အခန်း ၃၀၇
Vol. 16 Ch. 307
အပိုင်း(၃၀၇) ဒဏ္ဍာရီလာ အိုအေစစ်ဆီသို့ မသွားကြနဲ့
သုံးရက်ကြာပြီးနောက်။
"ဟမ်... သုံးရက်အတွင်း လမ်းစဉ် အဆင့် (၃) ကို သေချာပေါက် ရောက်ရမယ်လို့ ပြောခဲ့တာ ဘယ်သူပါလိမ့်"
ကားနှစ်စီး ယှဉ်လျက် မောင်းနှင်လာချိန်တွင် ချူချယ်၏ မြင်ပြင်းကတ်ဖွယ်ကောင်းသော မျက်နှာက ကားပြတင်းပေါက်တွင် ပေါ်လာပြီး ပြုံးဖြီးဖြီးဖြင့် သရော်လိုက်သည်။
ချူချယ်၏ သရော်မှုကြောင့် ချန်းရီ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုက သုညဒသမသုညတစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။
ဤကဲ့သို့သော ကိစ္စမျိုးသည် အရှက်မရှိသည်မှာ ကြာပြီဖြစ်သော ချန်းရီအတွက်မူ အနည်းငယ်မျှပင် ထိခိုက်မှု မရှိပေ။
"လမ်းစဉ် အဆင့် (၃) လောက်ကတော့ ဒီရက်ပိုင်းအတွင်း ဖြစ်လာမယ့်ကိစ္စပဲ... ဘာတွေ လောနေတာလဲ"
ချန်းရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆေးလိပ်ကို ကိုက်ကာ လီဗာကို နင်း၍ ချူချယ်ကို နောက်ကောက်ချန်ထားရစ်ခဲ့သည်။
အမှန်တကယ်တော့ လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို လေ့ကျင့်ပြီးကတည်းက သဘာဝလွန်စွမ်းအင်များသည် နေ့စဉ်နှင့်အမျှ တဟုန်ထိုး တိုးတက်လာခဲ့ပြီး အချိန်မရွေး လမ်းစဉ် အဆင့် (၃) ၏ တံခါးပေါက်ကို ဖွင့်လှစ်နိုင်မည့် အနေအထားတွင် ရှိနေခဲ့သည်။
သုံးရက်ဆိုသည့် အချိန်ကာလမှာ အနည်းငယ် ချဲ့ကားပြောဆိုရာ ရောက်သော်လည်း လုံးဝ မျှော်လင့်ချက် မရှိသည်တော့ မဟုတ်ပေ။
လက်တွေ့ မဖြစ်လာသေးသည့်အတွက် လေလုံးထွားလိုက်သည်ဟုသာ သတ်မှတ်လိုက်တော့သည်။
အရှက်ကွဲစရာ ကိစ္စဆိုသည်မှာ ချန်းရီအတွက် ဒါလေးတစ်ခုတည်းမှ မဟုတ်ဘဲ။
ငါ ဘယ်တုန်းကများ မာနထောင်လွှားဖူးလို့လဲ။
သို့သော်လည်း ချန်းရီ လုံးဝ လေလုံးထွားနေခြင်းတော့ မဟုတ်ပေ။
ရာခိုင်နှုန်းအားဖြင့် လေးဆယ်ခန့်သာ အနည်းငယ် ချဲ့ကားပြောခြင်း ဖြစ်သည်။
ဒီရက်ပိုင်းအတွင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီနေ့မဟုတ်လျှင် သန်ဘက်ခါ သို့မဟုတ် ၎င်းနောက်တစ်နေ့လည်း ဖြစ်နိုင်သည်။
တစ်နေ့ မနက်ခင်း အိပ်ရာမှ နိုးလာချိန်တွင် လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။
သို့ရာတွင် ဒုတိယ အထူးလမ်းစဉ်နှင့် ပတ်သက်၍မူ ယခုအချိန်ထိ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။
မိမိကိုယ်တိုင် လမ်းစဉ် အဆင့် (၃) သို့ အမှန်တကယ် တက်လှမ်းနိုင်ချိန်မှသာ သိရနိုင်ပေမည်။
မြင်ပြင်းကတ်ဖွယ်ကောင်းသော အဆင့်မြှင့်တင်ထားသည့် လမ်းကြမ်းမောင်းကား နောက်တစ်စီးက လီဗာကို နင်းကာ ရှေ့သို့ ထိုးထွက်လာပြန်သည်။
မောင်းနှင်သူမရှိသော ယာဉ်မောင်းခုံကို မြင်လိုက်ရသည်နှင့် ထိုအမြင်ကတ်စရာကောင်းသူမှာ မည်သူမည်ဝါဖြစ်ကြောင်း တွေးနေစရာပင် မလိုတော့ပေ။
