အခန်း ၃၁၀
Vol. 16 Ch. 310
အပိုင်း(၃၁၀) နောက်ထပ် ချန်းရီ တစ်ယောက် ရှိနေသေးသည်
လမ်းစဉ် အဆင့် (၂) နှင့် လမ်းစဉ် အဆင့် (၃) ကြားတွင် ကာဆီးထားသော တံခါးပေါက်ကြီး ပွင့်ဟသွားသည့် တစ်ခဏ။
ချန်းရီ နားလည်သဘောပေါက်သွားခဲ့ပြီ။
မီးခိုးတမန်တော် လမ်းစဉ်၏ တတိယမြောက် လမ်းစဉ်ကူးပြောင်းခြင်း အကြောင်းကို အဘယ်ကြောင့် မည်သူကမျှ မသိခဲ့ကြသနည်း ဆိုသည်ကို သူ နားလည်သွားခဲ့ခြင်း ဖြစ်သည်။
ယခု လက်တွေ့ကြုံလာရချိန်တွင် တစ်စုံတစ်ယောက်ကသာ မီးခိုးတမန်တော် လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားပါက မည်သည့် လမ်းစဉ်ကူးပြောင်းခြင်းများ ရှိလာနိုင်သနည်းဟု ချန်းရီကို လာရောက်မေးမြန်းခဲ့မည် ဆိုပါလျှင်။
ချန်းရီကလည်း ထိုတတိယမြောက် ရွေးချယ်စရာကို ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။
ချန်းရီက မီးခိုးတမန်တော် ဆိုသည့် လမ်းစဉ်ကို ဖယ်ထုတ်လိုက်သည်။
ဤလမ်းစဉ်သည် လမ်းစဉ် အဆင့် (၄) သို့ ရောက်ရှိသွားပါက ရှေ့ဆက်ရန် လမ်းမရှိတော့ပေ။
၎င်းမှာ မပြည့်စုံသော ချို့ယွင်းနေသည့် လမ်းစဉ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ချန်းရီ အနေဖြင့် ထိုလမ်းစဉ်ကို ဆက်လက် ရွေးချယ်ရန် မဖြစ်နိုင်တော့ပေ။
မြူခိုးသခင် လမ်းစဉ်နှင့် ပတ်သက်၍မူ။
ချန်းရီက အနည်းငယ် တွေဝေသွားခဲ့သော်လည်း ထိုလမ်းစဉ်ကို မရွေးချယ်ခဲ့ပေ။
ဤလမ်းစဉ်သည် ယခင် မီးခိုးတမန်တော် လမ်းစဉ်နှင့် ဆင်တူသည့် အချက်များစွာ ရှိနေပြီး အချို့သော အစွမ်းများမှာ ထပ်တူကျနေသဖြင့် အကျိုးအမြတ် အများဆုံး ရရှိနိုင်မည့် နည်းလမ်း မဟုတ်ပေ။
တတိယမြောက် ရွေးချယ်စရာအတွက်မူ။
ချန်းရီသည် ဆယ်မိနစ်တိတိ တွေဝေနေခဲ့သည်။
နောက်ဆုံးတွင်မူ သူသည် အစဉ်အမြဲ လျှို့ဝှက်နေခဲ့သော ဤတတိယမြောက် လမ်းစဉ်ကူးပြောင်းခြင်းကိုသာ ရွေးချယ်လိုက်တော့သည်။
ချန်းရီ ထိုသို့ ရွေးချယ်လိုက်ချိန်တွင် နားလည်ရခက်သော၊ အေးစက်စိုစွတ်သော၊ ခြောက်ခြားဖွယ်ရာပင် ကောင်းလှသော စွမ်းအင်တစ်ရပ်က ကောင်းကင်ယံမှ ဆင်းသက်လာသည်။
ချန်းရီ၏ ခန္ဓာကိုယ်သည် ထိုစွမ်းအင်များကို လက်ခံရယူမည့် ဆိုက်ကပ်ရာ နေရာတစ်ခုအလား ဖြစ်နေ၏။
ပူပြင်းလောင်ကျွမ်းသော၊ ထူးဆန်းဆန်းကြယ်သော၊ အေးစက်ခက်ထန်သော၊ ရူးသွပ်ကြမ်းတမ်းသော စွမ်းအင်များက ချန်းရီ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။
တစ်ခဏတာမျှသာ ဖြစ်သော်လည်း နှစ်ပေါင်း ထောင်ချီ ကြာမြင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ချန်းရီ မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းထဲတွင် ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးကို မြင်တွေ့လိုက်ရသည်။
နီရဲနေသော သွေးရောင်လမင်းကြီးသည်ပင်လျှင် ချန်းရီကြောင့် ပိုမို ရဲရဲတောက်ကာ သွေးစိမ်းရှင်ရှင်ကဲ့သို့ နီမြန်းလာခဲ့သည်။
ထိုအချိန်တွင် ချန်းရီ တစ်ကိုယ်လုံး၌ ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးနှင့် အပြန်အလှန် အလင်းဟပ်နေသကဲ့သို့ပင်။
