အခန်း ၃၁၄
Vol. 16 Ch. 314
အပိုင်း(၃၁၄) ကားပြိုင်ပွဲ
ချန်းရီက အလွန် ဒေါသထွက်နေသည်။
သူ ခဏလေး မရှိသည့်အချိန်အတွင်းမှာပင် ဘာကြောင့် အပြစ်များအားလုံးကို သူ့ခေါင်းပေါ်သို့ ပုံချနေရသနည်း။
တကယ်ပဲ၊ ဒီကောင်တွေ ဒီလောက် မျက်နှာပြောင်တိုက်ဖို့ ဘယ်သူ့ဆီက သင်ထားကြတာလဲ။
သေချာပေါက် ချူချယ်ဆီကပဲ ဖြစ်ရမည်။
ချူချယ်က လူတိုင်းကို လမ်းမှားရောက်အောင် သင်ပေးနေခြင်း ဖြစ်သည်။
မီးခိုးငွေ့များ စုဝေးသွားပြီးနောက် ချန်းရီ၏ ပုံရိပ်က လူအများရှေ့တွင် ထွက်ပေါ်လာ၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဤအချိန်တွင် ချန်းရီ ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် ချက်ချင်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ချေ။
ပန်းရောင်ဆံနွယ်များကလည်း ကောင်မလေး၏ သဲ့သဲ့လေး နီရဲသွားသော ပါးပြင်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ချန်းရီက ဘေးပတ်ဝန်းကျင်ရှိ လူများကို ဒေါသတကြီး ဝေ့ဝဲကြည့်လိုက်သည်။
တင်းတုံမှလွဲ၍ ကျန်လူများအားလုံး ရောက်ရှိနေကြပြီဟု ဆိုရမည်။
ချူချယ်က ချန်းရီ၏ အကြည့်ကို ရင်ဆိုင်ရချိန်တွင် ခေတ္တမျှ အနေရခက်သွား၏။
သေချာသည်ကတော့ အနည်းငယ်မျှသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ၏ မျက်နှာပြောင်တိုက်နိုင်စွမ်းက ချန်းရီနှင့် အတူတူလောက်ပင် ရှိသည် မဟုတ်ပါလော။
ထယ်ရှီးက ချန်းရီကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။
"ဟဲဟဲ... ရှောင်ရီ... မင်း ရောက်လာပြီကိုး"
ရုတ်တရက် ချန်းရီ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာ၏။
"ကျွတ်... ကျွတ်"
"ငါ ပြောသားပဲ... မင်းတို့အရင်က အပင်ပန်းခံပြီး အဖွဲ့တွေခွဲ ထွက်သွားကြတာ... အခုတော့ လူမိသွားပြီမလား"
"ကျွတ်... ကျွတ်... မင်းတို့လို ငတုံးတွေက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ"
"ငါ အစကတည်းက ပြောသားပဲ... ဒီနည်းလမ်းက တော်တော် တုံးအလွန်းတယ်လို့... အဲဒါကို မင်းတို့က အတင်း လုပ်ချင်နေကြတာလေ... ငါ တားလို့တောင် မရဘူး"
"ရှင်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဒေါသတကြီးဖြင့် ဓားကိုပင် ဆွဲထုတ်ရန် ပြင်လိုက်သည်။
ချူချယ်ကလည်း ဒေါသတကြီး စိုက်ကြည့်နေ၏။
ချန်းရီက ဉာဏ်ပါပါဖြင့် ပါးစပ်ပိတ်ထားရန် ရွေးချယ်လိုက်သည်။ အကယ်၍ သူသာ မီးခိုးတမန်တော် လမ်းစဉ် အဆင့် (၃) အနေအထားတွင်သာ ရှိနေသေးလျှင် ဤမိန်းမကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် သူသည် တတိယမြောက် ရွေးချယ်မှုအဖြစ် လမ်းစဉ်ကူးပြောင်းခြင်း ပြုလုပ်ထားပြီးဖြစ်ရာ မည်သူ နိုင်၍ မည်သူ ရှုံးမည်ကိုတော့ အသေအချာ မပြောနိုင်သေးပေ။
