အခန်း ၃၀၁
Vol. 16 Ch. 301
အပိုင်း(၃၀၁) ယာဉ်တန်း တိုးချဲ့ခြင်း
"ဆရာ... ဒီနေ့လည်း ထမင်းမစားရပြန်ဘူးလား"
တင်းတုံတစ်ယောက် ပြန်ရောက်ရောက်ချင်း သက်တမ်းလွန် ဘီစကွတ် အိတ်တစ်ဝက်ခန့်ကို ထုတ်ကာ တိတ်တဆိတ် ကိုက်စားနေသည်ကို မြင်လိုက်ရသဖြင့် ကျိုးရှောင်ရှောင်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာများ ပေါ်လွင်နေသည်။
သူမက ပါးစပ်ကို ပိတ်ကာ အားရပါးရ ဝါးစားနေသည့် ပုံစံမှာ ရန်သူတစ်ဦးဦး၏ အသားကို ကိုက်ဖြတ်စားသောက်နေသည်ဟုပင် ထင်မှတ်ရပေသည်။
ကျိုးရှောင်ရှောင်သည် သူမ၏ဆရာဖြစ်သူမှာ ဒီနေ့လည်း ထိုလူစုဆီမှ အစားအသောက် လုမစားနိုင်ခဲ့ပြန်ကြောင်း ခန့်မှန်းမိလိုက်သည်။
ဟူး၊ ဒါဆိုလျှင် ဘယ်နှကြိမ်မြောက် ရှိနေပြီလဲ ဆိုသည်ကိုပင် မမှတ်မိတော့ပေ။
သူမ၏ဆရာက သဘောကောင်းလွန်းနေသည်။ ချန်းရီနှင့် ခေါင်းဆောင်ချူ တို့လို လူမျိုးများနှင့် အတူရှိနေပါက အလွယ်တကူ အနစ်နာခံရတတ်ပေသည်။
တင်းတုံက မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဟွန့်... နင် ဒီနေ့ သိုင်းကျင့်လို့ ပြီးပြီလား... ငါ နင့်ကို သိုင်းကွက် နည်းနည်းလောက် သင်ပေးရမလား"
ကျိုးရှောင်ရှောင်၏ မျက်နှာက ချက်ချင်း တည်ကြက်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
"လောလောဆယ်တော့ မလိုသေးပါဘူး... ဆရာ ဂရုစိုက်ပေးတာ ကျေးဇူးပါ... တပည့် အခုပဲ သိုင်းသွားကျင့်လိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် ကျိုးရှောင်ရှောင်က လှည့်ကာ ခပ်သုတ်သုတ် ထွက်ခွာသွားလေသည်။
သာမန်လူတစ်ယောက်အနေဖြင့် သိုင်းပညာကို မည်မျှပင် လေ့ကျင့်စေကာမူ လက်ဝှေ့သမား လမ်းစဉ် အစွမ်းပိုင်ရှင်တစ်ယောက်၏ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပေ။
သူတို့နှစ်ယောက်က အဆင့်အတန်းချင်း လုံးဝကို ကွာခြားနေသည်။
တင်းတုံက ထိုမုန်းစရာကောင်းသော မျက်နှာကို သတိရလိုက်တိုင်း အံကြိတ်မိသည်အထိ ဒေါသထွက်မိသည်။
တကယ်တော့ အခြားသူများက သူမ၏ ရုပ်ရည်သွင်ပြင်ကို ဝေဖန်ပြောဆိုနေကြသည်ကို သူမက သိပ်ဂရုစိုက်လေ့ မရှိပေ။
