← Chapters

အခန်း ၃၀၉

Vol. 16 Ch. 309

အခန်း ၃၀၉

Vol. 16 Ch. 309

အပိုင်း(၃၀၉) လမ်းစဉ် အဆင့် (၃)

နောက်ဆုံးတွင်တော့ ထိုအမျိုးသားက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်သည် အရိုးပေါ်တွင် အသားပြန်တက်စေနိုင်သည့် နတ်ဆေးတစ်ပါး မဟုတ်ပေ၊ ထိုအမျိုးသား၏ ဒဏ်ရာများက အလွန် ပြင်းထန်လွန်းနေခဲ့သည်။

ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်က အမျိုးသားကို အသက်မကယ်တင်နိုင်ခဲ့ပေ။

ဒေါက်တာလော်သည် သူတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကုသပေးပြီးနောက်တွင်တော့ မျှော်လင့်ချက်မဲ့စွာဖြင့် အမျိုးသား သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ရသည်။

အမျိုးသား၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ထက်မြက်သော လက်နက်တစ်ခုနှင့် အမည်မသိ စွမ်းအင်တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိသာထင်ရှားနေသည်။

ဤနေရာသို့ ရောက်လာချိန်တွင် သူ၏ နောက်ဆုံးထွက်သက်သာ ကျန်ရှိနေတော့သည်မှာ သေချာလှသည်။

ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်က အမျိုးသားကို သေခါနီးအချိန်တွင် ခေတ္တမျှ အသက်ပြန်ဝင်လာစေရန်သာ စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူ အနည်းငယ်က ရွှီနန်၏ ညွှန်ကြားချက်အတိုင်း တွင်းတစ်တွင်းတူးကာ အမျိုးသား၏ အလောင်းကို ထည့်သွင်းမြှုပ်နှံလိုက်ကြသည်။

သေချာသည်မှာ ထိုကဲ့သို့ တွင်းတူးသည့် အလုပ်မျိုးတွင် ထယ်ရှီး မပါ၍ မဖြစ်ပေ။

သို့မဟုတ်ပါက သာမန်လူ အနည်းငယ်မျှဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး လှဲလျောင်းရန် သင့်တော်မည့် တွင်းတစ်တွင်းကို သုံးမိနစ်အတွင်း အပြီးတူးရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အခြားသော အသက်ရှင်ကျန်ရစ်သူများကိုမူ ယာဉ်တန်း၏ စီမံခန့်ခွဲသူများက ကားပေါ်မှ ဆင်းခွင့်မပြုခဲ့ကြပေ။

အရှေ့တွင် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်းကိုသာ သူတို့ သိရှိထားကြပြီး မျက်စိလျင်သူ အချို့ကသာ အဝေးမှနေ၍ တစ်ချက်မျှ လှမ်းကြည့်လိုက်ကြခြင်း ဖြစ်သည်။

ထိုအမျိုးသားက မည်သူဖြစ်သည်၊ ယခင်က မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည် ဆိုသည်ကိုကား။

မည်သူကမျှ မသိရှိကြပေ။

ထိုအမျိုးသား၏ ဘယ်ဘက် မျက်ခုံးအနီးတွင် ကြီးမားသော မှဲ့နက်ကြီးတစ်ခု ရှိနေသည်ကိုသာ လူတိုင်း သိရှိကြပြီး ၎င်းမှလွဲ၍ အမျိုးသား၏ မည်သူမည်ဝါဖြစ်ကြောင်းကို လုံးဝ မသိရှိကြပေ။

လူသေဆုံးခြင်း ကိစ္စရပ်ဆိုသည်မှာ ကမ္ဘာပျက်ကပ်ကြီးထဲတွင် အလွန်တရာ ရိုးရှင်းသာမန်လွန်းသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

ထိုအမျိုးသားအတွက် ရိုးရှင်းသော ဇပနာ အခမ်းအနားလေးတစ်ခုကိုသာ ပြုလုပ်ပေးလိုက်ကြသည်။

လုပ်ငန်းစဉ် တစ်ခုလုံးမှာ ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။

ဤကဲ့သို့သော ရိုးရှင်းသည့် ဇပနာ အခမ်းအနားကို ဦးဆောင်ကျင်းပရန်မှာ ရွှီနန်အတွက် အလွန် ခက်ခဲလှသည်တော့ မဟုတ်ပေ။

ယခင်က ဦးလေးအားပေါင် ပြုလုပ်ခဲ့သည်ကို သူ မြင်တွေ့ဖူးခဲ့သည်။

ယခုအခါတွင်တော့ ရွှီနန်က ဦးလေးအားပေါင်၏ အလုပ်ကို အစားထိုး လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

သို့သော် ဤအမျိုးသား၏ သေဆုံးမှုက ယာဉ်တန်းအပေါ် အတိုင်းအတာ တစ်ခုအထိတော့ ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သေး၏။

ယခုအချိန်တွင် ခေါင်းဆောင်ချူ၏ လက်ထဲ၌ ကိုင်ဆောင်ထားသည်မှာ ထိုအမျိုးသား၏ ညာဘက်လက်ထဲမှ လျှောကျလာခဲ့သော လမ်းစဉ်ဆေးထိုးအပ် အခွံပင် ဖြစ်သည်။