သို့တိုင်အောင် ဤအရူးမကို သွားရောက် ရန်စရန် အကြောင်းပြချက် မရှိပေ။
"အဟမ်း... အဟမ်း... မင်းတို့ ဘာတွေများ တွေ့ထားသေးလဲ"
ချန်းရီက စကားလမ်းကြောင်း လွှဲလိုက်၏။
ချူချယ်က ဒေါသကို ငြိမ်သက်စေလိုက်ပြီး အတန်ကြာမှ စကားဆိုသည်။
"ဒီနေရာက ဒဏ္ဍာရီလာ အိုအေစစ် ဟုတ်ပုံမရဘူး"
"ဒဏ္ဍာရီထဲက အချက်အလက် တော်တော်များများနဲ့ လွဲချော်နေတယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ပြီး ဤအကြွေးကို နောက်မှ ရှင်းမည်ဟု ပြောနေသယောင် ရှိ၏။
ကောင်မလေးက စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး မျက်နှာပေါ် ကျနေသော ဆံနွယ်စအချို့ကို နားနောက်သို့ သပ်တင်လိုက်ကာ သူမ လေ့လာမိသမျှကို စတင် ပြောပြလေသည်။
"ဒီက လူတော်တော်များများက ဝဝလင်လင် စားရပုံမပေါ်ဘူး"
"ပြီးတော့ လူတွေရဲ့ ဘဝရပ်တည်မှုကလည်း ဒဏ္ဍာရီထဲကလောက် မကောင်းကြဘူး"
"မြို့တံခါးဝက လမ်းညွှန်ပေးတဲ့သူတွေ အကုန်လုံးက တစ်ပုံစံတည်း ဝဖြိုးနေကြတယ်... ဘာကြောင့်မှန်းတော့ မသိဘူး... သူတို့ကို ကြည့်ရတာ ကျွန်မ စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
"သူတို့... အတုအယောင်တွေလို ပြုံးနေကြတာ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အန္တရာယ် အာရုံခံနိုင်စွမ်းက အလွန် ထက်မြက်လှသည်။
သူမ၏ အာရုံခံနိုင်စွမ်းနှင့် ချူချယ်၏ ထူးဆန်းသောအရာများအပေါ် အာရုံခံနိုင်စွမ်းတို့မှာ တစ်ထပ်တည်း မဟုတ်ပေ။
ထယ်ရှီးက ခေါင်းကို ကုတ်လိုက်ပြီး ရိုးအအဖြင့် ဝင်ပြောသည်။
"ဟာ... ငါကတော့... ဘာမှ မသင်္ကာစရာ မတွေ့ပါဘူး... ကမ္ဘာပျက်ကပ်ဆိုတာ ဒီလိုပဲ မဟုတ်ဘူးလား"
ချန်းရီကလည်း ဤလူထံမှ ထူးခြားသည့် အချက်အလက်များ ထွက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် သူ ကိုယ်တိုင် လေ့လာမိသည်များကိုပါ ပြောပြလိုက်၏။
"အရင်တုန်းက ချန်းယုံကုနဲ့ မိုဟိုင်ရမ်တို့ ပြောခဲ့တဲ့ ဒဏ္ဍာရီလာ အိုအေစစ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို မင်းတို့ မှတ်မိသေးလား"
"တကယ်လို့ ဒဏ္ဍာရီလာ အိုအေစစ်သာ တကယ် ရှိခဲ့မယ်ဆိုရင် ကမ္ဘာပျက်ကပ် မတိုင်ခင်ကတည်းက စတင် တည်ဆောက်ခဲ့ရမှာ... အခုလို ပုံစံမျိုး လုံးဝ ဖြစ်နေမှာ မဟုတ်ဘူး"
"ဒါကြောင့် ဒီ အိုအေစစ် ဆိုတာကြီးက သေချာပေါက် အတုအယောင်ကြီးပဲလို့ ငါ သုံးသပ်မိတယ်"
