အခန်း ၃၀၂
Vol. 16 Ch. 302
အပိုင်း(၃၀၂) ခရီးဆက်ကြပြီ
ရှုလီနာက သူမကိုယ်တိုင် ယာဉ်တန်း စီမံခန့်ခွဲသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူမ မတွေးဖူးခဲ့ခြင်းကြောင့် မဟုတ်ဘဲ အချိန်က အရမ်းကပ်နေသဖြင့် ရှုပ်ထွေးသော အတွေးများ တွေးတောနေရန် အချိန်မရှိခဲ့ခြင်းကြောင့် ဖြစ်၏။
သို့သော် ရွှီနန်က ထိုစကားကို ပြောလိုက်ချိန်တွင် ရှုလီနာ၏ မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာပြီး သူမ၏ အသံတွင် ဟန်ဆောင်မှုအချို့ လျော့ပါးသွားခဲ့သည်။
ရှုလီနာကို ယာဉ်တန်း စီမံခန့်ခွဲသူအဖြစ် ရွေးချယ်ခြင်းသည် ရွှီနန် အနည်းငယ် စဉ်းစားခဲ့သော ကိစ္စဖြစ်သည်။
ယခုကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးတွင် ရှုလီနာကဲ့သို့သော အမျိုးသမီးမျိုးသည် အလွန်တရာ အန္တရာယ်များလှသည်။
သို့သော် ယခုအချိန်အထိ သူမ အနိုင်ကျင့်ခံရသည်ဟူသော ကိစ္စမျိုးကို မကြားဖူးသေးပေ။
တခါတရံ သူမနှင့် အစ်ကိုကောက်တို့ အပြန်အလှန် အားပြိုင်နေကြသည်ဟူသော သတင်းများကိုပင် ကြားရတတ်သေး၏။
ယာဉ်တန်းသည် ငြိမ်းချမ်းနေသယောင် ထင်ရသော်လည်း ၎င်းမှာ ချန်းရီနှင့် ချူချယ်တို့ကဲ့သို့သော အစွမ်းပိုင်ရှင်များ ရှိနေသောကြောင့်သာ ဖြစ်ကြောင်း သိထားရမည်။
သို့သော် လုံးဝ ငြိမ်းချမ်းနေသည်ဟု ဆိုလျှင်တော့ လုံးဝ အဓိပ္ပါယ်မရှိသော စကားသာ ဖြစ်ပေမည်။
အစ်ကိုကောက်က မည်ကဲ့သို့သော လူမျိုးနည်း။
သူသည် ကမ္ဘာပျက်ကပ် မတိုင်မီက ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် ဒေသတစ်ဝိုက်ကို တုန်လှုပ်သွားစေနိုင်သော လူမိုက်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
သို့သော် ရှုလီနာက ချန်းရီ၏ အမည်ကို အသုံးချကာ အစ်ကိုကောက်နှင့် တန်းတူ ရပ်တည်နိုင်ခဲ့ခြင်းကို ကြည့်လျှင် သူမ၌ အကွက်မြင်သော စွမ်းရည်ရှိသည်ဟု ဆိုရပေမည်။
အသစ်ဝင်လာသော လူအုပ်စုထဲမှ ယာဉ်တန်း စီမံခန့်ခွဲသူအဖြစ် အဘယ်ကြောင့် မရွေးချယ်ခဲ့သနည်း ဆိုလျှင်...