"ခေါင်းဆောင်ချူ... ဒါက အသုံးပြုပြီးသား လမ်းစဉ်ဆေးထိုးအပ် အခွံလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချူချယ်၏ လက်ထဲရှိ အခွံဖြစ်နေသော ဆေးထိုးအပ်ကို စူးစမ်းချင်စိတ်များဖြင့် အကဲခတ်ကြည့်ရှုလိုက်သည်။

လမ်းစဉ်ဆေးထိုးအပ်၏ အခွံသည် အခြားသော ဆေးထိုးအပ်များနှင့် လုံးဝ မတူညီပေ၊ ကိုင်ကြည့်လိုက်လျှင် အလွန် လေးလံနေပြီး သာမန် ဖန်ဆေးထိုးအပ်များထက် များစွာ ပို၍ လေးလံလှသည်။

ထို့အပြင် ဆေးထိုးအပ်ပေါ်တွင် လမ်းစဉ် သင်္ကေတတစ်ခုလည်း ပါရှိနေသည်။

ဆေးထိုးအပ်၏ အထင်ရှားဆုံး နေရာတွင် ကန့်သတ်မှတ် ဆေးရည်စစ်စစ် ဟူသော စာတန်းတစ်ကြောင်းကို ရေးသားထား၏။

သေချာသည်မှာ ကန့်သတ်မှတ် ဆေးရည်စစ်စစ် ဆိုသည်က လမ်းစဉ်ဆေးထိုးအပ်၏ တရားဝင် အမည်နာမ ဖြစ်ပေလိမ့်မည်။

ယခင်က ချန်းရီသည် လမ်းစဉ်ဆေးထိုးအပ်ကို အသုံးပြုခဲ့စဉ်က အခြားသူများ မြင်တွေ့သွားမည်ကို စိုးရိမ်ခဲ့သဖြင့် ခပ်မြန်မြန် တစ်ချက်သာ ကြည့်လိုက်ပြီး ထပ်မံ ကြည့်ရှုခဲ့ခြင်း မရှိခဲ့ပေ။

ယခုအခါတွင်မူ ဤဆေးထိုးအပ်အခွံသည် ယခင်က သူ အသုံးပြုခဲ့သည့် အရာနှင့် အလွန် ဆင်တူနေသည်။

"ဒါက လမ်းစဉ်ဆေးထိုးအပ်ရဲ့ အခွံပဲ... ဒီဆေးထိုးအပ် အခွံလေး တစ်ခုတည်းကို ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်ကတင် ထိပ်တန်းမြို့ကြီး တစ်မြို့မှာ အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို အကြေချေ ဝယ်ယူနိုင်တဲ့အထိ လုံလောက်တယ်"

"ဒီလောက်တောင် ဈေးကြီးတာလား"

ချူချယ်၏ စကားကို ကြားလိုက်ရချိန်တွင် လူတိုင်းမှာ ခေတ္တမျှ အံ့သြမှင်တက်သွားကြသည်။

"အထဲမှာ ထည့်ထားတဲ့ ဆေးရည်နဲ့ ယှဉ်လိုက်ရင်တော့ ဒါတွေက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ"

"အစောပိုင်းက လမ်းစဉ်ဆေးထိုးအပ်ကို စတင် ထုတ်လုပ်နိုင်ခဲ့ချိန်တုန်းက ဈေးနှုန်းကို သန်းတစ်ရာ သတ်မှတ်ခဲ့တာ... ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီပစ္စည်းဟာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတာပဲ"

"သန်းတစ်ရာကို ထားလိုက်တော့... သန်းတစ်ထောင် ပေးမယ်ဆိုရင်တောင် တစ်ချောင်း ရနိုင်ဖို့ဆိုတာ မသေချာဘူး"

ချူချယ်က အခွံဖြစ်နေသော လမ်းစဉ်ဆေးထိုးအပ်ကို ကြည့်ရင်း ခေတ္တမျှ သက်ပြင်းချလိုက်မိသည်။

အတိတ်က အဖြစ်အပျက် တစ်ခုခုကို ပြန်လည် တွေးတောနေမိပုံရ၏။

လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော ခြေဗလာနှင့် ထိပ်ပြောင်ကြီးသည် သာမန်လူများ မသိရှိနိုင်သော အကြောင်းအရာအချို့ကို သိရှိထားသည်မှာ သေချာလှသည်။

"နေပါဦး... ခေါင်းဆောင်ချူ... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အများကြီး သိနေရတာလဲ... မင်း ဘာတွေ သိထားသေးလဲ... ငါတို့ကို နည်းနည်းလောက် ပြောပြပါလား"

ချန်းရီက နောက်ပြောင်သည့် လေသံဖြင့် မေးလိုက်သည်။

ချန်းရီ၏ နောက်ပြောင်မှုကို ရင်ဆိုင်ရသော်လည်း ချူချယ်၏ မျက်နှာအမူအရာကမူ ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။