ကားပြတင်းပေါက် ပွင့်ကျလာပြီးနောက် ချန်းရီ၏ နေကာမျက်မှန်မှ အလင်းပြန်မှုထဲတွင် ပန်းရောင်အရိပ်တစ်ခု ပေါ်လာသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံက ချန်းရီ၏ နားထဲသို့ ဝင်ရောက်လာသည်။
"အိုဟို... ဒါ ကျွန်မတို့ ယာဉ်တန်းရဲ့ လေးယောက်မြောက် လမ်းစဉ် အဆင့် (၃) ကို ရောက်မယ့် အစ်ကိုချန်းရီ မဟုတ်လားရှင်... ဘယ်လိုလဲ... အဆင့်တက်ဖို့က မအောင်မြင်ဘူးလားရှင့်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက "လေးယောက်မြောက်" နှင့် "အစွမ်းထက်သူ" ဆိုသည့် စကားလုံးများကို တမင်တကာ ဖိ၍ ပြောလိုက်သည်။
ချန်းရီသည် ခေါင်းပင်လှည့်မကြည့်ဘဲ တိတ်ဆိတ်စွာဖြင့် ကားပြတင်းပေါက်ကို ပိတ်လိုက်ကာ ထိုအမြင်ကတ်ဖွယ်အသံကို ကားအပြင်ဘက်တွင် ဖယ်ကြဉ်ထားလိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ရယ်မောသံများက ချန်းရီ၏ နားထဲသို့ သဲ့သဲ့လေး ဝင်ရောက်လာဆဲပင်။
လေထဲတွင် လွတ်လပ်စွာ လွင့်ဝဲနေသော ပန်းရောင်ဆံပင်များနှင့်အတူ ကြေးခေါင်းလောင်းလေးကဲ့သို့ ကြည်လင်သော်လည်း အနည်းငယ် အမြင်ကတ်ဖွယ်ကောင်းသော ရယ်မောသံလေးများသည် ယာဉ်တန်းနှင့်အတူ အဝေးဆီသို့ လွင့်ပျံသွားတော့သည်။
ကိစ္စက ဤနေရာတွင် မပြီးဆုံးသေးပေ။ ချန်းရီ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ထယ်ရှီး၏ မျက်နှာကြီးက သူ့ကိုကြည့်ကာ တဟဲဟဲ ရယ်မောနေသည်ကို မြင်လိုက်ရသည်။
မူလက အလွန် ရိုးသားဖြူစင်သော အပြုံးဖြစ်သော်လည်း ယခုအချိန် ချန်းရီ၏ မျက်လုံးထဲတွင်မူ။
မည်သို့ပင် ကြည့်ကြည့် မြင်ပြင်းကတ်စရာ ကောင်းနေတော့သည်။
ချန်းရီ သူ့ကို သတိထားမိသွားသည်ကို သိလိုက်ရသဖြင့် ထယ်ရှီးက သူ၏လက်ထဲရှိ စကားပြောစက်ကို ရိုးအအဖြင့် လက်ညှိုးထိုးပြလိုက်သည်။
နောက်တစ်စက္ကန့်တွင် စကားပြောစက်ထဲမှ ထယ်ရှီး၏ ရိုးအအ အသံ ထွက်ပေါ်လာသည်။
"ချန်းရီ... မင်း လမ်းစဉ် အဆင့် (၃) ကို တက်သွားပြီလား"
အမှန်တကယ်တော့ ထယ်ရှီးသည် ချန်းရီကို လှောင်ပြောင်လိုသည့် ရည်ရွယ်ချက် လုံးဝ မရှိဘဲ တကယ် သိချင်၍ မေးမြန်းခြင်းသာ ဖြစ်သည်။
ရိုးသားစွာ စိုးရိမ်ပူပန်ပေးရုံ သက်သက်သာ ဖြစ်သည်။
သေချာပေါက် အဓိက အကြောင်းရင်းမှာ စွန်းချန်းချန်း၏ မြှောက်ပင့်ပေးမှုကြောင့်ပင်။
"အဟွတ်... အဟွတ်"
မထင်မှတ်ဘဲ စကားပြောစက်ထဲမှ တင်းတုံ၏ ချောင်းဆိုးသံကိုပါ ကြားလိုက်ရပြီး ရေသီးသွားသည့်အလား ဖြစ်နေသည်။
ထယ်ရှီး၏ ဤကဲ့သို့ အခြေအနေမသိဘဲ ဝင်ပြောတတ်သည့် စွမ်းရည်မှာ အလွန်တရာကို ကွက်တိကျလွန်းလှသည်။
ရှင်းလင်းနေသည်မှာ ယခုအချိန်တွင် လူအတော်များများက လိုင်းပေါ်၌ စောင့်နေကာ ချန်းရီအား နောက်ပြောင်ရန် အသင့်ဖြစ်နေကြခြင်းပင်။
"..."