ယခင်က ချန်းရီသည် သွေးရောင်လမင်း အသက်ရှူကျင့်စဉ် နှင့် လစွမ်းအင်ဝါးမြိုကျင့်စဉ် တို့ကို ကျင့်ကြံထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် သွေးရောင်လမင်းကြီးကို တိုက်ရိုက် စိုက်ကြည့်နိုင်သော အချိန်မှာ သာမန် အစွမ်းပိုင်ရှင်များထက် များစွာ ပိုမို ရှည်ကြာနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ၌မူ။
ချန်းရီသည် သွေးရောင်လမင်းကြီးကို စိုက်ကြည့်ရာတွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိတော့ဘဲ လွတ်လပ်စွာ ကြည့်ရှုနိုင်နေပြီ ဖြစ်သည်။
"ဟင်... ချန်းရီ... ရှင် ရူးနေပြီလား... သွေးရောင်လမင်းကို ဘာလို့ ကြည့်နေတာလဲ"
ထိုအချိန်မှာပင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကြည်လင်သော အသံလေးက နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
ချန်းရီက လမ်းစဉ်(၃) အသစ်၏ ထူးခြားချက်များကို ခံစားကြည့်ရန် ပြင်နေဆဲမှာပင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသည်။
"နင်... ဘယ်လိုရောက်လာတာလဲ"
ချန်းရီ၏ ဦးနှောက်ထဲတွင် လမ်းစဉ်ကူးပြောင်းခြင်းမှ ရရှိလာသော ထူးခြားဆန်းသစ်သည့် ခံစားမှုများ ကျန်ရစ်နေသေးသဖြင့် သူ၏ စိတ်အာရုံက ချက်ချင်း ပြန်လည် မလည်ပတ်နိုင်သေးပေ။
"အချိန်ပြည့်ပြီလေ... ကျွန်မတို့ အလှည့်ရောက်ပြီ"
"ဒီလောက် မြန်မြန်ကြီးလား"
ချန်းရီက အနည်းငယ် တွေဝေသွားသည်။
"ဒါ မြန်သေးတယ် ဟုတ်လား... ရှင်... အဆင်ပြေရဲ့လား"
"အော်... အဆင်ပြေပါတယ်... နင်ပဲ ဆက်စောင့်လိုက်တော့... ငါ သွားနားတော့မယ်"
ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အကြည့်ကို ရှောင်လွှဲလိုက်ပြီး သူ၏ ခန္ဓာကိုယ်က မီးခိုးငွေ့အသွင် ပြောင်းလဲကာ နေရာမှာပင် ပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်အကြာတွင် မီးခိုးငွေ့များက မိစ္ဆာပစ်ကပ်ကားထဲတွင် ပြန်လည်စုစည်းသွားပြီး ချန်းရီ၏ ခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါ်လာသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး အံ့သြစွာ စိုက်ကြည့်နေစဉ်မှာပင် မိစ္ဆာပစ်ကပ်ကားကြီးက ထိုနေရာမှ တဖြည်းဖြည်း မောင်းထွက်သွားသည်။
"ချန်းရီ... သူ... အဆင်ပြေရဲ့လား မသိဘူး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ပါးစပ်မှ တီးတိုး ရေရွတ်လိုက်သည်။
ထယ်ရှီးနှင့် ချန်ဟောင် တို့သည်လည်း သူတို့၏ တာဝန်ကျရာ နေရာများကို လွှဲပြောင်းပေးပြီးနောက် ရွက်ဖျင်တဲများဆီသို့ အသီးသီး ပြန်သွားကာ အိပ်ရာဝင်ကြသည်။
ထယ်ရှီး၏ ခန္ဓာကိုယ် အရွယ်အစားမှာ အလွန် ကြီးမားလွန်းလှသဖြင့် သူ့အတွက် အံကိုက်ဖြစ်မည့် ရွက်ဖျင်တဲဆိုသည်မှာ လုံးဝ မရှိခဲ့ပေ။
ထို့အပြင် ယခုအချိန်တွင် ရာသီဥတုကလည်း သိပ်မအေးလှပေ။
ထို့ကြောင့် ထိုလူသန်ကြီးသည်လည်း ကားထဲသို့ ပြန်မဝင်တော့ဘဲ နေရာတစ်နေရာကို ရှာကာ မြေပြင်ပေါ်တွင် တိုက်ရိုက် လှဲလျောင်းလိုက်ပြီး မကြာမီမှာပင် မိုးကြိုးပစ်သကဲ့သို့ ဟောက်သံကြီးများ ထွက်ပေါ်လာလေသည်။