အလွန် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "နောက်ဆိုရင် မင်းတို့ အားလုံး သိလာကြမှာပါ... အခု သိသွားလို့လည်း မင်းတို့အတွက် ဘာအကျိုးကျေးဇူးမှ ရှိလာမှာ မဟုတ်ဘူး"

"ရပါတယ်လေ... ကြည့်ရတာ ငါတို့ ခေါင်းဆောင်က တကယ်ကို ပဟေဠိ လူသားပဲ"

"ကဲပါ... အားလုံးပဲ... အခု ဒီအခြေအနေကို မြင်ပြီးတဲ့နောက်မှာ မင်းတို့က ဒဏ္ဍာရီလာ အိုအေစစ်ဆီကို တကယ်ပဲ ဆက်သွားချင်နေသေးတာလား"

"အရင်က လမ်းညွှန်ဆိုင်းဘုတ်ကို တစ်ယောက်ယောက်က နောက်ပြောင်ထားတာလို့ ပြောလို့ရပေမဲ့ အခုတော့ လူသေသွားခဲ့ပြီ"

"မင်းတို့ ဆက်သွားချင်သေးလား"

"ဒီ ဒဏ္ဍာရီလာ အိုအေစစ် ဆိုတဲ့ နေရာက သေချာပေါက် သာမန်နေရာတော့ မဟုတ်လောက်ဘူး... မင်းတို့ သေချာ စဉ်းစားကြည့်ချင်သေးလား"

ချန်းရီက ယခုအချိန်တွင် ဒဏ္ဍာရီလာ အိုအေစစ်သို့ အမှန်တကယ် ဆက်မသွားချင်တော့ပေ။

အရှေ့နှင့် အနောက် နှစ်ကြိမ်တိုင်တိုင် တွေ့ရှိခဲ့ရသော အရိပ်အမြွက်များက ချန်းရီ၏ သတိထားမှုကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် ဤတစ်ကြိမ် လမ်းစဉ်ဆေးထိုးအပ် အခွံကို ရှာဖွေတွေ့ရှိလိုက်ခြင်းက သူကိုယ်တိုင် လမ်းစဉ်ဆေးထိုးအပ်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း ရှိနေသည်ဆိုသော ကိစ္စရပ်ကို နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာ၌သာ ဖုံးကွယ်ထားရန် ချန်းရီကို ဆုံးဖြတ်ချက် ခိုင်မာသွားစေခဲ့သည်။

ဤအရာသည် အချိန်ကိုက် ဗုံးတစ်လုံးပင် ဖြစ်သည်။

ဒဏ္ဍာရီလာ အိုအေစစ်ဘက်တွင် မည်သည့် အခြေအနေမျိုး ရှိနေသည်ကို ထားလိုက်ဦး။

ယာဉ်တန်း၏ ယခုရက်ပိုင်းအတွင်း အလွန်အမင်း တက်ကြွနေသော လှုပ်ရှားမှုများကပင်လျှင် ချန်းရီ၏ စိတ်ထဲ၌ အမြင့်ဆုံးသော သတိထားမှုကို ဖြစ်ပေါ်လာစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

မိမိသည် လမ်းစဉ်ဆေးထိုးအပ်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း ရှိသည်ဆိုသော သတင်းသာ ပျံ့နှံ့သွားခဲ့မည် ဆိုပါက။

ယာဉ်တန်းထဲမှ အကြောက်တတ်ဆုံးသော သာမန်လူတစ်ယောက်ပင်လျှင် သူ၏အပေါ်သို့ ဓားဖြင့် ချိန်ရွယ်ရဲလိမ့်မည်ဟု ချန်းရီက ယုံကြည်ထားသည်။

သူကိုယ်တိုင် အစွမ်းထက်လာမှသာလျှင် ဖြစ်ပေမည်။

သို့မဟုတ်ပါက ဤလျှို့ဝှက်ချက်ကို သူ သေသွားမည် ဆိုလျှင်တောင်မှ သူ့မှလွဲ၍ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောပြမည် မဟုတ်ပေ။

ခေါင်းဆောင်ချူ၊ ထယ်ရှီး၊ တင်းတုံနှင့် စွန်းချန်းချန်းတို့ ဖြစ်နေလျှင်ပင် ဖြစ်သည်။

သူက စကားတစ်ခွန်းမျှပင် ပြောထွက်မည် မဟုတ်ချေ။

ချန်းရီက ဒဏ္ဍာရီလာ အိုအေစစ်၏ အန္တရာယ်များကို သတိပေးလိုက်ပြီးနောက်။

လူအချို့က တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။

ချူချယ်ကပင် စတင် စကားပြောလိုက်သည်။ "ငါတို့ဆီမှာ အရင်းအမြစ်တွေ မရှိဘူး... ငါတို့က လမ်းစဉ်ဆေးထိုးအပ်တွေကို လိုအပ်နေတယ်"

"ဒဏ္ဍာရီလာ အိုအေစစ်က နဂါးတွင်း ကျားဂူကြီး ဖြစ်နေရင်တောင် ငါတို့က မဖြစ်မနေ ဝင်တိုးရမှာပဲ"

