အခန်း ၃၀၅
Vol. 16 Ch. 305
အပိုင်း (၃၀၅) အကုန်လုံး ရူးကုန်ကြပြီ
ရူးကုန်ကြပြီ။
စခန်းတစ်ခုလုံး ရူးသွပ်နေကြချေပြီ။
ယာဉ်တန်းက ဒဏ္ဍာရီလာ အိုအေစစ်သို့ သွားမည်ဆိုသော သတင်းကို ကြားသိလိုက်ရသောအခါ စခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများမှာ အလွန်အမင်း ဝမ်းသာလုံးဆို့သွားကြသည်။
အချို့က ဒဏ္ဍာရီလာ အိုအေစစ်အကြောင်းကို သိကြသော်လည်း အချို့ကမူ မသိကြပေ။
မသိသေးသူများမှာလည်း အခြားသူများ၏ ရှင်းပြမှုကြောင့် အတိုင်းမသိ ဝမ်းသာရွှင်မြူးသွားကြတော့သည်။
ဤသတင်းကို မည်သူက စတင် ဖြန့်ဝေလိုက်သည်ဆိုခြင်းမှာမူ...
အရေးမကြီးတော့ပေ။
မည်သို့ပင်ဖြစ်စေ ချန်းရီ စခန်း၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ ခဏတာ လမ်းလျှောက်သွားသည့် အချိန်အတွင်းမှာပင် ဒဏ္ဍာရီလာ အိုအေစစ်နှင့် ပတ်သက်သော ဆွေးနွေးပြောဆိုသံများက သူ၏ နားထဲသို့ ပြည့်နှက်ဝင်ရောက်လာခဲ့သည်။
"ဒဏ္ဍာရီလာ အိုအေစစ်... တကယ်ကြီးလား"
"မဖြစ်နိုင်တာ... အခုလို ခေတ်ကြီးထဲမှာ လုံခြုံတဲ့ နေရာဆိုတာ ရှိသေးလို့လား... စားစရာတွေကို အကန့်အသတ်မရှိ ပေးမယ်... ရေနွေးနဲ့ ရေချိုးရမယ် ဟုတ်လား... မင်း အိပ်မက်မက်နေတာလား"
"အစတုန်းကတော့ ငါလည်း မယုံပါဘူး... ဒါပေမဲ့ သတင်းရင်းမြစ်က သေချာပေါက် မှန်ကန်တယ်... လုံးဝ မမှားနိုင်ဘူး"
"ဒဏ္ဍာရီလာ အိုအေစစ်... အရင်တုန်းကလည်း ယာဉ်တန်းထဲက လူတွေ ပြောကြတာ ကြားဖူးတယ်... တကယ်လား အတုလား ဆိုတာတော့ မသိဘူး"
"သေချာပေါက် တကယ်ဖြစ်ရမယ်... ခေါင်းဆောင်ချူ ကိုယ်တိုင် သွားဖို့ ဆုံးဖြတ်လိုက်ပြီလေ"
"ဟုတ်ပါ့... သတင်းအမှားသာဆိုရင် အစွမ်းပိုင်ရှင်တွေက ဘယ်သွားပါ့မလဲ"
"နင်တို့ သတင်းတွေက ခေတ်နောက်ကျနေပြီ"
ထိုအချိန်မှာပင် ထူးဆန်းဆန်း နိုင်လှသော အမျိုးသားတစ်ဦးက လေသံတိုးတိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဟဟ... အဲဒါက ဒဏ္ဍာရီလာ အိုအေစစ်လေ... အစားအသောက်တွေတင် မကဘူး... တခြားအရာတွေလည်း ရှိသေးတယ်"
"တခြားအရာတွေ"
အချို့က နားမလည်နိုင်ဖြစ်သွားကြပြီး အချို့မှာမူ သိချင်စိတ်များ ဖြစ်ပေါ်လာကြသည်။ အချို့ကတော့ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရ၏။
