အခန်း ၁၀၄၇
Vol. 70 Ch. 1047
အခန်း (၁၀၄၇) အရိုက်နှက်ခံရခြင်း။
ဘန်း..။
ချင်ယွင်သည် သူ၏ ခွန်အား အားလုံးကို စုစည်းရန်အတွက် တုံ့ဆိုင်းမနေခဲ့ပေ။ လေနှင့်လျှပ်စီးစွမ်းရည် ကောင်းကင်တာအို စွမ်းအားသည်လည်း သူ၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။ သူ၏အမြန်နှုန်းသည် ရုတ်တရက် အထွတ်အထိပ်သို့ တိုးမြင့်သွားကာ ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ဘေးဘက်သို့ ရှောင်ထွက် သွားခဲ့သည်။
သို့သော်၊ ချင်ယွင်၏ရုပ်အသွင်သည် ဘေးဘက်သို့ ဖျတ်ခနဲ ရှောင်ထွက်သွားစဉ်မှာ ကြောက်မက်ဖွယ် ထက်ရှသော အလင်းတန်းတစ်ခုသည် သူ၏ဘေးတဖက်ရှိ ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်ကို ဖြတ်တောက်သွားခဲ့သည်။
ရလာဒ်အနေဖြင့်, အချင်း မီတာတစ်ရာရှိသော ရှေးဟောင်းသစ်ပင်ကြီးသည် ဆံပင်ဖြူ အဘိုးအို၏ လမ်းလျှောက်တုတ်ကောက်အောက်တွင် ချက်ချင်း ကွဲကြေသွားကာ ကောင်းကင်ယံတွင် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။
"အယ်!"
အဘိုးအိုသည် အံ့အားသင့်သွားသည့်အသံကို တိုးညှင်းစွာ ထုတ်ဖော်လိုက်မိသည်။ ရှင်းရှင်းပြောရလျှင်, ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို အမှန်တကယ် ရှောင်တိမ်းနိုင်မည် ဟု သူ မမျှော်လင့်ခဲ့ပေ။
"ကောင်စုတ်လေး၊ မင်းရဲ့ စွမ်းအားက ကောင်းကင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ အောက် အားနည်းပုံမရပါဘူး။ မင်း ဘာလို့ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်တစ်ဦးအဖြစ် ဟန်ဆောင်နေရတာလဲ?" အဘိုးကြီးသည် မလှမ်းမကမ်းရှိ ချင်ယွင်ကို လှည့်ကြည့်ကာ မေးသည်။ ယခုတစ်ကြိမ်မှာတော့ သူက အလျင်စလို မလှုပ်ရှားတော့ပါဘူး။
"ကျုပ် ဟန်ဆောင်နေတယ်လို့ ဘယ်သူပြောလဲ?" ချင်ယွင်က သူ၏ရင်ဘတ်ကို အုပ်ထား ရင်း ပြောလိုက်သည်။ အစောပိုင်းက ဤအဘိုးအို၏ တိုက်ခိုက်မှုကြောင့် သူသည် အဆုံးမဲ့ နာကျင်မှုကို ခံစားရဆဲပင်။ အကယ်၍, သူသည် ဖင်းဂေါ့ဂ်စွမ်းအားကို ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင်, တခဏအတွင်း ပြန်ကောင်းလာရန် ခက်လိမ့်ပါလိမ့်မည်။
"အိုး? ဒါဆို မင်းရဲ့ ကျင့်ကြံမူအဆင့်က လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်မှာပဲ ရှိသေးလား?။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်နဲ့တောင် မင်းက ကောင်းကင် တာအိုနယ်ပယ်ရဲ့ အဆင့် ၁၂ အစွမ်းကို ပိုင်ဆိုင်ထားတယ်။ ရှေးခေတ်ကတည်းကနေ အခုအချိန်အထိ မင်းက ပထမဆုံးလူ ဖြစ်နိုင်တယ်။" အဘိုးအိုက အံ့အားသင့်သွားပြီး၊ သူ၏လေသံက အံ့သြမှုနှင့်အတူ စိတ်လှုပ်ရှားသွားသည့် ဟန်ပန်ကို သယ်ဆောင်လာ သည်။