ချန်းရီက စကားပြောစက်ကို ကောက်ကိုင်လိုက်ပြီး "နေပါဦး... ငါ အစွမ်းပြခဲ့တဲ့ ကိစ္စတွေ အများကြီးရှိတာကို မင်းတို့က ဘာလို့ ဒါလေးတစ်ခုတည်းကိုပဲ မှတ်မိနေကြတာလဲ"
"ငါ အရင်တုန်းက တဝူမြို့မှာ မြူခိုးကျွန် တစ်သိန်းလောက်နဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို မင်းတို့ မေ့သွားကြပြီလား"
"ဒါမှမဟုတ် လွန်ခဲ့တဲ့ အချိန်တုန်းက နတ်ဆင်ကျေးရွာမှာ ငါတစ်ယောက်တည်း ဝိညာဉ်ဆိုး တစ်သန်းလောက်ကို တားဆီးပြီး ရွာသားတွေကို ကယ်တင်ခဲ့တဲ့ ကိစ္စကိုရော မမှတ်မိကြတော့ဘူးလား"
"အဲဒီကိစ္စတွေကိုလည်း မင်းတို့ ထုတ်ပြောလို့ ရတာပဲလေ"
"ဒီ အသေးအဖွဲ ကိစ္စလေးတစ်ခုတည်းကိုပဲ အမြဲတမ်း တွယ်ကပ်မနေကြပါနဲ့"
စကားပြောစက်ထဲတွင် အနည်းငယ် တိတ်ဆိတ်သွားသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံက ပထမဆုံး ထွက်ပေါ်လာသည်။
"အို... အစ်ကိုချန်းရီရယ်... မြူခိုးကျွန် တစ်သိန်းတဲ့လား... ဝိညာဉ်ဆိုး တစ်သန်းတဲ့လား... တစ်ယောက်တည်း တားဆီးတယ်တဲ့လား... ရှင်က ဘာလို့ အဲဒီလောက်တောင် အရှက်မရှိရတာလဲရှင့်"
ချူချယ်၏ အေးစက်စက် အသံကလည်း ထွက်ပေါ်လာသည်။
"ချန်းရီ... မင်း ဒီလောက်တောင် အရှက်မရှိတာကို မင်းမိသားစုတွေရော သိကြရဲ့လား"
ထယ်ရှီးက ရိုးအအဖြင့် ဝင်ပြောသည်။
"ငါ မှတ်မိပါတယ် ချန်းရီရဲ့... တဝူမြို့တုန်းက မင်း တကယ်ကို အစွမ်းထက်ခဲ့တာပါ... ဒါပေမဲ့ မြူခိုးကျွန် တစ်သိန်းလောက်တော့ မရှိပါဘူး... ပြီးတော့ နတ်ဆင်ကျေးရွာတုန်းကလည်း ဝိညာဉ်ဆိုး တစ်သန်းလောက် မရှိခဲ့ပါဘူး"
"ပြီးတော့လေ... ပြီးတော့"
"ချန်းရီ... မင်း မှတ်မိတာများ လွဲနေလို့လား"
ဤလူကြမ်းကြီးက ချန်းရီ မှတ်ဉာဏ်လွဲနေခြင်း ဟုတ်မဟုတ်ကို ရိုးသားစွာ မေးမြန်းနေခြင်းပင်။
လူတိုင်းက ချန်းရီ လေလုံးထွားနေကြောင်း သိကြသည်။
နောက်ဆုံးတွင် ထယ်ရှီးတစ်ယောက်သာ အတည်ယူနေခဲ့သည်။
လူအားလုံး စကားပြောစရာမဲ့သွားကြသည်။
"အဟွတ်... အဟွတ်... တကယ်တော့ လမ်းစဉ် အဆင့် (၃) ဆိုတာက အဲဒီလောက်ကြီးလည်း"
စကားပြောစက်ထဲမှ လူဝကြီး၏ အသံ ထွက်ပေါ်လာသည်။
လူဝကြီး စကားဆုံးသည်အထိပင် မစောင့်တော့ဘဲ ချန်းရီက စကားပြောစက်ကို ချက်ချင်း ပိတ်ပစ်လိုက်သည်။
အခြားသူများလည်း လိုင်းပေါ်မှ ဆင်းသွားကြသည်။
လူတိုင်း သူ့ကို ဂရုမစိုက်ကြတော့ကြောင်း သတိပြုမိသွားချိန်တွင် လူဝကြီး၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားတော့သည်။
"တောက်... မင်းတို့လို သာမန်အရပ်သားတွေက တကယ့်ကို အခြေအနေမသိကြဘူးပဲ... ကိုယ်တော်... ကိုယ်တော် လမ်းစဉ် အဆင့် (၉) ကို ရောက်တဲ့နေ့ကျရင် မင်းတို့တွေရဲ့ သေနေ့ပဲ မှတ်ထားလိုက်"