ဤအမျိုးသမီး၏ အဘိဓာန်ထဲတွင် ရုပ်ရည်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုဆိုသော စကားလုံး လုံးဝ မရှိခဲ့ချေ။
ထို့အပြင် သူမကိုယ်သူမ အလှပိုင်ရှင်ကြီး တစ်ယောက် မဟုတ်ကြောင်း သိထားပြီး ထိုကိစ္စအတွက်နှင့်လည်း မည်သည့် စိတ်ခံစားချက်မျှ ဖြစ်ပေါ်လေ့ မရှိပေ။
ကမ္ဘာပျက်ကပ် မတိုင်မီကပင် အမျိုးသမီးအများစုသည် ဆံပင်ဆိုးခြင်း၊ လက်သည်းပုံဖော်ခြင်းစသည့် အလှပြင်ခြင်းများဖြင့် အလုပ်ရှုပ်နေတတ်ကြသည်။
သူမကမူ နေ့စဉ်သုံး ရေချိုးခန်းသုံး ပစ္စည်းများမှလွဲ၍ အိမ်တွင် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းတစ်မျိုးမျှပင် ရှိမနေခဲ့ချေ။
သူမ၏ ဘဝတွင် လှသည်၊ မလှသည် ဆိုသည့်အရာထက် ပို၍ စိတ်ဝင်စားစရာကောင်းသော ကိစ္စရပ်များ များစွာ ရှိနေသည်။
သို့သော်ငြားလည်း။
ဂရုမစိုက်သည်က တစ်ပိုင်းဖြစ်သော်လည်း မျက်နှာချင်းဆိုင် လာရောက်ပြောဆိုပါက တစ်ဖက်လူ၏ အမှားသာ ဖြစ်သွားပေလိမ့်မည်။
ထို လူဝကြီးကား အတော်လေး လွန်လွန်းလှသည်။
ယာဉ်တန်းတစ်ခုလုံးတွင် သူမတစ်ယောက်တည်းကသာ သူ့ကို ဒုက္ခမပေးခဲ့သော်လည်း ထိုကောင်က သူမကို အနိုင်ကျင့်၍ ရသည်ဟု ထင်မှတ်နေခဲ့သည်။
ထိုကိစ္စကို တွေးမိလိုက်တိုင်း တင်းတုံမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်မိလျက်သား ဖြစ်သွားရသည်။
ထိုလူဝကြီးသည် အဘယ်ကြောင့် ထိုစကားမျိုးကို ပြောခဲ့ရသနည်း။
ရိုးရိုးရှင်းရှင်း နားလည်ရမည်ဆိုလျှင် ထိုအချိန်က သူ၏ ဦးနှောက် ချို့ယွင်းသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
အချို့သော လူများသည် ပုံမှန်အချိန်တွင် အလွန်အမင်း မိုက်မဲနေပုံ မပေါ်သော်လည်း တစ်ခါတစ်ရံတွင်မူ စိတ်ခံစားချက် တစ်ခုခုက ရင်ထဲတွင် လွှမ်းမိုးနေတတ်သောကြောင့် အခြေအနေ တစ်ခုခုကြုံလာပါက မပြောသင့်သော စကားများကို ပြောမိသွားတတ်ကြသည်။
နောက်ပိုင်းမှ ပြန်တွေးမိသောအခါ ရှက်ရမ်းရမ်းကာ ပေါင်ကို ရိုက်မိတတ်ကြပြီး ထိုအချိန်က မိမိကိုယ်ကို အဘယ်ကြောင့် ထိုမျှလောက် အရူးအမူး နိုင်ခဲ့ရသနည်းဟုပင် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိတတ်ကြသည်။
ထိုအချိန်တွင် လူဝကြီးသည် တဲအိမ်လေးထဲ၌ ရပ်နေရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။