ချန်ဟောင် ကမူ ပျော်ရွှင်သော မင်းသားလေး ကားဘေးရှိ ရွက်ဖျင်တဲငယ်လေးထဲသို့ လိမ္မာရေးခြားရှိစွာ ဝင်ရောက်သွားသည်။
ချန်းရီ အတွက်မူကား။
မိစ္ဆာပစ်ကပ်ကား၏ နောက်ခန်းကို သူက အနားယူရန် နေရာအဖြစ် ပြောင်းလဲ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ကားကိုယ်ထည် တစ်ဖက်ကို ဖွင့်ထားသဖြင့် ခုတင်ပေါ်တွင် လှဲလျောင်းနေစဉ်မှာပင် ကောင်းကင်ယံမှ သွေးရောင်လမင်းကြီးနှင့် ကြယ်များကို တိုက်ရိုက် မြင်တွေ့နေရသည်။
ထိုအချိန်တွင် ချန်းရီ၌ မည်သည့် အိပ်ချင်စိတ်မျှ မရှိတော့ဘဲ ခုတင်ပေါ်တွင် စောင်းလျက်သား လှဲလျောင်းကာ မျက်လုံးများ ပွင့်လျက် သွေးရောင်လမင်းကြီးနှင့် ကြယ်များကိုသာ စိုက်ကြည့်နေမိသည်။
လမ်းစဉ်ကူးပြောင်းခြင်းကို အတည်ပြုပြီးနောက်တွင် သူ၏ စွမ်းအားများ သေချာပေါက် တိုးတက်လာခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏ ရင်ထဲတွင်မူ သံသယများက ပို၍ ပေါများလာခဲ့၏။
"လူဝကြီးနဲ့ ချန်ဟောင်တို့ ထွက်သွားကြပြီလား"
မနက်ခင်း ချန်းရီ နိုးထလာသောအခါ သူ၏ မျက်လုံးတစ်ဝိုက်တွင် အလွန် သိသာထင်ရှားသော မျက်ကွင်းညိုကြီး နှစ်ခုက နေရာယူထားသည်။
နဂိုကတည်းက အနည်းငယ် မှုန်ကုပ်ကုပ် ရှိလှသော သူ၏ ရုပ်သွင်ကို ယခုအခါ ပို၍ မှိုင်းညို့နေစေပြီး ချဉ်းကပ်ရန်ပင် ခက်ခဲနေသယောင် ထင်ရစေသည်။
ထို့နောက် ချန်းရီက စခန်းချရာ နေရာတွင် တစ်ခုခု ပုံမှန်မဟုတ်ကြောင်း သတိထားမိလိုက်သည်။
ပုံပန်းသွင်ပြင် အလွန်အမင်း ထင်ရှားလှသော ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်နေခဲ့သည်။
ချန်ဟောင် ၏ ပျော်ရွှင်သော မင်းသားလေး ကားသည်ပင် လုံးဝ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။
ယခင်က လူဝကြီး၏ နောက်သို့ လိုက်ပါခဲ့သော သူများလည်း ပျောက်ဆုံးနေကြသည်။
"ဟိတ်ကောင်... ချန်းရီ... မင်း တစ်ညလုံး မအိပ်ဘူးလား"
ချူချယ်က ချန်းရီ မျက်နှာပေါ်ရှိ မျက်ကွင်းညိုကြီးများကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားခဲ့သည်။
သိထားရမည်မှာ အစွမ်းပိုင်ရှင် တစ်ယောက်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် သာမန်လူတစ်ယောက်နှင့် လုံးဝ မတူညီပေ။
ရက်အနည်းငယ်ခန့် အိပ်မပျော်လျှင်တောင်မှ ပြဿနာ သိပ်မရှိလှပေ။
သို့သော် ချန်းရီ မျက်နှာပေါ်ရှိ မျက်ကွင်းညိုကြီးများမှာ တစ်ရက် နှစ်ရက်ခန့် မအိပ်ရုံမျှဖြင့် ဖြစ်ပေါ်လာသည့် ပုံစံမျိုး မဟုတ်ပေ။
အနည်းဆုံး တစ်ပတ်ခန့် အိပ်မပျော်ခဲ့သည့် ပုံပေါက်နေသည်။
မျက်အိမ်အောက်ရှိ အမည်းရောင်ကွင်းများမှာ ပန်ဒါဝက်ဝံ မိတ်ကပ် လိမ်းထားသကဲ့သို့ ရင့်မှိုင်းနေသည်။
အထူးသဖြင့် ဘယ်ဘက်မျက်လုံးမှ သွေးရောင်မျက်လုံးနှင့် ညာဘက်မျက်လုံးမှ အမည်းရောင် ဟောက်ပက်ကြီးတို့ ပေါင်းစပ်ကာ ရင့်မှိုင်းနေသော မျက်ကွင်းညိုကြီးများနှင့် အလှဆင်လိုက်သောအခါ သူ၏ တစ်ကိုယ်လုံးသည် ပို၍ပင် ထူးဆန်း ခြောက်ခြားဖွယ် ကောင်းနေတော့သည်။
"မနေ့ညက အိပ်လို့ မပျော်ဘူး... သူတို့နှစ်ယောက်က ဘယ်လိုလုပ် ထွက်ပြေးသွားကြတာလဲ"
