အခန်း ၃၁၁
Vol. 16 Ch. 311
အပိုင်း(၃၁၁) ဘယ်သူက ဒီလောက်တုံးအတဲ့ နည်းလမ်းကို စဉ်းစားခဲ့တာလဲ
ချူချယ်က ရှက်ရမ်းရမ်းကာ ဒေါသထွက်နေ၏။
သူ၏ မူလအစီအစဉ်အရ ယာဉ်တန်းကို အဖွဲ့ငယ် လေးဖွဲ့ခွဲကာ အိုအေစစ်ထဲသို့ မသိမသာ ဝင်ရောက်ရန် ဖြစ်သည်။
သို့သော် ဤနေရာသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် တာဝန်ရှိသူများ၏ တွေ့ရှိခြင်းကို ခံလိုက်ရလေသည်။
တာဝန်ရှိသူများက သူတို့အပေါ် အတင်းအကျပ် အင်အားသုံးခြင်းမျိုး မရှိခဲ့ပေ။
သို့ရာတွင် ဤအချိန်၌ ဆက်လက် ဟန်ဆောင်နေမည် ဆိုပါက ပို၍ပင် သံသယဝင်စရာ ဖြစ်သွားနိုင်ခြေ ရှိသည်။
"နေပါဦး... ဒီလောက် တုံးအတဲ့ နည်းလမ်းကို ဘယ်သူ တွေးခဲ့တာလဲ"
အဖွဲ့များခွဲ၍ မြို့ထဲသို့ ဝင်ရောက်မည့် ထိုနည်းလမ်းမှာ ယခုပြန်ကြည့်လျှင် အလွန်တရာ မိုက်မဲလွန်းလှသည်။
မြို့ထဲ ဝင်ဝင်ချင်းမှာပင် တာဝန်ရှိသူများ၏ တွေ့ရှိခြင်းကို ခံလိုက်ရ၏။
ချူချယ်၊ စွန်းချန်းချန်း၊ တင်းတုံနှင့် ထယ်ရှီးတို့ လေးယောက်အပြင် အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်ခန့်သည် အိုအေစစ်မြို့တော်၏ မြို့တံခါးဝတွင် စုရုံးနေကြပြီး ယူနီဖောင်းဝတ် လက်နက်ကိုင် အများအပြားက သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
အကယ်၍ သူတို့အထဲတွင် လမ်းစဉ် အစွမ်းပိုင်ရှင် လေးယောက်သာ မပါဝင်ခဲ့ပါက တစ်စုံတစ်ယောက်က လာရောက် မောင်းထုတ်သွားလောက်ပြီ ဖြစ်သည်။
ချူချယ်နှင့် စွန်းချန်းချန်းတို့ နှစ်ယောက်စလုံးက ချန်းရီ၏ နာမည်ကို အမည်ဝှက်အဖြစ် တစ်ပြိုင်နက် အသုံးပြုခဲ့ကြသည်။
ရလဒ်အနေဖြင့် သူတို့နှစ်ယောက် ထိပ်တိုက် တိုးသွားခဲ့ကြ၏။
ထယ်ရှီး မြို့ထဲဝင်လာချိန်တွင်လည်း သူတို့နှစ်ဦးနှင့် ကွက်တိ ဆုံမိသွားရာ ထိုငတုံးကောင်၏ ဦးနှောက်ဖြင့် ရိပ်မိမသွားလျှင်သာ အံ့ဩစရာ ဖြစ်ပေလိမ့်မည်။
တာဝန်ရှိသူက "အတူတူတွေပဲလား" ဟု တစ်ခွန်းတည်း မေးလိုက်သည်။
ထိုအခါ ထယ်ရှီးက အကုန် ဖွင့်ပြောလိုက်တော့သည်။
တင်းတုံမှာမူ အစကတည်းက ချူချယ်နှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အလျင်စလို ရှင်းပြလိုက်သည်။
"ကျွန်မ မဟုတ်ဘူးနော်... လူခွဲပြီး မြို့ထဲဝင်ဖို့ဆိုတဲ့ စကားကို ကျွန်မ မပြောခဲ့ဘူး"
ထယ်ရှီးကလည်း ရိုးအအဖြင့် ခေါင်းခါပြသည်။
"ငါလည်း မဟုတ်ဘူး... ငါက ဘာမှကို မသိတာ"
တင်းတုံက တိတ်ဆိတ်စွာဖြင့် ဘာစကားမှ မဆိုပေ။
"ဒါ ချန်းရီ သေချာတယ်... သူပဲ ဖြစ်ရမယ်"
