← Chapters

အခန်း ၃၀၈

Vol. 16 Ch. 308

အခန်း ၃၀၈

Vol. 16 Ch. 308

အပိုင်း(၃၀၈) သဘောထားကွဲလွဲခြင်း

ချန်းရီက ဤလမ်းညွှန်ဆိုင်းဘုတ်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲ၌ ဗီဇအရ သတိတစ်ချက် ဝင်လာခဲ့သည်။

ဒါက ထိတ်လန့်ခြောက်ခြားဖွယ် ရုပ်ရှင်တွေထဲက ဇာတ်ကွက်အတိုင်း မဟုတ်ပါလား။

ဇာတ်လိုက်အဖွဲ့က စိမ်းသက်တဲ့ နေရာတစ်ခုကို ရောက်လာပြီး လူတိုင်းက အဲဒီအိမ်ဟောင်းကြီးမှာ သရဲခြောက်တယ်လို့ ပြောကြသည်။

ဒါပေမဲ့ ဇာတ်လိုက်အဖွဲ့က မယုံဘဲ ဇွတ်သွားကြသည်။

နောက်ဆုံးမှာတော့ လူတွေအားလုံး သေဆုံးကုန်ပြီး ရုပ်ရှင်ခေါင်းစဉ်ပဲ ကျန်ရစ်ခဲ့တော့သည်။

မျက်စိရှေ့မှ မြင်ကွင်းက ရုပ်ရှင်ဇာတ်ကွက်နှင့် အလွန်ပင် ဆင်တူလွန်းလှ၏။

လူအုပ်ကြီးက ဤလမ်းညွှန်ဆိုင်းဘုတ်အသေးလေးကို ဝိုင်းပတ်ကြည့်ရှုနေကြသော်လည်း ပတ်ဝန်းကျင်တွင် အခြားထူးခြားမှု တစ်စုံတစ်ရာ မရှိချေ။

ထိတ်လန့်ဖွယ်ရုပ်ရှင်များထဲတွင် ရှိနေကျဖြစ်သော အလောင်းများကိုပင် မတွေ့ရပေ။

လမ်းဘေးတွင် သွေးဖြင့် စာရေးထားသော လမ်းညွှန်ဆိုင်းဘုတ်တစ်ခုသာ အထီးကျန်စွာ စိုက်ထူထားသည်။

အသက်ရှင်ကျန်ရစ်သူများမှာ တိုးတက်တိတ်တိတ် စတင်၍ ဆွေးနွေးနေကြပြီ ဖြစ်သည်။

"အိုအေစစ်ကို မသွားနဲ့... ဒါ... ဒါက..."

အချို့သော သတ္တိနည်းသူများက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဟိုဟိုဒီဒီ ကြည့်နေကြပြီး ထူးဆန်းသောအရာတစ်ခုခု ရုတ်တရက် ခုန်ထွက်လာမည်ကို စိုးရိမ်နေကြသည့်ပုံရသည်။

"မင်းကလည်း လန့်လှချည်လား... သူတို့မသွားနဲ့ဆိုရုံနဲ့ မသွားတော့ဘူးလား... ဒါက တစ်ယောက်ယောက်က သက်သက်နောက်ပြောင်ထားတာလည်း ဖြစ်နိုင်တာပဲ"

အချို့သူများကမူ အရေးမစိုက်ဟန် ပြုကြသည်။

ဤမျှဝေးလံသော ခရီးကို လျှောက်လှမ်းလာခဲ့ပြီးမှ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကြောင့်နှင့် မည်သို့ နောက်ဆုတ်သွားပါမည်နည်း။

"ဒဏ္ဍာရီလာ အိုအေစစ်... သေရမယ်ဆိုရင်တောင် ကျွန်တော်ကတော့ သွားမှာပဲ"

၎င်းမှာ ကျိုးရှောင်ရှောင်... ခေါင်းဆောင်ကောက်နှင့် ရှုလီနာတို့ကဲ့သို့သော လူများ၏ စိတ်ကူးပင် ဖြစ်သည်။

လမ်းစဉ်ဆေးထိုးအပ်သည် အစွမ်းပိုင်ရှင် ဖြစ်လာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ရာ ဤလမ်းညွှန်ဆိုင်းဘုတ်ကြောင့်နှင့် မည်သို့ လက်လွှတ်အရှုံးပေးနိုင်ပါမည်နည်း။

ချန်းရီတို့အဖွဲ့ မသွားလျှင်ပင် ဤလူများသည် အစွမ်းပိုင်ရှင်များကို ထားရစ်ခဲ့ကာ မိမိတို့ဘာသာ သွားရောက်ရန် စိတ်ကူးနေကြသည်။

ထိုအရာက လမ်းစဉ်ဆေးထိုးအပ် ဖြစ်နေသည် မဟုတ်ပါလော...