ချန်းရီက စကားလမ်းကြောင်း လွှဲလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
"ဘာအကြောင်း ရှိရမှာလဲ... ဒီအနီးအနားမှာ ထူးဆန်းတဲ့အရာတွေ မရှိတော့ဘူး... လုံခြုံသွားပြီလို့ ယူဆလို့ လူဝကြီးက အိုအေစစ် ကို သူ့ဘာသာ အရင်သွားဖို့ စဉ်းစားလိုက်တာနေမှာပေါ့"
"ချန်ဟောင်လည်း သူ့နောက်က လိုက်သွားတယ်... သူတို့နောက်ကို လိုက်ချင်တဲ့ လူတွေလည်း အကုန်ပါသွားတာပဲ"
"တောက်... ဒီလူဝကြီးက ငါတို့ကို ဒီလိုပဲ ပစ်ထားခဲ့တာလား"
"ထားလိုက်ပါတော့... သူတို့ သွားရမယ့် လမ်း သူတို့ ရှိမှာပေါ့... ငါတို့လည်း ပစ္စည်းသိမ်းပြီး ထွက်ဖို့ ပြင်ကြတာပေါ့"
"မင်းပုံစံက ဒီလိုဖြစ်နေတာ... နည်းနည်း ထပ်အိပ်ဦးမလား"
ထွက်ပြေးသွားတယ် ဟုတ်လား။
မိုးလင်းခါနီး အချိန်တုန်းက တရှပ်ရှပ် မြည်သံတွေကို ကြားခဲ့ရတာ မထူးဆန်းတော့ပေ။
ချန်းရီက ခေါင်းခါယမ်းလိုက်ပြီး သမ်းဝေရင်း ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်... အိပ်ချင်နေတဲ့ပုံ ပေါက်နေပေမယ့် ခေါင်းအုံးနဲ့ ထိလိုက်တာနဲ့ မျက်လုံးက ကြောင်သွားတာ... အိပ်လို့ကို မရဘူး"
"အင်း... အဲဒါဆိုလည်း ပြီးတာပါပဲ... ဒီနေ့ ကားမောင်းရင် ဂရုစိုက်နော်"
"အင်း... "
ဤသို့ဖြင့် ချန်းရီသည် ရင့်မှိုင်းနေသော မျက်ကွင်းညိုကြီး နှစ်ခုနှင့်အတူ သွားတိုက် မျက်နှာသစ် လိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီ၏ မျက်ကွင်းညိုကြီးများကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့သည်။
ထယ်ရှီးနှင့် တင်းတုံ တို့သည်လည်း အခြားသူများနည်းတူ တူညီသော တုံ့ပြန်မှုမျိုးကို ပြသကြသည်။
ချန်းရီက စကားအနည်းငယ်ဖြင့် ရိုးရှင်းစွာ ရှင်းပြလိုက်ပြီးနောက် ကားပေါ်သို့ ပြန်တက်ကာ နေကာမျက်မှန်ကို ရှာဖွေ၍ မျက်နှာတွင် တပ်ဆင်လိုက်သည်။
မတတ်နိုင်ပေ။ ယခု အသစ်ကူးပြောင်းလိုက်သော လမ်းစဉ်မှာ အလွန်အမင်း ထူးဆန်းဆန်းကြယ်လွန်းလှသည်။
ပေးဆပ်ရသည့် တန်ဖိုးမှာ အိပ်မပျော်ခြင်းပင် ဖြစ်သည်။
အိပ်မပျော်ခြင်းမှာ သိပ်အရေးမကြီးသော တန်ဖိုးတစ်ခုဟု ထင်ရပေမည်။
သို့သော် ခုတင်ပေါ်တွင် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ဖြင့် ပြတင်းပေါက် အပြင်ဘက်မှ ကောင်းကင်ကြီး တဖြည်းဖြည်း လင်းထိန်လာသည်ကို မျက်လုံးကျယ်ကျယ်ဖြင့် စိုက်ကြည့်နေရဖူးသူများသာ ထိုဝေဒနာကို နားလည်နိုင်ပေလိမ့်မည်။
အချို့သူများမှာ နှစ်ရှည်လများ အိပ်မပျော်သည့် ဝေဒနာကို ခံစားနေရပြီး ညဘက်ရောက်လျှင် သမ်းဝေနေတတ်ကြသည်။
သို့သော် ခုတင်ပေါ်သို့ တက်ကာ ခေါင်းနှင့် ခေါင်းအုံး ထိမိလိုက်သည့် တစ်ခဏမှာပင် ချက်ချင်းဆိုသလို စိတ်အာရုံက လန်းဆန်းတက်ကြွသွားတတ်ကြသည်။
ကောင်းမွန်စွာ အိပ်ပျော်နိုင်ရန်အတွက် လူများစွာသည် ငွေကြေး အမြောက်အမြားကို မနှမြောဘဲ အသုံးပြုတတ်ကြသည်။
အင်တာနက်ဆိုင်တွင် တစ်ညလုံး နေဖူးသူတိုင်း သိကြသည့်အတိုင်း တစ်ညလုံး မအိပ်ဘဲ နေပြီးနောက် အင်တာနက်ဆိုင်မှ ထွက်လာသည့် တစ်ခဏတွင် မိမိနှင့် ကမ္ဘာကြီးအကြားတွင် မှန်ချပ်တစ်ချပ် ခြားထားသကဲ့သို့ ခံစားရတတ်သည်။
