ်ပုဂ္ဂိုလ်ကိုယ်တိုင် ရောက်လာလျှင်ပင် ချင်ယွင်က မကြောက်ပါဘူး။ အဆိုးဆုံးအခြေနေ ကြုံတွေ့လာရလျှင်, သူသည် ကနဦး စကြာဝဠာထဲ မှာ တိုက်ရိုက် ဝင်ပုန်းနေနိုင်ပါသည်။ ထိုအထွက်အထိပ်ပုဂ္ဂိုလ်သည် မည်မျှပင် အစွမ်းထက်သည် နေပါစေ, သူသည် ကနဦးစကြဝဠာထဲတွင် ချင်ယွင်ကို သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
ယခုအချိန်တွင် ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသေးသည်။ ထိုအရာက သူ၏အမေ ပျောက်ဆုံးနေသည့် ကိစ္စဖြစ်သည်။ သူ၏မိခင် ပျောက်ဆုံးမှုသည် အထွက်အထိပ်ပုဂ္ဂိုလ်များနှင့် အလွန်ဆက်စပ်နေနိုင်သည်ဟု ယောင်ဝါးဝါး ထင်မြင်မိ သည်။ ထိုသို့မဟုတ်လျှင်၊ သူမသည် လေဖိအားထူထပ်သိပ်သည်းသည့် ဤကမ္ဘာကြီးကနေ မည်သို့ ပျောက်ကွယ်သွားနိုင်မည်နည်း?။
ချင်ယွင်သည် ခေါင်းခါပြီး ဤအတွေးပြဿနာများကို ရှင်းထုတ်ပစ်လိုက်ပါသည်။
ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏ ခွန်အားကို မြှင့်တင်ရန် ကြိုးစားအားထုတ်ခြင်းပင် ဖြစ်သည်။ သူ့မိခင်၏ မျိုးနွယ်အရ သူ၏အဖေဖြစ်သည့် အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်ကို ရှာမတွေ့ပါက၊ ရေတိုအတွင်း မည်သည့် အချက်လက်ကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။
ထို့နောက် ချင်ယွင်သည် ရွှမ်ဟေးကို နှုတ်ဆက်ပြီး ရှောင်ဘိုင်နှင့်အတူ ဧရာမမျောက်ဝံ မျိုးနွယ်စု၏ ဦးတည်ရာဆီသို့ အလောတကြီး ပျံသန်းလာခဲ့ကြသည်။ သူတို့သည် နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်းသို့ တိုက်ရိုက်မသွားရောက်ခင် ရှောင်ကျင်းနှင့် အခြားလူ များကို အကြောင်းကြားရန် စီစဉ်ထားခဲ့သည်။
သို့သော်လည်း ချင်ယွင်နှင့် ရှောင်ဘိုင်တို့သည် ဧရာမမျောက်ဝံမျိုးနွယ်စုသို့ ပြန်ရောက်သောအခါတွင် မျိုးနွယ်စုတစ်ခုလုံး ရှုပ်ပွနေကြောင်း တွေ့ရှိခဲ့သည်။ ရှင်းပါသည်။ သူတို့သည် တိုက်ပွဲကြီးတစ်ခုကို တွေ့ကြုံခံစားခဲ့ရပါသည်။
"သခင် ချင်ယွင် နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ။ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားခဲ့ပြီ" ဧရာမမျောက်ဝံမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကျောက်မျောက်ဝံက ချင်ယွင် ထွက်ပေါ်လာသည်ကို မြင်ပြီး ချက်ချင်း ပြေးထွက်ကာ ပြောလိုက်သည်။
ချင်ယွင်နှင့် ရှောင်ဘိုင်နှစ်ယောက်စလုံး မျက်မှောင်ကြုတ်ပြီး သူတို့၏ စိတ်ထဲမှာ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိလာခဲ့ပါသည်။
"ဒါဆို, ဒီကိစ္စက ရှောင်ကျင်း, တခြားလူတွေနဲ့ ပတ်သက်မှုရှိနေတယ်ပေါ့။" ချင်ယွင်က မေးသည်။
"ဟုတ်ပါတယ်၊ ဘုရင်ကြီး ရှောင်ကျင်း၊ ဘုရင်ရှောင်ဟောင် ဘုရင်ရှောင်ဟေးနဲ့ ဧကရာဇ် ပျားဘုရင်မတို့ အားလုံးကို ဗာမီလီယမ်ငှက်မျိုးနွယ်စုက ဖမ်းသွားပါပြီ။ ဒီချာတိတ်လေးရဲ့ အရည်အချင်း မပြည့်ဝတဲ့အတွက် သူတို့ကို တားဆီးလို့မရခဲ့ပါဘူး။" ကျောက်မျောက်ဝံက ကမန်းကတန်း ပြောလိုက်သည်။
“ဗာမီလီယမ်ငှက်မျိုးနွယ်စုလား..!