ဝက်ခေါင်းကဲ့သို့ ဖောင်းအစ်နေသော မျက်နှာပေါ်ရှိ သေးငယ်သော မျက်လုံးလေးများက အဆက်မပြတ် လှုပ်ရှားနေကြသည်။
အကြံအစည် ကြီးမားသော်လည်း တွက်ချက်၍ မရနိုင်သော ဟန်ပန်တစ်ခုက သူ၏ ကိုယ်ပေါ်မှ စတင် ထွက်ပေါ်လာသည်။
လူဝကြီး၏ လက်ထဲတွင် ရိုးရှင်းသော မြေပုံကြမ်း တစ်ခုကို ဆုပ်ကိုင်ထားသည်။
မြေပုံ၏ အလယ်ဗဟိုတွင် အနီရောင် စက်ဝိုင်းငယ်လေး တစ်ခုကို ဆွဲထားသည်။
ထိုစက်ဝိုင်းငယ်လေး၏ ဘေးတွင် ဒဏ္ဍာရီလာ အိုအေစစ် ဟူသော စာလုံးကြီးများကို ရေးသားထားသည်။
အကယ်၍ ဤမြေပုံအတိုင်း သွားမည်ဆိုပါက မကြာမီတွင် ဒဏ္ဍာရီလာ အိုအေစစ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
၎င်းမှာ ဒဏ္ဍာရီလာ အိုအေစစ်ကြီး ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ မြောက်မြားစွာ တောင့်တနေကြသော နေရာတစ်ခု ဖြစ်ပြီး ထိုနေရာတွင် လုံလောက်သော အစားအသောက်များ ရှိရုံသာမက လုံခြုံစိတ်ချရသော နေထိုင်ရန် ပတ်ဝန်းကျင်ပါ ရှိသည်ဟု ကောလာဟလ ထွက်ပေါ်နေသည်။
ထို့အပြင် ထူးဆန်းသည့် အရာများစွာလည်း ရှိနေသေးသည်။
သူ ကြားသိခဲ့ရသော သတင်းများအရ ထိုနေရာတွင် ထူးဆန်းသည့် အရာများနှင့် သက်ဆိုင်သော ပစ္စည်းများစွာ ရှိနေသည်ဟု သိရသည်။
ဥပမာအားဖြင့် ထူးဆန်းသည့်အရာ၏ နှလုံးသား ကဲ့သို့သော အဖိုးတန် ပစ္စည်းကောင်းမျိုးပင် ဖြစ်သည်။
ဤသတင်းကို သူက ခေါင်းဆောင်၏ နေ့စဉ်မှတ်တမ်းထဲတွင် ရေးသားထားခဲ့ခြင်း မရှိပေ။
အကယ်၍ ဤပစ္စည်းကို ခေါင်းဆောင်ချူထံသို့ ပေးအပ်လိုက်ပါက အကျိုးအမြတ် အများဆုံး ရရှိအောင် မည်သို့ လုပ်ဆောင်ရမည်နည်း။
အင်း၊ သေချာ စဉ်းစားရပေမည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ ရုတ်တရက် အံ့ဩတကြီး အော်ဟစ်သံများနှင့် ဆူညံသံများကို ကြားလိုက်ရသည်။
လူဝကြီးက ရှောင်တယ်ဇီကို ခေါ်၍ မေးမြန်းရန် ပြင်လိုက်ချိန်မှာပင်။
ရှောင်တယ်ဇီက အံ့ဩဝမ်းသာစွာဖြင့် ပြေးဝင်လာပြီး သူ၏ စူးရှသော အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး... ကားတွေ... စခန်းထဲကို ကားတွေ အများကြီး ရောက်လာပြီ"
"ကား..."
