အခန်း ၃၁၃
Vol. 16 Ch. 313
အပိုင်း(၃၁၃) ပေါက်ကရတွေ
"သွေးရောင်လမင်း၏ သားတော်" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ချန်းရီက တကယ်ကို အံ့သြသွားခဲ့သည်။
သို့သော်လည်း ချန်းရီက သူ၏ မျက်နှာပေါ်ရှိ အမူအရာကို အလျင်အမြန်ပင် ပြန်လည်ထိန်းချုပ်လိုက်သည်။
ဆက်လက် ရှင်းပြချက်များအရ ချန်းရီက အိုအေစစ်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤအိုအေစစ်ကို အတွင်းမြို့တော်နှင့် အပြင်မြို့တော်ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး အတွင်းမြို့တော်တွင် အစွမ်းပိုင်ရှင်များ နေထိုင်ကြကာ အတွင်းမြို့တော်၏ ပတ်ဝန်းကျင်က အပြင်မြို့တော်ထက် သဘာဝကျကျပင် အများကြီး ပိုမိုကောင်းမွန်နေသည်။
အပြင်မြို့တော်တွင် နေထိုင်ကြသူများမှာမူ သာမန် အသက်ရှင်ကျန်ရစ်သူများသာ ဖြစ်ကြသည်။
အိုအေစစ် တစ်ခုလုံးတွင် အစွမ်းပိုင်ရှင် ဒါဇင်ပေါင်းများစွာ ရှိပြီး လမ်းစဉ်များစွာကို ချန်းရီက ကြားတောင် မကြားဖူးခဲ့ပေ။
အပြင်မြို့တော်၌ နေထိုင်သော သာမန် အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာမူ လူသုံးထောင်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ဤလူဦးရေကို ကြားလိုက်ရချိန်တွင် ချန်းရီက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အိုအေစစ်ကို အစပိုင်းတွင် မြို့တော်ဝန် ချဝူက သူ၏ ကိုယ်ပိုင် ယာဉ်တန်းကို ဦးဆောင်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဤလမ်းစဉ် အဆင့် (၄) မြို့တော်ဝန်က အခြားသော လမ်းစဉ် အဆင့် (၃) လမ်းပြသူ သုံးဦးနှင့် ပူးပေါင်းကာ လျှို့ဝှက်အကာအကွယ် အစွမ်းကို အမြင့်ဆုံးအထိ အသုံးချခဲ့ပြီး အိုအေစစ်မြို့ကြီးကို လွှမ်းခြုံကာ သက်ရှိလူသားများ၏ အငွေ့အသက်များကို ဖုံးကွယ်ထားခဲ့သည်။
လမ်းစဉ် အဆင့် (၄) လမ်းပြသူတွင် အခြား လမ်းပြသူများ၏ လျှို့ဝှက်အကာအကွယ်များကို ပေါင်းစပ်နိုင်သော စွမ်းရည် ရှိနိုင်မည်ဟု ချန်းရီက ခန့်မှန်းမိသည်။
ဤအချက်ကပင် အိုအေစစ်မြို့ကို ယခုအချိန်အထိ ရှင်သန်နိုင်စေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အပင်ကျွမ်းကျင်သူ လမ်းစဉ် တစ်ဦး ရောက်ရှိလာခဲ့ပြီး သူ ပျိုးထောင်ထားသော အိမ်စောင့် အရောင်ခုနစ်မျိုးပန်းများကို အိုအေစစ်မြို့ ပတ်ပတ်လည်တွင် အပြည့် စိုက်ပျိုးထားခဲ့သည်။
ထို့နောက်တွင်မူ ထိုမြို့ရိုးကြီးပင် ဖြစ်သည်။
ဤအိုအေစစ်မြို့ကြီးသည် စတင် တည်ဆောက်စဉ်ကတည်းကပင် အစွမ်းပိုင်ရှင်များ၏ ခြေရာလက်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။
လမ်းဘေးရှိ လမ်းမီးတိုင်များသည်ပင်လျှင် သဘာဝလွန်စွမ်းအားဖြင့်သာ မောင်းနှင်နိုင်ခြင်း ဖြစ်သည်။
"ဒါနဲ့... လူကြီးမင်းရဲ့ နာမည်ကို မသိရသေးဘူးခင်ဗျ"