ချူချယ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

"မင်းတို့ ဘယ်လိုမြင်လဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မေးစေ့ကို ပွတ်သပ်ရင်း "အမှန်တရားက တစ်ခုတည်းရှိတယ်" ဟူသော အမူအရာဖြင့် ပြောလိုက်သည်။

"ထင်ရှားတာကတော့ ဒဏ္ဍာရီလာ အိုအေစစ်မှာ တစ်ခုခု ဖြစ်ပွားခဲ့တာပဲ... ဒါပေမဲ့ ကျွန်မ သိချင်တာက ဒီလမ်းညွှန်ဆိုင်းဘုတ်က ဒီနေရာကို ဘယ်လိုရောက်နေတာလဲ ဆိုတာပဲ"

"ဒီလမ်းညွှန်ဆိုင်းဘုတ်က ဒဏ္ဍာရီလာ အိုအေစစ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့သူက သေခါနီးအချိန်မှာ နောက်ကလိုက်လာမယ့်သူတွေအတွက် အသက်နဲ့လဲပြီး ချန်ထားခဲ့တဲ့ သတိပေးချက်တစ်ခုလို ခံစားရစေတယ်"

"ဒါပေမဲ့ အခြေအနေက တကယ်ပဲ အရေးကြီးနေတယ်ဆိုရင် ဘယ်သူက ဒီလိုအခြေအနေမျိုးမှာ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို သက်သက်လုပ်နေပါ့မလဲ"

"တကယ်လို့ အရေးပေါ်အခြေအနေ ဖြစ်နေပြီး နောက်ကလူတွေကို သတိပေးချင်တယ်ဆိုရင် ဒီလိုဆိုင်းဘုတ်မျိုးကို လုပ်ပြီး ဒီမှာ ထားခဲ့ဖို့က လုံးဝမဖြစ်နိုင်ဘူး"

"ဒါကြောင့် ဒါဟာ သက်သက်နောက်ပြောင်တာ ဖြစ်နိုင်ခြေလည်း ရှိတာပဲ"

ထိုမိန်းကလေးက ရာနှုန်းပြည့် အသေအချာ မပြောသော်လည်း ထိုကဲ့သို့သော ဖြစ်နိုင်ခြေ ရှိကြောင်းသာ ဆိုခြင်း ဖြစ်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ငတုံးငအတစ်ယောက် မဟုတ်ချေ။ အသက်ငယ်ရွယ်ပြီး ကမ္ဘာပျက်ကပ်မတိုင်မီက မိစုစု၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင်သာ ကြီးပြင်းလာခဲ့သဖြင့် အချို့သော ကိစ္စရပ်များ၌ ဖြူစင်ရိုးသားနေခြင်း ဖြစ်သည်။

ထို့ပြင် ဓားနတ်ဘုရား လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးမှာလည်း ဉာဏ်ရည် လျော့နည်းသွားခြင်းမျိုး မဟုတ်ပေ။

လူတိုင်းက ခေါင်းတငြိတ်ငြိတ်ဖြင့် နားထောင်နေကြပြီး ထိုမိန်းကလေး ပြောသည်မှာ အတိုင်းအတာတစ်ခုအထိ အကြောင်းပြချက် ရှိသည်ဟု ခံစားရသည်။

တင်းတုံက စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကျွန်မတို့ ဒီအထိ ရောက်လာပြီဆိုမှတော့ မသွားဘဲနေဖို့က မဖြစ်နိုင်တော့ဘူး... ကျွန်မတို့ မသွားရင်တောင် သူတို့ကတော့ သူတို့ဘာသာ သူတို့သွားကြလိမ့်မယ်"

တင်းတုံက အသက်ရှင်ကျန်ရစ်သူများကို ကြည့်ရန် လူအုပ်ကြီးအား အချက်ပြလိုက်သည်။

ချန်းရီတို့အဖွဲ့က ကားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများထံသို့ လှမ်းကြည့်လိုက်ကြ၏။

ကားတစ်စီးချင်းစီ၏ ခေါင်းဆောင်များသည် ကားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများကို အောက်သို့ ဆင်းခွင့်မပြုခဲ့ကြပေ။

ထိုအသက်ရှင်ကျန်ရစ်သူများသည် ယခုအချိန်တွင် ပြတင်းပေါက်များ၌ ကပ်၍ ဤလမ်းညွှန်ဆိုင်းဘုတ်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေကြသည်။

အချို့သော အသက်ရှင်ကျန်ရစ်သူများ၏ မျက်ဝန်းတွင် အရေးမစိုက်သော အရိပ်အယောင်များ ရှိနေပြီး မျက်စိရှေ့မှ မြင်ကွင်းက ပျင်းစရာကောင်းသော နောက်ပြောင်မှုတစ်ခုမျှသာ ဖြစ်သည်ဟု ထင်မှတ်နေကြပုံရသည်။