လူဝကြီးက တဲတံခါးကို လှန်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် စခန်းအတွင်း၌ လူများ၏ ဆူညံသံများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ဘတ်စ်ကားကြီး နှစ်စီးကို တစ်တန်းတည်း ရပ်ထားပြီး အသက်ရှင်ကျန်ရစ်သူများက ထိုကားနှစ်စီးကို ဝိုင်းရံကာ တီးတိုး ဆွေးနွေးနေကြသည်။
တစ်ခဏချင်းမှာပင် ပြောဆိုသံ မျိုးစုံ ထွက်ပေါ်လာသည်။
ကားကိုယ်ထည်ပေါ်တွင် လေဆိပ် အမြန်ယာဉ် ဟူသော စာလုံးများကို ရေးသားထားသည်။
ချန်းရီက မေးစေ့ကို ပွတ်သပ်ရင်း ထိုလေဆိပ် ဘတ်စ်ကားကြီး နှစ်စီးကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လမ်းစဉ်တိုင်း၌ ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားဆန်းကြယ်မှုများ ရှိနေကြသည်။
ဤစကားစု လမ်းစဉ်ကို ကြည့်ရသည်မှာ သိပ်ပြီး အစွမ်းထက်သည့်ပုံ မပေါ်ပေ။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူက ဘတ်စ်ကားကြီး နှစ်စီးကို ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ရာ ထိုအစွမ်းက အခြားသော လမ်းစဉ်များထက် များစွာ ပိုမို အစွမ်းထက်နေကြောင်း သိသာထင်ရှားလှသည်။
စောစောက ထိုကားနှစ်စီး မိုးကုပ်စက်ဝိုင်းဆီမှ လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာသည်ကို သူ မြင်တွေ့ခဲ့ရသည်။
ချန်းရီပင်လျှင် အနည်းငယ် လန့်သွားခဲ့သည်။
အခြားသော ယာဉ်တန်းတစ်ခု ရောက်လာသည်ဟုပင် ထင်မှတ်ခဲ့မိသည်။
သို့သော် အဆုံးတွင် ထိုကားနှစ်စီးမှာ ယာဉ်မောင်းမပါဘဲ မောင်းနှင်လာသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တကယ့်ကို မောင်းသူမဲ့ ပင် ဖြစ်သည်။
ရှောင်ယွီ လုပ်နိုင်သည့် ပုံစံမျိုး မဟုတ်ပေ။
ခေါင်းဆောင်ချူသာ တည်ငြိမ်မနေခဲ့ပါက ချန်းရီ တစ်ယောက် တစ္ဆေခြောက်နေသည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
သို့သော် ကားနှစ်စီးတည်းဖြင့် လူတစ်ရာကျော်ကို တင်ဆောင်နိုင်ရန်မှာ အနည်းငယ် ခက်ခဲနိုင်ပေသည်။
နားထဲတွင် တိုးညင်းသော ဆွေးနွေးသံများကို ကြားလိုက်ရသည်။
"ကားနှစ်စီးတည်းနဲ့ ငါတို့လူတွေ အားလုံးကို တင်ဖို့ဆိုတာ နည်းနည်း ခက်လောက်တယ်"
"ကားနှစ်စီးတည်းလား... ငါတို့လူတွေ ဒီလောက်များတာ မလောက်နိုင်လောက်ဘူး"
"ဟုတ်တယ်... နောက်ထပ် ကားနှစ်စီးလောက် ဘာလို့ မရှာကြတာလဲ... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီဆိုတော့ ဒီကားတွေကို ဘယ်သူမှ မလိုချင်ကြတော့ဘူးလေ"
"ဒီလူတွေက တကယ်ပါပဲ... အလုပ်လေးတစ်ခုကိုတောင် သေချာ မလုပ်တတ်ကြဘူး"
သေချာသည်မှာ ထိုအသံများသည် တိုးညင်းသော ဆွေးနွေးသံများသာ ဖြစ်ကြသည်။