"အခုအချိန်မှာ ကိုယ်တော်ကို မင်းတို့က ဂရုမစိုက်ကြပေမဲ့ အနာဂတ်မှာတော့ ကိုယ်တော့်ကို မင်းတို့ မော့တောင်ကြည့်ရဲမှာ မဟုတ်ဘူး"
လူဝကြီးသည် အံကြိတ်ကာ ဤကြေညာချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘေးနားရှိ ရှောင်တယ်ဇီက အမြန် ဖားယားလိုက်သည်။
"အရှင်မင်းကြီး... ဒီလို သာမန်အရပ်သားတွေကို အရေးလုပ်နေစရာ မလိုပါဘူး... သူတို့က အရှင်မင်းကြီးရဲ့ စေတနာကို နားမလည်ကြတာပါ... နောင်တစ်ချိန်ကျရင် သူတို့ သေချာပေါက် နောင်တရကြမှာပါ"
ကုန်တင်ကား၏ ယာဉ်မောင်းခန်းထဲတွင် တင်းတုံသည်လည်း တိတ်ဆိတ်စွာဖြင့် စကားမဆိုသော်လည်း သူမ၏ နှုတ်ခမ်းထောင့်များကတော့ တဆတ်ဆတ် တုန်ရီနေခဲ့သည်။
ယာဉ်တန်းထဲရှိ လူများနှင့် အတူနေထိုင်သည့် အချိန် ကြာမြင့်လာသည်နှင့်အမျှ တင်းတုံသည် လူတိုင်း၏ စရိုက်များကို ပို၍ပို၍ နားလည်လာခဲ့သည်။
ချန်းရီသည် အမှန်တကယ်ပင် တစ်နေ့ထက်တစ်နေ့ ပို၍ အရှက်မရှိ ဖြစ်လာလေသည်။
သေချာပေါက် သူ့အကြောင်း ကောင်းကောင်းသိသူများသာလျှင် ဤအရှက်မရှိသည့် အသွင်အပြင်၏ နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်တတ်မှုနှင့် သွေးအေးရက်စက်မှုအချို့ ကိန်းအောင်းနေကြောင်း သိနိုင်မည် ဖြစ်သည်။
ယခုအချိန်တွင် အနည်းငယ် ပြောင်းလဲလာပုံပေါ်သော်လည်း။
ဤလူ၏ အခြေခံ စရိုက်လက္ခဏာကိုမူ လုံးဝ ပြောင်းလဲပစ်ရန် မဖြစ်နိုင်သေးပေ။
အသက်ရှင်သန်နိုင်ရန်အတွက် ဤလူသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။
တင်းတုံ၏ မျက်လုံးထဲတွင် ချန်းရီသည် အလွန်တရာ ရှုပ်ထွေးသော လူတစ်ယောက် ဖြစ်သည်။
သူနှင့်အတူ ထပ်တူရှုပ်ထွေးသူမှာ ယာဉ်တန်း၏ ခေါင်းဆောင်ပင် ဖြစ်သည်။ ထိုလူသည် အပေါ်ယံ ကြည့်လျှင် အလွန် သဘောကောင်းမည့်ပုံ ပေါ်သည်။
သူနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံဖူးသူများသာလျှင် အန္တရာယ်နှင့် ကြုံတွေ့လာရပါက ခေါင်းဆောင်ချူသည် ထိုရွေးချယ်မှုက မည်မျှပင် သွေးထွက်သံယို ဖြစ်စေကာမူ၊ မည်မျှပင် ရက်စက်ကြမ်းကြုတ်စေကာမူ "မှန်ကန်သော" ရွေးချယ်မှုကို တွေဝေခြင်းမရှိဘဲ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း သိနိုင်ကြသည်။
ယာဉ်တန်းတစ်ခုလုံးတွင် မိမိကိုယ်ကိုယ် အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသူများမှာ ထိုသူနှစ်ဦးပင် ဖြစ်သည်။
ထိုနှစ်ဦးစလုံးသည် ကြီးမားသော လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးတွင် ဆိုးရွားသော အတိတ်အချို့ ရှိခဲ့ပုံရသော်လည်း ယာဉ်တန်းထဲတွင် အားလုံးနှင့် အတူနေထိုင်ရင်း တဖြည်းဖြည်း ကုစားလာနိုင်ပုံရသည်။
သူမသည် တက်ကြွရွှင်လန်းပြီး အနည်းငယ် မာနကြီးသော မိန်းကလေးတစ်ဦး ဖြစ်သည်။