သူတို့အားလုံး နားထောင်ပြီးနောက် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ထယ်ရှီးပင်လျှင် အလေးအနက် စဉ်းစားနေသည့် ပုံစံ ဖမ်းနေ၏။ သို့သော် သူ အမှန်တကယ် နားလည်သလား ဆိုသည်ကိုတော့ သူ ကိုယ်တိုင်သာ သိပေလိမ့်မည်။
ခေါင်းဆောင်အဖြစ် သူ၏ နေရာကို ချန်းရီက လွှမ်းမိုးသွားသည်ဟု ခံစားလိုက်ရပုံရသည်။
ချူချယ်က လူတိုင်း၏ အာရုံစိုက်မှုကို ရယူရန် ချောင်းဟန့်လိုက်ပြီးမှ စကားဆို၏။
"အဟမ်း... အဟမ်း... ငါ အနှစ်ချုပ် ပြောပြမယ်"
"ချန်းချန်းရဲ့ လေ့လာစောင့်ကြည့်မှုက တော်တော်လေး သေချာတယ်... ကောင်းတယ်"
"ရှောင်ရီရဲ့ သုံးသပ်ချက်ကလည်း တိကျတယ်... တော်တော် ကောင်းတယ်"
"ထယ်ရှီးကျတော့လည်း... အင်း... မဆိုးပါဘူး"
လူကြီးလူကောင်း ဆန်ဆန် အနှစ်ချုပ် ပြောဆိုနေမှုကို ကြားလိုက်ရသဖြင့် ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့က ချူချယ်ကို မျက်စောင်း ထိုးလိုက်ကြသည်။
"ဒါကြောင့် ဒီ ဒဏ္ဍာရီလာ အိုအေစစ်က အတုအယောင် ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်"
"ဒါပေမဲ့ အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ်... ငါတို့ ဒီနေရာကို ရောက်လာပြီဆိုတာက အမှန်တရားပဲ... ငါတို့ ရိက္ခာပစ္စည်းတွေ ဖြည့်တင်းဖို့ လိုအပ်နေတာကလည်း အမှန်တရားပဲ"
"ငါတို့ လမ်းစဉ်ဆေးထိုးအပ် လိုအပ်နေတာလည်း အမှန်တရားပဲ... ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ အားလုံး သတိလေးထားပြီး နေကြတာ ပြဿနာ မရှိပါဘူး"
"တစ်ခုခု ထူးထူးဆန်းဆန်း တွေ့တာနဲ့ အချင်းချင်း ချက်ချင်း အကြောင်းကြားကြ"
"ပြီးတော့... ရှောင်ရီ... မင်းက အခု အပေါ်ယံကြည့်ရင် ငါတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလေ... ဒီ အနေအထားကလည်း အနည်းနဲ့အများတော့ အသုံးဝင်သေးတယ်"
"အောက်ကလူတွေ နှုတ်မလွန်သွားအောင် ရွှီနန်ကို သေချာ မှာထားခိုင်းလိုက်မယ်"
"ယာဉ်တန်းထဲက တခြား သာမန်အဖွဲ့ဝင်တွေဆီကနေ လျှို့ဝှက်ချက် ထိန်းထားနိုင်ဖို့ သိပ်မျှော်လင့်မထားပေမဲ့... နောက်ကျမှ သိသွားတာကလည်း ပိုကောင်းတာပဲလေ"
ချန်းရီက ချူချယ်၏ စီစဉ်မှုကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူတို့အားလုံး၏ မျက်နှာများက အနည်းငယ် တည်တန့်သွားကြသည်။
ဒီနေရာမှာ ပြဿနာ တစ်ခုခု ရှိနေသည်ကတော့ သေချာသည်။
ပြဿနာကလည်း သေးငယ်မည့်ပုံ မပေါ်ပေ။
ဤနေရာသည် ဒဏ္ဍာရီလာ အိုအေစစ် မဟုတ်ခဲ့ပေ။
