← Chapters

အခန်း ၃၀၄

Vol. 16 Ch. 304

အခန်း ၃၀၄

Vol. 16 Ch. 304

အပိုင်း(၃၀၄) ဒဏ္ဍာရီလာ အိုအေစစ်သို့ သွားရမည့် အကြောင်းရင်း

"ဒဏ္ဍာရီလာ အိုအေစစ် ဟုတ်လား... ခင်ဗျားပြောတာ ဒါက ဒဏ္ဍာရီလာ အိုအေစစ်ရဲ့ မြေပုံဆိုပါတော့"

သူ့ရှေ့ရှိ လူဝကြီးက ဒဏ္ဍာရီလာ အိုအေစစ်သို့ သွားရမည့် မြေပုံရှိသည်ဟု ပြောလာသောအခါ ချူချယ်က အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုနေရာသည် ဒဏ္ဍာရီလာ အိုအေစစ် မဟုတ်ပါလော။

မရေမတွက်နိုင်သော အသက်ရှင်ကျန်ရစ်သူများ တမ်းတမျှော်လင့်နေကြသည့် နေရာတစ်ခု ဖြစ်သည်။

ပြည့်စုံလုံလောက်သော ရိက္ခာပစ္စည်းများ၊ (၂၄) နာရီပတ်လုံး ရရှိနိုင်သော ရေနွေး၊ တစ်နေ့လုံး မီးမပျက်သည့်အပြင် သက်တမ်းမကုန်သေးသော အစားအသောက်များလည်း ရှိနေသေးသည်။

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤအရာများသည် အလွယ်တကူ ရရှိနိုင်သော အရာများ ဖြစ်ခဲ့သည်။

သို့သော် ယခုအချိန်တွင်မူကား လုံးဝကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာပျက်ကပ်မတိုင်မီက ဘဝနေထိုင်မှုပုံစံများသည် သန်းခေါင်ယံ အိပ်မက်များထဲတွင်သာ တည်ရှိနိုင်တော့သည်။

ဒဏ္ဍာရီလာ အိုအေစစ်အကြောင်းကို သူ့အား ဘယ်နှစ်ယောက်တိတိ ပြောပြခဲ့ဖူးသည်ကို ချူချယ်က မှတ်ပင်မမှတ်မိတော့ပေ။

သို့သော် သူ၏ လက်ထဲရှိ ရိုးရှင်းလွန်းလှသော မြေပုံကြမ်းကို ကြည့်ရင်း ချူချယ်၏ စိတ်ထဲ၌ သံသယများ ပြည့်နှက်နေဆဲ ဖြစ်သည်။

"ဒီမြေပုံက..."

လူဝကြီးက ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။

"ဒါ အစစ်လား အတုလားဆိုတာ ကျွန်တော်လည်း မသိဘူး... တခြားလူဆီကနေ လဲလှယ်ပြီး ရလာတာ... ဒါပေမဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းတော့ ယုံရတယ်"

"ခင်ဗျားရဲ့ အဲဒီ ၇၀ ရာခိုင်နှုန်းဆိုတာက ဘယ်လို တွက်ထားတာလဲ"

ခွေးမသား ၇၀ ရာခိုင်နှုန်းတဲ့။ ဒါက တွက်လို့ရတဲ့ အရာများလား။

လူဝကြီးက လက်နှစ်ဖက်ကို ဖြန့်ကာ ပခုံးတွန့်ပြလိုက်သည်။

"ခန့်မှန်းထားတာလေ"

ချူချယ်က ဆွံ့အသွား၏။

"ဒါပေမဲ့ သွားကြည့်လည်း ဘာမှမဖြစ်ပါဘူး... ခင်ဗျားတို့ ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို လျှောက်သွားနေတာထက်စာရင် အများကြီး ပိုကောင်းသေးတယ်"

"အမှန်အတိုင်း ပြောရရင်... ဒီမြေပုံက မှော်စာလုံး လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်ဆီကနေ ကျွန်တော် လဲလှယ်ခဲ့တာ"