ထယ်ရှီးအတွက်မူ တိုက်တန် လမ်းစဉ်ကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများက ဤလူကောင်ထွားကြီးကို တစ်ခါတစ်ရံတွင် အနည်းငယ် ထိုင်းမှိုင်းသွားစေသည်။
သို့သော် သူသည် လူတိုင်းအပေါ် အလွန် ရိုးသားဖြူစင်ပြီး မိတ်ဆွေသူငယ်ချင်းများအတွက် အမြဲ စဉ်းစားပေးတတ်သည်။
ယာဉ်တန်းတစ်ခုလုံးတွင် တင်းတုံ အနှစ်သက်ဆုံးသူများမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် ထယ်ရှီးတို့ပင် ဖြစ်သည်။
ထယ်ရှီးသည်လည်း ယာဉ်တန်းတစ်ခုလုံးတွင် လူချစ်လူခင် အပေါများဆုံး အစွမ်းပိုင်ရှင် ဖြစ်သည်။
လူတိုင်း၏ စရိုက်လက္ခဏာများကို တွေးမိလိုက်ချိန်တွင် တင်းတုံ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။
ဤအတိုင်းလေးသာ ဆက်သွားမည်ဆိုပါကလည်း မဆိုးလှဟု ထင်မှတ်မိသည်။
ကျိုးရှောင်ရှောင်၏ မျက်လုံးများထဲတွင်တော့ အားကျမှုအချို့ ဖြတ်ပြေးသွားခဲ့သည်။
အစွမ်းပိုင်ရှင် ဖြစ်လာမှသာ ဤအဖွဲ့အစည်းငယ်လေးထဲသို့ ဝင်ရောက်နိုင်မည်ဟု ထင်ရသည်။
ဤရက်ပိုင်းများအတွင်း ယာဉ်တန်းသည် လူဝကြီး ပေးထားသော မြေပုံအတိုင်း ဆက်လက် ချီတက်နေခဲ့သည်။
သေချာပေါက် ယခင်က ရွှေ့ပြောင်းသွားလာမှု ပုံစံအတိုင်းပင် ဖြစ်ကာ မူလက တစ်ရက်တည်းဖြင့် ပြီးဆုံးနိုင်သော ခရီးစဉ်ကို။
နောက်ဆုံးတွင် အတင်းအကျပ် သုံးရက်ကြာအောင် သွားခဲ့ရသည်။
ဤကဲ့သို့သော အခြေအနေမျိုးကို ယာဉ်တန်းထဲရှိ လူတိုင်းက ကြာမြင့်စွာကတည်းကပင် အသားကျနေခဲ့ပြီ ဖြစ်သည်။
လူဝကြီးပင် ဘာမှ မပြောတော့ဘဲ နားနေချိန်တိုင်း ကားပေါ်မှဆင်းကာ ခေါင်းဆောင်ချူနှင့် ခရီးစဉ်လမ်းကြောင်းများကို အမြဲတစေ ဆွေးနွေးလေ့ရှိသည်။
ချန်းရီကမူ ဤအချိန်တိုင်းကို အခွင့်ကောင်းယူ၍ လေ့ကျင့်လေ့ရှိသည်။
ညစဉ်ညတိုင်း စခန်းချချိန်များတွင်လည်း ထမင်းစားပြီးသည်နှင့် ချန်းရီသည် ယခင်ကကဲ့သို့ အားလုံးနှင့်အတူ လေပေါခြင်း မရှိတော့ပေ။
မိစ္ဆာပစ်ကပ်ကား၏ အမိုးပေါ်သို့ တိုက်ရိုက် တက်သွားကာ သွေးရောင်လမင်းကြီးကို မျက်နှာမူလျက် လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို လေ့ကျင့်လေ့ရှိသည်။
သူနှင့်အတူ ကြိုးစားအားထုတ်သူများထဲတွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် ကျိုးရှောင်ရှောင်တို့လည်း ပါဝင်သည်။
ကျိုးရှောင်ရှောင်၏ ရူးသွပ်မှုနှင့် နှိုင်းယှဉ်လျှင်။
နားနေချိန် ရောက်သည်နှင့် ကျိုးရှောင်ရှောင် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေအောင် တင်းတုံ သင်ပေးထားသော သိုင်းပညာများကို လေ့ကျင့်နေသည်ကို လူတိုင်း မြင်တွေ့နိုင်လေသည်။
အချို့က ကျိုးရှောင်ရှောင်ထံမှ သင်ယူလိုကြသည်။
