အခန်း ၁၀၄၄
Vol. 70 Ch. 1044
အခန်း (၁၀၄၄) ရှဟောင်ချင်း။
ဟူဖန်း၏ ပါရမီအရည်အချင်းက မဆိုးသော်လည်း၊ ချင်ယွင် သူမကို အရင်တစ်ခါ တွေ့ဆုံခဲ့ စဉ်က သူမသည် အင်မော်တယ်ဘုရင်အဆင့်မှာပင် ရှိနေပါသေးသည်။ ယခုဆိုလျှင် သူမသည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအရာက ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။
"ကြည့်ရတာ သူမရဲ့ ကျင့်ကြံမူအဆင့် တိုးမြင့်လာဖို့အတွက် အထူးနည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ပုံပဲ။" ချင်ယွင်က သူ၏စိတ်ထဲမှာ မှန်းဆလိုက်သည်။
ဤအရာကသာ ဟူဖန်းသည် အချိန်တိုအတွင်း ဤကဲ့သို့ မြင့်မားသော စွမ်းအားအဆင့်သို့ ရောက်ရှိနိုင်သည်ကို ရှင်းပြနိုင်ပါသည်။
ဟုတ်ပါသည်၊ ချင်ယွင်၏မျက်လုံးထဲမှာတော့ ကောင်းကင်တာအိုနယ်ပယ်၏ တတိယ အဆင့်သည် အင်မော်တယ်ဘုရင်နှင့် ထူးမခြားနားပါဘူး။ ချင်ယွင်ကို အမှန်တကယ် ကြောက်ရွှံ့စေသည့်လူက ဟူဖန်းအနားက အဖိုးအို ဖြစ်ပါသည်။
အဘိုးအိုသည် လမ်းလျှောက် ဒုက်ကောက်ကို မှီခိုနေရသည်။ သူ၏ဆံပင်များနှင့် မုတ်ဆိတ်မွေးများသည် နှင်းများကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး၊ မျက်နှာပေါ်တွင် အရေးအကြောင်းများလည်း ပြည့်နှက်နေသည်။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် အနှိုင်းမဲ့ အစွမ်းထက်သည်။
"ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့် ကျောက်ဖြစ်ရုပ်ကြွင်း ပုဂ္ဂိုလ်ကြီး”။ ချင်ယွင်က ထိုအဘိုးကြီးအကြောင်း ချက်ချင်း ကောက်ချက်ချလိုက်ပါသည်။
အခုအချိန်မှာတော့ ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင် ပညာရှင်များနှင့်၊ ထို့ထက်အဆင့်မြင့်သောပုဂ္ဂိုလ်များကသာ သူ့ကို ကြောက်ရွံ့ ထိတ်လန့် စေနိုင်သည်မှာ ထင်ရှားပါသည်။ ဤအဘိုးကြီးသည် ထိုကျွမ်းကျင်ပညာရှင်များထဲ တစ်ဦးအပါဝင် ဖြစ်ပါသည်။
ဟူဖန်းသည် သူ့အား အမှန်တကယ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပါသည်။ အဘိုးကြီးသည် ဟူဖန်းနှင့်အတူ ထွက်ပေါ်လာကတည်းက သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက သေချာပေါက် သာမန်မဟုတ်နိုင်တော့ပေ။
ချင်ယွင်သည် မကြောက်သော်လည်း, နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း မဖွင့်ခင်, မတိုက်ခိုက်ချင်သေးပါဘူး။ ၎င်းက စောစောစီးစီး သူ၏စွမ်းအားကို ထုတ်ဖော်ပြသရာ ရောက်ပါသည်။ ယင်းက သူ့အတွက် အားချက်ကြီးဖြစ်စေပါသည်။