"ဒဏ္ဍာရီလာ အိုအေစစ်မှာ အံ့ဖွယ်ကောင်းတဲ့ အရာတွေ အများကြီး ရှိတယ်လို့ သူ ကျွန်တော်ကို ပြောပြဖူးတယ်"

"ဥပမာ... ခင်ဗျားတို့ဆီက အံ့ဖွယ် မျိုးစေ့တွေလိုမျိုး... ဒဏ္ဍာရီလာ အိုအေစစ်မှာလည်း အများကြီး ရှိတယ်"

"ပြီးတော့ ထူးဆန်းတဲ့ အရာ မျိုးစုံနဲ့ အဲဒီကရတဲ့ ပစ္စည်းတွေလည်း ရှိသေးတယ်"

"ဥပမာ ခင်ဗျားတို့ ယာဉ်တန်းမှာ ဓာတ်ဆီ ကုန်တော့မယ် မဟုတ်လား... အခုလို နေရာမျိုးတွေမှာ ဆီဆိုင် တစ်ဆိုင်တောင် မရှိတော့ဘူး... ဒဏ္ဍာရီလာ အိုအေစစ်ကို သွားပြီး ဆီဖြည့်တာလည်း မဆိုးပါဘူး"

လူဝကြီးက အလွန် ဉာဏ်ကောင်းသည့် ပညာရှိတစ်ဦးကဲ့သို့ ဟန်ရေးပြနေသည်။

ချူချယ်က နှုတ်ခမ်းမဲ့လိုက်၏။

ဤကဲ့သို့သော ကိစ္စရပ်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ပေ။ အနည်းငယ်မျှ ဂရုစိုက်ကြည့်လိုက်ရုံဖြင့် အလွယ်တကူ သိနိုင်သော အရာဖြစ်သည်။

လူဝကြီးသည် ချူချယ်၏ ယုံကြည်မှုကို ရရှိစေရန် သူသိထားသမျှ အကြောင်းအရာ အားလုံးကို တစ်ခေါက် ပြန်လည် ပြောပြလိုက်သည်။

သူ တစ်ခုခု ချန်လှပ်ထားခဲ့သလား ဆိုသည်ကိုမူ သူ့ကိုယ်သူမှလွဲ၍ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

ချူချယ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"သွားသင့် မသွားသင့် ဆိုတဲ့ ကိစ္စက... ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး... တခြားလူတွေရဲ့ သဘောထားကိုလည်း မေးကြည့်ရဦးမယ်"

"ခေါင်းဆောင်ချူ... ခင်ဗျားက ခေါင်းဆောင် မဟုတ်ဘူးလား... ဒီလိုကိစ္စမျိုးကို..."

ချူချယ်က ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

"အားလုံးရဲ့ သဘောထားကို မေးကြည့်တာက ပိုကောင်းပါတယ်"

"ရှောင်ဖူ... သွားပြီး သူတို့အကုန်လုံးကို ခေါ်လာခဲ့ပါ"

ရှောင်ဖူ၏ ခြေသံများက တဖြည်းဖြည်း ဝေးကွာသွားလေသည်။

ချူချယ် ဤသို့ ပြုမူရခြင်း၏ အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် အားလုံး၏ အမြင်ကို အမှန်တကယ် နားထောင်ချင်သောကြောင့် ဖြစ်သည်။

သူက ခေါင်းဆောင် တစ်ယောက်သာ ဖြစ်ပြီး အာဏာရှင် တစ်ယောက် မဟုတ်ပေ။

ယာဉ်တန်းသည်လည်း ချူချယ် တစ်ယောက်တည်း၏ အာဏာစက်အောက်တွင် ရှိနေခြင်းမျိုး မဟုတ်ပေ။

ဒုတိယအချက်မှာ ချူချယ် စိတ်ထဲတွင် သံသယအချို့ ရှိနေသောကြောင့် ဖြစ်သည်။

ဤကမ္ဘာလောကကြီးသည် ယခင်ကမ္ဘာနှင့် လုံးဝ ကြီးမားစွာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်ကြောင်း အထင်အရှားပင်။