"မင်းက သဘာဝလွန်ပစ္စည်းတွေကို ပြောချင်တာလား"
"မှန်တာပေါ့... သဘာဝလွန်ပစ္စည်းတွေလေ"
"ဟက်... သဘာဝလွန်ပစ္စည်း ဆိုတာမျိုးကိုတော့ တွေးတောင် မတွေးကြနဲ့... သဘာဝလွန်ပစ္စည်းတွေက ငါတို့လို သာမန်လူတွေ သုံးလို့ရတဲ့ အရာတွေ မဟုတ်ဘူး... အစွမ်းပိုင်ရှင်တွေမှပဲ အဲဒီပစ္စည်းတွေကို ထိန်းချုပ်နိုင်တာ"
"ဟမ်... မင်းက ဒါကိုတောင် သိနေတာလား"
သဘာဝလွန်ပစ္စည်းအကြောင်း ပြောခဲ့သော လူသန်ကြီး၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းဆိုသလိုပင် ပြန်လည် ညှိုးနွမ်းသွားခဲ့သည်။
"သဘာဝလွန်ပစ္စည်း ဆိုတာက အရမ်း အလှမ်းဝေးလွန်းပါတယ်... ဒီကမ္ဘာကြီးမှာ မင်းသာ အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်ခဲ့ရင် မင်းနဲ့ တိရိစ္ဆာန်တွေကြားမှာ ဘာကွာခြားချက်မှ မရှိဘူး... အမြဲတမ်း ထွက်ပြေးနေဖို့ပဲ ရှိတယ်... ပြေးရမယ်... ပြေးရမယ်... တစ်သက်လုံးထွက်ပြေးနေရမှာ"
"တစ်ရက် ပိုအသက်ရှင်ရရင် တစ်ရက် အမြတ်ပဲလေ... အစွမ်းပိုင်ရှင်တွေလည်း ငါတို့နဲ့အတူတူ ထွက်ပြေးနေရတာ မင်း မတွေ့ဘူးလား"
"ဟားဟားဟား... အဲဒီလို ပြောလိုက်မှပဲ ငါ့စိတ်ထဲ နည်းနည်း သက်သာသွားတော့တယ်"
လူအနည်းငယ်က နောက်ပြောင် ပြောဆိုလိုက်ကြ၏။
စကားကို ထောက်ထားခဲ့သော လူက ထပ်မံ ပြောလိုက်ပြန်သည်။ "ဒါဆို မင်းတို့ လမ်းစဉ်ဆေးထိုးအပ် ဆိုတာကိုရော သိကြလား"
"လမ်းစဉ်ဆေးထိုးအပ်"
အချို့က သိကြသော်လည်း အချို့ကမူ မသိကြပေ။
အခြားသူများ၏ ရှင်းပြမှုကို ကြားပြီးနောက်တွင်မူ လူတိုင်း၏ မျက်လုံးများက အရောင်လက်သွားကြတော့သည်။
လမ်းစဉ်ဆေးထိုးအပ်၊ ၎င်းသည် သာမန်လူများ အစွမ်းပိုင်ရှင် ဖြစ်လာနိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
"ငါ ကြားထားတာကတော့... ဒဏ္ဍာရီလာ အိုအေစစ်မှာ လမ်းစဉ်ဆေးထိုးအပ်တွေ ရှိတယ်တဲ့... အများကြီးပဲ ဆိုပဲ"
"ဝုန်း"
ဤစကားတစ်ခွန်း ထွက်ပေါ်လာပြီးနောက် လူတိုင်းမှာ ပွက်လောရိုက်သွားကြတော့သည်။
တစ်ခဏအတွင်းမှာပင် လှုံ့ဆော်ဆေး ထိုးခံထားရသော ဘဲအုပ်ကြီး တစ်နေရာတည်းတွင် စုမိသွားသကဲ့သို့ ဖြစ်သွား၏။
အသံဆူညံမှုက ချက်ချင်းဆိုသလို အဆပေါင်းများစွာ မြင့်တက်သွားသည်။