ရွှီနန်တွင် သူစိမ်းများကို ရာထူးတိုးပေးမည့် စိတ်ကူး လုံးဝ မရှိသောကြောင့် ဖြစ်သည်။
ယခုလို အချိန်တွင် မိမိလူကို နေရာပေးခြင်းသည် အကောင်းဆုံးသော လုပ်ရပ်ပင် ဖြစ်တော့သည်။
ရှုလီနာက လူအုပ်ထဲရှိ လီကျွမ်းကို လက်ယပ်ခေါ်လိုက်သည်။
"လီကျွမ်း... ငါနဲ့ လိုက်ခဲ့"
ဤအမျိုးသမီးသည် ယာဉ်တန်းထဲတွင် လူချစ်လူခင် သိပ်မပေါလှပေ။
ထို့ကြောင့် ဖယ်ကျဉ်ခံရသည်ကလည်း မနည်းလှချေ။
သေချာပေါက် ရှုလီနာကတော့ ချွင်းချက် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရှုလီနာသည် လူတိုင်းအပေါ် ဆက်ဆံရေး တူညီပြီး သူတစ်ပါး၏ မကောင်းကြောင်းကို ကွယ်ရာတွင် မည်သည့်အခါမျှ မပြောတတ်ပေ။ တခါတရံ ယာဉ်တန်းမှ အခြားအဖွဲ့ဝင်များ အခက်အခဲ ကြုံရပါက သူမက ထွက်၍ တရားမျှတအောင် ဖြေရှင်းပေးတတ်သေးသည်။
၎င်းသည်လည်း ယာဉ်တန်းထဲတွင် ရှုလီနာ လူချစ်လူခင် ပေါများရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။
လီကျွမ်း၏ မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားပြီး မျက်ကွင်းများပင် အနည်းငယ် နီရဲလာခဲ့သည်။
ရှုလီနာ ကမ်းလှမ်းလိုက်သော ဤအခွင့်အရေးသည် မည်သည့်အဓိပ္ပါယ် ဆောင်သည်ကို သူမ သိပေသည်။
"မမလီနာ"
အသံမှာ အနည်းငယ် တုန်ယင်နေ၏။
ရှုလီနာက လီကျွမ်း၏ မျက်နှာကို သုတ်ပေးလိုက်ပြီး နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
"မငိုနဲ့... အလုပ်ကို သေချာလုပ်ပြီး အသက်ရှင်ဖို့ ကြိုးစား"
လီကျွမ်းက ကြိုးစား၍ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
လီကျွမ်းကို ရွေးချယ်ရခြင်းမှာ လီကျွမ်း၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခုကို ရှုလီနာ တွေ့မြင်ခဲ့ရသောကြောင့် ဖြစ်သည်။
ဤရက်စက်မှုကို ကောင်းစွာ အသုံးချနိုင်ပါက အနာဂတ် စီမံခန့်ခွဲမှုအတွက် အကျိုးရှိပေလိမ့်မည်။
နောင်တွင် လုပ်ရခက်သော ကိစ္စများကို လီကျွမ်းထံ လွှဲပြောင်းပေးနိုင်ပြီး သူမ ငြင်းဆန်မည် မဟုတ်ဟု ယုံကြည်သည်။
အချိန်တိုလေးအတွင်းမှာပင် ရှုလီနာက များစွာ စဉ်းစားတွေးတောခဲ့ခြင်း ဖြစ်၏။
ရှုလီနာသည် အနည်းငယ် ထိတ်လန့်ကာ ဒေါသထွက်နေကြသော အသစ်ဝင်လာသည့် အသက်ရှင်ကျန်ရစ်သူများဘက်သို့ လှည့်ကြည့်လိုက်သည်။
ဤလူများသည် ယခင်က ကမ္ဘာပျက်ကပ် ခံတပ်ကြီးထဲမှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။
အချို့က ဒုတိယထပ်မှ အထက်တန်းစားများ ဖြစ်ကြပြီး အချို့ကမူ ပထမထပ်မှ အောက်ခြေလူတန်းစားများ ဖြစ်ကြသည်။
ဤလူများက ရွှီနန်သည် သူတို့အထဲမှ နှစ်ဦးကို ယာဉ်တန်း စီမံခန့်ခွဲသူအဖြစ် ရွေးချယ်မည်ဟု မူလက ထင်မှတ်ထားခဲ့ကြသည်။
သို့သော် မျှော်လင့်မထားဘဲ ရွှီနန်က မရင်းနှီးသော လူနှစ်ဦးကို ရွေးချယ်လိုက်လေသည်။
ထိုသူများသည် မျက်နှာပေါ်တွင် ဘာမျှ မလုပ်ရဲကြသော်လည်း...
စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်နေကြပြီး အချို့ဆိုလျှင် မကောင်းသော အကြံဖြင့် အစ်ကိုကောက်နှင့် ရှုလီနာကိုပင် အကဲခတ်နေကြသေး၏။
ရှုလီနာက ထိုအကြည့်များကို ဂရုမစိုက်ဘဲ နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်မမှာ လက်ထောက်တစ်ယောက် လိုနေသေးတယ်... အဲဒီတော့... ရှင်တို့ သဘောပေါက်တယ်မလား"
စကားမဆုံးသေးခင်မှာပင် ခုနလေးတင်မှ စည်းလုံးညီညွတ်မည့် အရိပ်အယောင်လေးများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
အချို့သူများ၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများပင် ရှိနေကြသေး၏။
"ဒါ့အပြင်... ရှင်တို့ ကားပေါ်တက်ဖို့ ရှစ်မိနစ် အချိန်ရသေးတယ်"
"ကိုယ့်ပစ္စည်းကိုယ်ယူပြီး ကားပေါ်တက်ကြ... နေရာက အကန့်အသတ်နဲ့ပဲ ရှိတယ်... အရင်ရောက်တဲ့သူ အရင်ရမယ်"
"အားလုံးပဲ... ကမ္ဘာပျက်ကပ် ရောက်နေတာ တစ်နှစ်ကျော်ပြီ... ဒါကို အပန်းဖြေခရီးထွက်နေတယ်လို့ ရှင်တို့ ထင်နေကြတာတော့ မဟုတ်ပါဘူးနော်"
"ကားပေါ် တိုးမတက်နိုင်တဲ့သူတွေ အတွက်တော့ စိတ်မကောင်းပါဘူး... ရှင်တို့ စွန့်ပစ်ခံရဖို့ များသွားပြီ"
"လူမိုက်တွေက ဆက်ပြီး ရှင်သန်ဖို့ မသင့်တော်ဘူး"
ထိုသို့ပြောပြီးနောက် ရှုလီနာသည် မြွေတစ်ကောင်ကဲ့သို့ ကွေးညွှတ်နေသော ခါးလေးကို လှုပ်ခါကာ ထွက်သွားလေသည်။
သူမလည်း သူမ၏ ပစ္စည်းများကို ဤကားသစ်ကြီးပေါ်သို့ ယူဆောင်သွားရမည် ဖြစ်သည်။
ယခုမှစ၍ ဤဘတ်စ်ကားကြီးသည် ရှုလီနာ၏ နယ်မြေဖြစ်သွားခဲ့ပြီ။
ထိုအချက်ကို တွေးမိသည်နှင့် ရှုလီနာ၏ လမ်းလျှောက်ဟန်မှာ ပို၍ပင် ဆွဲဆောင်မှု ရှိလာခဲ့သည်။
သို့သော် ရယ်ချင်နေသယောင် ရှိသော ချန်းရီ၏ အကြည့်များနှင့် ဆုံလိုက်ရချိန်တွင်မူ...