အကယ်၍ ဆက်တိုက်ဆိုသလို တစ်ညလုံး မအိပ်ဘဲ နေမည် ဆိုပါက။
မနေ့ကမှ ပထမဆုံးရက်သာ ရှိသေးသည်။
ချန်းရီက ဤတန်ဖိုးကို ယှဉ်ပြိုင်ကြည့်ရန် ကြိုးစားခဲ့ပြီး မနေ့ညက သူသည် အိပ်ပျော်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့သည်။
မိုးလင်းခါနီး အချိန်တွင် လူဝကြီးနှင့် ချန်ဟောင်တို့ ထွက်ခွာသွားသည့် အသံကို ကြားလိုက်ရသော်လည်း ချန်းရီက ထပြီး ထွက်ကြည့်ရန် လုံးဝ မစဉ်းစားခဲ့ပေ။
ထိုအချိန်တွင် သူသည် အိပ်မပျော်ခြင်း ဝေဒနာနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေသဖြင့် သူတို့ ထွက်ခွာသွားသည့် အခြေအနေ အတိအကျကို မသိရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ခုနက ချူချယ် နှင့် စကားပြောခဲ့ခြင်းမျိုး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လူဝကြီးနှင့် ချန်ဟောင်တို့ ထွက်ခွာသွားပြီးနောက် ယာဉ်တန်း၏ လက်ရှိ လူဦးရေမှာ တစ်ရာ့သုံးဆယ့်ခုနစ်ဦး ဖြစ်သည်။
ယာဉ်တန်း၏ လက်ရှိ လူဦးရေမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လေဆိပ် ဘတ်စ်ကားကြီး နှစ်စီးထဲရှိ နေရာလွတ်များမှာလည်း များစွာ ကျယ်ဝန်းလာခဲ့သည်။
သို့သော် ယာဉ်တန်းကြီးကမူ အလွန် ကြီးမားခမ်းနားနေဆဲပင်။
မနက်စာကို ရိုးရှင်းစွာ စားသောက်ပြီးနောက် လူအားလုံးက အိုအေစစ် သို့ သွားရောက်မည့် အစီအစဉ်ကို တိုင်ပင်ဆွေးနွေးကြသည်။
လူဝကြီးက စံပြအဖြစ် ပြသသွားသဖြင့် လူအများကလည်း အိုအေစစ်သို့ သွားရောက်ရန်အတွက် အတွေးသစ်များ ရရှိလာကြသည်။
လူအများ ခေတ္တမျှ တိုင်ပင်ဆွေးနွေးပြီးနောက် ယာဉ်တန်းကို အဖွဲ့ငယ် ငါးဖွဲ့အဖြစ် ခွဲထုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအထဲတွင် ချန်းရီက တစ်ကိုယ်တော် တစ်ဖွဲ့ ဖြစ်သည်။
ချူချယ် နှင့် တင်းတုံ၊ ထို့အပြင် လေဆိပ် ဘတ်စ်ကား တစ်စီးက ဒုတိယအဖွဲ့ ဖြစ်သည်။
ထယ်ရှီး၏ ကျောင်းကားက တတိယမြောက် အဖွဲ့ ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့်အတူ လေဆိပ် ဘတ်စ်ကား တစ်စီးက နောက်ဆုံးအဖွဲ့ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ထိုသို့ ခွဲဝေလိုက်သနည်း ဆိုပါက မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ကျပန်း ခွဲဝေလိုက်ခြင်းသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤယာဉ်တန်း၏ လူဦးရေမှာ အလွန်များပြားလွန်းနေသောကြောင့်ပင်။
အခြားသူများ၏ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်ပေသည်။
ထိုသို့ လုပ်ဆောင်လိုက်ခြင်းဖြင့် အဖွဲ့ငယ် တစ်ဖွဲ့စီတွင် လူသုံးဆယ်ကျော်ခန့်သာ ရှိတော့မည် ဖြစ်သည်။
လူသုံးဆယ်ကျော် ပါဝင်သော အဖွဲ့ငယ်လေး တစ်ဖွဲ့မှာ လူအများ၏ သံသယကို ကြီးမားစွာ ဖြစ်ပေါ်စေမည် မဟုတ်ပေ။
လူသုံးဆယ်ကျော် ပါဝင်သော အဖွဲ့ငယ်လေးသည် လမ်းပြသူ မရှိဘဲ မည်သို့ အသက်ရှင်သန်နိုင်မည်နည်း ဆိုပါက လူဝကြီးကို ဥပမာအဖြစ် ကြည့်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အစွမ်းပိုင်ရှင်များ၏ ထူးခြားချက်မှာ နည်းလမ်းများနှင့် လျှို့ဝှက်ချက်များ အမြောက်အမြား ရှိနေခြင်းပင် ဖြစ်သည်။