အဆုံးသတ်တွင်တော့ ပြောင်းရွှေ့နေထိုင်ရသည့် ဘဝမျိုးကို သူတို့ ပြောင်းလဲနိုင်မည် မဟုတ်သေးချေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် စိတ်ပျက်သွားသည်။ အကယ်၍ ဒဏ္ဍာရီလာ အိုအေစစ်သာ ဒဏ္ဍာရီထဲကအတိုင်း အမှန်တကယ် ရှိနေခဲ့ပါက ဤနေရာတွင် နေထိုင်ရသည်မှာလည်း မဆိုးလှဟု သူမ တွေးထားခဲ့မိသည်။
သူမအနေဖြင့် ဟိုပြောင်းဒီရွှေ့ နေထိုင်ရသည့် ဘဝမျိုးကို အမှန်တကယ်ပင် ငြီးငွေ့နေပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ခြံဝင်းငယ်လေး၏ တံခါးကို လာခေါက်သံ ကြားလိုက်ရသည်။
"ဒေါက်း... ဒေါက်... ဒေါက်"
"ဘယ်သူလဲ"
အပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာ၏။ "ခေါင်းဆောင်ချူ... ကျွန်တော်ပါ... ရွှီနန်နဲ့ ရှောင်ဖူပါ... လောင်လီလည်း ပါတယ်"
ထယ်ရှီးက ရင်းနှီးသော အသံများကို ကြားလိုက်ရသဖြင့် ခြံတံခါးဝသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ တံခါးဖွင့်ပေးလိုက်သည်။
ချန်းရီကတော့ မည်သည့်အချိန်ကတည်းက သွားရပ်နေမှန်း မသိရအောင်ပင် သတိမထားမိနိုင်သော နေရာတစ်ခုတွင် နေရာယူထားပြီး ဖြစ်သည်။
ချူချယ် ပြောခဲ့သလိုပင် ယခုအချိန် အိုအေစစ်၌ လူသိရှင်ကြား အနေအထားအရ သူတို့သည် ချန်းရီနှင့် မသိကျွမ်းကြပေ။
ဤကိစ္စသည် စုံစမ်းရန် ခက်ခဲသော လျှို့ဝှက်ချက် တစ်ခု မဟုတ်လျှင်တောင်မှ ဖြစ်သည်။
ဤလျှို့ဝှက်ချက်ကို တတ်နိုင်သမျှ နောက်ကျမှ ပေါက်ကြားသွားစေရန် သူ မျှော်လင့်မိသည်။
တံခါးအပြင်ဘက်တွင် အခြားမည်သူမျှ မရှိဘဲ ယာဉ်တန်း၏ ရုပ်အဆိုးဆုံးလူ ရွှီနန်နှင့် ရှောင်ဖူ၊ ထို့နောက် ထိပ်ပြောင်ကြီး လောင်လီတို့ ရပ်နေကြသည်။
အစွမ်းပိုင်ရှင် တစ်ယောက်စီသည် အတွင်းမြို့တော်သို့ လက်ထောက် နှစ်ယောက်စီ ခေါ်ဆောင်ခွင့် ရှိသည်။
ထို့ကြောင့် ချူချယ်က လူလွှတ်ကာ ရွှီနန်တို့ကို ခေါ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အတွင်းမြို့တော်၏ နေထိုင်မှု ပတ်ဝန်းကျင်က အပြင်မြို့တော်ထက်တော့ အများကြီး ပိုကောင်းသည် မဟုတ်ပါလော။
"မင်းတို့ဘက်မှာ အခု အခြေအနေ ဘယ်လိုလဲ" ဟု ချူချယ်က မေးလိုက်သည်။
ရွှီနန်က သူတို့ ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို စတင် ပြောပြလေသည်။
အိုအေစစ်မှ တာဝန်ရှိသူများက ရွှီနန်တို့ကို ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီးနောက် ဆက်လက်၍ တာဝန်ယူဖြေရှင်းပေးခြင်း မရှိတော့ပေ။
ယခုအခါ ယာဉ်တန်း အဖွဲ့ဝင်များကြားတွင် မကျေနပ်ချက်များ ကြီးမားနေကြသော်လည်း အခြား နည်းလမ်းမရှိသဖြင့် အားလုံးက ယခင်တုန်းက သုံးခဲ့သော ရွက်ဖျင်တဲများကို ပြန်လည် ထုတ်ယူနေကြရသည်။