"ဒါက ရွေးချယ်စရာ အဖြေများများရှိတဲ့ မေးခွန်းမဟုတ်ဘူး... ဒါက ရွေးချယ်စရာ တစ်ခုတည်းသာရှိတဲ့ မေးခွန်းပဲ"

ဤစကားကို ပြောလိုက်ချိန်တွင် ချူချယ်၏ အမူအရာက အနည်းငယ် ခိုင်မာပြတ်သားနေ၏။

ချန်းရီက ဆက်လက် မေးလိုက်သည်။ "ခေါင်းဆောင်ချူ... လူသေမယ်ဆိုတာကို သိသိကြီးနဲ့တောင် သွားမှာလား"

"သွားမယ်ဆိုရင် လူသေကောင်း သေနိုင်တယ်... ဒါပေမဲ့ မသွားဘူးဆိုရင်တော့ သေရမယ့်လူတွေ ပိုများလာလိမ့်မယ်... ချန်းရီ... မင်းသာ ငါ့နေရာမှာဆိုရင် ဘယ်လို ရွေးချယ်မလဲ"

ချန်းရီက ပခုံးတွန့်ပြလိုက်ပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေးဘက်သို့ လှည့်ကြည့်လိုက်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံကြိတ်ကာ ပြောလိုက်သည်။ "သွားရမှာပေါ့... ခေါင်းဆောင်ချူ ပြောတာ မှန်တယ်... ကျွန်မတို့ မဖြစ်မနေ သွားရမယ်"

"မင်းရော"

တင်းတုံက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ ခေါင်းထဲတွင် ကျိုးရှောင်ရှောင်က နေ့ရက်ပေါင်းများစွာ ကြိုးစားပန်းစား လက်ဝှေ့ကျင့်နေခဲ့သည့် မြင်ကွင်းများကို မြင်ယောင်လာခဲ့သည်။

"သွားမယ်"

ထယ်ရှီးက "ငါ... ငါ မသိဘူး... မင်းတို့သွားရင် ငါလည်း သွားမယ်"

ချန်းရီက လက်ဖြင့် နဖူးကို ကိုင်လိုက်မိသည်။ ကယ်လို့မရတော့ဘူးပဲ။

ဤလူစုက သေချာပေါက် ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကာ မဖြစ်မနေ သွားကြမည်မှာ အသေအချာပင်။

ချန်းရီက တစ်ချိန်လုံး စကားမပြောဘဲ ငြိမ်နေသော ချန်ဟောင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

စကားထစ်သော အမျိုးသားက စကားပြောရသည်မှာ အဆင်မပြေသဖြင့် အချိန်အများစုတွင် ပါးစပ်ပိတ်ကာ စကားမပြောဘဲ နေလေ့ရှိရာ ထိုအချက်က သူ၏ ရှိနေမှုတည်ရှိမှုကို အမြဲတမ်း မှေးမှိန်နေစေသည်။

ချန်းရီက သူ့ကို ကြည့်လိုက်သည်ကို မြင်သောအခါ။

ချန်ဟောင်က စကားထစ်ကာ ပြောလိုက်သည်။ "ငါ... ငါ မသွားချင်... ဘူး"

ချန်းရီ၏ မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားပြီး မိမိနှင့် တစ်ဘက်တည်း ရပ်တည်မည့်သူ ရှိနေသေးသည်ကို တွေးမထားခဲ့ပေ။

သို့သော် ရလဒ်အနေဖြင့် ချန်ဟောင်က နောက်ထပ် စကားတစ်ခွန်းကို ထစ်အကာ ဆက်ပြောလာသည်။ "ဒါပေမဲ့... ငါ... မဖြစ်မနေ သွားရ... မယ်"

ချန်းရီက ပါးစပ်ကို တိုက်ရိုက် ပိတ်လိုက်တော့သည်။

ချန်ဟောင်က နောက်ဆက်တွဲ စကားများကို အဆုံးထိ ပြောစရာမလိုဘဲ သူ ဘာပြောချင်သည် ဆိုတာကို ချန်းရီက သိရှိနားလည်လိုက်သည်။

ထိုလူဝကြီးက ဒဏ္ဍာရီလာ အိုအေစစ်သို့ မဖြစ်မနေ သွားမည်မှာ သေချာလှသည်။

လူဝကြီး သွားမည်။

ထိုအခါ သစ္စာတရား၏ ချည်နှောင်ခြင်းကို ခံထားရသော ချန်ဟောင်ကလည်း သေချာပေါက် သွားရမည်သာ ဖြစ်သည်။

ဆက်ပြီး ပြောစရာ စကားပင် မရှိတော့ပေ။

လူတိုင်းက သွားကြမည်ဖြစ်ပြီး သူတစ်ယောက်တည်းသာ မသွားချင်ခြင်း ဖြစ်နေသည်။

အကယ်၍ ကမ္ဘာပျက်ကပ် မတိုင်မီကသာ ဆိုပါက လူတိုင်း၏ သဘောထားများ မတူညီသည့် အချိန်မျိုးတွင်။