ချန်းရီက မျက်နှာသေဖြင့် ဆေးလိပ်ကို ကိုက်ကာ ဖြတ်လျှောက်သွားရင်း အကြိတ်အနယ် ဆွေးနွေးနေကြသော ထိုလူအုပ်ကြီးကို ခပ်ပေါ့ပေါ့သာ တစ်ချက် ကြည့်လိုက်သည်။
အကယ်၍ ယခင်နေ့ရက်များကသာဆိုလျှင် ချန်းရီ၏ ဤကဲ့သို့ အကြည့်တစ်ချက်သည် လူအုပ်ကြီးကို ချက်ချင်း အသံတိတ်သွားစေနိုင်စွမ်း ရှိသည်။
သို့သော် ယခုအခါတွင်မူ ထိုလူများအားလုံး မျက်နှာများ နီရဲလာသည်အထိ လမ်းစဉ်ဆေးထိုးအပ် အကြောင်းကို အပြင်းအထန် ဆွေးနွေးနေကြသည်။
ထို့အပြင် သူတို့သာ လမ်းစဉ်အစွမ်းပိုင်ရှင်များ ဖြစ်လာခဲ့လျှင် ဘာတွေ ဆက်လုပ်ကြမည် ဆိုသည့် အကြောင်းများကိုပါ ဆွေးနွေးနေကြ၏။
ချန်းရီနှင့် ပတ်သက်၍ကမူ...
မည်သူကမျှ လုံးဝ ဂရုမစိုက်ကြတော့ပေ။
ချန်းရီကသာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
ယာဉ်တန်းထဲက သာမန်လူတွေတောင် ဒဏ္ဍာရီလာ အိုအေစစ်မှာ လမ်းစဉ်ဆေးထိုးအပ်တွေ ရှိနေတယ်ဆိုတာကို သိနေကြပြီပဲ။
ဒါဆို တခြားလူတွေရော မသိကြဘူးလား။
လူဝကြီးဆီမှာ မြေပုံ ရှိနေနိုင်သေးတယ်။
တခြားလူတွေဆီမှာရော မရှိနိုင်ဘူးလား။
အကယ်၍ အဲဒီလိုသာဆိုရင်...
ဒဏ္ဍာရီလာ အိုအေစစ် ဆိုတာက...
......
"ဆရာ... တကယ်ကြီးလား"
ဆရာဖြစ်သူ အစည်းအဝေးမှ ပြန်လာပြီးနောက် ဒဏ္ဍာရီလာ အိုအေစစ်သို့ သွားရမည်ဟု ပြောလိုက်သောအခါ ကျိုးရှောင်ရှောင်မှာ...
ထို့အပြင် ဒဏ္ဍာရီလာ အိုအေစစ်တွင် လမ်းစဉ်ဆေးထိုးအပ်များ ရှိနေသည့် အကြောင်းကိုပါ ပြောပြလိုက်သဖြင့်...
ကျိုးရှောင်ရှောင်၏ တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်။
ကောင်မလေး၏ အလွန် လှပသေသပ်သော မျက်နှာလေးမှာ ကွန်ပျူတာ ဟန်းသွားသကဲ့သို့ ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
သို့သော် သူမ၏ ဦးနှောက်လေးထဲတွင်မူ မုန်တိုင်းများ ထန်နေခဲ့ပြီ ဖြစ်သည်။
"လမ်းစဉ်ဆေးထိုးအပ်... လမ်းစဉ်ဆေးထိုးအပ်"
ကျိုးရှောင်ရှောင် ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေမိသည်။ ယခုအချိန်တွင် သူမ၏ ဘဝတစ်ခုလုံး၌ ဤစကားစုလေးသာ ရှိတော့ပြီး ဤစကားစုလေးအတွက်သာ အသက်ရှင်နေသကဲ့သို့ ဖြစ်နေတော့သည်။
ကောင်မလေး၏ မျက်ဝန်းလေးများက တဖြည်းဖြည်း နီရဲလာသည်။
တင်းတုံကို ဆရာအဖြစ် ခံယူခဲ့သည့်အတွက် သူမ လုံးဝ နောင်တမရခဲ့ပေ။
တင်းတုံကလည်း သူမအပေါ် အလွန် ကောင်းမွန်ခဲ့သည်။