ရှောင်ဘိုင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အအေးဓာတ်များ ထွက်ပေါ်လာသည်။
ကျောက်မျောက်ဝံက ရှောင်ဘိုင်ကို ကြောက်လန့်တကြား ကြည့်ရင်း တုန်လှုပ်သွားသည် ။
"ဗာမီလီယမ်ငှက်မျိုးနွယ်စုက ရှောင်ကျင်းနဲ့ တခြားသူတွေကို ဘာလို့ ဖမ်းထားတာလဲ?။ သူတို့ ဘာသတင်းစကားများ ချန်ထားခဲ့သေးလဲ?" ချင်ယွင်က ကမန်းကတန်း ပြန်မေးလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ချန်ထားခဲ့ပါတယ်။ ဗာမီလီယမ်ငှက်မျိုးနွယ်စုက လူငယ်တစ်ယောက်က ဘုရင်ကြီးရှောင်ကျင်းတို့ကို ကယ်ချင်တယ်ဆိုရင် သခင်ချင်ယွင်က ဗာမီလီယမ်ငှက် တောင်တန်းကို ကိုယ်တိုင် သွားရောက်ရလိမ့်မယ်။ မဟုတ်ရင် သခင်ချင်ယွင်က သူတို့လေးယောက်ကို မြင်နိုင်မှာ မဟုတ်တော့ဘူး"။ ကျောက်မျောက်ဝံက ကမန်းကတန်း ပြန်ဖြေသည်။
"ဟုတ်ပါပြီ။ ငါ့အတွက် ရောက်လာကြတာပဲ။" ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှု အရိပ်အယောင်များဖြင့် တောက်ပလာသည်။
သူသည် မြွေမျိုးနွယ်စုသို့ သွားရောက်လည်ပတ်စဉ်က သူ၏ တည်နေရာကို ဖော်ထုတ်ခံ နိုင်မည်ဟု ကြာမြင့်စွာကတည်းက မျှော်လင့်ထားခဲ့ပြီး ဖော်ထုတ်ခံရမည်ကိုလည်း မကြောက်ခဲ့ပေ။ သို့သော်လည်း အခြားတဖက်က ရှောင်ကျင်းနှင့် တခြားလူတွေကို ရှာတွေ့ခဲ့ပြီး၊ ရှောင်ကျင်းနှင့် အခြားလူများ၏အသက်ဖြင့် သူ့ကို ခြိမ်းခြောက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။
"ဗာမီလီယမ်ငှက်မျိုးနွယ်စု၊ ငါ့ဆွေမျိုးတွေနဲ့ ခြိမ်းခြောက်တဲ့လူတွေကို ငါ အမုန်းဆုံးဆိုတာ မင်းတို့ မသိကြဘူးလား?။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သော်လည်း၊ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့် သတ်ပစ်ချင်စိတ်တွေ ထွက်ပေါ်လာသည်။
ကျောက်မျောက်ဝံသည် အဆုံးမရှိသော ချောက်နက်ကြီးထဲသို့ ကျသွားသလို ခံစားရသည်။ အမှောင်ထုနှင့် အကြောက်တရားများက သူ့ကို ဝါးမျိုသွားခဲ့သည်။
"အကိုကြီး၊ ဒီကိစ္စမှာ နဂါးတွေရဲ့အရိပ်တွေများ ရှိနေမလား?။" ရှောင်ဘိုင်က မေးသည်။
ထိုစကားကြားတော့ ချင်ယွင်သည် သူ၏မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ပြောသည် "ဒီကိစ္စမှာ နဂါးတွေက တိုက်ရိုက် မပါဝင်ခဲ့ရင်တောင်, သူတို့နဲ့ မပတ်သက်ဘူးဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဟမ့်၊ သူတို့က ငါ့ကို ဗာမီလီယမ်ငှက်တောင်တန်းကို ဆွဲဆောင်ချင် မှတော့ ငါ သွားရတော့မှာပေါ့။ သူတို့အနေနဲ့ နောင်တရနေမှာကိုပဲ ငါ စိုးရိမ်မိတယ်" သတ်ဖြတ်လိုစိတ်က သူ၏နှလုံးသားထဲတွင် စွဲမြဲထင်လာသည်။
"ကောင်းပြီ အစ်ကိုကြီး၊ ဗာမီလီယမ်ငှက်တောင်တန်းကို အတူတူသွားပြီး၊ သူတို့ရဲ့ ဗာမီလီယမ်ငှက် တောင်တန်းကို သတ်ဖြတ်ကြရအောင်။" ရှောင်ဘိုင်သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အေးစက်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏ပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမရှိ အေးခဲနေလေသည်။
တစ်ဖက်တွင်မူ ကျောက်မျောက်ဝံသည် အအေးဒဏ်ကြောင့် တုန်လှုပ်သွားပြီး ၎င်း၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှု လှိုင်းလုံးများ ထွက်ပေါ်လာသည်။
ဗာမီလီယမ်ငှက်မျိုးနွယ်စုကို သတ်ဖြတ်ခြင်းသည် ကောင်းကင်ဘုံကို သတ်ဖြတ်ခြင်းပင် မဟုတ်ပါလား?။
သူ၏နားတွေများ နားကြားမှားနေသလားဟုပင် သူ တွေးနေမိသည်။