ရှုလီနာ၏ မျက်နှာပေါ်မှ ဂုဏ်ယူဝင့်ကြွားမှုများ ရုပ်သိမ်းသွားပြီး ချက်ချင်းပင် နှိမ့်ချသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
သူမက ချန်းရီ၏ အမည်ကို အသုံးချနေသည်ဆိုသော ကိစ္စကို ရှုလီနာ ကိုယ်တိုင် အလွန် ရှင်းလင်းစွာ သိထားပေသည်။
သူမနှင့် ချန်းရီကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ဘဲ သူတို့နှစ်ဦးကြား ဆက်ဆံရေးသည် သာမန် ယောက်ျားမိန်းမ ဆက်ဆံရေးထက်ပင် ပို၍ ဖြူစင်သေးသည်။
ချန်းရီက လက်ကာပြလိုက်ပြီး ရှုလီနာကို သူမ၏ အလုပ်ဆက်လုပ်ရန် အချက်ပြလိုက်သည်။
စခန်းတစ်ခုလုံးသည် ရွှီနန်၏ အမိန့်ပေးမှုအောက်တွင် လျင်မြန်စွာ စတင် လှုပ်ရှားလာကြသည်။
ယာဉ်တန်းမှ လူဟောင်းများက ဤကဲ့သို့သော ကိစ္စရပ်များကို အစောကြီးကတည်းက ကျင့်သားရနေခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင့် လူတိုင်း၏ လှုပ်ရှားမှုများက အလွန် လျင်မြန်ကြပြီး တာဝန်ခွဲဝေမှုကလည်း ရှင်းလင်းပြတ်သားလှသည်။
တချို့က တဲများကို သိမ်းဆည်းရန် အထူး တာဝန်ယူကြပြီး တချို့ကလည်း ဟင်းချက်စရာ ပစ္စည်းများကို စတင် သိမ်းဆည်းကြသည်။
သို့သော် အသစ်ဝင်လာသော အသက်ရှင်ကျန်ရစ်သူများကမူ အနည်းငယ် ရှုပ်ထွေးနေကြသည်။
ပစ္စည်းတွေ မေ့ကျန်ရစ်ခဲ့သူများလည်း မနည်းလှပေ။
ဤလူများ၏ အများစုမှာ ယခင်က ကမ္ဘာပျက်ကပ် ခံတပ်ကြီးထဲတွင်သာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့သော စခန်းချ နေထိုင်သည့် ဘဝမျိုးအတွက် အတွေ့အကြုံ အားနည်းနေကြခြင်း ဖြစ်သည်။
ချန်းရီသည်လည်း သူ၏ မိစ္ဆာပစ်ကပ်ကားဆီသို့ ပြန်သွားခဲ့သည်။
ကားအနီးသို့ ရောက်သည်နှင့် ကားဆီမှ တရှဲရှဲ အသံများ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
၎င်းမှာ ထိုရေဘဝဲလက်တံများက လူနီးကပ်လာသည်ကို သတိထားမိသွား၍ ကပျာကယာ ပြန်လည် ရုပ်သိမ်းသွားခြင်း ဖြစ်ပေလိမ့်မည်။
ချန်းရီသည် မိစ္ဆာပစ်ကပ်ကား၏ ပိုင်ရှင် ဖြစ်နေလျှင်တောင်မှ ထိုလက်တံများသည် ချန်းရီအပေါ် အနည်းငယ် ရှက်ရွံ့ကာ ကြောက်ရွံ့နေကြဆဲပင်။
၎င်းသည် အိမ်သို့ အသစ်ခေါ်လာသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ပင် အိမ်နှင့် အိမ်သားများအပေါ် စိမ်းသက်နေသေးခြင်း ဖြစ်၏။
"အားလုံးပဲ... အဆင်သင့် ဖြစ်ကြပြီလား"
စကားပြောစက်ထဲမှ ချူချယ်၏ အသံ ထွက်ပေါ်လာသည်။