ကမ္ဘာပျက်ကပ် စတင်ချိန်မှ ယခုအချိန်အထိ ထိုစကားများကို အော်ဟစ်ပြောဆိုရဲလောက်အောင် မိုက်မဲသူ မရှိတော့ပေ။ အစွမ်းပိုင်ရှင်များကိုပင် မျက်လုံးချင်း မဆုံရဲဘဲ တိုးတိုးတိတ်တိတ်သာ ညည်းတွားရဲကြသည်။
အခြေအနေကို နားမလည်နိုင်ခဲ့သူများ အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ချန်းရီက အကြည့်တစ်ချက် ဝေ့ဝဲလိုက်ရာ အသက်ရှင်ကျန်ရစ်သူများမှာ ခေါင်းများကို အသီးသီး ငုံ့သွားကြပြီး ချန်းရီ၏ သွေးမျက်လုံးများကို မကြည့်ရဲကြတော့ချေ။
ချန်းရီက ယခုအခါ ပုံမှန်အခြေအနေများတွင် နေကာမျက်မှန် တပ်ထားလေ့ သိပ်မရှိတော့ပေ။
ထို့ကြောင့် အိပ်မက်ဆိုးနှင့် တူလှသော ထိုမျက်နှာကြီးသည် အသက်ရှင်ကျန်ရစ်သူများ၏ မျက်စိရှေ့တွင် မကြာခဏ ပေါ်လာတတ်သည်။
မျက်လုံးနှစ်လုံးတွင် တစ်လုံးမှာ အမည်းရောင် အပေါက်ကြီးဖြစ်နေပြီး ကျန်တစ်လုံးမှာမူ ထူးဆန်းသော အနီရောင်အလင်းတန်းများကို အမြဲတစေ ထုတ်လွှတ်နေသည်။
ချန်းရီက တကယ်တမ်းတွင် ထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်မျိုး မလုပ်ခဲ့လျှင်ပင် လူများကို အကြောက်တရား ဖြစ်ပေါ်စေဆဲပင်။
အထူးသဖြင့် ထိုသွေးမျက်လုံးနှင့် အကြည့်ချင်း ဆုံမိချိန်များတွင် ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ နက်ရှိုင်းသော ချောက်ကမ်းပါးကြီးထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရတတ်သည်။
"မင်းကောင်လေး... တကယ်မဆိုးဘူးပဲ"
ဆံပင်များ တဖြည်းဖြည်း ပါးလျလာသော ခေါင်းဆောင်ချူက ချန်ဟောင်၏ ပခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။
သို့သော် ချန်ဟောင်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
"ကျွန်... ကျွန်တော်... လူတွေ အရမ်းများတော့... ကားက... နည်းသွားတယ်"
ဤအနည်းငယ် ရှက်တတ်သော စကားထစ်သည့် အမျိုးသားသည် အပြစ်ရှိသလို ခံစားနေရသေးသည်။
ခေါင်းဆောင်ချူက ဟားတိုက်ရယ်မောလိုက်သည်။
"ဒါက အသေးအမွှားလေးပါကွာ... ထိုင်စရာရှိရင် ရပြီပေါ့... အခုက ကမ္ဘာပျက်ကပ် ရောက်နေတာလေ... ခရီးထွက်နေတာမှ မဟုတ်တာ"
"ငါက သူတို့ သက်တောင့်သက်သာ ရှိမရှိကိုပါ ဂရုစိုက်နေရဦးမှာလား"
ခေါင်းဆောင်ချူက ဘေးနားရှိ ရွှီနန်ကို ပြောလိုက်သည်။
"အားလုံးကို ကားပေါ် အမြန်တက်ခိုင်းလိုက်... နောက် ဆယ်မိနစ်နေရင် ယာဉ်တန်းက ဒီနေရာကနေ ထွက်ခွာမယ်"
ရွှီနန်၏ အရုပ်ဆိုးသော မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
"သိပါပြီ"
ရွှီနန်က ယာဉ်တန်းဘက်ရှိ အသက်ရှင်ကျန်ရစ်သူများ ရှေ့သို့ ရောက်လာခဲ့သည်။
"အစ်ကိုကောက်"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လူအုပ်ကြားထဲတွင် ပုန်းကွယ်နေသော အစ်ကိုကောက် တစ်ယောက် တုန်တက်သွားသည်။
မနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် အစ်ကိုကောက်မှာ အမြဲလိုလို ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။ ချန်းရီက အရေးမယူခဲ့သော်လည်း အစ်ကိုကောက်မှာမူ စိုးရိမ်ပူပန်နေဆဲပင် ဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် သူသည် အလွန်တိတ်ဆိတ်စွာ နေထိုင်နေခဲ့သည်။
"အုပ်... တာဝန်ခံရွှီ"
ရွှီနန်က လေဆိပ် ဘတ်စ်ကားကြီး နှစ်စီးထဲမှ တစ်စီးကို လက်ညိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အခုကစပြီး မင်းက နံပါတ်(၆) ကားရဲ့ ယာဉ်တန်းမန်နေဂျာပဲ... မင်းလူတွေကို အခုချက်ချင်း ကားပေါ်တက်ခိုင်း... နောက်နှစ်မိနစ်နေရင် ဒီကနေ ထွက်မယ်"
"မြန်မြန်လုပ်"
အစ်ကိုကောက် ကြောင်သွားသည်။ ငါ့လူတွေ ဟုတ်လား။
ဘယ်ကောင်တွေက ငါ့လူတွေ ဖြစ်နေရတာလဲ။
သို့သော် တစ်ခဏအတွင်းမှာပင် အစ်ကိုကောက် သဘောပေါက်သွားပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လွင်သွားကာ ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... တာဝန်ခံရွှီ"
"ရှောင်ဟူ... ရှောင်လုံ... ငါနဲ့အတူ ကားသွားမောင်းမယ်"
အစ်ကိုကောက်ကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ။
ယာဉ်တန်းအတွင်း၌ အစ်ကိုကောက် ကဲ့သို့သော လူမျိုးကသာ မန်နေဂျာ ဖြစ်လာရန် အသင့်တော်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။
ဤကောင်သည် မည်သူ့အကူအညီမှ မပါဘဲ ရှုပ်ထွေးလှသော ယာဉ်တန်း၏ ပတ်ဝန်းကျင်တွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် နောက်ခံအင်အား ရှိပုံရသော ရှုလီနာ နှင့်ပင် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့သေးသည်။
၎င်းကပင် အစ်ကိုကောက်၏ အရည်အချင်းကို ဖော်ပြရန် လုံလောက်နေပြီ ဖြစ်သည်။
အစ်ကိုကောက်က ဤမျှ ကောင်းမွန်သော ကိစ္စရပ်က သူ့ထံသို့ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် တစ်ကိုယ်လုံး အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ယာဉ်တန်း မန်နေဂျာဟူသော ရာထူးမှာ သေးငယ်သော ရာထူးလေးတစ်ခုဟု ထင်ရသော်လည်း။
နောင်တစ်ချိန် ယာဉ်တန်းအတွင်း၌ သူ၏ အခွင့်အရေးများက သေချာပေါက် အဆင့်တစ်ခုသို့ မြင့်တက်လာပေလိမ့်မည်။
နောင်တွင် ရှုလီနာ ဆိုသည့် ထိုမိန်းမယုတ်က သူ့ကို အထက်စီးမှ ဆက်ဆံရန် မဖြစ်နိုင်တော့ပေ။
တခြားသူတွေက မင်းနဲ့ ဆရာချန်းတို့ရဲ့ ပတ်သက်မှုကို မသိကြပေမယ့် ငါက မသိဘဲ နေပါ့မလား။
ဆရာချန်းလို အေးစက်စက် နေတတ်တဲ့သူက မင်းရဲ့ အလှအပကို သာယာသွားလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား... ရယ်စရာပဲ။
"ရှုလီနာ... အခုကစပြီး နင်က နံပါတ်(၇) ကားရဲ့ ယာဉ်တန်းမန်နေဂျာပဲ... နင့်လူတွေကို အခုချက်ချင်း ကားပေါ်တက်ခိုင်း... နောက်နှစ်မိနစ်နေရင် ဒီကနေ ထွက်မယ်"
"မြန်မြန်လုပ်"
ဆက်ရန်...