သူသည် နှစ်ပေါင်းများစွာ အသက်ရှင်သန် နေထိုင်ခဲ့သည်။ အရင်က သူသည် ယခုလို ထူးဆန်းသည့်အရာမျိုးကို မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။ ကျင့်ကြံမူအဆင့်နှင့် စွမ်းအား ကွာခြားလွန်းသည့် လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ဟုတ်ပါသည်။ ချင်ယွင်၏ အလားအလာက သူ့ကို ပြင်းထန်သည့် ဖိအားတွေ ဆက်တိုက် ခံစားရစေပါသည်။ သူသည် နှစ်တစ်ရာအောက်သာ ကျင့်ကြံခဲ့သူ ဖြစ်ပြီး၊ ကောင်းကင် တာအိုနယ်ပယ်၏ အဆင့် ၁၂ သို့ ရောက်ရှိနေခဲ့သည်။ ဤပါရမီအရည်အချင်းသည် ကောင်းကင်ဘုံကို မည်မျှ အံတုနေခဲ့သနည်း?။
"ဒီကလေးကို လုံးဝ ရှင်သန်ခွင့်ပေးလို့ မရဘူး။" ဆံပင်ဖြူ အဘိုးအိုက သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏နှလုံးသားထဲတွင် သတ်ပစ်ချင်စိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။
ထိုအခိုက်တွင် ချင်ယွင်၏ နှလုံးသည်လည်း တုန်လှုပ် ချောက်ချားနေသည်။ သူ၏ရှေ့ရှိ ဤအဘိုးအို၏စွမ်းအားသည်လည်း သူ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။ အကယ်၍, သူ၏ နည်းလမ်းအားလုံးကို အကုန်သုံးပြုလျှင်ပင်, သူသည် ဤအဘိုးကြီးကို သတ်ပစ်နိုင်မည်ဟု ယုံကြည်မူမရှိပါဘူး။
"ကြည့်ရတာ, ငါ စောစောစီးစီး ထွက်ပြေးဖို့ လိုနေပုံပဲ။ အခု သူ့ကို ထိပ်တိုက် ရင်ဆိုင်ဖို့က မသင့်တော်ဘူး" ချင်ယွင်က သူ၏စိတ်ထဲတွင် ပေသီးခုံခေါက်ရင်း ပြောလိုက်သည်။ (ပေသီးခုံ ခေါက်ရင်းဟူသည် တွက်ချက်ခြင်းကို တင်စားပြောခြင်း ဖြစ်ပါသည်)။
သူသည် တယူသန်ဆန်သော လူစားမျိုး မဟုတ်ပေ။ အကယ်၍, သူ မရိုက်နိုင်ဘူးဆိုလျှင်၊ ထွက်ပြေးရလိမ့်မည်။ ဤသည်မှာ သူ၏ဆရာ ယစ်ထုတ်အဘိုးကြီး သင်ပေးထားခဲ့သော အခြေခံစည်းမျဉ်း ဖြစ်သည်။ ဤအရာက ရှက်စရာမဟုတ်ပါ။
ထို့အပြင်၊ ဤအဘိုးအိုသည် မည်မျှကြာအောင် ကျင့်ကြံပြီးပြီလဲ?။ ချင်ယွင်က ကျင့်ကြံခဲ့တာ မည်မျှကြာပြီလဲ?။
"ဟမ့်၊ ချာတိတ်လေး၊ မင်း ဘာတွေတွေးနေမှန်း ငါ မသိဘူးမထင်နဲ့။ မင်း ထွက်ပြေး ချင်နေတာ မဟုတ်လား?။ မင်းက နည်းနည်းတော့ အံ့ဩစရာကောင်းနေသေးတယ်။ စိတ်မပူပါနဲ့၊ ငါ မင်းကို လွတ်မြောက်ဖို့ အခွင့်အရေး မပေးဘူး။” ဆံပင်ဖြူ အဘိုးကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ အေးစက်သော အပြုံးက သူ၏ပါးစပ်ထောင့် မှ ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူသည် ဤရုပ်ကြွင်းအဆင့် မွန်းစတားအိုကြီးနှင့် ရင်ဆိုင်ရချိန်မှာ၊ ထိုအဘိုကြီးသည် သူတွေးနေပုံကိုပင် ပြောပြနိုင်သည်။
“ရွှမ်း…။
အစိမ်းရောင် လမ်းလျှောက်တုတ်ကောက်က မြေပြင်ပေါ်သို့ တချက်ဆောင့်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော လေဓားတစ်ချောင်းက ချက်ချင်း ထွက်ပေါ်လာသည်။
ရှေးဟောင်းဖရိုဖရဲ ကောင်းကင်တာအို….။