သို့သော် သူမ တကယ်တမ်း အစွမ်းပိုင်ရှင် တစ်ယောက်အဖြစ် နိုးကြားလာစေရန် ဆန္ဒရှိလာသောအခါမှသာ ထိုကိစ္စသည် မည်မျှ ခက်ခဲကြောင်းကို သဘောပေါက်လာခဲ့ခြင်း ဖြစ်သည်။
ပိုကြိုးစားလေလေ... သူမ ပိုပြီး မျှော်လင့်ချက်မဲ့လာလေလေ ဖြစ်ခဲ့ရသည်။
ပိုပြီး မျှော်လင့်ချက်မဲ့လာလေလေ... ပိုကြိုးစားလေလေပင်။
အကြိမ်ရေ မရေမတွက်နိုင်အောင်ပင် ကျိုးရှောင်ရှောင်၏ ရင်ထဲမှ ထွက်ပေါ်လာသော အသံတစ်ခုကို သူမ ကြားခဲ့ရဖူးသည်။
"နင်တစ်သက်လုံး အစွမ်းပိုင်ရှင် ဖြစ်လာမှာ မဟုတ်ဘူး... ဘယ်လောက်ကြိုးစားကြိုးစား အလကားပဲ"
ထိုအသံကို ကြားရတိုင်း ကျိုးရှောင်ရှောင်သည် ကုတင်ပေါ်မှ ကုန်းထကာ ဆရာဖြစ်သူ သင်ပေးထားသော လက်ဝှေ့သိုင်းပညာများကို အရူးတစ်ယောက်လို အကြိမ်ကြိမ်အခါခါ လေ့ကျင့်တတ်ခဲ့သည်။
လမ်းစဉ်ဆေးထိုးအပ် ကဲ့သို့သော အရာမျိုးကိုမူ...
သူမ တစ်ခါမှ တွေးပင် မတွေးကြည့်ခဲ့ဖူးပေ။
ယခုအချိန်က ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေပြီ မဟုတ်ပါလော။ ထိုကဲ့သို့သော အရာမျိုးသည် ကမ္ဘာပျက်ကပ်ကြီး မတိုင်မီကပင် အထပ်ထပ် အကာအကွယ်ပေးထားမှုအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ယခုလို ကမ္ဘာပျက်ကပ်ကြီး အချိန်မှာဆိုလျှင်တော့ ပိုဆိုးပေလိမ့်မည်။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကိုယ်တိုင် အစွမ်းနိုးကြားလာမည်ဟုသာ သူမ အမြဲတမ်း မျှော်လင့်ထားခဲ့သည်။
လမ်းစဉ်ဆေးထိုးအပ် ဆိုသည်မှာ အလှမ်းဝေးလွန်းလှပြီး ကိုယ်တိုင် အစွမ်းနိုးကြားလာရန်ထက်ပင် ပို၍ အလှမ်းဝေးနေသေးသည်။
ရုတ်တရက် ပေါ်ပေါက်လာသော မျှော်လင့်ချက်ကြောင့် ကောင်မလေး၏ မျက်ဝန်းများ နီရဲလာခဲ့ရသည်...
မျက်ရည်ပေါက်များက မျက်ဝန်းမှတစ်ဆင့် စီးကျလာသော်လည်း ကောင်မလေး၏ မျက်နှာအမူအရာမှာမူ အလွန် တည်ငြိမ်နေခဲ့၏။
"ဒီကလေးမလေးကတော့... ဝမ်းသာလွန်းလို့ ငိုတောင် ငိုနေပြီပဲ"
တင်းတုံက ကျိုးရှောင်ရှောင်ကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
ကျိုးရှောင်ရှောင် ကြောင်သွားသည်။ "ရှင်... ကျွန်မ... မငိုပါဘူး"
ကောင်မလေးက သူမ၏ မျက်နှာကို လှမ်းသုတ်လိုက်ရာ လက်ပေါ်တွင် မျက်ရည်များ ပေကျံလာတော့သည်။
...