အလွန်ဆုံး ကားခေါင်းလှည့်ကာ တစ်ကိုယ်တော် လှုပ်ရှားလိုက်ရုံသာ ဖြစ်ပေလိမ့်မည်။

သို့သော် ယခုနေရာသည် ကမ္ဘာပျက်ကပ်ထဲတွင် ဖြစ်ပြီး ချန်းရီကိုယ်တိုင်ပင်လျှင် ယာဉ်တန်းမှ ခွဲထွက်ကာ တစ်ယောက်တည်း လှုပ်ရှားရန် မဝံ့ရဲပေ။

သိထားရမည်မှာ လမ်းပြသူနှင့် ဝေးကွာသွားပါက ချန်းရီအနေဖြင့် ထူးဆန်းသည့် အရာများနှင့် ကြုံတွေ့ရရန် အလားအလာ အလွန် များပြားလှသည်။

ယခုအခါတွင် သူသည် လမ်းစဉ် အဆင့် (၃) သို့ အဆင့်တက်သွားခဲ့ပြီ ဆိုလျှင်တောင်မှ ထိုထူးဆန်းသည့် အရာများကို ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက် မဟုတ်သေးပေ။

လမ်းစဉ် အဆင့် (၃) သည် တစ်ယောက်တည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့် အတိုင်းအတာအထိ ရောက်ရှိနေခြင်း မရှိသေးချေ။

ချန်းရီသည် လျှို့ဝှက်ဆန်းကြယ်သော အိုအေစစ်ဆီသို့ မဖြစ်မနေ လိုက်ပါသွားရမည့် ကံကြမ္မာသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

ချန်းရီလည်း ဘာဆက်ပြောရမည်ကို မသိတော့ပေ။

ထို့ကြောင့် ယာဉ်တန်းနှင့်အတူ ရှေ့ဆက်သွားရန်သာ တတ်နိုင်တော့သည်။

ယာဉ်တန်းက ညအချိန် ရောက်ရှိလာမှသာ ခရီးတစ်ထောက် ရပ်နားကာ စခန်းချလိုက်ကြသည်။

အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ တာဝန်များကို အသီးသီး ခွဲဝေယူထားကြသဖြင့် မကြာမီမှာပင် တဲများထိုးကာ မီးပုံများ ဖိုလိုက်ကြသည်။

လူတစ်ရာကျော် ပါဝင်သော ယာဉ်တန်းအတွက် ဤအလုပ်များကို လုပ်ဆောင်ရသည်မှာ အလွန် မြန်ဆန်လှသည်။

မီးပုံဘေးတွင်။

လူအချို့က ညစာကို အငမ်းမရ စားသောက်နေကြသည်။

အမြဲတမ်း တည်ငြိမ်နေတတ်သော တင်းတုံပင်လျှင် ယခုအခါ၌ ထမင်းစားရသည်မှာ အလွန် မြန်ဆန်နေ၏။

ဗိုက်ဆာခဲ့ရသည့် အကြိမ်အနည်းငယ်မျှသော အတွေ့အကြုံများက ဤယာဉ်တန်းထဲတွင် ထမင်းစားသည့်အချိန်၌ အားနာမနေရန် အလိုအပ်ဆုံး ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း တင်းတုံကို သတိပြုမိသွားစေခဲ့သည်။

မိနစ်အနည်းငယ်မျှသာ အချိန်ယူလိုက်ရပြီး လူတိုင်းက ဗိုက်ပြည့်သွားကာ လေချဉ်တက်ရင်း ပန်းကန်များကို အောက်ချလိုက်ကြသည်။

ချန်ဟောင်နှင့် လူဝကြီး နှစ်ယောက်တည်း၏ မျက်နှာကသာ အနည်းငယ် ပျက်ယွင်းနေခဲ့သည်။

လူတိုင်းနှင့်အတူတကွ စားသောက်ရန် ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် သူ တစ်ကြိမ်မျှပင် ဗိုက်ဝအောင် မစားခဲ့ရဖူးကြောင်း လူဝကြီးက သတိထားမိလာခဲ့သည်။

ယနေ့ ညစာစားချိန်တွင် သူသည် ထမင်းစားရန်အတွက် ကြီးမားလှသော ခွန်အားများကို အသုံးချခဲ့သော်လည်း ဤမျက်နှာပြောင်တိုက်လွန်းသော လူများကို လု၍ မစားနိုင်ခဲ့ပေ။

ထို့အပြင် လူတိုင်း၏ မျက်နှာပေါ်တွင် အားနာသည့် အရိပ်အယောင်လေး တစ်စက်မျှပင် မရှိကြပေ။

ဒါတော့ မဟုတ်သေးဘူးလေ။

"ငါက တစ်ပန်းကန်တောင် အကုန် မစားရသေးဘူး... မင်းတို့က လူတစ်ယောက်ကို အနည်းဆုံး နှစ်ပန်းကန်မက စားပြီးသွားကြပြီလား"

ဒီလို အခြေအနေကြီးကတော့ တကယ်ကို ဆိုးရွားလှသည်။

ချန်ဟောင်က စကားစုများကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

ချူချယ်က လုပ်ငန်းစဉ် တစ်ခုလုံးကို မမြင်လိုက်သကဲ့သို့ ဟန်ဆောင်ကာ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ပြောလိုက်သည်။