ထိုကြောက်မက်ဖွယ်ကောင်းသော လေဓားသည် အရာအားလုံးကို စုတ်ဖြဲနိုင်သည့်အလား အလွန်မင်း ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေပါသည်။
ချင်ယွင်၏ အမူအရာသည် အလျင်အမြန် ပြောင်းလဲသွားပြီး နောက်တဖန် ရှောင်တိမ်း သွားပြန်သည် ။
ကြောက်မက်ဖွယ်ကောင်းသော လေဓားသည် သူ၏ပတ်ဝန်းကျင်ရှိ ကြီးမားလှသော ရှေးဟောင်းသစ်ပင်များကို ချက်ချင်း ဖြတ်တောက်ကာ ကြီးမားသော ဧရိယာပြင်ကြီးအထိ ပြိုလဲသွားစေခဲ့သည်။
ချင်ယွင်သည် သူ၏တုံ့ပြန်နိုင်စွမ်း အချိန်မီသွားသည့်အတွက် တိတ်တဆိတ် ဝမ်းသာမိ သည်။ အကယ်၍၊ သူသာ ဤလေဓားကို ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်, နာကျင်စရာ ကောင်းသည့် တန်ဖိုးကို ပေးချေရလိမ့်မည်။
"ဟမ့်၊ မင်းက အရမ်းကို ငယ်ပါသေးတယ်လေ။" သို့သော် ချင်ယွင်၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်မသွားခင်၊ အိုမင်းနေသောအသံက သူ၏နားထဲတွင် ထွက်ပေါ်လာ သည်။
ထို့နောက်တွင်၊ ချင်ယွင်သည် အဆုံးမဲ့ ရှေးဟောင်း ဖရိုဖရဲ အတက်အကျလှိုင်းများ သယ်ဆောင်လာသော အစိမ်းရောင်လမ်းလျှောက်တုတ်ကောက်ကို မြင်လိုက်ရပြီး၊ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ရိုက်ချလာပါသည်။
၎င်း၏အမြန်နှုန်းက စိမ်းပြာရောင်အလင်းတန်းတစ်ခုကဲ့သို့ မြန်လွန်းပါသည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ထိုအချိန်မှာ သူသည် ရှောင်တိမ်းရန် နောက်ကျသွားပါပြီ။ သူသည် တစ်ချက်ထိုးနှက်ပြီး အတင်းအကျပ် တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့ပါသည်။
ဘန်း…။
နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အသက်သွင်းလိုက်သည်နှင့် နတ်နဂါး၏စွမ်းအား၊ ဖင်းဂေါ့ဂ်စွမ်းအားနှင့် လေနှင့်လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုစွမ်းအားများ အားလုံးသည် တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့ပြီး၊ ချင်ယွင်၏လက်ထဲတွင် စုစည်းမိသွား သည်။
နဂါးလက်သီးသိုင်း၏ ခြောက်ခုမြောက် သိုင်းကွက် “ငါသည် နတ်နဂါးတစ်ကောင် ဖြစ်သည်”ကို ချက်ချင်း အသုံးပြုလိုက်ရသည်။
“အောင်း..”
နဂါးဟိန်းဟောက်သံက တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်နေပြီး ချင်ယွင်၏ လက်သီးမှ ချက်ချင်းပင် ခရမ်းရောင်ရွှေရောင် နဂါးကြီးတစ်ကောင် ထွက်လာခဲ့ပြီး စိမ်းပြာရောင် လမ်းလျှောက်တုတ်ကောက်နှင့် အပြင်းအထန် တိုက်မိသွားသည်။
“ဘုန်း..”။
ဧရာမ နဂါးပုံရိပ်ကြီးသည် လမ်းလျှောက်တုတ်ကောက်နှင့် ရိုက်မိပြီး ချက်ခြင်း ကွဲအက်သွားခဲ့သည်။ ကြောက်စရာကောင်းသော လမ်းလျှောက်တုတ်ကောက်သည် ချင်ယွင်၏ ပခုံးပေါ်သို့ အတားအဆီးမရှိ ကျဆင်းသွားခဲ့သည်။
"ဖျစ်...ဖျစ်...”