"ခေါင်းဆောင်... ကျွန်မတို့ဘက်က ပြဿနာမရှိဘူး"
စကားပြောစက်ထဲမှ ရှောင်ယွီလေး၏ တက်ကြွနေသော အသံ ထွက်ပေါ်လာသည်။
"ဟဲ့... ရှောင်ယွီ... နင် ဖြည်းဖြည်းမောင်းနော်... ငါ ခဏလောက် အိပ်လိုက်ဦးမယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ပျင်းတိပျင်းတွဲ အသံလည်း ထွက်ပေါ်လာသည်။
"ခေါင်းဆောင်ချူ... ကျွန်တော်တို့ဘက်က အဆင်သင့်ပဲ"
ထိပ်ပြောင်လောင်လီ၏ အသံလည်း ထွက်ပေါ်လာသည်။
"ထွက်ကြမယ်"
၎င်းမှာ ချန်းရီ၏ အသံ ဖြစ်သည်။
ချန်ဟောင်ကတော့ ၎င်း၏ ပျော်ရွှင်သော မင်းသားလေး ကားကို မောင်းနှင်ကာ အစောကြီးကတည်းက အဆင်သင့် ဖြစ်နေချေပြီ။
လူဝကြီးနှင့် သူ၏ အတွင်းရေးမှူးကြီးတို့သည် ထယ်ရှီး၏ ကျောင်းကားပေါ်သို့ တက်ရောက်နေကြပြီ ဖြစ်သည်။
ကျောင်းကားထဲတွင် လူခြောက်ယောက် ရုတ်တရက် လျော့သွားသဖြင့် လူဝကြီးနှင့် သူ၏ အတွင်းရေးမှူးကြီးတို့ ထပ်တိုးလာသော်လည်း များစွာ ကျယ်ဝန်းနေဆဲ ဖြစ်သည်။
အသစ်ဝင်လာသော ဘတ်စ်ကား နှစ်စီးပေါ်တွင်သာ ဆူညံပွက်လောရိုက်နေဆဲ ဖြစ်သည်။
အသစ်ဝင်လာသော ဤလူအုပ်စုတွင် လူပေါင်း (၁၄၇) ယောက် အတိအကျ ရှိပြီး ဘတ်စ်ကားနှစ်စီး၏ ထိုင်ခုံအရေအတွက်မှာ တစ်စီးလျှင် (၄၅) ခုံစီသာ ရှိသည်။
ထို့ကြောင့် ဘတ်စ်ကား တစ်စီးစီတိုင်းတွင် လူ (၇၀) ကျော်ခန့် စုပြုံတိုးဝင်ကြရမည် ဖြစ်သည်။
အချို့သူများမှာ ထိုင်ခုံရရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ပဋိပက္ခများက ရှောင်လွှဲ၍မရအောင် ဖြစ်ပေါ်လာတော့သည်။
ဤအခြေအနေမျိုးကို ရင်ဆိုင်ရန်အတွက် အစ်ကိုကောက်က သူ၏ တပည့်နှစ်ယောက်ကို ဝင်ရောက် တိုက်ခိုက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
အမိန့်မနာခံသူ မည်သူ့ကိုမဆို ကားပေါ်မှ တိုက်ရိုက် ဆွဲချပစ်လိုက်သည်။
ကားပေါ်မှ ဆွဲချခံရသူများလည်း စတင် ထိတ်လန့်သွားကြပြီး ချက်ချင်းပင် လိမ္မာသွားကြတော့သည်။
ရှုလီနာကတော့...
ဤအမျိုးသမီးက လူတွေ ရိုက်ပွဲဖြစ်နေခြင်းကို လုံးဝ ဂရုမစိုက်ဘဲ အားလုံးကို ကားထဲသို့ အတင်းတွန်းသွင်းနေခဲ့သည်။
ထို့ကြောင့် သူမက အစ်ကိုကောက်ထက်ပင် အရင် ကားစက်နှိုးနိုင်ခဲ့သည်။
ကားထဲတွင် ရိုက်ပွဲဖြစ်နေဆဲ လူများကို ကြည့်ကာ ရှုလီနာသည် သူမ၏ ချိုအီနေသော အသံဖြင့်သာ ပြောလိုက်သည်။