အိုအေစစ် တာဝန်ရှိသူများ၏ ပြောစကားအရ လာမည့် ရက်အနည်းငယ်အတွင်း သူတို့အတွက် နေအိမ်များ စီစဉ်ပေးမည် ဖြစ်ပြီး လောလောဆယ်တွင် အပြင်မြို့တော်၌ နေအိမ် မလုံလောက်သေးသဖြင့် ခေတ္တခဏ အဆင်ပြေသလို နေထိုင်ကြရန်သာ ပြောဆိုခဲ့သည်။
တကယ်တမ်းတွင် ဤပတ်ဝန်းကျင် အနေအထားသည် ပြောင်းရွှေ့ နေထိုင်ရစဉ်ကနှင့် ဘာမှ ကွာခြားမှု မရှိပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ အိုအေစစ်ဘက်က ဟိုပြောင်းဒီရွှေ့ နေရသည်ထက် အများကြီး ပိုမို လုံခြုံနေခြင်းပင် ဖြစ်သည်။
"အိုအေစစ်မြို့ တာဝန်ရှိသူတွေရဲ့ ပြောစကားအရ သာမန်လူတွေလည်း အိုအေစစ်မှာ အလုပ်ရှာလို့ ရတယ်တဲ့"
"အလုပ်ရပြီဆိုတာနဲ့ ငတ်မသေနိုင်တော့ဘူးပေါ့"
"ကျွန်တော်တို့ဘက်မှာလည်း အလုပ်ထွက်ရှာနေတဲ့ လူတချို့ ရှိနေပြီ"
"ခေါင်းဆောင်ချူ... တကယ်လို့သာ အဲဒါက အမှန်ဆိုရင်... ကျွန်တော်တို့ လူတွေကတော့"
ရွှီနန်က စကားကို အဆုံးထိ မပြောတော့သော်လည်း သူ ဘာကို ဆိုလိုချင်သည်ကို အားလုံးက နားလည်ပြီး ဖြစ်သည်။
ဆက်လက် ပြောင်းရွှေ့နေစရာ မလိုဘဲ တည်ငြိမ်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဆိုလျှင် အနည်းငယ် ခက်ခဲကြမ်းတမ်းနေမည် ဆိုလျှင်တောင်မှ ဖြစ်သည်။
လူအများစုကတော့ လိုလားကြမည်မှာ အသေအချာပင်။
အချိန်တန်လျှင် နတ်ဆင်ရွာတုန်းကလိုပင် အသက်ရှင်ကျန်ရစ်သူ အများအပြားက ဤနေရာတွင် ကျန်ရစ်နေခဲ့ရန် နည်းလမ်းရှာကြပေလိမ့်မည်။
ထိုအချိန်တုန်းကသာ နတ်ဆင်ရွာတွင် လူပြည့်မနေခဲ့လျှင် လူအများအပြားက နတ်ဆင်ရွာ၌ပင် ကျန်ရစ်ခဲ့ကြမည်မှာ သေချာသည်။
ချူချယ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ "ဒီနေရာက တကယ်လုံခြုံတယ် ဆိုရင်လည်း နေခဲ့ကြတာ မဆိုးပါဘူးလေ"
"ငါတို့နောက်ကို လိုက်ပြီး နေရာအတည်တကျ မရှိဘဲ ဟိုပြောင်းဒီရွှေ့ လုပ်နေရတာထက်တော့ ပိုကောင်းမှာပေါ့"
ချန်းရီက အေးစက်စက် ရယ်မောလိုက်ပြီး လူတွေကို လွှတ်ပေးဖို့ အဲဒီလောက် မလွယ်ကူကြောင်း ပြောချင်ခဲ့သော်လည်း နှုတ်ဆိတ်နေလိုက်သည်။
ချူချယ်၏ သဘောထားကို တွေးမိပြီးနောက် ပါးစပ်ပိတ်ထားရန်သာ ရွေးချယ်လိုက်သည်။
ထားလိုက်ပါတော့လေ၊ လူသားတွေကလည်း အတော်လေး နည်းပါးနေပြီပဲ။
ထိုသာမန် အသက်ရှင်ကျန်ရစ်သူများသည် အသက်ရှင်သန်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားရုန်းကန်နေကြရပြီး သူတို့ထဲမှ အများအပြားမှာ သက်တမ်းလွန်နေသော ဘီစကွတ် တစ်ဝက်ကိုပင် နှမြောတသဖြင့် မစားရက်ဘဲ သိမ်းထားတတ်ကြသည်။
သူ ကိုယ်တိုင်လည်း လူဆိုး မလုပ်ချင်တော့ပေ။