"ဟုတ်တယ်... သူပဲ... ငါတို့က ဒီလောက် မတုံးဘူး"
"ဟာ"
ထယ်ရှီးမှာ မျက်နှာကြီး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
တင်းတုံက ဆက်လက်၍ နှုတ်ဆိတ်နေဆဲပင်။
ထို့ကြောင့် အကောင်အထည် မဖော်ရသေးသော ထိုမိုက်မဲသည့် အမိန့်ကြီးသည် ချန်းရီ၏ အကြံအစည်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မည်သို့ပင်ဖြစ်စေ ချန်းရီသည် ယခု ဤနေရာတွင် ရှိမနေသဖြင့် သူ့အပေါ် အပြစ်ပုံချလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
တကယ်တော့ ဤနည်းလမ်းသည် လုံးလုံးလျားလျား မိုက်မဲနေခြင်းတော့ မဟုတ်ပေ။
အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် အနည်းငယ် လွဲချော်သွားခဲ့ခြင်းသာ ဖြစ်သည်။
ချူချယ်က သူနှင့် အဖွဲ့သားများကြားရှိ နားလည်မှုစွမ်းရည်ကို အထင်သေးခဲ့သလို သာမန် ယာဉ်တန်းအဖွဲ့သားများ၏ ဟန်ဆောင်နိုင်စွမ်းကိုလည်း အထင်ကြီးလွန်းခဲ့မိသည်။
"ဒါနဲ့... ချန်းရီရော"
နောက်ဆုံးတွင်တော့ ချန်းရီ ရောက်မလာသေးသည်ကို တစ်ယောက်ယောက်က သတိရသွားခဲ့ပြီ ဖြစ်သည်။
"ထားလိုက်တော့... သူ့ကို မစောင့်နဲ့တော့... ငါတို့ အရင် ဝင်ကြမယ်... သူ ငါတို့နဲ့ လာဆက်သွယ်လိမ့်မယ်"
ထိုအချိန်တွင် ယာဉ်တန်းထဲရှိ သာမန် အသက်ရှင်ကျန်ရစ်သူများသည် ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့ရသော ဒဏ္ဍာရီလာ အိုအေစစ်ကြီးကို အကဲခတ်ကြည့်ရှုနေကြသည်။
သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အလွန် မှိုင်းညှိုးနေကြ၏။
"ဒါ... ဒါက ဒဏ္ဍာရီလာ အိုအေစစ် ဟုတ်ရဲ့လား"
"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နေရတာလဲ"
"အတုကြီး နေမှာပါ... ဒဏ္ဍာရီလာ အိုအေစစ်က ဘယ်လောက်ကောင်းတယ်ဆိုပြီး ပြောနေကြတာ... ဘာလို့ ငါ့မွေးရပ်မြေက မြို့လေးထက်တောင် ပိုစုတ်ပြတ်နေရတာလဲ"
"ခင်ဗျားကလည်း အခုက ဘယ်အချိန်လဲဆိုတာ ကြည့်ဦးလေ... ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီကို... ဒီလိုနေရာမျိုး ရှိနေတာပဲ တော်လှပြီ"
မျက်စိရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းက ဒုက္ခဆင်းရဲခံကာ လာခဲ့ကြရသော လူအများကို အနည်းငယ် စိတ်ပျက်သွားစေသည်။
ဒဏ္ဍာရီလာ အိုအေစစ် ဆိုသည့် စကားလုံးများက လူတွေကို မျှော်လင့်ချက်တွေ အများကြီး ပေးထားခဲ့သည် မဟုတ်ပါလော။