ဤလူဝကြီးသည်လည်း ဤနေရာသို့ ယခင်က ရောက်ဖူးခဲ့ပုံ မပေါ်ပေ။

ဤမြေပုံမှာ အစစ်လား အတုလား ဆိုသည်ကို အလွန် သံသယဖြစ်ဖွယ် ကောင်းလှသည်။

ထို့အပြင် မြေပုံသည် တကယ်ကိုပင် အလွန် ရိုးရှင်းကြမ်းတမ်းလွန်းလှသည်။

မကြာမီမှာပင် လူအချို့သည် ခေါင်းဆောင်ချူ၏ တဲကြီးထဲသို့ ရောက်ရှိလာကြသည်။

လူဝကြီးက ထိုလူများကို မြင်သောအခါ အဖက်လုပ်၍ပင် မကြည့်ခဲ့ပေ။

အထူးသဖြင့် တင်းတုံနှင့် ချန်းရီတို့ပင် ဖြစ်သည်။

တစ်ယောက်က သူ၏ ပစ္စည်းများကို အတင်းအဓမ္မ လုယူသွားခဲ့သော လူဆိုးမ ဖြစ်သည်။

နောက်တစ်ယောက်ကတော့ သူ့ကို လက်ပါကာ ရိုက်နှက်ခဲ့သော လူဆိုးပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤယာဉ်တန်းထဲတွင် ကောင်းသောလူဟူ၍ တစ်ယောက်မျှ မရှိပေ။

သူ တစ်ယောက်တည်း၏ စွမ်းရည်ဖြင့် ဒဏ္ဍာရီလာ အိုအေစစ်သို့ သွားရန် လုံးဝ မဖြစ်နိုင်၍သာ မဟုတ်ပါက၊ ဤလူဆိုးများနှင့် သူ လုံးဝ ပူးပေါင်းမည် မဟုတ်ပေ။

ချူချယ်က ဒဏ္ဍာရီလာ အိုအေစစ် အကြောင်းကို ရှင်းပြလိုက်သည်။

လူအားလုံးမှာ ချက်ချင်းပင် စိတ်အားထက်သန်လာကြ၏။

မူလက သူတို့အားလုံး အနားယူရန် ရည်ရွယ်ထားခဲ့သော်လည်း ရုတ်တရက် ဒဏ္ဍာရီလာ အိုအေစစ်နှင့် ပတ်သက်သော သတင်းကို ကြားလိုက်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ချန်းရီပင်လျှင် ဤအချိန်၌ စိတ်လှုပ်ရှား တုန်လှုပ်သွားခဲ့သည်။

သူသည်ပင်လျှင် ကမ္ဘာပျက်ကပ်မတိုင်မီက နေထိုင်ခဲ့ရသော ဘဝကို အကြိမ်ကြိမ်အခါခါ တမ်းတလွမ်းဆွတ်ခဲ့ဖူးသည် မဟုတ်ပါလော။

သို့သော် ချူချယ်က ထိုမြေပုံဆိုသော အရာကို အားလုံးအား ပြသလိုက်သောအခါ။

လူအားလုံးမှာ တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြလေသည်။

အဓိက အကြောင်းရင်းမှာ ဤမြေပုံသည် အလွန်တရာ စိတ်ကူးယဉ်ဆန်လွန်းနေသောကြောင့် ဖြစ်သည်။

ရိုးရှင်းသော မျဉ်းကြောင်း အနည်းငယ်ကိုသာ ရေးဆွဲထားပြီး ဤမြေပုံကို ဖန်တီးထားခြင်း ဖြစ်သည်။

၎င်းကို ကလေးငယ်တစ်ဦး ရမ်းသန်းဆွဲထားသည်ဟု ဆိုလျှင်ပင် ယုံကြည်သူ ရှိလိမ့်မည် ဖြစ်သည်။

ချန်းရီက လူဝကြီးကို သံသယမျက်လုံးများဖြင့် အထက်အောက် ကြည့်ရှုလိုက်သည်။

"ဝတုတ်... မင်းက ငါတို့ကို အန္တရာယ်များတဲ့ နေရာတစ်ခုခုဆီ ခေါ်သွားပြီး တစ်အုပ်လုံးကို အကုန် သတ်ပစ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်"

"ခင်ဗျား..."