နှမြောစရာကောင်းသည်မှာ နှစ်ရက်ခန့်သာ တောင့်ခံနိုင်ကြပြီး ဆက်လက် မလေ့ကျင့်နိုင်ကြတော့ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကြိုးစားမှုကမူ ပုံမှန်အခြေအနေ တစ်ရပ်လို ဖြစ်နေသည်။
သို့သော် အသက်ရှင်ကျန်ရစ်သူ အများစုမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဓားကျင့်နေချိန်ကို မမြင်တွေ့နိုင်ကြပေ။
ထိုအမျိုးသမီးသည် အမြဲတစေ ဓားပျံစီးကာ အဝေးသို့ ထွက်သွားပြီးမှသာ လေ့ကျင့်လေ့ရှိသည်။
ချန်းရီ၏ ကြိုးစားမှုမှာမူ အခြေအနေအရ ဖြစ်နေသည်။
ဤရက်ပိုင်းအတွင်း လမ်းစဉ် အဆင့် (၃) သို့ တက်ရောက်နိုင်ရန် အလုပ်ရှုပ်နေသောကြောင့်သာ ဤမျှ ကြိုးစားနေခြင်း ဖြစ်သည်။
ပုံမှန်အချိန်များတွင်မူ ချန်းရီသည် ဤမျှအထိ တက်ကြွနေမည် မဟုတ်ပေ။
စနစ်၏ တာဝန်ပြဇယားကွက်ကလည်း လွတ်ဟာနေသည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ချန်းရီတွင် သတ်ဖြတ်မှတ် လုံးဝ မရှိသဖြင့် အဆင့်မြှင့်တင်ရေး တာဝန် တစ်ခုမျှ လုပ်ဆောင်နေခြင်း မရှိပေ။
ချန်းရီကိုယ်တိုင် အလွန် နှမြောမိသော်လည်း။
ပိုကောင်းသော နည်းလမ်း မရှိသေးပေ။
ဤကဲ့သို့သော ရွှေ့ပြောင်းသွားလာရသည့် ဘဝမျိုးကို အားလုံး ဖြတ်သန်းလာခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကာ အသားကျနေခဲ့ပြီ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အနည်းငယ် ကွာခြားနေသည်။
ဤတစ်ကြိမ်တွင် ဦးတည်ရာနေရာ ရှိပြီး ထိုနေရာမှာ ဒဏ္ဍာရီလာ အိုအေစစ် ဖြစ်သည်။
ယခု ယာဉ်တန်းထဲတွင် "ဒဏ္ဍာရီလာ အိုအေစစ်" က ဘာကို ကိုယ်စားပြုသလဲဆိုသည်ကို မသိသူ တစ်ယောက်မျှ မရှိပေ။
"လမ်းစဉ်ဆေးထိုးအပ်" ဆိုသည်မှာ ဘာလဲဆိုသည်ကို မသိသူလည်း မရှိပေ။
ထို့ကြောင့် ဤလမ်းတစ်လျှောက် ကားမောင်းလာချိန်တွင်။
ယာဉ်တန်းထဲရှိ ဘတ်စ်ကားများပေါ်မှ သီချင်းသံများ တစ်ခါတစ်ရံ ပေါ်ထွက်လာတတ်သည်။
ယာဉ်တန်းထဲရှိ လူတိုင်းသည် အလွန် ပျော်ရွှင်နေကြပြီး စိတ်လှုပ်ရှားနေကြသည်။
အချိန်အကြာကြီး ခရီးထွက်ခဲ့ရပြီးနောက် အိမ်ပြန်ရတော့မည့် ခရီးသည်များအလား ဖြစ်နေသည်။
ဒဏ္ဍာရီလာ အိုအေစစ်အပေါ် လူတိုင်း၏ မျှော်လင့်ချက်များက အလွန် ကြီးမားနေသည်။
ဦးဆောင်ကားထဲတွင် ချူချယ်၏ နှုတ်ခမ်းထောင့်များကလည်း အပြုံးတစ်ခုအဖြစ် တွန့်ကွေးနေသည်။
သူ၏ လက်ထဲတွင် အလွန်ဟောင်းနွမ်းနေပြီဖြစ်သော မြေပုံတစ်ခုကို ကိုင်ထားသည်။
ဤမြေပုံကို ရရှိထားသူမှာ ချူချယ်ကဲ့သို့သော လမ်းပြသူ လမ်းစဉ်မှ အစွမ်းပိုင်ရှင် ဖြစ်နေခြင်းက အလွန် ကံကောင်းလှသည်။
ထိုသို့မဟုတ်ပါက ဤမြေပုံသည် မည်သူ့လက်ထဲ ရောက်ရောက် အမှောင်ထဲ စမ်းတဝါးဝါး ဖြစ်နေမည်သာ ဖြစ်သည်။