ဝတုတ်တုတ် လမ်းညွှန်သူက ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
"ချန်ရုံကု"
ဝတုတ်တုတ် လမ်းညွှန်သူက မှတ်စုစာအုပ်နှင့် ဘောပင်ကို ထုတ်ကာ ချန်းရီအတွက် စာရင်းပေးသွင်းရန် စတင်လိုက်သည်။
"လမ်းစဉ်နဲ့ အဆင့်ကိုရော... လူကြီးမင်းအတွက် အဆင်ပြေမယ်ဆိုရင်"
လူဝကြီးက ချန်းရီကို မျက်နှာချိုသွေးကာ ကြည့်လိုက်သည်။
"လမ်းစဉ် အဆင့် (၃)... သဘာဝလွန်လမ်းစဉ်... မီးခိုးတမန်တော်လမ်းစဉ်"
ချန်းရီက လမ်းစဉ် မကူးပြောင်းမီက အစွမ်းကို တိုက်ရိုက် ထုတ်ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ ယခင် မီးခိုးတမန်တော်လမ်းစဉ် အစွမ်းများကို အသုံးပြုနိုင်သေးသဖြင့် လိမ်ညာရာ မကျပေ။
"ကောင်းပါပြီ... အခုပဲ လူကြီးမင်းအတွက် သက်သေခံကတ် ပြုလုပ်ပေးပါ့မယ်... ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ခဏနေရင် လူကြီးမင်းရဲ့ သက်သေခံကတ်ကို လာပို့ပေးပါ့မယ်"
"ဆရာချန်း... အခု ကျွန်တော်က လူကြီးမင်းကို အတွင်းမြို့တော်ဆီ ခေါ်သွားပေးပါ့မယ်... မြို့တော်ဝန် ချဝူက အစွမ်းပိုင်ရှင်တိုင်းအတွက် အတွင်းမြို့တော်မှာ နေအိမ်တွေ ပြင်ဆင်ပေးထားပါတယ်"
"ဒါပေမဲ့ လူကြီးမင်းရဲ့ ကားက"
ချန်းရီက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
"ကားကို ငါ့ဘာသာငါ မောင်းသွားလိုက်မယ်"
ချန်းရီက မိစ္ဆာပစ်ကပ်ကားကို ဤနေရာတွင် မရပ်နားထားလိုပေ။ မိစ္ဆာပစ်ကပ်ကားကို ဤနေရာတွင် ရပ်ထားခဲ့ပါက မည်သို့ ဖြစ်လာမည်ကို ဘုရားသာ သိပေလိမ့်မည်။
ချန်းရီက ဤလူဝကြီးကိုလည်း ကားပေါ်သို့ မတင်လိုပေ။ ဤလူဝကြီး၏ နောက်ခံက မည်သို့ ရှိနေမည်ကိုလည်း မည်သူကမျှ သိနိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ချန်းရီက ဤနေရာသို့ အလွန် ကြီးမားသော သတိတရားများဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ မြင်တွေ့ရသော လူတိုင်းကို ချန်းရီက ဦးစွာ သံသယ ဝင်ထားလိုက်သည်။
လူဝကြီးကလည်း အခြေအနေကို ကောင်းစွာ နားလည်ပြီး ကမ္ဘာပျက်ကပ် မတိုင်မီက အသုံးပြုခဲ့သော လျှပ်စစ်စက်ဘီးငယ် တစ်စီးကို ဘယ်နေရာမှ ရလာမှန်း မသိဘဲ ရှေ့မှ စီးနင်းကာ ချန်းရီကို လမ်းပြပေးခဲ့သည်။
လမ်းမပေါ်ရှိ လူအများအပြားက ချန်းရီအား အားကျသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
လူဝကြီးက ချန်းရီကို အတွင်းမြို့တော်သို့ တောက်လျှောက် ခေါ်ဆောင်လာခဲ့သည်။
အတွင်းမြို့တော်၏ ဂိတ်ပေါက်တွင် လက်နက်ကိုင်ဆောင်ထားသော အစောင့်အချို့ ရှိနေပြီး လူဝကြီးက သွားရောက်၍ စကားနှစ်ခွန်းခန့် ပြောလိုက်ရာ အစောင့်များက ဝင်ပေါက်ကို ဖွင့်ပေးလိုက်ကြသည်။
တကယ်တမ်းတွင်မူ အိုအေစစ် တစ်ခုလုံးက သိပ်မကြီးမားလှပေ။
အတွင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက်...