ကောင်းကင်ယံမှာ ဟူဖန်းနှင့် အဘိုးကြီးတို့သည် ဘေးချင်းကပ် ရပ်နေခဲ့ကြပါသည်။ အဘိုးအိုသည် ဟူဖန်း၏အကြည့်ကို ခံစားနိုင်ပြီး ချင်ယွင်ဆီသို့ ကြည့်လိုက်ပါသည်။
ချင်ယွင်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး၊ နိုးကြားသတိထားသည့် အာရုံများ ထွက်ပေါ်လာသည်။
"ဖန်းအာ, သူလား။" အဖိုးအိုက သူ၏အကြည့်ကို ပြန်ရုပ်လိုက်ပြီး သူ၏ဘေးနားက ဟူဖန်းကို ပြောလိုက်သည်။
“ဟုတ်တယ်” သူပဲ”။ သူက ကျွန်မခင်ပွန်းကို သတ်ပြီး ကျွန်မကို ဒီလိုပုံစံဖြစ်အောင် လုပ်လိုက်တာ။” ဟူဖန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်ပြီး၊ သူ၏လေသံအရ သတ်ပစ်ချင်စိတ်တွေ ပြည့်နေခဲ့ပါသည်။
“အင်း..၊ ဒီကောင်က ရိုးရှင်းပုံ မပေါ်ဘူး။ အခုအချိန် လှုပ်ရှားဖို့က မသင့်တော်ပါဘူး။ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းထဲကို ဝင်ပြီးနောက်မှ လှုပ်ရှားရင်လည်း အချိန် သိပ်နောက်ကျဦးမှာ မဟုတ်ပါဘူး။" ဟု အဘိုးအိုက ပြောသည်။
ဟူဖန်းက သဘောတူကြောင်း ခေါင်းညိတ်ပြသော်လည်း ချင်ယွင်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်စဉ်မှာ, သူမ၏ မျက်လုံးများတွင် အလွန်မင်းပြင်းထန်သော အဆိပ်အတောက် များ ရှိနေပါသည်။
ချင်ယွင်သည် သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်သော်လည်း၊ ဤဆံပင်ဖြူ အဘိုးကြီးကို သူ သတိထားနေဆဲသည်။
ဤအဘိုးကြီးသည် အခုအချိန် မလှုပ်တော့သော်လည်း၊ နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းထဲသို့ ဝင်ရောက်ပြီးနောက်၊ လှုပ်ရှားလာဖွယ် ရှိပါသည်။ အထူးသဖြင့် ဟူဖန်း သူ့ကိုကြည့်သည့်ပုံစံက ဟူဖန်း၏ မျက်လုံးတွေမှာ အဆုံးမဲ့ ပြတ်သားသည့် ဆုံးဖြတ်မှုကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
“အစ်ကိုကြီး, မင်း သတိထားရမယ်။" ရှောင်ဘိုင်သည် မြွေမျိုးနွယ်စု အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သဘာဝအတိုင်း သတ်ဖြတ်လိုစိတ် အားထက်သန်သူ ဖြစ်သည်။ ထို့ကြောင့်, အစောပိုင်းက ဟူဖန်းထံမှ ထုတ်လွှတ်လိုက်သည့် သတ်ဖြတ်ချင်စိတ် အားလုံးကို သူ သဘာဝကျကျ ခံစားနိုင်ခဲ့သည်။
'"အင်း၊ မင်းလည်း သတိထားရမယ်။ မင်း အန္တရာယ်ကြုံရင် ငါ့စကြာဝဠာထဲကို ဝင်နေလိုက် ပါ။ ဒါက ငါလုပ်ထားတဲ့ လေဟာနယ်လမ်းကြောင်း ကျောက်စိမ်းတံဆိပ်ပြားပဲ။ မင်း ဒီကျောက်စိမ်းတံဆိပ်ပြားကို ချိုးလိုက်တာနဲ့ မင်းက ငါ့စကြာဝဠာထဲကို ဝင်နိုင်လိမ့်မယ်။ အဲဒီနေရာက အလုံခြုံဆုံး နေရာပဲ။" ရှောင်ယွင်က ကျောက်စိမ်းတံဆိပ်ပြားကို ရှောင်ဘိုင် အား ပေးရင်း ပြောလိုက်သည်။