ထူးဆန်းသောအရာများကို ရှောင်ရှားနိုင်မည့် နည်းလမ်းများမှာလည်း တစ်မျိုးတည်း မကပေ။
လူဝကြီး၏ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက လူတိုင်းအတွက် စံပြအဖြစ် ပြသခဲ့ပြီးပြီ မဟုတ်ပါလော။
လမ်းပြသူ ဦးဆောင်ခြင်းက အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်မှာ သဘာဝပင်။
သို့သော် လမ်းပြသူ ဆိုသည်မှာ ဈေးပေါသော ဟင်းသီးဟင်းရွက် မဟုတ်သဖြင့် လိုချင်တိုင်း ရနိုင်မည့် အရာမျိုး မဟုတ်ပေ။
လမ်းပြသူ မရှိပါကလည်း လုံးဝ မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။
အချို့သော ထူးဆန်းသည့် လမ်းစဉ်များတွင် မည်သည့် ထူးခြားသော အစွမ်းများ ရှိနေသနည်း ဆိုသည်ကို မည်သူကမျှ မသိနိုင်ကြပေ။
ထိုသို့ လုပ်ဆောင်ခြင်းမှာ အပိုအလုပ် လုပ်နေသည်ဟု ခံစားရစေသော်လည်း။
တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သည် မဟုတ်ပါလော။
လုံးဝ မသိရှိရသေးသော နေရာဒေသတစ်ခုကို ရင်ဆိုင်ရမည့် အချိန်တွင် ကြိုတင် ပြင်ဆင်မှုများ ပိုမို ပြုလုပ်ထားခြင်းက ဘာမှ မပြင်ဆင်ထားခြင်းထက်တော့ အမြဲတမ်း ပိုကောင်းပေသည်။
လူတိုင်း၏ ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ချန်းရီက မည်သည့် ကန့်ကွက်စကားမျှ မဆိုခဲ့ပေ။
ယာဉ်တန်းသည် နေရာချထားရေး တာဝန်များကို လျင်မြန်စွာ အပြီးသတ်လိုက်သည်။
ရွှီနန် က ယာဉ်တန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများအား ဟန်ဆောင်ရာတွင် ပို၍ သဘာဝကျစေရန် အကြိမ်ကြိမ်အခါခါ လိုက်လံ မှာကြားနေခဲ့သည်။
အနည်းဆုံးတော့ အိုအေစစ်၏ အခြေအနေ အတိအကျကို မသိရသေးမီ အချိန်အတွင်းတွင် ပိုမို အလေးအနက်ထားရန် လိုအပ်ပေသည်။
ဤသို့ဖြင့် ကားအချို့သည် မတူညီသော လမ်းကြောင်းများမှနေ၍ ချူချယ် ညွှန်ပြထားသော ဦးတည်ရာဆီသို့ အသီးသီး မောင်းနှင်သွားကြသည်။
ချန်းရီ တစ်ယောက်တည်း အဘယ်ကြောင့် တစ်ဖွဲ့ ဖြစ်နေရသနည်း ဆိုပါက။
မေးနေစရာပင် လိုမည် မထင်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားက အရှေ့ဆုံးမှ ထွက်ခွာသွားပြီး ၎င်း၏ နောက်တွင် လေဆိပ် ဘတ်စ်ကားကြီးက လိုက်ပါလာသည်။
ဤတစ်ကြိမ်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ကားထဲတွင် အိပ်မနေတော့ဘဲ မီးနဂါးဓားကို ရင်ခွင်ထဲတွင် ပိုက်ကာ အရှေ့ဘက်သို့ ထက်မြက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
ယာဉ်တန်းသည် သုံးနာရီခန့်ကြာအောင် မောင်းနှင်လာခဲ့ပြီးနောက်။
တောင်ကုန်းလေးတစ်ခုကို ဖြတ်ကျော်လိုက်သည့် အချိန်တွင်။
လေထဲတွင် ယိမ်းနွဲ့နေသော ပန်းခင်းကြီးတစ်ခုက ကောင်မလေး၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
ဤပန်းခင်းကြီး၏ ဧရိယာမှာ အလွန် ကျယ်ဝန်းလှပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မြင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။