"ရန်ဖြစ်လို့ရတယ်... ရှင်တို့ ရန်ဖြစ်တာကိုလည်း ကျွန်မ ထောက်ခံတယ်... ဒါပေမဲ့... ကားထဲက ပစ္စည်းတွေကိုတော့ ဖျက်ဆီးလို့ မရဘူးနော်"
"ကားထဲက ပစ္စည်းတစ်ခုခုကို ပျက်စီးအောင်လုပ်တဲ့ သူဆိုရင်တော့... ရှင်တို့ကို ကားပေါ်ကနေ ကန်ချပစ်မယ်"
"ဘာလို့လဲဆိုတော့... အခုချိန်ကစပြီး ဒီကားက ကျွန်မရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီမို့လို့ပဲ"
"ဒီနေ့ စည်းမျဉ်းတစ်ခု သတ်မှတ်မယ်... နိုင်တဲ့သူက ထိုင်ခုံရမယ်... ရှုံးတဲ့သူက ကိုယ့်ဘာသာ နေရာရှာ"
"မကျေနပ်ရင် လုံခြုံတဲ့ နေရာရောက်တဲ့အထိ စောင့်... ရှင်တို့ ရန်ဖြစ်ဖို့ သီးသန့်နေရာတောင် ကျွန်မ ရှာပေးလို့ရတယ်"
"သေတဲ့ထိ... ဒါမှမဟုတ် ခြေကျိုး လက်ကျိုးဖြစ်တဲ့အထိ ချလို့ရတယ်... တာဝန်ခံရွှီက ဂရုစိုက်မှာ မဟုတ်သလို... ဆရာချန်းကလည်း အဲဒီလို အခြေအနေမျိုးကို မြင်ချင်နေလောက်မှာပဲ"
"အားလုံးကလည်း ပျင်းနေကြတာဆိုတော့... သာမန်ဘဝလေးကို ဖျော်ဖြေစရာလေးတွေ ထည့်ပေးလိုက်တာပေါ့"
"ကဲ... မောင်းတော့"
ယာဉ်တန်း စီမံခန့်ခွဲသူ ဖြစ်လာသည့် ဤအချိန်မှစ၍ ရှုလီနာ၏ ကိုယ်ရောင်ကိုယ်ဝါမှာ သိသိသာသာ ပြောင်းလဲသွားသကဲ့သို့ ဖြစ်ကာ အနည်းငယ် ထက်မြက်လာခဲ့သည်။
ယခင်ကဆိုလျှင် သူမ၏ နူးညံ့သိမ်မွေ့သော ပုံရိပ်ကို ထိန်းသိမ်းထားရန်အတွက် ဤကဲ့သို့သော စကားမျိုးကို သူမ ပြောမည် မဟုတ်ပေ။
နောင်တွင်လည်း ပြောလိမ့်မည် မဟုတ်ချေ။
ယခုတစ်ကြိမ်ကတော့ ကားတွင်း တည်ငြိမ်မှုကို အမြန်ဆုံး ထိန်းသိမ်းထားရန် လိုအပ်သောကြောင့်သာ ဖြစ်သည်။
နောင်တွင် ဤကဲ့သို့သော စကားမျိုးကို အခြားသူတစ်ယောက်က ပြောလိမ့်မည်။ ဥပမာ - လီကျွမ်း ပေါ့။
သို့သော် ယခုလက်ရှိ လီကျွမ်းက သူမ တာဝန်ယူရမည့် အခန်းကဏ္ဍနှင့် လုံးဝ အသားမကျသေးခြင်းသာ ဖြစ်သည်။
လီကျွမ်း၏ မျက်နှာမှာမူ အနည်းငယ် ဖြူရော်နေ၏။
ရိုက်ပွဲများကို မမြင်ဖူးခဲ့ခြင်းကြောင့်တော့ မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ထဲတွင် ဤကဲ့သို့သော ကိစ္စများက အလွန် များပြားလှသည် မဟုတ်ပါလော။
သူမက ဤကဲ့သို့သော ပုံစံမျိုးကို မမြင်ဖူးခဲ့ခြင်းသာ ဖြစ်သည်။
ထင်သည့်အတိုင်းပင် ရှုလီနာ စကားပြောပြီးနောက် ကားထဲရှိ အုပ်စုဖွဲ့ ရိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ သို့သော် အားလုံးက ကားထဲရှိ ပစ္စည်းများ မပျက်စီးစေရန်တော့ ရှောင်ရှား၍ ရိုက်နှက်နေကြသည်။
ဆက်ရန်...