ပခုံးအရိုး ကျိုးသွားသည့်အသံက ထွက်ပေါ်လာပြီး ချင်ယွင်၏သွေးများသည် ပန်းထွက် သွားပြန်သည်။ သူ၏ရုပ်အသွင်က ပြိုလဲသွားကာ၊ ကျောက်တုံးကြီးကဲ့သို့ လွှင့်ထွက်သွားခဲ့ သည်။
"ဘုန်း..”။
ချင်ယွင်သည် ရှေးဟောင်းသစ်ပင်များစွာကို အပြင်းအထန်တိုက်မိပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဖရိုဖရဲ ကောင်းကင်တာအို စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော် ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်ရှိ အရာအားလုံးကို သတ်ပစ်ချင်သလိုမျိုး အလွန်မင်း နာကျင်မူကို ခံစားရစေသည်။
"အရမ်းသန်မာလွန်းတယ်။ ကြည့်ရတာ၊ ဒီအဘိုးကြီးကို ငါ တကယ်ကို မတိုက်နိုင်ဘူးထင် တယ်" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး အဘိုးအိုကို ကြောက်စိတ်က ပို၍ ပြင်းထန် လာခဲ့သည်။
ခပ်ဝေးဝေးတွင်၊ ဟူဖန်းသည် ချင်ယွင်တစ်ယောက် တလုတ်ပြီးတလုတ် သွေးအန်နေသည် ကို တွေ့လိုက်ရသဖြင့်၊ သူမမျက်နှာက တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ပျော်ရွှင်မှုမျိုး ရှိနေခဲ့ပါသည်။
"ဟား..၊ ဟား...၊ ချင်ယွင်၊ ဒီနေ့က နင့်ရဲ့သေနေ့လို့ ငါ ပြောခဲ့သားပဲ။ နင်က တကယ်ပဲ အကြီးအကဲယုရဲ့ ခွန်အားကို မဆန့်ကျင်နိုင်ဘူးပဲ" ဟူဖန်းက ရယ်မောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ၏သွားတွေကို တင်းတင်းကြိတ်ပြီး၊ လက်သီးတွေ ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အမျက်ဒေါသက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
“ဒီနေ့ဖြစ်ခဲ့သမျှအရာအားလုံး ဒီမိန်းမကြောင့် ဖြစ်ရတာပဲ။ သူမကြောင့်သာ မဟုတ်ရင် ဒီရုပ်ကြွင်းအဆင့်ပုဂ္ဂိုလ်ကြီးက သူ့ကို ဘယ်လိုလုပ် တိုက်ခိုက်မှာလဲ။ ဒါ့အပြင် ချင်လန်ကို သတ်ဖြတ်ခြင်းက သူ မမှားပါဘူး။ အရာအားလုံးက ချင်လန်နဲ့ ထိုက်တန်ခဲ့ပါတယ်။”
"ဒီနေ့, ငါချင်ယွင် ကံကောင်းလို့ လွတ်မြောက်သွားခဲ့ရင်, နောက်တစ်ကြိမ်ဆို မင်းတို့ကို နာကျင်စေမယ့် တန်ဘိုးကို ငါ သေချာပေါက် ပြန်ပေးရလိမ့်မယ်" ချင်ယွင်က အေးစက်စက် ပြောပြီး သူ၏အမျက်ဒေါသက မီးတောင်လို ပေါက်ကွဲနေခဲ့သည်။
"ဟမ်၊ နင့်မှာ အခွင့်အရေး မရှိတော့ဘူး။ အကြီးအကဲယု၊ သူ့ကို သတ်ပစ်လိုက်။" ဟူဖန်းက ပြောသည်။
ထိုစကားကို အကြီးအကဲယု ကြားသည်နှင့်၊ သူ၏လက်ထဲမှ လမ်းလျှောက်တုတ်ကောင် သည် ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းတစ်ခုနှင့်အတူ တစ်ဖန် မြင့်တက်လာ ပြန်သည်။
ဝှီး....။
အကြီးအကဲယု၏ ရုပ်အသွင်သည် ပေါ်လာသော်လည်း၊ တစ်ခုတည်းမဟုတ်၊ သုံးခု ဖြစ်နေပါသည်။