လမ်းပြသူ လမ်းစဉ်၏ မွေးရာပါ အာရုံခံနိုင်စွမ်းကြောင့် ယာဉ်တန်းသည် ဦးတည်ရာနေရာသို့ ပို၍ပို၍ နီးကပ်လာခဲ့သည်။
လမ်းစဉ် အဆင့် (၃) သွေးလမ်းကြောင်း နတ်ဆရာအဖြစ်သို့ တက်လှမ်းပြီးနောက်တွင် ချူချယ်၏ မွေးရာပါ အာရုံခံနိုင်စွမ်းမှာ ပိုမို အားကောင်းလာခဲ့သည်။
ချူချယ်သည် သူ၏ လက်ထဲရှိ အလွန်တရာ ရိုးရှင်းလွန်းလှသော မြေပုံကို ကိုင်ထားပြီး ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်နှင့် မကြာခဏ တိုက်ဆိုင်စစ်ဆေးနေသည်။
ချူချယ်သည် လက်ထဲရှိ မြေပုံကို ကြည့်ရုံသာမက ထိုမြေပုံကို ရေးဆွဲခဲ့သူ၏ ထိုအချိန်က စိတ်ခံစားချက်ကိုပါ ထည့်သွင်းစဉ်းစားနေရသည်။
သို့မှသာ ဤမြေပုံပေါ်တွင် ပါဝင်သော အချက်အလက်များအားလုံးကို အပြည့်အဝ ဖတ်ရှုနိုင်မည် ဖြစ်သည်။
ဤသည်ကပင် လမ်းပြသူ လမ်းစဉ်၏ မွေးရာပါ စွမ်းရည် ထက်မြက်မှုပင် ဖြစ်သည်။
ချူချယ်၏ ခန့်မှန်းချက်အရ ရက်အနည်းငယ်မျှ ကြာလျှင် ထိုဒဏ္ဍာရီလာ အိုအေစစ်ကို အမှန်တကယ် မြင်တွေ့ရနိုင်ခြေ ရှိသည်။
"ရှေ့က တောင်ကုန်းငယ်လေးကို ပတ်ပြီး ညာဘက်ကို မိုင် (၂၅) လောက် ဆက်သွားရမယ်"
ချူချယ်က ကားမောင်းနေသော ရှောင်ဖူကို ပြောလိုက်သည်။
"နားလည်ပါပြီ"
ရှောင်ဖူက အလျင်အမြန် တုံ့ပြန်လိုက်သည်။
မျှော်လင့်ချက်ရှိသော နေ့ရက်များသည် အမြဲတမ်း လျင်မြန်စွာ ကုန်လွန်သွားတတ်သည်။
ယာဉ်တန်းသည် ဤကဲ့သို့သော အခြေအနေမျိုးဖြင့် နောက်ထပ် နှစ်ရက်ခန့် ဆက်လက် သွားလာခဲ့သည်။
မြေပုံပေါ်တွင် မှတ်သားထားသော ဦးတည်ရာနေရာသို့ ပိုမို နီးကပ်လာသည်နှင့်အမျှ ယာဉ်တန်း၏ လေထုမှာလည်း ပိုမို ပြင်းပြလာခဲ့သည်။
နေ့စဉ် ပံ့ပိုးပေးနိုင်သော ရိက္ခာများမှာ သနားစရာကောင်းလောက်အောင် နည်းပါးနေဆဲ ဖြစ်သော်လည်း မည်သူမျှ မကျေမနပ် မဖြစ်ကြပေ။
လူအများစုမှာ ဒဏ္ဍာရီလာ အိုအေစစ်သို့ ရောက်ရှိသွားပါက မည်သည့် အရသာရှိသော အစားအစာများကို စားသုံးရမည်ကိုပင် စိတ်ကူးယဉ်နေကြပြီ ဖြစ်သည်။
အချို့သူများက မိမိတို့၏ ဇာတိမြေမှ အရသာရှိသော အစားအစာများအကြောင်း ပြောပြကြရာ အခြား အသက်ရှင်ကျန်ရစ်သူများမှာ သွားရည်ကျမတတ် ဖြစ်နေကြသည်။
ချန်းရီသည် ညစဉ်ညတိုင်း လစွမ်းအင်ဝါးမြိုကျင့်စဉ်ကို မမောမပန်း လေ့ကျင့်နေဆဲပင်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သဘာဝလွန်စွမ်းအင်များက ပိုမို ပြင်းထန်လာကာ အချိန်မရွေး အဆင့်တက်သွားနိုင်ကြောင်း သူ ခံစားနေရသည်။
သူနှင့် လမ်းစဉ် အဆင့် (၃) ကြားတွင် စက္ကူပါးလေး တစ်ချပ်သာ ခြားနေတော့သည်။
သို့သော် ထိုစက္ကူပါးလေးကို မည်သည့်အချိန်တွင် ဖောက်ထွင်းနိုင်မည်ကိုမူ ချန်းရီ လက်ရှိအချိန်အထိ အရိပ်အယောင်မျှ မတွေ့ရသေးပေ။