"ခင်ဗျားနဲ့ ကျွန်တော် စကားမပြောဘူး... ခေါင်းဆောင်ချူ... ခင်ဗျားကိုပဲ ပြောမယ်"

လူဝကြီးက ချန်းရီနှင့် စကားပြောရန် ငြင်းဆန်လိုက်ပြီး လှည့်ကာ ချူချယ်ကို ထပ်မံ ရှာဖွေလိုက်သည်။

ဝမ်းနည်းစရာမှာ ချူချယ်၏ သဘောထားမှာလည်း မရေမရာ ဖြစ်နေပြီး ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်သကဲ့သို့ ရှိနေသည်။

လူဝကြီးက အံကြိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ... ကျွန်တော် ရထားတဲ့ သတင်းတွေအရဆိုရင် ဒဏ္ဍာရီလာ အိုအေစစ်မှာ လမ်းစဉ်ဆေးထိုးအပ်တွေ အများကြီး ရှိတယ်တဲ့"

"လမ်းစဉ်ဆေးထိုးအပ် ဟုတ်လား... ဘယ်လောက်တောင် ရှိတာလဲ"

ဤစကားကို ကြားလိုက်ရသည်နှင့် အခင်းဖြစ်ပွားရာ နေရာရှိ လူအချို့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြပြီး မျက်လုံးထဲမှ လောဘအရောင်များ ထွက်ပေါ်လာကြသည်။

ချန်းရီ တစ်ယောက်သာ သူ၏ မျက်ဝန်းများကို အနည်းငယ် အောက်ချလိုက်၏။

လမ်းစဉ်ဆေးထိုးအပ် ဆိုပါလား။

"လူဝကြီး... ရှင်ပြောတာ တကယ်လား"

ဤတစ်ကြိမ် စကားပြောလာသူမှာ တင်းတုံ ဖြစ်သည်။

တကယ်တော့ တင်းတုံ ကိုယ်တိုင်အတွက် လမ်းစဉ်ဆေးထိုးအပ်ကို အသုံးပြုရန် မလိုအပ်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။

သူမ ဤအရာကို လိုချင်နေခြင်းမှာ အဓိကအားဖြင့် ကျိုးရှောင်ရှောင်အတွက် စဉ်းစားပေးနေခြင်း ဖြစ်သည်။

ကျိုးရှောင်ရှောင်သည် အစွမ်းနိုးကြားလာစေရန် အမြဲတမ်း ဆန္ဒရှိနေခဲ့ပြီး လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာရန်မှာ သူမ၏ စွဲလမ်းမှု တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သို့သော် သူမ မည်မျှပင် စွဲလမ်းပြီး ကြိုးစားနေပါစေ... အစွမ်းပိုင်ရှင် တစ်ယောက်အဖြစ် နိုးထလာရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

ထို့အပြင် သူမသည် လမ်းတစ်ဝက်မှသာ ဝင်ရောက်လာသူ ဖြစ်သဖြင့် နိုးထလာနိုင်မည့် အခွင့်အရေးမှာ ပို၍ပင် ခက်ခဲနေသေးသည်။

သို့သော် သူမ အမှန်တကယ်ပင် အလွန် ကြိုးစားခဲ့ပါသည်။

ယခင်နှစ်များက သူမကိုယ်တိုင်ထက်ပင် အများကြီး ပို၍ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သိုင်းပညာ လေ့ကျင့်သည့် အချိန်မှာ အလွန် တိုတောင်းခဲ့သော်လည်း ဤကာလအတွင်း သူမ၏ ရင်နာဖွယ်ရာ ကြိုးစားအားထုတ်မှု အမှန်တရားကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