အချို့ကမူ လမ်းညွှန်ဆိုင်းဘုတ်၏ အဝေးဆီသို့ လှမ်းမျှော်ကြည့်နေကြပြီး ဒဏ္ဍာရီလာ အိုအေစစ်၏ အရိပ်အယောင်ကို ရှာဖွေနေကြသည့်ပုံရှိသည်။

အချို့ကမူ အစွမ်းပိုင်ရှင်အချို့ကို စိုးရိမ်တကြီး ကြည့်နေကြပြီး သူတို့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေကြသည်။

စိုးရိမ်ပူပန်သူများ ရှိသော်လည်း အများအပြားတော့ မဟုတ်ချေ။

လူဟူသည် သေရမှာ ကြောက်တတ်ကြစမြဲပင်။

သို့သော် အရှေ့တွင် လုံလောက်သော အကျိုးအမြတ် ရှိနေပါက သတ္တိအနည်းဆုံးသူပင် ဖြစ်ပါစေ စွန့်စားရန် ရွေးချယ်ကြပေလိမ့်မည်။

ဒဏ္ဍာရီလာ အိုအေစစ်မှ ပေါများလှသော ရိက္ခာပစ္စည်းများ ဖြစ်စေ... ထိုနေရာရှိ လမ်းစဉ်ဆေးထိုးအပ်များ ဖြစ်စေ...

လူတိုင်းအတွက်တော့ အဆိပ်ပြင်းဆုံးသော သွေးဆောင်မှုများ ဖြစ်နေခဲ့သည်။

ချူချယ်က လူသန်ငတုံးကြီးထံသို့ ကြည့်လိုက်သည်။

လူသန်ငတုံးကြီးက ခေါင်းနောက်ဘက်ကို ကုတ်ရင်း မျက်နှာတွင် ရိုးအအမူအရာက အရင်အတိုင်း ရှိနေဆဲ ဖြစ်သည်။

"ငါ... ငါလည်း မသိဘူး... ခေါင်းဆောင်တို့ ပြောတဲ့အတိုင်းပဲ လုပ်ပါမယ်"

ဘေးနားတွင် ရပ်နေသော ချန်ဟောင်ကလည်း သူ၏ သဘောထားကို ပြောရန် ပြင်လိုက်သည်။

"ကျွန်တော်... လူဝကြီး ပြောတာက..."

ချန်ဟောင် စကားနှစ်လုံးမျှသာ ပြောရသေးခင်မှာပင် ချန်းရီက တိုက်ရိုက် ကြားဖြတ် ပြောလိုက်၏။

"တော်ပြီ... တော်ပြီ... မင်း ဘာပြောချင်လဲဆိုတာ ငါ သိတယ်... လူဝကြီး သွားမယ်ဆိုရင် မင်းလည်း လိုက်သွားမယ်လို့ ပြောမလို့မလား"

ချန်ဟောင်က ခေါင်းကို တရစပ် ညိတ်ပြသည်။

ထိုလူဝကြီး မသေဆုံးခဲ့ကတည်းက ချန်ဟောင်သည် ထိုလူဝကြီး၏ လက်ခုပ်ထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့သည်။

ဤရက်ပိုင်းအတွင်း အတူတကွ နေထိုင်ခဲ့ကြပြီးနောက် ချန်းရီသည်လည်း ချန်ဟောင်က ထိုလူဝကြီးကို လောင်းကြေးရှုံးစဉ်က ပေးခဲ့သော ကတိစကားကို သိရှိသွားခဲ့သည်။

"မင်းကို အသက်ရှင်အောင် ငါ စောင့်ရှောက်မယ်" ဟူသော စကားတစ်ခွန်းက ချန်ဟောင်အတွက် ကျိန်စာတစ်ခုလို ဖြစ်နေခဲ့သည်။

ချန်းရီ၏ အမြင်အရ ပြောရလျှင် ဤလူသည် အလွန်တရာ ခေါင်းမာလွန်းလှ၏။

ဤကဲ့သို့သော ကတိမျိုးကို ချန်းရီအနေဖြင့် တစ်ရက်လျှင် အခါ ရာချီ ပေးနိုင်သော်လည်း...