"အဟမ်း... အဟမ်း... အားလုံးပဲ... မြေပုံအရဆိုရင် မနက်ဖြန် နေ့လယ်လောက်မှာ ငါတို့တွေ ဒဏ္ဍာရီလာ အိုအေစစ်ဆီကို ရောက်နိုင်လိမ့်မယ်"

"မနက်ဖြန် နေ့လယ်လား... ဒီလောက် မြန်မြန်ကြီးလား"

"အင်း... မနက်ဖြန် နေ့လယ်ပဲ... ဒါ့အပြင် အားလုံးပဲ... ငါ့ရဲ့ အာရုံခံနိုင်စွမ်းအရဆိုရင် အနီးအနား မိုင်ခြောက်ဆယ်လောက်အထိ ထူးဆန်းတဲ့ အရာတွေ မရှိဘူး... ဆိုလိုတာက ဒီနေရာဟာ အရမ်းကို လုံခြုံတယ်"

"ဒါပေမဲ့... ရွှီနန်... ညစောင့်ဖို့ လူနည်းနည်းလောက် ပိုပြီး စီစဉ်ပေးရမယ်"

ချူချယ်က မလှမ်းမကမ်းရှိ ရွှီနန်ကို လှမ်းပြောလိုက်သည်။

ရွှီနန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ထမင်းနှစ်လုတ်ခန့်ကို ခပ်သွက်သွက် ကော်သွင်းကာ ပန်းကန်ထဲမှ ထမင်းများကို ကုန်စင်အောင် စားသောက်လိုက်ပြီးနောက် ချက်ချင်း ထရပ်ကာ စီစဉ်ရန် ထွက်သွားသည်။

၎င်းက ရွှီနန်၏ လုပ်ဆောင်နိုင်စွမ်းပင် ဖြစ်သည်။ ချူချယ်၏ အမိန့်သာဆိုပါက ရွှီနန်သည် အမြဲတမ်း ချက်ချင်း လုပ်ဆောင်လေ့ရှိသည်။

"ပြီးတော့ အားလုံးပဲ... ဒီညမှာ အစွမ်းပိုင်ရှင်တွေလည်း အလှည့်ကျ ညစောင့်ပေးတာ အကောင်းဆုံး ဖြစ်မယ်"

ချူချယ်က ဤစကားကို ပြောလိုက်ချိန်တွင် သူ၏ အသံမှာလည်း အနည်းငယ် တည်ငြိမ်လေးနက်နေ၏။

အခင်းဖြစ်ပွားရာ နေရာရှိ လူအချို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်မျှ မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မည်သည့် ကန့်ကွက်မှုမျှ မရှိကြပေ။

ယခင်က ဖြစ်ပွားခဲ့သော ထိုကိစ္စရပ် နှစ်ခုက ဒဏ္ဍာရီလာ အိုအေစစ်၏ ပြဿနာများကို ရှင်းလင်းစွာ ဖော်ပြနေခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဤနေရာသည် ဒဏ္ဍာရီလာ အိုအေစစ်နှင့် အလွန် နီးကပ်နေပြီ ဖြစ်သည်။

လူတိုင်းက ကြိုတင် ကာကွယ်မှု တစ်ခုခု ပြုလုပ်ထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သိထားရမည်မှာ ယခင်က စခန်းချသည့် အချိန်များတွင် အစွမ်းပိုင်ရှင်များက ညစောင့်လေ့ အလွန် နည်းပါးသည်။

ပထမအချက်မှာ ချူချယ်ကဲ့သို့ လမ်းပြသူတစ်ယောက် ရှိနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အနီးအနားတွင် ထူးဆန်းသည့် အရာများ ရှိနေပါက ပထမဆုံး တွေ့ရှိမည့်သူမှာ သေချာပေါက် သူသာလျှင် ဖြစ်ပေလိမ့်မည်။

စခန်းချနိုင်သည့် နေရာဆိုသည်မှာ သေချာပေါက် လုံလောက်သော လုံခြုံမှု ရှိနေခြင်းကြောင့်ပင်။

ဒုတိယအချက်မှာ အစွမ်းပိုင်ရှင်များ၏ အာရုံခံနိုင်စွမ်းသည် အလွန်တရာ ထက်မြက်လှခြင်းကြောင့် ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ရာ လှုပ်ရှားမှု ရှိနေပါက အိပ်မက်မက်နေသည့် အချိန်တွင်ပင် ပထမဆုံးအချိန်၌ သတိပြုမိနိုင်စွမ်း ရှိကြသည်။

ဓားနတ်ဘုရား လမ်းစဉ်မှ ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် အနီးကပ် ချဉ်းကပ်လာသော မည်သည့် အန္တရာယ်မျိုးကိုမဆို အလွန် အကဲဆတ်စွာ ခံစားသိရှိနိုင်စွမ်း ရှိသည်။

ထူးဆန်းသည့် အရာများ မဟုတ်သော အန္တရာယ်များကိုပင် သူမက ပထမဆုံးအချိန်၌ အာရုံခံနိုင်စွမ်း ရှိပေသည်။