ချန်းရီ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားခဲ့သည်။
အတွင်းမြို့တော်က အပြင်မြို့တော်ထက် အများကြီး ပိုမို သေသပ်လှပနေသည်။
ကြည့်ရသည်မှာ ရှေးဟောင်း ပန်းခြံကြီး တစ်ခုနှင့် တူနေပြီး ထိုအထဲတွင် အမိုးစွန်းများ၊ တဲနန်းများ၊ အဆောက်အအုံများ စသည်ဖြင့် အရာအားလုံး စုံလင်စွာ ရှိနေသည်။
နားထဲတွင်ပင် ကြည်လင်သာယာသော ငှက်ကလေးများ၏ တေးဆိုသံများကို ကြားနေရသေး၏။
ဤနေရာနှင့် ယခင် အပြင်မြို့တော်ကို နှိုင်းယှဉ်လိုက်ပါက မိုးနှင့် မြေကဲ့သို့ ကွာခြားနေသည်။
အတွင်းမြို့တော်၏ ဘေးဘက်တွင် ကားအချို့ ရှိနေပြီး ချန်းရီက ချန်ဟောင်၏ ကားလေးကို မြင်တွေ့လိုက်ရသည်။
ချူချယ်တို့၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား၊ ကုန်တင်ကားလေးနှင့် ထယ်ရှီး၏ အဝါရောင် ကျောင်းကားတို့ကိုလည်း တွေ့ရသည်။
လူဝကြီး၏ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကိုမူ မတွေ့ရပေ။
လေဆိပ်ဘတ်စ်ကား နှစ်စီးကိုလည်း မတွေ့ရချေ။
"ဆရာချန်း... ဒီနေရာက ဗိသုကာလက်ရာတွေ အားလုံးကို ကျွန်တော်တို့ရဲ့ ဒုတိယ မြို့တော်ဝန် ကျိုး က ကိုယ်တိုင် ဒီဇိုင်းဆွဲထားတာပါ... ပြီးတော့ အဲဒါတွေ အားလုံးကို သူက သဘာဝလွန်စွမ်းအားကို အသုံးပြုပြီး တည်ဆောက်ထားတာပါ"
"ပြီးတော့ ကျွန်တော်တို့ဆီမှာ (၂၄) နာရီ ဝန်ဆောင်မှုပေးမယ့် အိမ်ထိန်းတွေလည်း ရှိပါတယ်... လူကြီးမင်း လိုအပ်မယ်ဆိုရင် လုံလောက်တဲ့ အခကြေးငွေ ပေးနိုင်ရုံနဲ့ သူတို့က လူကြီးမင်းရဲ့ လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်"
ဝတုတ်တုတ် လမ်းညွှန်သူက ပြုံးလျက် ပြောလိုက်ပြီး သူ၏ စကားထဲရှိ အဓိပ္ပာယ်က အလွန် သွယ်ဝိုက်လွန်းလှသည်။
"ဒါ့အပြင်... ဆရာချန်း... လိုအပ်မယ်ဆိုရင် လူကြီးမင်းရဲ့ လက်ထောက်တွေကိုလည်း ဒီထဲမှာ လာနေခိုင်းလို့ ရပါတယ်... လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်တိုင်းက အတွင်းမြို့တော်ကို လက်ထောက် သုံးယောက် ခေါ်ဆောင်ခွင့် ရှိပါတယ်"
"အေ-၁၃ က လူကြီးမင်းရဲ့ အခန်းနံပါတ်ပါ... ဒါက လူကြီးမင်းရဲ့ သော့ပါ... သေချာ သိမ်းထားပေးပါ"
ပြောပြီးနောက် ဝတုတ်တုတ် လမ်းညွှန်သူက ချန်းရီအား ခြံဝင်းငယ်လေး တစ်ခုရှေ့သို့ ခေါ်ဆောင်သွားပြီး ရိုသေလေးစားသော အမူအရာဖြင့် သော့တစ်ချောင်းကို ထုတ်ကာ ချန်းရီထံ ကမ်းပေးလိုက်သည်။
ဤခြံဝင်းငယ်လေးကို မြင်လိုက်ရချိန်တွင် ချန်းရီက အနည်းငယ် အံ့သြသွားခဲ့သည်။
ဒါက ကမ္ဘာပျက်ကပ်ကြီးရော ဟုတ်သေးရဲ့လား။
ဒီလောက် ကောင်းကောင်းမွန်မွန် နေရတယ် ဟုတ်လား။