ချန်ဟောင်အတွက်မူ ပြောပြီးသားစကားကို မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။

ချန်ဟောင်၏ စကားက လူနှစ်ယောက်လုံး၏ သဘောထားကို ကိုယ်စားပြုသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်းက ချန်းရီထံသို့ လှမ်းကြည့်လိုက်ကြသည်။

"ချန်းရီ... မင်းရော ဘယ်လိုမြင်လဲ"

ချန်းရီ၏ သွေးရောင်လွှမ်းသော ဘယ်ဘက်မျက်လုံးက အနည်းငယ် လင်းလက်သွားပြီး လမ်းညွှန်ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို အခါခါ ပြန်လည် စစ်ဆေးကြည့်သော်လည်း လောလောဆယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေခြင်းကို မတွေ့ရသေးချေ။

ချန်းရီက စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ငါမြင်တာကတော့... လောလောဆယ် ဒဏ္ဍာရီလာ အိုအေစစ်ကို မသွားတာက ပိုကောင်းလိမ့်မယ်"

သတိကြီးလှသော ချန်းရီသည် အမြဲတမ်း "ဘေးကင်းရေး ပထမ" ဟူသော မူကိုသာ လက်ကိုင်ထားဆဲ ဖြစ်သည်။

လမ်းစဉ်ဆေးထိုးအပ်ပဲဖြစ်ဖြစ်... ရိက္ခာပစ္စည်းတွေပဲဖြစ်ဖြစ်... သဘာဝလွန်ပစ္စည်းတွေပဲဖြစ်ဖြစ်...

ဘာမှ အသက်ထက် အရေးမကြီးပေ။

ချန်းရီက ကန့်ကွက်လိမ့်မည်ဟု လူတိုင်း မထင်မှတ်ထားကြသဖြင့် ခဏမျှ တိတ်ဆိတ်သွားပြီး သူ့ကိုသာ စိုက်ကြည့်နေကြသည်။

ချန်းရီက အချိန်မဆွဲဘဲ ဆက်ပြောလိုက်သည်။ "အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီဗျ... ဘယ်သူကမှ ဒီနေရာအထိ စွန့်စားလာပြီး နောက်ပြောင်ဖို့အတွက်ပဲ ဆိုင်းဘုတ်တစ်ခု လာစိုက်မှာ မဟုတ်ဘူး"

"ကမ္ဘာပျက်ကပ်မတိုင်ခင်ကဆိုရင်တော့ ဖြစ်နိုင်တာပေါ့... ဒါပေမဲ့ အခုလို အချိန်မျိုးမှာ အကျိုးအမြတ်မရှိတဲ့ အပိုအလုပ်မှန်သမျှက အန္တရာယ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ချန်းရီက သူမ၏ သဘောထားကို ကန့်ကွက်လိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

"ဒီဆိုင်းဘုတ်ကို ရှင့်ဘာသာ စိုက်ခဲ့တာမှ မဟုတ်တာ... ရှင်က ဘယ်လိုလုပ် သိမှာလဲ"

ချန်းရီက လူပုံအလယ်တွင် ငြင်းခုံလိုက်ခြင်းကြောင့် ထိုမိန်းကလေးမှာ အနည်းငယ် မျက်နှာပျက်သွားရသည်။

ချန်းရီက ထိုမိန်းကလေး၏ မကျေနပ်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။

"ဒါဟာ သက်သက်နောက်ပြောင်တာပဲ ဟုတ်ဟုတ်... မဟုတ်ဟုတ်... ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဒီမှာ ဆိုင်းဘုတ်လာစိုက်ထားပါစေ... ဒဏ္ဍာရီလာ အိုအေစစ်မှာ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာကို ပြနေတာပဲ"

"ဒါဆို... ဒါဆိုရင် ဒီဆိုင်းဘုတ်က ဘာလို့ ဒီမှာ ရှိနေရတာလဲဆိုတာ ရှင် ဘယ်လိုရှင်းပြမလဲ... တကယ်လို့ အမှတ်အသားပဲ လုပ်ချင်တာဆိုရင် နည်းလမ်းတွေ အများကြီး ရှိတာပဲ"

"အခုလို အချိန်မျိုးမှာ ဒီလိုဆိုင်းဘုတ်တစ်ခု လုပ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပေမဲ့ တော်တော်တော့ အလုပ်ရှုပ်မှာပဲ မဟုတ်လား"

"တကယ်လို့ အမှတ်အသားပဲ ပြချင်တာဆိုရင် ကျောက်ပြားပေါ်မှာ ရေးထားလို့ ရသလို မြေကြီးပေါ်မှာ ရေးထားလည်း ရတာပဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဆက်လက်၍ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။

ချန်းရီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ဆက်ပြောသည်။

"ဘာလို့ ဒီနေရာမှာ လမ်းညွှန်ဆိုင်းဘုတ်ကို မဖြစ်မနေ လာစိုက်ထားရလဲဆိုတာ ငါလည်း မသိဘူး... ဖြစ်နိုင်တာကတော့ နောက်က လိုက်လာမယ့်သူတွေ ပိုပြီး သတိထားမိလွယ်အောင်လို့ ဖြစ်လိမ့်မယ်"

ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့၏ သဘောထားများ ကွဲလွဲနေပြီး နှစ်ယောက်စလုံး ပြောသည်မှာ အကြောင်းပြချက် ရှိနေသဖြင့် ကြားလိုက်ရသော အသက်ရှင်ကျန်ရစ်သူများမှာ တစ်ပြိုင်နက်တည်း စိုးရိမ်ပူပန်လာကြသည်။

ချူချယ်က တစ်နေ့ထက်တစ်နေ့ ပါးလွှာလာသော ဆံပင်များကို သပ်တင်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။

ချန်းရီက မေးလိုက်သည်။

"လမ်းပြသူရဲ့ အမှတ်အသားကိုရော တွေ့လား"

ချူချယ်က ခေါင်းခါပြသည်။

"မတွေ့ဘူး... ဒီနေရာမှာ လမ်းပြသူရဲ့ အမှတ်အသား မရှိဘူး"

ချူချယ်က ဆက်ပြောသည်။

"ယာဉ်တန်းရဲ့ လောလောဆယ် အခြေအနေကို မင်းတို့လည်း သိမှာပါ... ဓာတ်ဆီက အများကြီး မကျန်တော့ဘူး... ဓာတ်ဆီမရှိရင် ငါတို့ ရှောက်ဆက်ဖို့ ခက်လိမ့်မယ်"

"ဒီနေရာက ငါတို့ အရင်က ရင်းနှီးခဲ့တဲ့ နေရာမဟုတ်တော့ဘူး... လမ်းတစ်လျှောက်လုံးမှာလည်း ဆီဆိုင်တစ်ဆိုင်မှ မတွေ့ခဲ့ရဘူး"

အမှန်တော့ ဤလမ်းခရီးတစ်လျှောက် ရွှေ့ပြောင်းလာစဉ်အတွင်း ယာဉ်တန်းရှိ အစွမ်းပိုင်ရှင်များ၏ စွမ်းအား တိုးတက်လာမှုနှင့်အတူ မော်တော်ယာဉ်များအတွက် စက်သုံးဆီ ရှာဖွေရခြင်းမှာ အလွန် ခဲယဉ်းသော အလုပ်တစ်ခု မဟုတ်တော့ပေ။

ဆီဆိုင်အားလုံးက မြို့ထဲတွင်သာ ရှိနေကြခြင်း မဟုတ်ချေ။

အချို့သော ဆီဆိုင်များသည် လမ်းဘေးဝဲယာတွင် တည်ရှိကြသည်။

အချို့ဆီဆိုင်များ၏ တည်နေရာမှာ အလွန်ပင် ဝေးလံခေါင်ဖျားလှ၏။

ဤကဲ့သို့သော ဆီဆိုင်များနှင့် ကြုံတွေ့ရသည့် အကြိမ်တိုင်းတွင် ယာဉ်တန်းမှ လူများသည် အောက်သို့ ဆင်းကာ အပြည့်အဝ ဖြည့်တင်းလေ့ ရှိကြသည်။

လူသားများ သေဆုံးမှုမှာ များပြားလွန်း၊ မြန်ဆန်လွန်းပြီး ရုတ်တရက် ဖြစ်ပွားခဲ့ခြင်းကြောင့် ဤကဲ့သို့ ရွှေ့ပြောင်းနေသော ယာဉ်တန်းမှာလည်း အနည်းငယ်မျှသာ ရှိသဖြင့် ဆီဆိုင်အများစုရှိ စက်သုံးဆီ သိုလှောင်မှုများမှာ အလွန် ပြည့်စုံနေသေးသည်။

သို့သော် လောင်ညိုတောင် လမ်းဟောင်းမှ ထွက်ခွာလာပြီးနောက်တွင်မူ ယာဉ်တန်းသည် ဆီဆိုင် တစ်ဆိုင်နှင့်မျှ ထပ်မံ မကြုံတွေ့ရတော့ချေ။

ချန်းရီအနေဖြင့် သူ၏ မိစ္ဆာပစ်ကပ်ကားကို စွမ်းအင်ဝါးမြိုစေပြီး စက်သုံးဆီ ဖြည့်တင်းနိုင်သော်လည်း...