ဤနေရာက အလွန်ဆိုးရွားနေသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ ယခုကဲ့သို့သော ကမ္ဘာပျက်ကပ် အခြေအနေမျိုးတွင် ဤကဲ့သို့သော နေရာတစ်ခု ရှိနေခြင်းကပင် အလွန် ရှားပါးလှပြီ ဖြစ်သည်။
သို့သော် လူအများ၏ မျှော်လင့်ချက်က ကြီးမားလွန်းနေခဲ့သည်။ သူတို့၏ စိတ်ကူးထဲတွင် ဒဏ္ဍာရီလာ အိုအေစစ်သည် ကမ္ဘာမပျက်မီက ထိပ်တန်းမြို့ကြီးများထက်ပင် ပိုမို စည်ကားဖွံ့ဖြိုးသည့် နေရာတစ်ခုဟု ထင်မှတ်ထားခဲ့ကြ၏။
ထိပ်တန်းမြို့ကြီးများနှင့် မယှဉ်နိုင်လျှင်တောင် အနည်းဆုံးတော့ အလယ်အလတ်အဆင့် မြို့ကြီးများနှင့် တန်းတူလောက်တော့ ရှိသင့်သည် မဟုတ်ပါလော။
သို့ရာတွင် ယခု ဤနေရာသည် သန့်ရှင်းသပ်ရပ်မှု အနည်းငယ် ရှိသည့် မြို့ငယ်လေး တစ်မြို့မျှသာ ဖြစ်နေသည်။
မြို့တံခါးဝသို့ တိုက်ရိုက် ဦးတည်နေသော ပင်မလမ်းမကြီး တစ်ခုရှိပြီး လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် နှစ်ထပ် သို့မဟုတ် သုံးထပ် တိုက်အပုလေးများကို အတန်းလိုက် တည်ဆောက်ထားသည်။
လမ်းမပေါ်ရှိ သွားလာနေသူများမှာ အာဟာရချို့တဲ့ကာ ပိန်ချုံးနေကြပြီး ပါးရိုးများ ချောင်ကျနေကြသည်။ သူတို့ ဝတ်ဆင်ထားသော အဝတ်အစား အများစုမှာလည်း စုတ်ပြတ်သတ်နေပြီး သူတို့၏ မျက်နှာအမူအရာများမှာ ခံစားချက် ကင်းမဲ့နေကြ၏။
လမ်းသွားလမ်းလာများ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ကမ္ဘာမပျက်မီက ဒီဇိုင်းများ ဖြစ်ပုံရသည်။
အချို့မှာမူ စုတ်ပြတ်ကာ လုံးဝ ကြည့်မကောင်းတော့ပေ။
အကယ်၍ ကမ္ဘာမပျက်မီကသာ ဆိုလျှင် ဤကဲ့သို့သော အဝတ်အစားမျိုးကို စောစောစီးစီးကတည်းက လွှင့်ပစ်လိုက်ကြလောက်ပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်တော့ ထိုလမ်းသွားလမ်းလာများက ၎င်းတို့ကို ကိုယ်ပေါ်တွင် ဝတ်ဆင်ထားဆဲပင်။
ဤပြင်ပမှ ရောက်လာသူများကို မြင်သောအခါ လမ်းသွားလမ်းလာများသည် ခေါင်းများကို တဖြည်းဖြည်း မော့လာကြပြီး ဖုတ်ကောင်များကဲ့သို့ စပ်စုလိုစိတ် အပြည့်ဖြင့် ခံစားချက် ကင်းမဲ့စွာ အကဲခတ်ကြည့်ရှုနေကြသည်။
ဤလမ်းမကြီး တစ်ခုတည်းကသာ ဒဏ္ဍာရီလာ အိုအေစစ်နှင့် အနည်းငယ် တူညီနေသည်။
အနည်းဆုံးတော့ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ သစ်ပင်စိုက်ပျိုးထားသော နေရာများတွင် စိမ်းလန်းစိုပြည်နေသော သစ်ပင်အချို့ ရှိနေသေးသည်။
ကြည့်ရသည်မှာ ယခင်က နတ်ဆင်ရွာလေးနှင့် အနည်းငယ် ဆင်တူနေသည်။
သို့သော် အရွယ်အစားမှာ နတ်ဆင်ရွာထက် အများကြီး ပိုကြီးမားပြီး အနည်းဆုံးတော့ သက်ကယ်များကို အမိုးအဖြစ် အသုံးပြုထားခြင်းမျိုး မရှိပေ။
လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် နတ်ဆင်ရွာ၌ မရှိခဲ့သော လမ်းမီးတိုင်များလည်း ရှိနေသည်။
လမ်းမီးတိုင်များ ဟုတ်လား... ဒီနေရာမှာ လျှပ်စစ်မီး ရနေတာများလား။
ဤအချက်က လူအများကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု အနည်းငယ် ပေးစွမ်းနိုင်ခဲ့သည်။
အလှအပနှင့် ပတ်သက်၍မူ... ကြည့်ရသည်မှာ ဤမြို့ငယ်လေးကို တည်ဆောက်ခဲ့သူများက ထိုအရာများကို ထည့်သွင်းစဉ်းစားရန် အချိန်မရှိခဲ့သည့်ပုံရသည်။
လမ်းမပေါ်ရှိ လူများ၏ မျက်နှာများမှာမူ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။
ယခင်က ဒဏ္ဍာရီလာ အိုအေစစ်တွင် အကန့်အသတ်မရှိသော ရိက္ခာပစ္စည်းများ ရှိသည်ဟု ပြောခဲ့သည့် စကားမှာ အလိမ်သာ ဖြစ်လောက်သည်။
ယာဉ်တန်းအဖွဲ့သားများ၏ မျက်ဝန်းများထဲမှ မျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
ဤနေရာသည် မည်သို့မျှ ဒဏ္ဍာရီလာ အိုအေစစ်ကြီး မဟုတ်ခဲ့ပေ။
ထိုအချိန်မှာပင် ယူနီဖောင်း ဝတ်ဆင်ထားသော တာဝန်ရှိသူ တစ်ယောက် လျှောက်လာခဲ့ပြီး အနီးသို့ မရောက်မီမှာပင် သူ၏ မျက်နှာပေါ်၌ ဖားယားလိုသော အမူအရာများ ပေါ်လွင်နေ၏။
ထိုလူသည် ဖြူဖြူဝဝ ပုံပန်းသဏ္ဌာန် ရှိပြီး မျက်နှာပေါ်ရှိ အပြုံးမှာလည်း အလွန် အောက်ကျို့ဖားယားသည့် ပုံပေါက်နေသည်။
သူ့ကို ကြည့်လိုက်ရုံဖြင့် တိုင်းပြည် ငြိမ်းချမ်းသာယာနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
သို့သော် မျက်နှာပေါ်ရှိ အပြုံးကမူ အနည်းငယ် အတုအယောင် ဆန်နေသည်။
ဝန်ခံရမည်ဆိုလျှင် ကမ္ဘာပျက်ကပ်ကဲ့သို့ ရိက္ခာ ရှားပါးပြတ်လပ်နေသော ခေတ်ကြီးထဲတွင် ဤကဲ့သို့ ဖြူဖြူဝဝလေး ဖြစ်နေနိုင်ခြင်းကပင် အလွန် ရှားပါးသော အရာတစ်ခု ဖြစ်သည်။
ယခင်က ယာဉ်တန်းထဲတွင်လည်း လူဝကြီး အနည်းငယ် ရှိခဲ့ဖူးသည်။
ယခုတော့ အားလုံး ပိန်ချုံးကုန်ကြပြီ ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကြီး၏ တစ်ခုတည်းသော ကောင်းကျိုးမှာ အလုပ်သွားစရာ မလိုခြင်း၊ အိမ်ဖိုး ကားဖိုး ဆပ်စရာ မလိုခြင်းနှင့် ဝိတ်မကျမည်ကို ပူပန်နေစရာ မလိုခြင်းတို့ပင် ဖြစ်သည်။
"လေးစားရပါသော အစွမ်းပိုင်ရှင် လူကြီးမင်းတို့... ကျွန်တော်က အိုအေစစ်ရဲ့ လမ်းပြသူပါ... အစွမ်းပိုင်ရှင်တွေကို သီးသန့် ဝန်ဆောင်မှု ပေးဖို့ တာဝန်ယူထားပါတယ်"