ရုတ်တရက် ပေါ်ထွက်လာသော ကြင်နာတတ်သည့် အတွေးကြောင့် ချန်းရီပင် လန့်သွားရသည်။
နေပါဦး၊ ငါ ဘယ်အချိန်ကတည်းက ဒီလောက် သဘောကောင်းသွားရတာလဲ။
ချန်းရီက အမြန် ခေါင်းခါယမ်းလိုက်ပြီး သူ၏ ဦးနှောက်ထဲရှိ ကြင်နာမှုများကို ခါထုတ်ပစ်ရန် ကြံရွယ်လိုက်သည်။
ရွှီနန်က ဆက်ပြောသည်။
"ခေါင်းဆောင်ချူ... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
"ကျွန်တော်တို့ စုံစမ်းသိရတဲ့ သတင်းတွေအရဆိုရင် အိုအေစစ်ဘက်မှာ ကားပြိုင်ပွဲ တစ်ခု မကြာခင် ကျင်းပတော့မယ်တဲ့... ပထမဆုရတဲ့သူကို ရိက္ခာပစ္စည်းတွေ အများကြီး ဆုချမယ်လို့ ကြားတယ်... ရှေ့ရက်ပိုင်းတွေမှာ တော်တော်လေး စည်ကားတော့မှာ"
"ကားပြိုင်ပွဲ"
ချန်းရီ စိတ်ဝင်စားသွား၏။ ဤကိစ္စတွင် မိစ္ဆာပစ်ကပ်ကားက အလွန် အသာစီး ရနိုင်ပေလိမ့်မည်။
အသက်ရှိနေသကဲ့သို့ ဖြစ်နေသော ထိုအင်ဂျင်ကို ပြီးခဲ့သည့်အကြိမ်က အနည်းငယ်မျှ စမ်းသပ်ကြည့်ရုံဖြင့်ပင် ၎င်း၏ ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအင်ကို ချန်းရီ ခံစားသိရှိခဲ့ရပြီး ဖြစ်သည်။
သူတို့အားလုံး ဤကားပြိုင်ပွဲနှင့် ပတ်သက်၍ အတော်ကြာအောင် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ရွှီနန်၏ ပြောစကားအရဆိုလျှင် ပြိုင်ပွဲ၏ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဤကားပြိုင်ပွဲတွင် ထူးခြားသည့် စည်းမျဉ်းစည်းကမ်းများ မရှိပေ။ ကားဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ၊ ကုန်တင်ကားကြီး ဖြစ်စေ ကားအမျိုးအစား ဖြစ်နေသရွေ့ ပြိုင်ပွဲဝင်ခွင့် ရှိသည်။
အသက်ရှင်လျက် ပန်းဝင်နိုင်ပြီး အနိုင်ရရှိရန်သာ အဓိကဖြစ်ကာ မည်သည့် နည်းလမ်းကိုမဆို အသုံးပြုနိုင်သည်။
လုံးဝ ကန့်သတ်ချက်မရှိသော ဤပြိုင်ပွဲစည်းမျဉ်းကို ကြားလိုက်ရချိန်တွင် ရှိနေသူအားလုံး၏ မျက်နှာပေါ်သို့ သွေးညှီနံ့များ လွင့်စင်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
သို့သော် ချန်းရီကတော့ သိပ်ပြီး ဂရုမစိုက်လှပေ။ သူ အနည်းငယ် စိုးရိမ်မိသည်မှာ မိစ္ဆာပစ်ကပ်ကားက ရိုးရှင်းသည့် သာမန်ကားတစ်စီး မဟုတ်ခြင်းပင်။
၎င်းက သဘာဝလွန်ပစ္စည်း တစ်ခုလည်း ဖြစ်နေသေးသည်။
ပြိုင်ပွဲကျင်းပသူများဘက်က သဘာဝလွန်ပစ္စည်းများ ပြိုင်ပွဲဝင်ခြင်းကို တားမြစ်ထားခြင်း ရှိမရှိတော့ မသိရပေ။
အကယ်၍ ပြိုင်ပွဲဝင်ခွင့် ရမည်ဆိုပါက မိစ္ဆာပစ်ကပ်ကား၏ ကြမ်းတမ်းရက်စက်မှု အဆင့်နှင့်ဆိုလျှင် ပထမဆု မရလျှင်ပင် ယုတ္တိမတန်သလို ဖြစ်နေပေလိမ့်မည်။
ဆက်ရန်...