အခြားလူများ၏ ကားများမှာမူ စက်ပစ္စည်း သက်သက်သာ ဖြစ်သဖြင့် ဓာတ်ဆီမရှိပါက မောင်းနှင်နိုင်ခြင်း မရှိချေ။

"တကယ်လို့ ငါတို့ရဲ့ စက်သုံးဆီကို ထပ်ပြီး မဖြည့်တင်းနိုင်ဘူးဆိုရင် ယာဉ်တန်း ရင်ဆိုင်ရမယ့် ပြဿနာကို ငါ အထူးပြောနေစရာ မလိုဘဲ အားလုံး သိကြမှာပါ"

"ပြီးတော့ ယာဉ်တန်းထဲက ရိက္ခာတွေလည်း အများကြီး မကျန်တော့ဘူး... တင်းတုံ စိုက်ပျိုးထားတဲ့ အာလူးနဲ့ ဆလတ်ပင်တွေက အရင်ကတည်းက ငါတို့ဘာသာ စားဖို့တောင် မလုံလောက်တာ... အခု လူတွေ ဒီလောက်များလာတော့ ပိုပြီးတော့တောင် မလောက်တော့ဘူး"

"ဆိုတော့ ဒဏ္ဍာရီလာ အိုအေစစ်ကို ငါတို့ မဖြစ်မနေ သွားရမယ်"

"ဒီလိုမျိုး ပြီးပြည့်စုံတဲ့ မျိုးစေ့တွေက ဒဏ္ဍာရီလာ အိုအေစစ်မှာ အများကြီး ရှိတယ်... ငါတို့သာ ရခဲ့ရင် နောင်တစ်ချိန်မှာ ယာဉ်တန်းရဲ့ ရိက္ခာအတွက် အများကြီး အထောက်အကူ ပြုမှာပဲ"

ချူချယ်၏ စကားကို ကြားရပြီးနောက် လူတိုင်းမှာ အနည်းငယ် စိတ်အေးသွားကြသည်။

ချန်းရီသည်လည်း ချူချယ်၏ သဘောထား ကွဲလွဲမှုကြောင့် မျက်နှာပျက်ယွင်းခြင်း မရှိခဲ့ပေ။

သူသည် ရင့်ကျက်ပြီး လိမ္မာပါးနပ်သော အမျိုးသားတစ်ဦး ဖြစ်နေပြီဖြစ်ရာ ကလေးဆိုး တစ်ယောက် မဟုတ်တော့ချေ။

အန္တရာယ်နှင့် ကြုံတွေ့ရလျှင်ပင် အရင်ဆုံး သေဆုံးမည့်သူမှာ သူ မဟုတ်သည်ကတော့ သေချာသည်။

ထိုမျှများပြားသော အသက်ရှင်ကျန်ရစ်သူများက သူ့အတွက် အကာအကွယ်များ ဖြစ်နေကြသည် မဟုတ်ပါလော။

သူသည် မိမိ၏ သဘောထားကိုသာ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရှေ့ဆက်၍ မည်သို့လုပ်ဆောင်မည်ကိုမူ ချူချယ်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပေလိမ့်မည်။

ချူချယ်က ဆက်ပြောသည်။ "ဒါပေမဲ့ ချန်းရီ ပြောတာလည်း ယုတ္တိရှိတယ်... ရှေ့ဆက်ရမယ့် လမ်းခရီးက ပိုပြီး အန္တရာယ်များလာလိမ့်မယ်"

ချူချယ်သည် အပေးအယူ မျှတမှုကို အလွန် နားလည်လှပေသည်။ ချန်းရီ၏ အကြံပြုချက်အတိုင်း ဒဏ္ဍာရီလာ အိုအေစစ်သို့ မသွားဘဲ မနေခဲ့သော်လည်း...

ချန်းရီ၏ အကြောင်းပြချက်ကိုမူ အသိအမှတ်ပြုပေးခဲ့သည်။

ချန်းရီက စိတ်ထဲမှနေ၍ "မြေခွေးအိုကြီး" ဟု ကျိန်ဆဲလိုက်မိသည်။

ဤသို့ဖြင့် ယာဉ်တန်းကြီးသည် ရှေ့သို့ ဆက်လက် ခရီးနှင်ခဲ့ကြသည်။

ယာဉ်တန်းကြီး မောင်းနှင်လာခဲ့သည်မှာ သုံးနာရီခန့် ကြာမြင့်ပြီးနောက်...

ဖြစ်နိုင်သည်မှာ မြေပုံပေါ်ရှိ ဦးတည်ချက်နှင့် ပိုမို နီးကပ်လာခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ယာဉ်တန်းကြီးသည် မသိမသာဖြင့် အရှိန် မြှင့်တင်လာခဲ့သည်။

ခဏအကြာတွင် အရှိန် ပို၍ မြင့်လာပြန်သည်။

မသိမသာပင် ကားများ၏ အရှိန်မှာ မိုင် ၄၅ နီးပါးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယာဉ်တန်းကြီးသည် နဂါးတစ်ကောင်အလား ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေကြသည်။