တပည့်အဖြစ် ခံယူပြီးသည့် အချိန်မှစ၍ ကျိုးရှောင်ရှောင်ကလည်း တင်းတုံကို ဆရာတစ်ဦးအဖြစ် တကယ်ကို သဘောထားခဲ့သည်။

တင်းတုံက ချန်းရီ မဟုတ်ပေ။ သူမသည် ဤမျှ စွဲလမ်းပြီး ကြိုးစားလွန်းသော မိန်းကလေး၏ စိတ်ဓာတ်ကြောင့် တကယ်ကိုပင် စိတ်လှုပ်ရှား တုန်လှုပ်သွားခဲ့ရသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက တင်းတုံသည် ကျိုးရှောင်ရှောင်အတွက် လမ်းစဉ်ဆေးထိုးအပ် တစ်ချောင်းကို လိုလိုလားလားပင် ရှာဖွေပေးချင်နေမိသည်။

ထိုင်ခုံပေါ်တွင် ထိုင်နေသော ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ခန္ဓာကိုယ်လေးသည်လည်း ရှေ့သို့ အနည်းငယ် ကိုင်းညွတ်သွားလေသည်။

သူမသည်လည်း လမ်းစဉ်ဆေးထိုးအပ်ကို လိုချင်နေသည်။

ရှောင်ယွီက ယခုချိန်ထိ သာမန်လူ တစ်ယောက်သာ ဖြစ်နေဆဲပင်။

ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် သာမန်လူတစ်ယောက် အသက်ရှင်သန်ရန် မည်မျှ ခက်ခဲသည်ကို သူမ အလွန် ရှင်းလင်းစွာ သိထားသည်။

အကယ်၍ သူမ၏ အကာအကွယ်ပေးမှုသာ မရှိပါက ယခုလက်ရှိ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့် သူမ၏ ညီမဝမ်းကွဲလေးသည် တစ်လပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

မဟုတ်သေး... ရှောင်ယွီက အရပ်လည်း ပုပြီး စိတ်သဘောထားကလည်း ဆိုးရွားလှသည်။ သူမ၏ အကာအကွယ်သာ မရှိပါက တစ်ရက်တောင် အသက်ရှင်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာခြင်းသည် ရှောင်ယွီအတွက် အကောင်းဆုံး ထွက်ပေါက်ပင် ဖြစ်သည်။

"လမ်းစဉ်ဆေးထိုးအပ်" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ချူချယ် တစ်ယောက်လုံးလည်း အနည်းငယ် မှင်သက်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင်လည်း သတိထားရမည့် အမူအရာများ ပေါ်ထွက်လာသည်။

လမ်းစဉ်ဆေးထိုးအပ် ဆိုပါလား။

ဤကဲ့သို့သော အရာမျိုးကို သူလည်း လိုချင်နေသည်။

များလေ ကောင်းလေပင် ဖြစ်သည်။

အကယ်၍ ယာဉ်တန်းထဲတွင် အစွမ်းပိုင်ရှင်များ ပိုမို များပြားလာပါက လူသားတို့၏ မျှော်လင့်ချက်သည်လည်း ပို၍ များပြားလာမည် ဖြစ်သည်။

ထယ်ရှီး ကဲ့သို့သော ငတုံးငအကြီး၏ မျက်နှာပေါ်တွင်ပင် စိတ်ဝင်စားသည့် အရိပ်အယောင်အချို့ ပေါ်လာလေသည်။

ယခုလေးတင် ဒဏ္ဍာရီလာ အိုအေစစ် အကြောင်း ပြောစဉ်က ဤကောင်ကြီးသည် ရူးကြောင်ကြောင် ပြုံးနေရုံသာ ပြုံးနေပြီး တစ်ခွန်းမှ ဝင်မပြောခဲ့သည်ကို သိထားရမည်။

သူ၏ ယခု မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူလည်း တစ်ချောင်း လိုချင်နေပုံရသည်။