ဤခြံဝင်းငယ်လေးက မကြီးမားလှသော်လည်း အလွန် သေသပ်လှပသည်။ ခြံဝင်း၏ အလယ်တည့်တည့်တွင် တရုတ်ဇီးပင် တစ်ပင်ကို စိုက်ပျိုးထားပြီး သစ်ပင်ပေါ်တွင် ခရမ်းရောင်သန်းနေသော တရုတ်ဇီးသီးလေးများ သီးနေကာ မကြာမီ အချိန်အတွင်း မှည့်လာတော့မည့်ပုံ ပေါ်နေသည်။
ဤခြံဝင်းမျိုးသာ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် သူ့လို အောက်ခြေလူတန်းစား တစ်ယောက်အနေဖြင့် အိပ်မက်တောင် မက်ရဲမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ချန်းရီက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
တကယ်ကို... ဤအိုအေစစ်မြို့၏ မြို့တော်ဝန်က အကြံအစည် ကြီးမားသူတစ်ယောက် ဖြစ်သည်။
မည်သူမဆို ဤနေရာသို့ ရောက်လာပြီး ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး ရှိနေပါက မည်သူက ပြောင်းရွှေ့ချင်တော့မည်နည်း။
လူတိုင်းက ဤနေရာသို့ ရောက်လာပါက ထွက်ခွာသွားရန် နှမြောကြပေလိမ့်မည်။
သူ ကိုယ်တိုင်ပင်လျှင် ဤအချိန်တွင် ဤနေရာ၌ အမြဲတမ်း နေထိုင်ချင်စိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့မိသည်။
"ဒါနဲ့... ဆရာချန်း... အိုအေစစ်မြို့မှာ ကုန်စည်ဖလှယ် ဈေးတစ်ခု ရှိပါတယ်... အဲဒီမှာ အစွမ်းပိုင်ရှင် အများအပြားက ဆိုင်ခန်းတွေ ဖွင့်ပြီး ပစ္စည်းတွေ ဖလှယ်လေ့ ရှိပါတယ်"
"လူကြီးမင်း စိတ်ဝင်စားမယ်ဆိုရင် သွားကြည့်လို့ ရပါတယ်"
ပြောပြီးနောက် လူဝကြီး၏ မျက်နှာပေါ်တွင် ထာဝရ မပြောင်းလဲသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ဖြည်းညှင်းစွာ ထွက်ခွာသွားလေသည်။
ကုန်စည်ဖလှယ် ဈေး ဟုတ်လား။
စိတ်ဝင်စားစရာပဲ။
ချန်းရီက သူ့အတွက် သီးသန့် စီစဉ်ပေးထားသော နေအိမ်ကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်သည်။
၎င်းက အိပ်ခန်း နှစ်ခန်းနှင့် ဧည့်ခန်း နှစ်ခန်းပါသော တစ်ထပ် ခြံဝင်းငယ်လေး တစ်ခု ဖြစ်သည်။
ခြံဝင်းထဲတွင် လက်ဖက်ရည်သောက်ရန် စားပွဲတစ်ခုနှင့် အပန်းဖြေ ကုလားထိုင် တစ်ခုလည်း ရှိသေး၏။
ရုပ်မြင်သံကြား၊ ရေနွေးအိုး၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် စသည်တို့တော့ လုံးဝ မရှိပေ။
သို့သော် စားပွဲ၊ ထိုင်ခုံနှင့် ကုတင်တို့တော့ ရှိနေသေးသည်။
ဤမျှနှင့်ပင် ချန်းရီမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
ယခင်က ပြောင်းရွှေ့ခဲ့ရသော နေ့ရက်များမှာ အိပ်မက်ထဲတွင်သာ ရှိခဲ့သကဲ့သို့ပင်။
ချန်းရီက ခြံဝင်းထဲရှိ အပန်းဖြေ ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ ကမ္ဘာပျက်ကပ်ပြီးနောက် ရခဲလှသော အနားယူချိန်လေးကို ခံစားရန် ပြင်ဆင်လိုက်စဉ်...