ထိုပန်းခင်းကြီးထဲတွင် အရောင်အသွေး စုံလင်လှသော ပန်းများ ရှိနေပြီး အနီရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အဝါရောင် စသည်ဖြင့် မျိုးစုံ ရှိနေသည်။
လေပြေလေညင်းလေးများ တိုက်ခတ်လာသည်နှင့်အမျှ လှပနုနယ်လှသော ပန်းပွင့်လေးများက ညင်သာစွာ ယိမ်းနွဲ့နေကြပြီး အဝေးမှ ရောက်ရှိလာသော ဧည့်သည်များကို နှုတ်ဆက်နေသကဲ့သို့ ရှိနေ၏။
ပန်းခင်းကြီးသည် အဝေးဆီရှိ မြို့ရိုးကြီး၏ အောက်ခြေအထိ ဆန့်တန်းလျက် ရှိနေသည်။
ဟုတ်ပေသည်။ ၎င်းမှာ မြို့ရိုးပင် ဖြစ်သည်။ အမြင့် ဆယ်ပေ မှ တစ်ဆယ့်သုံးပေခန့် ရှိသော မြို့ရိုးကြီးက အဝေးဆီတွင် မြို့တစ်မြို့ကို ဝန်းရံထားခဲ့သည်။
ဖောက်ထွင်းမြင်ရသော ဖန်အမိုးခုံးကြီးတစ်ခုက ထိုမြို့ကို ဖုံးအုပ်ထားသည်။
"အမဝမ်းကွဲ... "
ရှောင်ယွီ အားစိုက်၍ ခေါင်းပြူကာ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဒါက...။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
ဤဖောက်ထွင်းမြင်ရသော ဖန်အမိုးခုံးကြီးသည် လမ်းပြသူ လမ်းစဉ်၏ လျှို့ဝှက်အကာအကွယ် ပင် မဟုတ်ပါလော။
ရက်အနည်းငယ်ခြားတိုင်း မြင်တွေ့နေရသော လျှို့ဝှက်အကာအကွယ်နှင့် ပတ်သက်၍ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။
သို့သော်... အဘယ်ကြောင့် ဤမျှ ကြီးမားနေရသနည်း။
လမ်းစဉ်(၃) သို့ အဆင့်တက်သွားခဲ့သော ခေါင်းဆောင်ချူ သည်ပင်လျှင် မြို့ငယ်လေး တစ်မြို့စာ ဖုံးလွှမ်းနိုင်သည့် လျှို့ဝှက်အကာအကွယ်ကို မပြုလုပ်နိုင်ပေ။
ဒါက တကယ်ပဲ အိုအေစစ် ဆိုတာလား။
အိုအေစစ် ထဲတွင် လမ်းစဉ်(၄) သို့မဟုတ် ထို့ထက် ပိုမို မြင့်မားသော လမ်းပြသူ တစ်ယောက် ရှိနေတာများလား။
မြို့ရိုးပေါ်တွင် လူအချို့ မတ်တတ်ရပ်နေကြပြီး သူတို့ဘက်မှ လှုပ်ရှားမှုကို သတိထားမိသွားပုံရသည်။
အားလုံးက မြို့ရိုးပေါ်မှနေ၍ ဤဘက်သို့ လှမ်းကြည့်နေကြသည်။
အနီရောင် အလံတစ်လက်က မြေပြင်ဆီသို့ ညွှန်ပြလိုက်သည်။
ပန်းခင်းကြီး အလယ်တွင် ကားဘီးရာများ ရှိနေသည်ကို ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သတိပြုမိသွားသည်။
"ကားဘီးရာအတိုင်း မောင်းသွား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ ညီမဝမ်းကွဲကို ပြောလိုက်သည်။
ရှောင်ယွီ က သေချာစွာ အကဲခတ်လိုက်ပြီးမှသာ လီဗာကို နင်းကာ လမ်းကြမ်းမောင်းကားကို ပန်းခင်းကြီးထဲသို့ တဖြည်းဖြည်း မောင်းနှင်သွားလေသည်။
သူတို့၏ အနောက်မှ လိုက်ပါလာသော လေဆိပ် ဘတ်စ်ကားကြီးလည်း ပန်းခင်းကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။
ကားဘီးများက ပန်းများကို ကြိတ်ချေကာ ရွှံ့နွံများထဲသို့ ဖိသိပ်လိုက်သဖြင့် ပန်းဖတ်များနှင့် ရွှံ့နွံများက ရောထွေးသွားသည်။
ကားဘီးများ ဖြတ်သန်းသွားပြီး မကြာမီမှာပင် ကြိတ်ချေခံလိုက်ရသော ပန်းများက ပြန်လည် ရှင်သန်လာကြပြီး လတ်ဆတ်နုနယ်လှသော ပန်းပွင့်လေးများက ပန်းခင်းကြီးထဲတွင် တစ်ဖန် ပြန်လည် ပွင့်လန်းလာကြသည်။