ရုတ်တရက်... အရှေ့မှ လမ်းပြနေသော ခေါင်းဆောင်ချူက ဘရိတ်ကို အရေးပေါ် နင်းကာ ကားကို ရုတ်တရက် ရပ်တန့်လိုက်သည်။

ချူချယ်၏ နောက်မှ ကပ်လိုက်လာသော ချန်းရီမှာ အချိန်မီ မတုံ့ပြန်နိုင်လုနီးပါး ဖြစ်သွားပြီး ချက်ချင်းပင် လက်ကိုင်ကို အမြန်လှည့်ကာ ဘရိတ်ကို အရှိန်ကုန် နင်းလိုက်ရသည်။

မိစ္ဆာပစ်ကပ်ကားသည် မြက်ခင်းပြင်ပေါ်တွင် မည်းနက်သော တာယာရာကြီး နှစ်ကြောင်း ထင်ကျန်ရစ်စေခဲ့ပြီး ကားခေါင်းပိုင်းမှ အသားမျှင်တစ်ခု ထွက်ပေါ်လာကာ အရှေ့မှ ချူချယ်၏ လမ်းကြမ်းမောင်းကားကို အတင်း ဆွဲထိန်းလိုက်သည်။

ထို့ပြင် နောက်ကွယ်မှ အလိုအလျောက်မောင်းနှင်စနစ်သည်လည်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပုံရသည်။

မိစ္ဆာပစ်ကပ်ကား၏ နောက်ဘက်မှလည်း အလားတူ အသားမျှင်တစ်ခု ထွက်ပေါ်လာပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေး ကား၏ အရှေ့ဘက် ဘန်ပါကို အတင်း ဆွဲထိန်းလိုက်ပြန်သည်။

ကားသုံးစီးစလုံး ကပ်လျက် ရပ်တန့်သွားသည့် အချိန်တွင်...

နောက်ကွယ်မှလည်း ကားဘရိတ်အုပ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြက်ခင်းပြင်ကြီးပေါ်၌ ကြည့်မကောင်းသော တာယာရာ အမာရွတ်ကြီးများ ထင်ကျန်ရစ်ခဲ့တော့သည်။

"တောက်... ချူချယ်... မင်း ရူးနေတာလား" ချန်းရီက အော်ပီကာကို ကိုင်ကာ ချက်ချင်း အော်ဟစ်လိုက်သည်။

"ခေါင်းဆောင်ချူ... ဘာဖြစ်တာလဲ"

"အရှေ့မှာ... အလောင်းတစ်လောင်း ရှိနေတယ်" စပီကာထဲမှ ချူချယ်၏ တည်ကြည်လှသော အသံ ထွက်ပေါ်လာသည်။

အလောင်း ဟုတ်လား...။

ယခုလို ကမ္ဘာပျက်ကပ် ကာလအတွင်းတွင် အလောင်းဟူသော အရာမျိုးကို မြင်တွေ့ရခဲလှသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းကျော် သေဆုံးခဲ့ရသဖြင့် နေရာတိုင်းတွင် အလောင်းများ ပြည့်နှက်နေရမည် ဖြစ်သော်လည်း...

ချန်းရီတို့အဖွဲ့သည် ကျေးရွာများတွင်ဖြစ်စေ၊ မြို့ပြများတွင်ဖြစ်စေ အလောင်းများကို မြင်တွေ့ရခြင်း မရှိသလောက်ပင်။

လုံးဝ မရှိခြင်း မဟုတ်ဘဲ အလွန်တရာ ရှားပါးခြင်း ဖြစ်သည်။

ထိုထူးဆန်းသည့် အရာများက လူသားတို့၏ အလောင်းများကို မည်သို့ စီမံလိုက်သည်ကို မည်သူမျှ မသိကြချေ။

လူအချို့က ကားပေါ်မှ အလျင်အမြန် ဆင်းလိုက်ကြသည်။

လူတိုင်းက ခေါင်းဆောင်ချူ ပြောသော "အလောင်း" ကို မကြာမီ မြင်တွေ့လိုက်ရသည်။

၎င်းမှာ ဂျာကင်အင်္ကျီနှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုအမျိုးသားသည် ကစဉ့်ကလျား ဖြစ်နေသော ဆံပင်တိုများဖြင့် မြေကြီးပေါ်တွင် မှောက်လျက် လဲကျနေပြီး သူ၏ ခန္ဓာကိုယ်အောက်ရှိ မြက်ခင်းပြင်တွင် မခြောက်သွေ့သေးသော သွေးကွက်ကြီးတစ်ခု ရှိနေကာ သွေးများနှင့် မြက်ပင်များ ရောနှော၍ ညိုမည်းသော အရောင်အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