သူက ထိပ်ပြောင်ကြီးလောင်လီ အတွက် တစ်ချောင်း ရှာပေးချင်နေခြင်း ဖြစ်သည်။

အကြောင်းရင်းမှာ အခြားသူများနှင့် အတူတူပင် ဖြစ်သည်။

ချန်းရီ တစ်ယောက်သာ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိပေ။ သို့သော် သူ၏ မျက်ဝန်းများကို သေချာစွာ ကြည့်မည်ဆိုပါက မျက်လုံးများထဲရှိ စိတ်ခံစားမှုများမှာ အလွန်တရာ ရှုပ်ထွေးနေသည်ကို မြင်တွေ့နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် ချန်းရီက ခိုးကြောင်ခိုးဝှက်ဖြင့် မျက်လုံးထောင့်မှနေ၍ အခင်းဖြစ်ပွားရာ နေရာရှိ လူအားလုံး၏ အမူအရာများကို အကဲခတ်ကြည့်လိုက်သည်။

နေရာရှိ လူတိုင်း၏ မျက်နှာပေါ်မှ အမူအရာများကို သူ၏ မျက်လုံးထဲတွင် အသေအချာ မှတ်သားထားလိုက်၏။

ချန်းရီ၏ ခန္ဓာကိုယ်က အနောက်သို့ အနည်းငယ် ဆုတ်သွားပြီး သွေးရောင် မျက်လုံးများထဲရှိ စိတ်ခံစားမှုများကို အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားလိုက်လေသည်။

"လူဝကြီး... မင်းပြောတာ တကယ်လား... တကယ်ပဲ လမ်းစဉ်ဆေးထိုးအပ်တွေ ရှိနေတာလား"

ချူချယ်က အလျင်အမြန်ပင် ထပ်မံ မေးခွန်းထုတ်လိုက်သည်။

လူဝကြီးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ကြားခဲ့ရတာတော့ ဒီလိုပဲ... ဒဏ္ဍာရီလာ အိုအေစစ်မှာ လမ်းစဉ်ဆေးထိုးအပ်တွေ ရှိနိုင်ချေ အရမ်းများတယ်"

"ဘာဖြစ်လို့လဲ"

ချန်းရီက မေးလိုက်သည်။

လူဝကြီးက ချန်းရီကို မကြည့်သော်လည်း ချန်းရီ၏ မေးခွန်းကိုတော့ ဖြေကြားပေးလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ ဒဏ္ဍာရီလာ အိုအေစစ်မှာ မှော်ဆေးဆရာ လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ရှိနေလို့ပဲ"

ဤအဖြေကို ကြားလိုက်ရသောအခါ လူအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ခဏအတွင်းမှာပင် တစ်ဖက်လူ၏ မျက်လုံးများထဲ၌ ပြင်းပြသော ဆန္ဒများနှင့် လောဘရမ္မက်များကို မြင်တွေ့လိုက်ကြရသည်။

မှော်ဆေးဆရာ လမ်းစဉ် အစွမ်းပိုင်ရှင် ဟူသော အလုပ်အကိုင်အကြောင်းကို ချူချယ်က ချန်းရီတို့နှင့် အရင်က အကြမ်းဖျင်း ပြောပြဖူးသည်။

ဤလမ်းစဉ်မှ အစွမ်းပိုင်ရှင်များသည် လမ်းစဉ်ဆေးထိုးအပ်များနှင့် အခြားသော သဘာဝလွန် ဆေးရည်များကို ဖော်စပ်နိုင်စွမ်း ရှိကြသည်။

အကယ်၍ ဒဏ္ဍာရီလာ အိုအေစစ်တွင် ထိုကဲ့သို့သော မှော်ဆေးဆရာ လမ်းစဉ် တစ်ယောက် တကယ် ရှိနေမည်ဆိုပါက ဒဏ္ဍာရီလာ အိုအေစစ်၌ လမ်းစဉ်ဆေးထိုးအပ်များ ရှိနေနိုင်ချေမှာ အလွန်တရာ မြင့်မားသွားမည် ဖြစ်သည်။

"ခေါင်းဆောင်ချူ... ကျွန်မတို့ သွားကြရအောင်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သွေးဆောင်ဖြားယောင်းလိုက်သည်။