ရုတ်တရက် ဘေးခန်းမှ ရင်းနှီးနေသော အသံများကို ကြားလိုက်ရသည်။
ဒါက ချူချယ်နှင့် စွန်းချန်းချန်းတို့၏ အသံများ ဖြစ်ပြီး ထယ်ရှီး၏ အရူးတစ်ယောက်လို ရယ်မောသံကိုလည်း ကြားနေရသည်။
အသံများက မကျယ်လောင်လှသော်လည်း ချန်းရီက ကြားလိုက်ရသည်။
ထိုခဏမှာပင် ချန်းရီ၏ ခန္ဓာကိုယ် တစ်ခုလုံးက မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
"ခေါင်းဆောင်ချူ... ကျွန်မတို့ ဒီနေရာမှာပဲ အပြီးအပိုင် နေလိုက်ကြရအောင်"
"ပြောင်းရွှေ့နေရတဲ့ နေ့ရက်တွေကို ကျွန်မ တကယ် ငြီးငွေ့နေပြီ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အပန်းဖြေ ကုလားထိုင်ပေါ်တွင် ဖင်ထိုင်ချလိုက်ပြီး သူမ၏ ရှည်လျားလှသော ခြေတံများကို လွှဲယမ်းနေကာ ကြည့်ရသူများကို အနည်းငယ် ခေါင်းမူးသွားစေသည်။
ရှောင်ယွီက ဘေးဘက်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် အစိမ်းရောင် တရုတ်ဇီးသီး နှစ်လုံးကို ကိုင်ထားကာ တစ်ကိုက် ကိုက်လိုက်ပြီးနောက် ချဉ်လွန်းသဖြင့် မျက်လုံးများကို မှိတ်ပစ်လိုက်သည်။
ထယ်ရှီးက နံရံထောင့်တွင် အရူးတစ်ယောက်လို မတ်တတ်ရပ်နေပြီး ခေါင်းကို ဆက်တိုက် ညိတ်ပြနေကာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အကြံအစည်ကို သဘောတူနေပုံ ရသည်။
"ငါကရော ပြောင်းရွှေ့ချင်နေတယ်လို့ ထင်နေလား... ဒါပေမဲ့... ဒါပေမဲ့ ဒီနေရာက ငါ့ကို ထူးဆန်းတဲ့ ခံစားချက် တစ်ခုခု ပေးနေတယ်"
"ဘယ်နေရာက ထူးဆန်းနေလဲ ဆိုတာကိုတော့ ငါလည်း သေချာ မပြောတတ်ဘူး"
"ငါတို့ ဒီကို လာတုန်းက မြင်ခဲ့ရတဲ့ အရာတွေကို မင်းတို့ မေ့မပစ်ကြနဲ့ဦး"
ချူချယ်က လက်ဖက်ရည်ခွက်ကို မကာ တစ်ကျိုက် ဖြည်းညှင်းစွာ သောက်လိုက်သည်။
စားပွဲပေါ်တွင် လက်ဖက်ရည်ခွက် အချို့ ရှိနေသေးသော်လည်း အားလုံး သောက်ပြီးသွားပြီ ဖြစ်သည်။
ဒီနေ့ စိတ်အခြေအနေ ကောင်းနေသဖြင့် ခေါင်းဆောင်ချူက သူ့အတွက် အလွန် တန်ဖိုးကြီးသော လက်ဖက်ရည်များကို ထုတ်တိုက်ရန် ဝန်မလေးခဲ့ခြင်း ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ညည်းတွားလိုက်သည်။
"တကယ်ပါပဲ... ရှောင်ရီ ပေးတဲ့ အသုံးမကျတဲ့ အကြံကြောင့် ကျွန်မတို့ကို အချိန်ခွဲပြီး တစ်ဖွဲ့စီ ဝင်လာရတာ... နောက်ဆုံးတော့ ဒီနည်းလမ်းက လုံးဝ အလုပ်မဖြစ်ဘူး... ဝင်လာတာနဲ့ ချက်ချင်းကို လူမိသွားတာပဲ"
"ကျွန်မတို့တော့ အခုလောက်ဆို လူရယ်စရာ ဖြစ်နေလောက်ပြီ"
ထိုအချိန်မှာပင် ဒေါသတကြီး ထွက်ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရသည်။
"ပေါက်ကရတွေ... အဲဒီ အရူးနည်းလမ်းက ဘယ်တုန်းက ငါ့အကြံ ဖြစ်သွားတာလဲ"
ဆက်ရန်...