"အိုအေစစ်မှာ အစွမ်းပိုင်ရှင်တွေအတွက် မြို့တွင်းပိုင်းမှာ နေစရာ သီးသန့် စီစဉ်ပေးထားပါတယ်... လူကြီးမင်းတို့ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးကြပါ"
ဤလူဝကြီးက ထိုစကားများကို ပြောဆိုနေချိန်တွင် ခါးကို အနည်းငယ် ကိုင်းထားပြီး မျက်နှာပေါ်ရှိ အမူအရာမှာလည်း အလွန်ကို ဖားယားနေကာ စကားပြောသံမှာပင် အလွန် သိမ်မွေ့ညင်သာနေ၏။
ထိုအရာက အိမ်တွင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ကြောင်း သိသာထင်ရှားနေသည်။
ချူချယ်က သူ၏ နောက်ကျောဘက်ရှိ သာမန် ယာဉ်တန်းအဖွဲ့သားများကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါဆို သူတို့တွေကရော"
လူဝကြီး၏ မျက်နှာပေါ်တွင် သတိမထားမိနိုင်လောက်အောင် သေးငယ်သော အထင်သေးသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်သွားသော်လည်း သူ၏ အသံကမူ ရိုသေလေးစားနေဆဲပင် ဖြစ်သည်။
"စိတ်မရှိပါနဲ့... မြို့တွင်းမှာ အရင်းအမြစ်တွေ ကန့်သတ်ချက် ရှိနေလို့ လူတိုင်းကို မြို့တွင်းမှာ ပေးမနေနိုင်ပါဘူး... ဒီသာမန်လူတွေက မြို့ပြင်မှာပဲ နေလို့ရပါမယ်"
"ဒါပေမဲ့ အစွမ်းပိုင်ရှင် လူကြီးမင်းတို့ စိတ်ချပါ... ဆရာချာက သာမန်လူတွေ နေထိုင်ဖို့ နေရာတစ်ခုကို သီးသန့် စီစဉ်ပေးထားပါတယ်"
"တကယ်လို့ လူကြီးမင်းတို့က ဒီကနေ ထွက်သွားချင်တဲ့ အချိန်ကျရင် မြို့ပြင်မှာ သူတို့ကို သွားခေါ်ပြီး ထွက်သွားလို့ ရပါတယ်"
"အိုအေစစ်က လူကြီးမင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ထားမှာ မဟုတ်ပါဘူး"
"တကယ်လို့ လူကြီးမင်းတို့ စိတ်မချဘူး ဆိုရင်လည်း အိုအေစစ်မြို့တော်က အတင်းအကျပ် မလုပ်ပါဘူး... လူကြီးမင်းတို့ အားလုံး မြို့ပြင်မှာ အတူတူ နေလို့ ရပါတယ်"
"အိုအေစစ်မှာ သီးသန့် ကားပါကင်တွေ ရှိပါတယ်... လူကြီးမင်းတို့ရဲ့ ကားတွေကို တာဝန်ရှိသူတွေနောက် လိုက်ပြီး ကားပါကင်ထဲမှာ ရပ်ထားလို့ ရပါတယ်... အင်းပေါ့... မြို့တွင်းမှာလည်း ကားပါကင် ရှိပါတယ်"
လူဝကြီးက အိုအေစစ်မြို့တော်၏ စည်းမျဉ်းများကို ရိုသေကျိုးနွံစွာဖြင့် တစ်ခေါက် ရှင်းပြလိုက်သည်။
ဤရိုးရှင်းလှသော စကားအနည်းငယ်အတွင်းမှာပင် အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကို လူတန်းစား နှစ်ရပ်အဖြစ် ခွဲခြားလိုက်ပြီ ဖြစ်သည်။
အနီးအနားတွင် ရပ်နေသော သာမန် ယာဉ်တန်းအဖွဲ့သား အချို့၏ မျက်နှာများမှာ ချက်ချင်းပင် မသာမယာ ဖြစ်သွားကြသည်။
ဤနေရာသို့ ရောက်လာသည်အထိ ခွဲခြားဆက်ဆံခံရမည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