ယာဉ်တန်းသည် လျှို့ဝှက်အကာအကွယ်ကို ဖြတ်သန်းကာ မြို့ရိုးအောက်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
အနီးသို့ ရောက်ရှိသွားမှသာ ဤမြို့ရိုးကြီးမှာ တည်ဆောက်ထားသည်မှာ မကြာသေးဘဲ နေရာအတော်များများတွင် အသစ်စက်စက် ဖြစ်နေသေးကြောင်း သတိပြုမိသွားကြသည်။
ယူနီဖောင်း ဝတ်ဆင်ထားသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လက်ထဲတွင် သေနတ်များ ကိုင်ဆောင်ထားလျက် ရိုသေလေးစားစွာဖြင့် လျှောက်လာကြသည်။
"တစ်ဆိတ်လောက်ပါ... အစွမ်းပိုင်ရှင်များ ဖြစ်ကြပါသလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ခေါင်းလှည့်ကာ ထက်မြက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက အစွမ်းပိုင်ရှင်ပါ"
အမှန်တကယ် အစွမ်းပိုင်ရှင် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ထိုလက်နက်ကိုင်၏ မျက်နှာပေါ်ရှိ ရိုသေလေးစားမှုမှာ ပိုမို နက်ရှိုင်းသွားခဲ့သည်။
"အစွမ်းပိုင်ရှင်ကို အိုအေစစ် ကနေ ကြိုဆိုပါတယ်ခင်ဗျာ"
မကြာမီမှာပင် ယာဉ်တန်းသည် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်းကို ခံလိုက်ရသည်။
ဦးဆောင်လာသော လက်နက်ကိုင်က မြို့ရိုးပေါ်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။
မြို့ရိုး၏ တံခါးကြီးက တဖြည်းဖြည်း ပွင့်ဟလာခဲ့သည်။
မြို့ထဲသို့ မဝင်ရသေးမီမှာပင် အစွမ်းပိုင်ရှင်နှင့် သာမန်လူများကြားရှိ ကွာခြားချက်ကို ပန်းရောင်ဆံပင်နှင့် ကောင်မလေး ခံစားလိုက်ရသည်။
ခုနက လူသည် သာမန်လူများကို မျက်လုံးနှင့်ပင် အသေအချာ မကြည့်ခဲ့သော်လည်း သူမကိုမူ အလွန်အမင်း ရိုသေလေးစားနေခဲ့သည်။
"အစွမ်းပိုင်ရှင်ခင်ဗျာ... အိုအေစစ် ထဲကို ဝင်ရောက်လာသူတိုင်း မှတ်ပုံတင်ရမှာမို့... တစ်ဆိတ်လောက်"
ယာဉ်တန်း မြို့ထဲသို့ ဝင်ရောက်သွားပြီးနောက် ယူနီဖောင်း ဝတ်ဆင်ထားသော ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသည့် လူလတ်ပိုင်း တစ်ယောက်က ပြုံးရွှင်နေသော မျက်နှာဖြင့် စာအုပ်တစ်အုပ်ကို ကိုင်ကာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အချက်အလက်များကို မေးမြန်းလေသည်။
"ဓားနတ်ဘုရား လမ်းစဉ်(၃)... ချန်းရီ"
ဝဖြိုးသော လူကြီး၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။
"ချန်းရီ ဟုတ်လား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။
"ပြဿနာရှိလို့လား"
ဝဖြိုးသော လူကြီးက အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်သည်။
"အစွမ်းပိုင်ရှင်ခင်ဗျာ... ဟိုဘက်မှာလည်း ချန်းရီ လို့ ခေါ်တဲ့သူ တစ်ယောက် ရှိနေလို့ပါ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး အနည်းငယ် ကြောင်သွားသည်။ ချန်းရီ က ကြိုပြီး ရောက်နေတာများလား။
ဝဖြိုးသော လူကြီး ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ ချူချယ် တစ်ယောက် မတတ်နိုင်သည့် အမူအရာဖြင့် ရပ်နေသည်ကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ဝမ်းချုပ်နေသူ တစ်ယောက်ကဲ့သို့ ခံစားရခက်နေပုံ ပေါ်လေသည်။
ဆက်ရန်...