နံနက်စာ စားပြီးနောက် ယာဉ်တန်းက ဆက်လက် ထွက်ခွာခဲ့သည်။
ချူချယ်သည် မြေပုံပေါ်ရှိ အမှတ်အသားများအတိုင်း ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်နှင့် အဆက်မပြတ် တိုက်ဆိုင်စစ်ဆေးနေသည်။
ထိုအချိန်မှာပင် ချူချယ်သည် ရှေ့မလှမ်းမကမ်းတွင် လမ်းညွှန်ဆိုင်းဘုတ်တစ်ခု ရှိနေပုံရသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
လမ်းညွှန်ဆိုင်းဘုတ် ဟုတ်လား။
ချူချယ်သည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ထိုလမ်းညွှန်ဆိုင်းဘုတ် ရှိရာဘက်သို့ သေချာစွာ အကဲခတ်လိုက်သည်။
အစွမ်းပိုင်ရှင်တစ်ယောက်၏ အမြင်အာရုံဖြင့်ပင် အဝေးရှိ ထိုလမ်းညွှန်ဆိုင်းဘုတ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အလွန် ခက်ခဲလှသည်။
"ရှောင်ဖူ... နာရီလက်တံ ဆယ်နာရီ ဘက်ကို သွား"
ယာဉ်မောင်းခန်းထဲရှိ ရှောင်ဖူက စတီယာရင်ကို စတင် ကွေ့လိုက်ပြီး ယာဉ်တန်းသည် ခေါင်းဆောင်ချူ ညွှန်ပြသောဘက်သို့ ဦးတည်သွားသည်။
ထူးဆန်းတဲ့ အိုအေစစ်ရဲ့ လမ်းညွှန်ဆိုင်းဘုတ်များ ဖြစ်နေမလား။
ရောက်တော့မှာလား။
ချူချယ်သည် စိတ်ထဲမှ ခန့်မှန်းနေရင်း သူ၏ မျက်နှာပေါ်တွင်လည်း ဝမ်းသာသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ယာဉ်တန်းက အနည်းငယ် အရှိန်မြှင့်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်။
ယာဉ်တန်းက တဖြည်းဖြည်း ရပ်တန့်သွားသည်။
သက်ဆိုင်ရာ ကားများပေါ်ရှိ အစွမ်းပိုင်ရှင်များ အားလုံး ကားပေါ်မှ ဆင်းလာကြသည်။
ချန်းရီနှင့် အခြားသူများသည် လမ်းညွှန်ဆိုင်းဘုတ်ရှေ့တွင် ရပ်နေကြပြီး သူတို့၏ မျက်နှာများမှာ အလွန် ကြည့်ရဆိုးနေသည်။
အသက်ရှင်ကျန်ရစ်သူများက ကားပြတင်းပေါက်တွင် မှီ၍ လမ်းဘေးရှိ ထိုဆိုင်းဘုတ်ဆီသို့ အားကြိုးမာန်တက် လှမ်းကြည့်နေကြသည်။
အပေါ်တွင် ရေးထားသော စာလုံးများကို ရှင်းလင်းစွာ မြင်တွေ့သွားကြချိန်တွင် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများကို မြင်တွေ့လိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် ဤလမ်းညွှန်ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို လတ်ဆတ်သော သွေးများဖြင့် ရေးသားထားသောကြောင့် ဖြစ်သည်။
လမ်းညွှန်ဆိုင်းဘုတ်ပေါ်ရှိ သွေးစာလုံးများက ရေးသားထားသည်မှာ "အိုအေစစ်ဆီကို မသွားကြနဲ့... အိုအေစစ်ဆီကို မသွားကြနဲ့... အိုအေစစ်ဆီကို လုံးဝ မသွားကြနဲ့" ဟူ၍ ဖြစ်သည်။
သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ရေးသားထားသော စာကြောင်းများနှင့် သွေးရောင် အာမေဍိတ် သင်္ကေတများက မြင်တွေ့ရသူများ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။
ဆက်ရန်...