"လမ်းစဉ်ဆေးထိုးအပ် ဟုတ်လား"
"အမဝမ်းကွဲ... အမ ပြောတာ တကယ်လား"
"တကယ်ပေါ့... နင့်အမဝမ်းကွဲက နင့်ကို လိမ်မလား"
"နင် ဘာမှမပူနဲ့... ဒီတစ်ခေါက် ဒဏ္ဍာရီလာ အိုအေစစ်ကို ရောက်ရင် နင့်အတွက် လမ်းစဉ်ဆေးထိုးအပ် တစ်ချောင်း ရအောင် သေချာပေါက် ယူပေးမယ်... ငါ့ရဲ့ အစွမ်းအစနဲ့ဆိုရင်တော့ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"အမဝမ်းကွဲက အရမ်းတော်တာပဲ"
ရှောင်ယွီ၏ မျက်နှာပေါ်တွင် အရင်ကလို ဂရုမစိုက်တတ်သော အမူအရာမျိုး မရှိတော့ဘဲ ဝမ်းသာအားရဖြင့် ခုန်အုပ်ကာ အမဝမ်းကွဲ၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေတော့သည်။
......
"ဟီးဟီး... လောင်လီ... ခင်ဗျား စိတ်ချထားလိုက်စမ်းပါ... ကျွန်တော်က အခု လမ်းစဉ် အဆင့် (၃) ရောက်နေပြီဆိုတော့ လုရမယ်ဆိုရင်တောင် ခင်ဗျားအတွက် တစ်ချောင်းလောက်တော့ ရအောင် လုပေးနိုင်ပါတယ်"
"ကျွန်တော် မတတ်နိုင်ရင်တောင် ချန်းရီ... ချူချယ်... ချန်းချန်းနဲ့ တင်းတုံတို့က ကျွန်တော့်ကို ကူညီကြမှာပါ"
"အထူးသဖြင့် ချန်းရီနဲ့ ချူချယ်လေ... သူတို့နှစ်ယောက်က အကြံအစည်တွေ အများကြီး ရှိကြတာဆိုတော့ သေချာပေါက် အဆင်ပြေမှာပါ"
ထယ်ရှီးက ရိုးအအဖြင့် ရယ်မောရင်း ထိပ်ပြောင်လောင်လီ၏ ပခုံးကို ပုတ်ပေးရန် ရွယ်လိုက်သည်။
သို့သော် သူ၏ အရပ်က အလွန် ရှည်လျားနေသဖြင့် ထိပ်ပြောင်လောင်လီ၏ ခေါင်းကိုသာ တိုက်ရိုက် ရိုက်မိသွားလေသည်။
ဝမ်းသာလွန်းနေသဖြင့် မတော်တဆ အားပါသွားခဲ့၏။
ထိုရိုက်ချက်ကြောင့် ထိပ်ပြောင်လောင်လီမှာ မြေပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားတော့သည်။
"လောင်လီ"
ထယ်ရှီးမှာ လန့်သွားပြီး အလျင်အမြန် သွားထူလိုက်သည်။
အတန်ကြာပြီးနောက် ထိပ်ပြောင်လောင်လီ၏ ခေါင်းပေါ်တွင် အဖုကြီး တစ်ခု ထွက်လာပြီး ထယ်ရှီးကို မကျေမနပ်ဖြင့် စိုက်ကြည့်နေတော့သည်။
ထယ်ရှီးက အားနာပါးနာဖြင့် ခေါင်းကုတ်လိုက်၏။
"တကယ်တော့လေ... ထယ်ရှီး... ငါက အစွမ်းပိုင်ရှင် ဖြစ်လာဖို့ သိပ်စိတ်မဝင်စားပါဘူး... ဘာပဲဖြစ်ဖြစ် တစ်နေ့ သေရမှာပဲဟာကို"
"အစွမ်းပိုင်ရှင် ဖြစ်လာရင်တောင် သေမယ့်အချိန် နည်းနည်း နောက်ကျသွားရုံတင်ပါပဲ"
"ဒီကမ္ဘာကြီးက ဒီလို အခြေအနေ ဖြစ်နေပြီပဲ..."