သို့သော် ယနေ့တွင်မူ။

ချူချယ်၏ စကားများက အပြည့်အဝ ရှင်းလင်းနေခြင်း မရှိသော်လည်း လူတိုင်းကမူ စိတ်ထဲမှ ကောင်းစွာ သဘောပေါက် နားလည်နေကြသည်။

ယနေ့တွင် ကာကွယ်ရမည်မှာ ထူးဆန်းသည့် အရာများ မဟုတ်ပေ။

လူတိုင်းက အနည်းငယ် တိုင်ပင်ဆွေးနွေးလိုက်ကြပြီး ယနေ့ညအတွက် တာဝန်ချထားမှု အစီအစဉ်ကို ရေးဆွဲလိုက်ကြသည်။

ချန်းရီ၊ ထယ်ရှီးနှင့် ချန်ဟောင် သုံးယောက်က ညဦးပိုင်းကို စောင့်ကြပ်ရမည်။

တင်းတုံ၊ စွန်းချန်းချန်းနှင့် လူဝကြီးတို့က သန်းခေါင်ကျော်ပိုင်းကို စောင့်ကြပ်ရမည် ဖြစ်သည်။

ညစာ စားသောက်ပြီးနောက် လူတိုင်းက ဒဏ္ဍာရီလာ အိုအေစစ်သို့ သွားမည့် အစီအစဉ်အကြောင်းကို အနည်းငယ် ပြောဆိုဆွေးနွေးကြပြီး ကိုယ်စီ သတိထားကြရန်လည်း အချင်းချင်း သတိပေးလိုက်ကြသည်။

အသက်ရှင်ကျန်ရစ်သူများဘက်ရှိ မီးပုံဘေးမှ ဂီတသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဆံပင်ရှည်ရှည်နှင့် လူငယ်တစ်ဦးက ဂစ်တာတစ်လက်ကို ပိုက်ကာ သီချင်းစတင် ဆိုနေသည်။

အမျိုးသမီး အသက်ရှင်ကျန်ရစ်သူ အချို့ကလည်း တေးဂီတ စည်းချက်နှင့်အညီ မီးပုံဘေးတွင် ပေါ့ပါးသွက်လက်စွာ ကခုန်နေကြ၏။

အသက်ရှင်ကျန်ရစ်သူ အများအပြားကလည်း ထိုနေရာသို့ ဝိုင်းအုံသွားကြပြီး မီးပုံနှင့် ဂစ်တာတီးနေသူများဘေးတွင် ဝိုင်းဖွဲ့ကာ သီချင်းများ သီဆိုနေကြသည်။

သေချာသည်မှာ ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော ကိစ္စရပ်များက ဒဏ္ဍာရီလာ အိုအေစစ်နှင့် လမ်းစဉ်ဆေးထိုးအပ်များအပေါ်ထားရှိသော သူတို့၏ ပြင်းပြသည့် ဆန္ဒများကို မဖျောက်ဖျက်နိုင်ခဲ့ခြင်းပင်။

လူတွေ ဆိုတာက အမြဲတမ်း မေ့လွယ်တတ်ကြသည် မဟုတ်ပါလော။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ညဆယ့်တစ်နာရီသို့ ရောက်ရှိလာခဲ့သည်။

ညစောင့်မည့်သူများမှလွဲ၍ လူတိုင်းက မိမိတို့၏ တဲများဆီသို့ အသီးသီး ပြန်သွားကြသည်။

ချန်းရီ၊ ထယ်ရှီးနှင့် ချန်ဟောင် သုံးယောက်က တစ်ယောက်တစ်ဖက်စီ ခွဲကာ စခန်း၏ နေရာသုံးခုကို အသီးသီး စောင့်ကြပ်နေကြသည်။

ချန်းရီသည်လည်း မိစ္ဆာပစ်ကပ်ကားကို ထိုနေရာသို့ မောင်းနှင်လာခဲ့သည်။

ပစ်ကပ်ကား၏ ခေါင်မိုးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ရင်း ချန်းရီက ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးကို တစ်ချက်မျှ မော့ကြည့်လိုက်သည်။

လမ်းစဉ် အဆင့် (၁) တုန်းက ကျင့်ကြံခဲ့သော သွေးရောင်လမင်း အသက်ရှူကျင့်စဉ် မှသည် ယခုအခါတွင် ကျင့်ကြံနေသော လစွမ်းအင်ဝါးမြိုကျင့်စဉ် အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

၎င်းက ချန်းရီကို သွေးရောင်လမင်းနှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာစေခဲ့သည်။

သို့တိုင်အောင် ချန်းရီက သွေးရောင်လမင်းကို တိုက်ရိုက် စိုက်ကြည့်ချိန်တွင် တစ်မိနစ်ထက် ပို၍ ကြည့်ရှု၍ မရသေးပေ။

သို့မဟုတ်ပါက စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

သာမန်လူများကမူ သွေးရောင်လမင်းကို တိုက်ရိုက် စိုက်ကြည့်ရာတွင် သုံးစက္ကန့်ထက် ပို၍ ကြည့်ရှု၍ မရနိုင်ပေ။