တင်းတုံနှင့် ထယ်ရှီးတို့က စကားတစ်ခွန်းမှ မဆိုကြသော်လည်း ချူချယ်ကို မျှော်လင့်ချက် ကြီးမားစွာဖြင့် ကြည့်နေကြသည်။

ထိုအကြည့်များက ဘာမှ ပြောပြနေစရာ မလိုလောက်အောင် ထင်ရှားနေသည်။

ချူချယ်က ထိုလူများကို တစ်ပတ် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ အကြည့်ကို လူဝကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ရပ်တန့်လိုက်သည်။

"ဝတုတ်... ခင်ဗျားကရော ဘာဖြစ်လို့ ဒဏ္ဍာရီလာ အိုအေစစ်ကို သွားချင်ရတာလဲ"

"ခင်ဗျားက မြေပုံကို ကျွန်တော်တို့ကို ပေးတယ်ဆိုတော့... ကျွန်တော်တို့ကို တစ်ခုခု ကူညီခိုင်းချင်လို့ မဟုတ်လား"

လူဝကြီးက သက်ပြင်းတစ်ချက် ချလိုက်သည်။ ချူချယ်၏ သံသယ ကြီးမားကြောင်း သူ သိထားသဖြင့် သူ၏ အစီအစဉ်များကို ထုတ်ပြောလိုက်ရတော့သည်။

"ကျွန်တော်က ဒဏ္ဍာရီလာ အိုအေစစ်ကို သွားပြီး ထူးဆန်းတဲ့အရာရဲ့ နှလုံးသား ကို သွားရှာချင်တာ"

"ကျွန်တော်ရဲ့ သဘာဝလွန် အစွမ်းတွေလည်း နဂိုအတိုင်း ပြန်ဖြစ်လုနီးပါး ဖြစ်နေပြီ... မနက်ဖြန်ဆိုရင် နန်းတော်ကို ရုပ်လုံးပေါ်လာအောင် ဖန်တီးနိုင်တော့မယ်"

"ဒါပေမဲ့ နန်းတော်ကို ဖန်တီးနိုင်ရင်တောင်... ဒါက ကျွန်တော်ရဲ့ စိတ်ကူးထဲကနေ ထွက်ပေါ်လာတဲ့ အရာတစ်ခုပဲ ဖြစ်နေဦးမှာ"

"ထူးဆန်းတဲ့အရာရဲ့ နှလုံးသား သာလျှင်... ထူးဆန်းတဲ့အရာရဲ့ နှလုံးသား သာလျှင် အဲဒါကို အစစ်အမှန် သဘာဝလွန်ပစ္စည်းအဖြစ် ပြောင်းလဲပေးနိုင်မှာ"

"ကျွန်တော် ဒဏ္ဍာရီလာ အိုအေစစ်ကို သွားရတဲ့ ရည်ရွယ်ချက်က ထူးဆန်းတဲ့အရာရဲ့ နှလုံးသား အတွက်ပဲ"

"ကျွန်တော် မြေပုံကို ခင်ဗျားတို့ကို ပေးတာက... ပထမအချက်အနေနဲ့ ကျွန်တော်ကို ဒဏ္ဍာရီလာ အိုအေစစ် ရောက်တဲ့အထိ ကာကွယ်ပေးစေချင်လို့ပဲ... ကျွန်တော် တစ်ယောက်တည်းဆို မဖြစ်နိုင်ဘူးလေ"

"ပြီးတော့ ဒဏ္ဍာရီလာ အိုအေစစ်ကို ရောက်တဲ့အခါ... ကျွန်တော် ထူးဆန်းတဲ့အရာရဲ့ နှလုံးသား ရအောင် ခင်ဗျားတို့ ကူညီပေးရမယ်"

"အဲဒါက ကျွန်တော် ခင်ဗျားတို့နဲ့ လာပူးပေါင်းရတဲ့ ရည်ရွယ်ချက်ပဲ"

ဆက်ရန်...

All Chapters