သို့သော် ထိုလူများတွင် တစ်စုံတစ်ရာ ပြန်ပြောရန် သတ္တိမရှိကြောင်း သိသာလှသည်။
အခြားသူများကို ဆိုထားနှင့် သူတို့ကိုယ်တိုင်ပင်လျှင် သူတို့၏ စိတ်ထဲ၌ အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကို ခွဲခြားထားပြီး ဖြစ်သည်။
ရိုးရှင်းသော မိတ်ဆက်စကား အနည်းငယ် အဆုံးသတ်သွားပြီးနောက် ဤလူဝကြီးက အင်းစာရွက် လေးရွက်ကို ထုတ်ယူကာ သူတို့ လေးယောက်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။
"လေးစားရပါသော အစွမ်းပိုင်ရှင် လူကြီးမင်းတို့... ဒါက လူအသက်ငွေ့ကို ဖုံးကွယ်ပေးနိုင်တဲ့ ကိုယ်ရောင်ဖျောက် အင်းပါ... အိုအေစစ်မှာ နေထိုင်နေတဲ့ အချိန်အတွင်း ဒီကိုယ်ရောင်ဖျောက် အင်းကို ဆောင်ထားပေးပါ... ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ချူချယ်က အင်းစာရွက်ကို လှမ်းယူလိုက်ပြီးနောက် ဤအင်းစာရွက်သည် ယခင်က ချန်းရီ သူ့ကို ပြသခဲ့ဖူးသော အင်းစာရွက်နှင့် အလွန်တူညီနေကြောင်း တွေ့ရှိလိုက်ရသည်။
ယခင်က လောင်ဟယ် ဟုခေါ်သော လူတစ်ယောက်သည် ချန်းရီ၏ မိစ္ဆာပစ်ကပ်ကားကို ခိုးယူရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မိစ္ဆာပစ်ကပ်ကား၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အင်းစာရွက် တစ်ရွက် ကျန်ရစ်ခဲ့သည်။
နောက်ပိုင်းတွင် ချန်းရီက ထိုအင်းစာရွက်ကို ချူချယ်အား ပြသခဲ့သည်။
ထို့ကြောင့် ချူချယ်က ဤအင်းစာရွက်ကို သိရှိနေခြင်း ဖြစ်သည်။
ဪ... ဒါကို ကိုယ်ရောင်ဖျောက် အင်းလို့ ခေါ်တာကိုး။
မလှမ်းမကမ်းရှိ သာမန် ယာဉ်တန်းအဖွဲ့သားများထံတွင်လည်း တာဝန်ရှိသူများက ဆင်တူသော အင်းစာရွက်များကို လိုက်လံ ဝေငှပေးနေကြပြီ ဖြစ်သည်။
ထိုတာဝန်ရှိသူများ၏ စိတ်မရှည်သော လေသံနှင့် အမူအရာများက ဤလူဝကြီး၏ မျက်နှာပေါ်ရှိ ဖားယားရိုသေနေသော အမူအရာနှင့် သိသာထင်ရှားစွာ ကွာခြားနေလေသည်။
ယာဉ်တန်းထဲရှိ လူအားလုံးမှာ အချိန်တိုအတွင်းမှာပင် အုပ်စုနှစ်စု ကွဲသွားကြသည်။
ချူချယ်တို့လို အစွမ်းပိုင်ရှင်များကို လူဝကြီးက မြို့တွင်းဘက်သို့ ဦးဆောင် ခေါ်သွားလေသည်။
အခြားသော သာမန် ယာဉ်တန်းအဖွဲ့သားများကမူ...
ချူချယ်က ရွှီနန်ကို မျက်စိပစ်ပြလိုက်ရာ ရွှီနန်က သဘောပေါက်သွားပြီး ခေါင်းကို တိတ်တဆိတ် ညိတ်ပြလိုက်ကာ သာမန် ယာဉ်တန်းအဖွဲ့သားများကို ဦးဆောင်၍ စိတ်မရှည်ဖြစ်နေသော တာဝန်ရှိသူများ နောက်သို့ လိုက်ပါသွားလေတော့သည်။
ဆက်ရန်...