"ခေါင်းဆောင်ချူ... သူ... သူ အသက်ရှင်နေသေးတယ်" ဓားနတ်ဘုရား လမ်းစဉ်၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မျက်စိရှေ့မှ "အလောင်း" တွင် အသက်ရှူသံ ကျန်ရှိနေသေးကြောင်း သတိပြုမိလိုက်ခြင်း ဖြစ်သည်။

ချူချယ်က ထိုအမျိုးသား၏ နှာခေါင်းဝတွင် လက်ဖြင့် စမ်းသပ်ကြည့်ပြီးနောက် ဘာမှ ထပ်မပြောဘဲ ကားပေါ်မှ ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် ပုလင်းကို အမြန် ယူဆောင်လာခဲ့သည်။

ထို့နောက် ထိုအမျိုးသား၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်၏။

ချန်းရီက နှုတ်ခမ်းတွင် ဆေးလိပ်ကို ခဲထားရင်း ညာဘက်လက်ကမူ အမုန်းတရား ဓားရိုးပေါ်တွင် တင်ထားကာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သော အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

မျက်စိရှေ့မှ လူသည် အသက်ငင်နေပြီ ဖြစ်သော်လည်း ချန်းရီအနေဖြင့် လုံးဝ စိတ်မချနိုင်သေးချေ။

မကြာမီ... ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်ကို တိုက်ကျွေးပြီးနောက်...

ထိုအမျိုးသားသည် အနည်းငယ် သက်သာလာပုံရပြီး မျက်လုံးကို မဟတဟ ဖွင့်ကြည့်လိုက်သော်လည်း ကောင်းကင်ယံမှ ပြင်းထန်လှသော နေရောင်ခြည်ကြောင့် မျက်စိကျိန်းသွားပုံရသည်။

ခဏအကြာတွင် ထိုအမျိုးသား၏ မျက်ဝန်းများ လှုပ်ရှားလာပြီး မိမိအား ဝိုင်းပတ်ကြည့်ရှုနေသော လူအုပ်ကြီးကို သေချာစွာ မြင်တွေ့သွားခဲ့သည်။

ထိုအမျိုးသား၏ နှုတ်ခမ်းများ တုန်ရီစွာ လှုပ်ရှားနေပြီး တစ်စုံတစ်ရာကို ပြောရန် ကြိုးစားနေပုံရ၏။

ချူချယ်က သူ၏ နားကို ထိုအမျိုးသား၏ ပါးစပ်ဝသို့ အလျင်အမြန် ကပ်လိုက်သည်။

မကြာမီ... ထိုအမျိုးသားသည် မျက်လုံးများကို ပြန်လည် ပိတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားတော့သည်။

"ခေါင်းဆောင်ချူ... သူ... သူ ဘာပြောသွားလဲ"

"ခေါင်းဆောင်ချူ... သူ... သေသွားပြီလား"

ပထမမေးခွန်းကို ချန်းရီက မေးခြင်းဖြစ်ပြီး ဒုတိယမေးခွန်းကိုမူ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မေးခြင်း ဖြစ်သည်။

ချူချယ်က မည်သို့မျှ ပြန်မဖြေဘဲ ထိုအမျိုးသားကို မြေကြီးပေါ်သို့သာ အသာအယာ ချထားလိုက်သည်။

ထိုအချိန်တွင် ဒေါက်တာလော်သည် အပြေးအလွှား ရောက်ရှိလာပြီး သူ၏ ဇနီးသည်ကလည်း နောက်မှ ကပ်လျက် လိုက်ပါလာသည်။

ဒေါက်တာလော်က ထိုအမျိုးသား၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး စတင် စစ်ဆေးတော့သည်။

ချူချယ်က မတ်တတ်ထရပ်လိုက်ပြီး မျက်ဝန်းများ နက်ရှိုင်းစွာဖြင့် ချန်းရီ၏ မေးခွန်းကို ဖြည်းညှင်းစွာ ပြန်လည် ဖြေကြားလိုက်သည်။ "သူ ပြောသွားတာက... မသွားပါနဲ့... တဲ့"

ချူချယ် ဤစကားကို ပြောပြီးသည့် ခဏမှာပင်...

ထိုအမျိုးသား တင်းတင်းဆုပ်ထားသော ညာဘက်လက်ထဲမှ ဖန်ဆေးထိုးအပ် တစ်ချောင်း မြေပေါ်သို့ လိမ့်ကျလာခဲ့သည်။

ချန်းရီ၏ အကြည့်က ထိုဖန်ဆေးထိုးအပ်ပေါ်သို့ ကျရောက်သွားသည့် အခါတွင်မူ သူ၏ မျက်မှန်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။

ဤသည်မှာ အသုံးပြုပြီးသား လမ်းစဉ်ဆေးထိုးအပ်၏ အခွံ ဖြစ်နေတော့သည်။

ဆက်ရန်...

All Chapters