ထိုအခိုက်တန့်မှာ, သူသည် ရှောင်ဘိုင်ကို ဂရုမစိုက်နိုင်တော့မည်ကို သူကြောက်မိသည်။ ထို့ကြောင့်, သူသည် ထိုကဲ့သို့ ကျောက်စိမ်းတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။ နောက်ဆုံး တော့၊ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ ဤခရီးသည် သူထင်ထားတာထက် အများကြီး ပိုအန္တရာယ်များပါသည်။
"အင်း”။ ရှောင်ဘိုင်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ချင်ယွင်၏ လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြားကို ယူလိုက်သည်။
ချင်ယွင်သည် ရှောင်ဘိုင်က ကျောက်စိမ်းတံဆိပ်ပြားကို ယူဆောင်သွားသည်ကို မြင်သော အခါမှသာ သူသည် ပို၍ သက်တောင့်သက်သာ ခံစားရလေသည်။ ရှောင်ဘိုင်၏ လုံခြုံဘေးကင်းရေး ပြဿနာကို ဖြေရှင်းပြီးနောက် သူ့အနေဖြင့် အနာဂတ်အတွက် စိုးရိမ်စရာမရှိတော့သလို သူ၏လက်များကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး ကြီးမားသည့် အလုပ်များကို လုပ်နိုင်ပါလိမ့်မည်။
ဘန်း…။
ထိုအချိန်တွင် ကောင်းကင်မှ နောက်ထပ်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းရှေ့မှာ ရုပ်အသွင်နှစ်ခု ပေါ်လာပါသည်။ ထိုပုံရိပ်နှစ်ခုကို ကြည့်လိုက်ရင်း၊ ချင်ယွင်၏ မျက်နှာသည် အားကိုးရာမဲ့ အပြုံးတစ်ခု ပေါ်လာပြန်သည်။
သူတို့နှစ်ယောက်ကို သူ တကယ်သိပါသည်။ ဟုတ်ပါသည်။ သူတို့သည် တော်ဝင်မင် အင်မော်တယ် မင်းဆက်၏ ဧကရာဇ်မင်းမြတ် ရှဟောင်ချင်းနှင့် သူ၏သမီးတော် ရှရှန်းယု မဟုတ်ပါက, ၎င်းတို့သည် မည်သူတို့ ဖြစ်မည်နည်း?။
ချင်ယွင်သည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှ ထွက်ခွာလာခဲ့စဉ်က, ရှရှန်းယုသည် သူမ ပြန်သွားရန် အဆင်သင့်ဖြစ်နေပြီဟု ပြောခဲ့သော်လည်း၊ ယခုအခါ သူမကို ဤနေရာ၌ ထပ်မံတွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။
ချင်ယွင် မမျှော်လင့်ထားသည့် အရာမှာ ရှရှန်းယုသည်လည်း ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းက ချင်ယွင်ကို အဆုံးမရှိ အံ့ဩသွားစေပါသည်။
"ကြည့်ရတာ, ဒီအကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်က တကယ်ကို ထူးထူးခြားခြား ဖြစ်ပုံရတယ်။ ဒါက အဆင့်နှစ်ဆင့် ဆက်တိုက် တိုးတက်လာတာပဲ။" ချင်ယွင်က သူ၏စိတ်ထဲမှာ သက်ပြင်းချလိုက်ပါသည်။ ရှရှန်းယု၏ တိုးတက်မှုအရှိန်ဟုန်ကြောင့် သူ အံ့အားသင့်သွားရသည်။
ရှဟောင်ချင်းနှင့် ရှရှန်းယုပေါ်လာပြီးသည်နှင့် သူတို့သည် လဲ့ထန်းလုံ၊ ကျင်းရှန်နှင့် အဖိုးအိုတို့ရှိနေသည့် အနီးတစ်ဝိုက်ကို ပထမဆုံး လှည့်ပတ်ကြည့်ရှုခဲ့ပြီး၊ နောက်ဆုံးတွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ ရပ်တန့်သွားခဲ့သည်။
"ဟမ့်၊ ချင်ယွင်၊ မင်းကများ ငါ့သမီးကို မင်းရဲ့အစေခံအဖြစ် တကယ်ကို ထားခဲ့တာပဲ။ မင်းက ငါ့ဆိုတဲ့ တော်ဝင်မင် ဧကရာဇ်မင်းမြတ်ကို မျက်လုံးထဲ ထည့်မထားဘူးလား?" ရှဟောင်ချင်း၏ ရုပ်အသွင်သည် ဖျတ်ခနဲ့ လှုပ်ရှားသွားပြီး ချင်ယွင်နှင့် မလှမ်းမကမ်းမှာ ပေါ်လာသည်။ သူက ချင်ယွင်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ထိုအချိန်တုန်းက, ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တပည့်များ ရှေ့တွင် ၎င်း၏သမီးဖြစ်သူအတွက် ချင်ယွင်နှင့် လက်ထပ်ထိမ်းမြားရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ ဤအရာက သူ့မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားသလို ခံစားခဲ့ရသေး သည်။ အခုလည်း သူ၏သမီးကို သူ့အစေခံအဖြစ် ထားလိုက်ပြန်သည်။ ဤအရာက သူ့ကို မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။
ထို့ကြောင့် ချင်ယွင်ကို မြင်သောအခါတွင် သူသည် ပြန်လာ၍ တောင်းပန်စကားလာပြော ရန် မစောင့်နိုင်တော့ပေ။
ဤဟိန်းဟောက်သံကြောင့် လူတိုင်း၏မျက်လုံးများသည် ချင်ယွင်ထံ ချက်ချင်း ရောက်သွားကြသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ရှရှန်းယုနှင့် သူ၏ဆက်ဆံရေးသည် အနည်းငယ် သိမ်မွေ့လာခဲ့သည်။ ထို့ကြောင့် သူသည် ဤရှဟောင်ချင်းနှင့် သေမျိုးရန်သူများအဖြစ် သေချာပေါက် ဖြစ်လာမည် မဟုတ်တော့ပေ။ ထို့ကြောင့် ရှဟောင်ချင်း၏စကားကို မည်သို့ တုန့်ပြန်ရမည်ကို သူ တကယ်မသိခဲ့ပေ။
“ကောင်းပြီ စီနီယာရှ…”
“အဖေ၊ ဒါက တခြားလူတွေထက် နိမ့်ကျတဲ့ သမီးရဲ့အရည်အချင်းကြောင့်ပဲ။ သမီးက ရှုံးနိမ့်တာကို ဝန်ခံနိုင်ပေမယ့်၊ သူ့ကိုတော့ ဒီလိုမျိုး မလုပ်စေချင်ပါဘူး။"
ချင်ယွင် ရှင်းပြခါနီးတွင် ရှရှန်းယု၏ အသံက ရှဟောင်ချင်း အနားတွင် ထွက်ပေါ်လာသည်။
ရှရှန်းယုသည် ရှဟောင်ချင်း၏ အနားသို့ ဆင်းလာပြီး ချင်ယွင်ကို ခေါင်းညိတ်ပြလိုက် သည်။
ချင်ယွင်က ပြုံးပြီး တုန့်ပြန်လိုက်သည်။
သို့သော်လည်း ရှဟောင်ချင်းက ဤစကားကို လက်ခံမည့်ပုံ မပေါ်ပေ။ သူက ချင်ယွင်ကို အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောသည် "ဟမ့်၊ ငါ့သမီးရဲ့ ဂုဏ်သတင်းက ဒီလောက် အရှက်ရသွားတာ။ ငါက မင်းကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ?။ ဒီနေ့ မင်း သေရင်သေ။ မဟုတ်ရင်, မင်း ငါ့သမီးနဲ့ လက်ထပ်ရမယ်"။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ပါးစပ်ထဲမှ သွေးအန်လုမတတ် ဖြစ်သွားရပါသည်။