ထိပ်ပြောင်လောင်လီက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
ကမ္ဘာပျက်ကပ်ထဲတွင် ကိစ္စရပ်များစွာကို မြင်တွေ့ခဲ့ရပြီးနောက် ထိပ်ပြောင်လောင်လီက သူ နောက်ဆုံးအထိ အသက်ရှင်နိုင်မည်ဟု မထင်တော့ပေ။ အစွမ်းပိုင်ရှင် ဖြစ်လာလျှင်ပင် သေမည့်အချိန်ကို ဆွဲဆန့်ထားရုံမျှသာ ဖြစ်လိမ့်မည်။
ထယ်ရှီးမှာ ထိပ်ပြောင်လောင်လီ၏ ဆိုလိုရင်းကို သိပ်နားမလည်နိုင်သဖြင့် ရိုးအအဖြင့်သာ ပြောလိုက်သည်။
"အော်... ခင်ဗျားမှ မလိုချင်ရင်လည်း ထားလိုက်တော့လေ... ချန်းချန်းနဲ့ တင်းတုံတို့အတွက်ပဲ ကျွန်တော် ကူလုပေးလိုက်မယ်"
"အဟွတ်... အဟွတ်..."
"အဲဒီလိုလည်း မဟုတ်ပါဘူး... လုလို့ရရင်တော့ အကောင်းဆုံးပေါ့..."
......
"လမ်းစဉ်ဆေးထိုးအပ် ဆိုပါလား"
အစ်ကိုကောက်က သွေးထားသော ဓားကို မျက်စိရှေ့သို့ ယူကာ ဓားသွားအထက်တွင် လက်ချောင်းများဖြင့် ပွတ်ဆွဲရင်း ဓား၏ ထက်မြက်မှုကို ခံစားလိုက်သည်။
"ဒီတစ်ခေါက်တော့... ဘယ်သူပဲဖြစ်ဖြစ်... အစွမ်းပိုင်ရှင်ဆိုရင်တောင် ငါ့လမ်းကို လာပိတ်ဖို့မစဉ်းစားနဲ့"
"လမ်းစဉ်ဆေးထိုးအပ်ကို ငါ မရရအောင် ယူမယ်... သေချာပေါက်ရအောင် ယူမယ်"
အစ်ကိုကောက်၏ မျက်လုံးများက သွေးရောင်လမင်းအောက်တွင် အေးစက်စက် အရောင်များ လက်နေတော့သည်။
......
"လမ်းစဉ်ဆေးထိုးအပ်"
ရှုလီနာသည် လက်ပိုက်ကာ သွေးရောင်လမင်းအောက်တွင် ရပ်ရင်း အဝေးဆီမှ ရှုခင်းများကို လွမ်းဆွေးစွာ ငေးကြည့်နေသည်။
သူမ၏ စိတ်အခြေအနေများက လှိုင်းထနေ၏။
ဤစကားစုကို ကြားလိုက်ရချိန်တွင် ရှုလီနာသည်လည်း အတန်ကြာအောင် မှင်တက်သွားခဲ့သည်။
သူမသာ အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့လျှင် ဖြစ်နိုင်တာက...
ရှုလီနာက အံကြိတ်လိုက်ရာ ပန်းရောင်သန်းနေသော အောက်နှုတ်ခမ်းဆီမှ သွေးစအချို့ စိမ့်ထွက်လာသော်လည်း သူမ၏ မျက်ဝန်းများကမူ အလွန်တရာ ပြတ်သားနေခဲ့သည်။
"ဒီတစ်ခေါက်တော့... ဘယ်လို ပေးဆပ်မှုမျိုးပဲ လုပ်ရလုပ်ရ... ငါ မဖြစ်မနေ တစ်ချောင်း ရအောင် ယူရမယ်"
"သေချာပေါက်ပဲ"
"သေရမယ်ဆိုရင်တောင်မှ မရရအောင် ယူမယ်"
ဆက်ရန်...