လူသုံးယောက်သည် မတူညီသော လမ်းကြောင်းသုံးခုမှ ချင်ယွင်ဆီသို့ ပြေးသွားကြသည်။ ပုံရိပ်တစ်ပုံချင်းစီရှိ အငွေ့အသက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ သည်။
ချင်ယွင်၏မျက်နှာသည် ထိတ်လန့်သွားပြီး သူ၏မျက်လုံးများသည် အလွန်လေးနက်သော အမူအရာကို ဖြစ်ပေါ်နေသည်၊ အဘယ်ကြောင့်ဆိုသော် ပုံရိပ်သုံးခုသည် မည်သည့်ပုံရိပ်က အစစ်အမှန်, မည်သည့်ပုံရိပ်က အတုဖြစ်သည်ကို အတိအကျ မဆုံးဖြတ်နိုင်သောကြောင့် ဖြစ်သည်။
"ငါ မထိန်းနိုင်တော့ဘူး။" နည်းနည်းမှ တုန့်ဆိုင်းမနေဘဲ ချင်ယွင်သည် ကြည်လင် ကောင်းကင်ဓားကို တိုက်ရိုက်ဆွဲထုတ်ပြီး၊ တိုက်ခိုက်သံကြားသည့်ဆီသို့ တားဆီးလိုက် သည်။
ချွင်….
ချင်ယွင်၏ ကြည်လင်ကောင်းကင်ဓားသည် စိမ်းပြာရောင်လမ်းလျှောက်တုတ်ကောင်နှင့် အပြင်းအထန် တိုက်မိသွားပြီး၊ သန့်စင်သည့် သံမဏိအချင်းချင်း ထိတွေ့သံ ထွက်ပေါ်လာ သည်။ ပြင်းထန်သော လေပြင်းက ပတ်ဝန်းကျင်ကို ချက်ချင်း တိုက်ခတ်သွားသည်။
"ငါ တားဆီးနိုင်လိုက်တာလား?။" ချင်ယွင်၏မျက်နှာသည် ရွှင်လန်းသည့် အမူအရာ ပေါ်လာသည်။ သူ၏ ကြုံရာကျပန်း မှန်းဆချက်တွေထဲက တစ်ခုသည် အစစ်အမှန် တစ်ခုဖြစ်သွားသည်အထိ ခန့်မှန်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအို၏ နှုတ်ခမ်းများက ပြုံးယောင် သမ်းနေသည်ကို တွေ့လိုက်ရသည်။
"မကောင်းတော့ဘူး.." ချင်ယွင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သို့သော် သူ မတုံ့ပြန်မီတွင် အစိမ်းပြာရောင်အလင်းတန်းတစ်ခု သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
ကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်၏ အတွင်းအင်္ဂါများကို ဖြိုခွဲပစ်ရန် လုံလောက်သည်။
ယင်းတိုက်ခိုက်မူ မပြီးဆုံခင် ချင်ယွင်၏ရုပ်အသွင်သည် နောက်ပြန် လွင့်ပျံခါနီးတွင် အစိမ်းပြာရောင် အလင်းတန်းတစ်ခုက သူ၏နောက်မှ ဖြတ်သွားကာ သူ၏ကျောရိုးပေါ်သို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။
"ဖူး..”
ချင်ယွင်သည် သွေးများ ပြင်းထန်စွာ အန်ထုတ်လိုက်ရပြီး သူ၏တစ်ကိုယ်လုံး လွင့်ထွက် သွားကာ ရှည်လျားသော စွပ်ကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ဘေးတဘက်ခြမ်းမှာတော့ ဆံပင်ဖြူအဘိုးကြီးနှင့်တူသည့် အကြီးအကဲ သုံးယောက်ရှိနေခဲ့ သည်။ သူတို့တစ်ဦးစီသည် လက်ထဲတွင် အစိမ်းပြာရောင် လမ်းလျှောက်တုတ်ကောင် တစ်ချောင်းစီကို ကိုင်ဆောင်ထားကြပြီး ၎င်းတို့၏ အငွေ့အသက်များပင် တူညီကြသည်။