ကမ္ဘာပျက်ကပ် စတင်ခဲ့စအချိန်က သာမန်လူ အများအပြားသည် ကောင်းကင်ပေါ်မှ သွေးရောင်လမင်းကို စူးစမ်းချင်စိတ်များဖြင့် အချိန်အကြာကြီး ကြည့်ရှုမိခဲ့ကြသဖြင့် ရလဒ်အနေဖြင့် အရူးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရသည်။

ယာဉ်တန်းကို စတင် ဖွဲ့စည်းခဲ့ချိန်တုန်းက နေ့စဉ် ညတိုင်းလိုလို သွေးရောင်လမင်းကို အချိန်အကြာကြီး တိုက်ရိုက် ကြည့်ရှုမိသူအချို့သည် စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းသွားပြီးနောက် အမှောင်ထုထဲသို့ တိတ်တဆိတ် လျှောက်သွားကာ တစ်ဖန် ပြန်လည် ပေါ်လာခြင်း မရှိတော့သည်ကို မြင်တွေ့ခဲ့ရသည်။

ယခုအခါတွင်မူ ဤကဲ့သို့သော အခြေအနေမျိုးက များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။

သွေးရောင်လမင်းကို တိုက်ရိုက် စိုက်မကြည့်ရဘူးဆိုတာ လူတိုင်း သိထားကြပြီ ဖြစ်သည်။

စွန်းချန်းချန်း၊ ထယ်ရှီးနှင့် ချူချယ် သုံးယောက်စလုံး လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သွေးရောင်လမင်းကို တိုက်ရိုက် စိုက်ကြည့်ချိန်မှာ စက္ကန့်သုံးဆယ်ထက် မပိုနိုင်ကြသေးပေ။

ချန်းရီ တစ်ယောက်တည်းသာ ကွဲပြားခြားနားနေသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ ကျင့်စဉ်များ အားလုံးက သွေးရောင်လမင်းနှင့် သက်ဆိုင်နေခြင်းကြောင့်ပင်။

ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို အနည်းငယ် အာရုံခံကြည့်လိုက်ရာ စွမ်းအင်များက ခန္ဓာကိုယ်ထဲတွင် ပွက်ပွက်ဆူနေဆဲဖြစ်ပြီး နောက်တစ်စက္ကန့်တွင် လမ်းစဉ် အဆင့် (၃) သို့ အဆင့်တက်သွားနိုင်တော့မည်ဟု ခံစားနေရသည်။

ထယ်ရှီးနှင့် ချန်ဟောင် နှစ်ယောက်က မလှမ်းမကမ်းတွင် ရှိနေကြသည်။

ချန်ဟောင်က မည်သည့်နေရာမှ ရလာမှန်းမသိသော စာအုပ်တစ်အုပ်ကို ဘက်ထရီအားသွင်းထားသည့် စခန်းချမီးအိမ်လေး တစ်လုံးဖြင့် အာရုံစိုက်ကာ ဖတ်ရှုနေ၏။

ထယ်ရှီးကမူ။

ဤကောင်က အပေါ်အင်္ကျီကို ချွတ်ထားပြီး ယခင်က နတ်ဆင်ကြီးရွာမှ ဘုန်းကြီးထံမှ လဲလှယ်ရရှိလာခဲ့သော ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်း ကို အကွက်ကျကျ လေ့ကျင့်နေသည်။

သွေးရောင်လမင်း၏ အလင်းရောင်အောက်တွင် အလွန်အမင်း ကြီးမားလှသော ကြွက်သားကြီးများက အနည်းနှင့်အများဆိုသလို ကြောက်မက်ဖွယ်ကောင်းနေသည်။

ချန်းရီက မျက်လုံးများကို မှိတ်ကာ လစွမ်းအင်ဝါးမြိုကျင့်စဉ် ကို စတင် လည်ပတ်ကျင့်ကြံလိုက်သည်။

နာရီဝက် ကြာမြင့်ပြီးနောက်။

သဘာဝလွန်စွမ်းအင်များက ခန္ဓာကိုယ်အတွင်း၌ ပွက်ပွက်ဆူနေသော ရေများအလား ဖြစ်ပေါ်နေသည်။

တစ်နာရီ ကြာပြီးနောက်၊ သဘာဝလွန်စွမ်းအင်များက အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော မြစ်ကြီးတစ်စင်းအလား ဖြစ်ပေါ်နေသည်။

နှစ်နာရီ ကြာပြီးနောက်။

ခန္ဓာကိုယ်အတွင်းရှိ ထိုကန့်သတ်ချက်နေရာက ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။

သုံးနာရီ ကြာပြီးနောက်။

ချန်းရီ၏ သွေးရောင်မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။

အလွန်တရာ နက်နဲဆန်းကြယ်လှသော ပုံသဏ္ဌာန်မဲ့ စွမ်းအင်တစ်ရပ်က သွေးရောင်မျက်လုံးများထဲမှနေ၍ လွှမ်းခြုံထွက်ပေါ်လာခဲ့သည်။

သူသည် နောက်ဆုံးတွင်တော့ လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters