အခန်း ၃၁၆
Vol. 16 Ch. 316
အပိုင်း(၃၁၆) ရှုလီနာ၏ မကျေနပ်ချက်
"သက်တမ်းမကုန်သေးဘူးလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက စည်သွတ်ဘူးတစ်ဘူးကို ဖွင့်ကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။ လူအများ၏ မျှော်လင့်တကြီး စောင့်ကြည့်နေကြသော အကြည့်များကြားတွင် သူမ၏ မျက်လုံးများက ပို၍ အရောင်လက်လာ၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"စားလို့ရတယ်... အရသာလည်း မပျက်သေးဘူး... သက်တမ်းလည်း မကုန်သေးဘူး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် ထယ်ရှီးတို့ ပြောသော သက်တမ်းမကုန်သေးဘူး ဆိုသည်မှာ စားစရာများတွင် ထူးဆန်းသော အရသာ မရှိခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပြီး စည်သွတ်ဘူးခွံပေါ်ရှိ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်စွဲကို ရည်ညွှန်းခြင်း မဟုတ်ပေ။
နောက်ထပ် သေတ္တာများကိုလည်း ဆက်လက် ဖွင့်ဖောက်လိုက်ကြသည်။
ဤသေတ္တာထဲတွင်တော့ ဝက်အူချောင်းများ အပြည့်အမောက် ပါရှိနေ၏။
လူတိုင်း ဝက်အူချောင်း မစားရသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ကြောင်း သိထားရမည်။
ဤအရာများသည် ကမ္ဘာပျက်ကပ်တွင် အလွန်တန်ဖိုးရှိသော အရာများပင် ဖြစ်သည်။
အစားအစာ မှန်သမျှသည် ကမ္ဘာပျက်ကပ်၌ တန်ဖိုးအကြီးမားဆုံး အရာများသာ ဖြစ်ကြ၏။
......
ချန်းရီက သူ၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်သောအခါ ဘေးအိမ်မှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက် လာရောက်လည်ပတ်နေကြောင်း သိလိုက်သည်။
ယခုအချိန်သည် မှောင်ရန် အချိန်အနည်းငယ် လိုသေးသဖြင့် ယခင်က လမ်းပြသူ ပြောပြခဲ့ဖူးသော ဈေးသို့ သွားရောက်လေ့လာရန် သူ ရည်ရွယ်ထား၏။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တံခါးဝတွင် ရပ်နေသော ဆွဲဆောင်မှုရှိသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးက ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားပြီး ခြေထောက်ရှိ အဖြူရောင် အားကစားဖိနပ်မှာ အနည်းငယ် ဝါကြင့်ကြင့် ဖြစ်နေသော်လည်း အနည်းဆုံးတော့ သန့်ရှင်းသပ်ရပ်စွာ လျှော်ဖွပ်ထားကြောင်း သိသာလှသည်။
သူမ၏ ဆံပင်များက အလွန် နူးညံ့ပျော့ပျောင်းနေပြီး ချန်းရီ တံခါးဖွင့်လိုက်သဖြင့် တိုက်ခတ်လာသော လေကြောင့် နားထင်ဘေးရှိ ဆံစလေးများ အနည်းငယ် လွင့်ဝဲသွားလေသည်။
ဤအမျိုးသမီးသည် ခေါင်းလျှော်ထားသည်မှာ မကြာသေးကြောင်း သိသာလှ၏။
ဤသည်မှာ ကမ္ဘာပျက်ကပ်ဖြစ်ပြီး ခြောက်လလောက် ခေါင်းမလျှော်ရသူများမှာ ဒုနဲ့ဒေး ရှိနေကြောင်းကို သိထားရမည်။
ရှုလီနာသည် ယာဉ်တန်းထဲတွင် သန့်ရှင်းမှုကို အလွန် ကြိုက်နှစ်သက်သူ တစ်ယောက်ဟု ဆိုရပေမည်။
အမျိုးသမီး၏ ခန္ဓာကိုယ် အထက်ပိုင်းတွင် အဖြူရောင် လက်ပြတ်အင်္ကျီလေးကို အောက်ခံအဖြစ် ဝတ်ဆင်ထားပြီး အပေါ်မှ မီးခိုးရောင် သိုးမွေးအင်္ကျီပါးလေးကို ထပ်ဝတ်ထားကာ သူမ၏ ကိုယ်ပေါ်မှ သင်းပျံ့သော ရနံ့သဲ့သဲ့လေးပင် ထွက်ပေါ်နေသေးသည်။
ရေမွှေး ဆွတ်ထားကြောင်း သိသာလှသည်။
သူမ၏ မျက်နှာလေးသည် ကမ္ဘာပျက်ကပ် မတိုင်မီက အင်တာနက်ပေါ်ရှိ နာမည်ကြီး အလှမယ်များထက်ပင် များစွာ ပို၍ လှပနေပြီး သဘာဝအတိုင်း ဆွဲဆောင်မှု အပြည့်ရှိသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပေ။
"မင်း"
"ဆရာချန်း... ကျွန်မ... ဆရာ့ဆီမှာ လက်ထောက် လိုအပ်သေးလားလို့ မေးချင်လို့ပါ... ကျွန်မ... ကျွန်မ ဘာမဆို လုပ်နိုင်ပါတယ်"
ရှုလီနာသည် လာရောက်ချိန်တွင် သူမကိုယ်သူမ သေချာစွာ ပြင်ဆင်ခြယ်သလာခဲ့သော်လည်း အဆင့်အတန်းမရှိသော ဖြားယောင်းသွေးဆောင်သည့် မျက်နှာအမူအရာမျိုးကိုမူ လုံးဝ ပြသခဲ့ခြင်း မရှိပေ။
ယခုအချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် သတိထားနေဟန်နှင့် ထိတ်လန့်တုန်လှုပ်နေဟန် ပေါ်နေ၏။
နံပါတ် (၇) ကားပေါ်တွင် လူတိုင်း၏ လေးစားမှုကို ခံရပြီး ပြောသမျှ အတည်ဖြစ်သော ယာဉ်တန်း စီမံခန့်ခွဲရေး အစ်မကြီး၏ ပုံစံမျိုးနှင့် လုံးဝ မတူတော့ပေ။
ဤကာလအတွင်း ရှုလီနာသည် နံပါတ် (၇) ကား၏ စီမံခန့်ခွဲသူ ဖြစ်လာပြီးနောက် သူမ၏ ကိုယ်ပိုင် ဩဇာအာဏာကို အလျင်အမြန်ပင် တည်ဆောက်နိုင်ခဲ့သည်။
လီကျွမ်းက သူမ၏ လက်ထဲတွင် အထက်မြက်ဆုံးသော ဓားတစ်လက် ဖြစ်လာခဲ့၏။
ယခင်က လူအများ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသော ထိုအမျိုးသမီးသည် ယခုအခါ ရှုလီနာ၏ စောင့်ရှောက်မှုကို ရရှိထားသဖြင့် စကားနားမထောင်သော အသက်ရှင်ကျန်ရစ်သူများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။
ရှုလီနာက ချန်းရီသည် မိန်းမလှလေးများကို မြင်လိုက်သည်နှင့် အသိစိတ်လွတ်သွားတတ်သော လူစားမျိုး မဟုတ်ကြောင်းကို ကောင်းကောင်း သိထားသည်။
ထို့ကြောင့် သူမသည် အလှအပကို အသုံးချကာ ချန်းရီကို သွေးဆောင်ဖြားယောင်းရန် မကြိုးစားခဲ့ခြင်း ဖြစ်သည်။
လာရောက်ချိန်တွင် ဂရုတစိုက် ပြင်ဆင်ခြယ်သလာခဲ့ခြင်းမှာလည်း ရိုးရိုးရှင်းရှင်းလေး ဖြစ်စေရန်သာ ရည်ရွယ်၍ မိတ်ကပ်လိမ်းခြယ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် မိတ်ကပ်ပါးပါးလေးသာ လိမ်းခြယ်ထားပါစေ၊ သူမကို မြင်တွေ့ရသူတိုင်းမှာ အံ့မခန်း ဆွဲဆောင်ခံရဆဲပင်။
ရှုလီနာတို့သည် အိုအေစစ်မြို့သို့ ရောက်ရှိလာပြီးနောက် မြို့၏ လက်ရှိအခြေအနေကို ကြည့်ကာ အလွန်တရာ စိတ်ပျက်သွားခဲ့ကြကြောင်း သိသာလှသည်။
သူမ၏ စိတ်ကူးယဉ်မှုထဲတွင် အိုအေစစ်မြို့သည် အနည်းဆုံးတော့ ကမ္ဘာပျက်ကပ် မတိုင်မီက တတိယအဆင့်ရှိ မြို့ကြီးများ၏ အဆင့်အတန်းမျိုး ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
မူလက သူမသည် အိုအေစစ်မြို့သို့ ရောက်ရှိလာပြီးပါက သူမ၏ စွမ်းရည်များကို အသုံးပြု၍ ယာဉ်တန်းထဲတွင် နေရသည်ထက် သေချာပေါက် ပိုမို ကောင်းမွန်စွာ နေထိုင်နိုင်လိမ့်မည်ဟု တွေးတောခဲ့၏။
စဉ်းစားကြည့်လျှင် ကမ္ဘာပျက်ကပ် မတိုင်မီက သူမသည် တောကြိုတောင်ကြားမှ ကလေးမလေး တစ်ယောက်မျှသာ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုမျှလောက် အမြင့်ဆုံး အဆင့်အတန်းအထိ ရောက်ရှိလာနိုင်ခဲ့ခြင်းမှာ ရုပ်ရည်အဆင်းသဏ္ဌာန်နှင့် ဉာဏ်ရည်ဉာဏ်သွေး နှစ်ခုစလုံး မရှိမဖြစ် လိုအပ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
သို့သော် အိုအေစစ်မြို့မှ တာဝန်ရှိသူများ၏ မျက်နှာပေါ်ရှိ စိတ်မရှည်သော အမူအရာများကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ တွေးထင်မှုများ မှားယွင်းသွားနိုင်ကြောင်းကို သူမ သိလိုက်ရသည်။
နောက်ပိုင်းတွင် အိုအေစစ်မြို့မှ သာမန်လူများအတွက် သတ်မှတ်ပေးထားသော နေထိုင်ရာ နေရာများကို သူမ မြင်တွေ့ခဲ့ရသည်။
ရှုလီနာမှာ ပို၍ပင် စိတ်ဓာတ်ကျကာ ပြိုလဲကျမတတ် ဖြစ်သွားခဲ့ရသည်။
သူမ ကြိုတင် တွေးဆထားသည်များနှင့် အလွန်အမင်း ကွာခြားလွန်းနေခဲ့သည်။
နေထိုင်ရာ နေရာဟု ဆိုလိုခြင်းမှာ ရွက်ဖျင်တံခါးများ ထိုးထားသော စခန်းချရာ နေရာတစ်ခုမျှသာ ဖြစ်နေသည်။
ရွှံ့ဗွက်များ ပြည့်နှက်နေသော နေရာတစ်ဝိုက်တွင် ရွက်ဖျင်တံခါး တစ်လုံးပြီးတစ်လုံးကို ဆောက်လုပ်ထားကြသည်။
လေထုထဲတွင်လည်း အလွန် ဆိုးရွားသော အနံ့အသက်များ ရောနှောနေ၏။
ထို့အပြင် ဆာလောင်နေသော ဝံပုလွေများအလား ကြည့်နေကြသည့် မျက်လုံးအစုံများကိုလည်း တွေ့မြင်ခဲ့ရသည်။
အကယ်၍ ယာဉ်တန်းမှ အဖွဲ့ဝင်များနှင့်အတူသာ မရှိခဲ့ပါက မည်သည့်အရာများ ဖြစ်ပေါ်လာမည်ကို သူမ ကိုယ်တိုင်ပင် မသေချာတော့ပေ။
မတတ်နိုင်ပေ။ ရှုလီနာသည် အလွန်တရာ ထင်ပေါ်လွန်းနေခဲ့သည်။
အကယ်၍ ရုပ်ရည်အဆင်းသဏ္ဌာန် တစ်ခုတည်းကိုသာ ယှဉ်ကြည့်မည်ဆိုပါက သူမသည် ကျိုးရှောင်ရှောင်ထက် အများကြီး နိမ့်ကျနေခြင်း မရှိပေ။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်တွင် ကျိုးရှောင်ရှောင်၌ မရှိသော ရင့်ကျက်သည့် ဆွဲဆောင်မှုများလည်း ရှိနေသေးသည်။
အကယ်၍ အစတုန်းကသာ သူမတွင် ကျိုးရှောင်ရှောင်၏ အခွင့်အရေးများ ရှိခဲ့မည်ဆိုပါက သူမသည် စောစောစီးစီးကပင် နာမည်ကြီးနေလောက်ပြီ ဖြစ်သည်။
ရှုလီနာသည် စခန်း၏ ထိုကဲ့သို့သော အခြေအနေမျိုးကို မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်းပင် လှည့်ထွက်ကာ ထွက်ပြေးချင်စိတ်များပင် ပေါက်လာခဲ့၏။
နောက်ပိုင်းတွင် အခြားသူများ၏ ပြောစကားများမှတစ်ဆင့် အပြင်မြို့တော်နှင့် အတွင်းမြို့တော်တို့၏ ကွာခြားချက်များကို သူမ နားလည်လာခဲ့သည်။
ထို့အပြင် အစွမ်းပိုင်ရှင် တစ်ယောက်လျှင် သာမန်လူ နှစ်ယောက်ကို အတွင်းမြို့တော်သို့ ခေါ်ဆောင်သွားခွင့် ရှိကြောင်း သိလိုက်ရသောအခါ...
ရှုလီနာ၏ စိတ်ကူးများက အသက်ဝင် လှုပ်ရှားလာတော့သည်။
ချူချယ်၊ ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် ထယ်ရှီးတို့အတွက်မူ သူမ မစဉ်းစားတော့ပေ။
သူတို့တွင် ကိုယ်တိုင် ခေါ်ဆောင်သွားလိုသော လူများ သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။
တင်းတုံ အတွက်ဆိုလျှင်လည်း တွေးကြည့်နေစရာ မလိုတော့ပေ။ ကျိုးရှောင်ရှောင်က နေရာတစ်နေရာကို ယူထားပြီးဖြစ်ရာ ကျန်ရှိနေသော တစ်နေရာကို အလဟဿ ဖြစ်သွားပါစေ၊ သူမကို ပေးလိမ့်မည် မဟုတ်ကြောင်း ခန့်မှန်းရသည်။
အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သည်။
အစွမ်းပိုင်ရှင် အများစုမှာ ထူးဆန်းသော စရိုက်လက္ခဏာများ ရှိကြပြီး ကားပေါ်တွင် နေရာလွတ်များ ရှိနေလျှင်ပင် အခြား သာမန်လူများကို ကားပေါ်သို့ တက်ခွင့်ပြုရန် ဆန္ဒမရှိကြပေ။
ဥပမာအားဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားတွင် လူငါးယောက် စီးနင်းနိုင်သည်။
သို့သော် အမြဲတမ်းလိုလို သူမနှင့် ရှောင်ယွီ နှစ်ယောက်တည်းသာ စီးနင်းကြသည်။
ချန်းရီ တစ်ယောက်တည်းသာ...
ထို့ကြောင့် ရှုလီနာသည် သူမကိုယ်သူမ ဂရုတစိုက် ပြင်ဆင်ခြယ်သပြီးနောက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်လုံး လျှောက်လာရင်း ရှုလီနာမှာလည်း အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရ၏။
အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကြားတွင် မည်မျှလောက် ကြီးမားသော ကွာဟချက်ကြီး ရှိနေကြောင်းကို သူမ ပို၍ပို၍ နက်ရှိုင်းစွာ နားလည်လာခဲ့သည်။
အတွင်းမြို့တော်သို့ ရောက်ရှိလာသောအခါ အတွင်းမြို့တော်၏ သပ်ရပ်လှပမှုများက သူမ၏ မျက်စိကို ပို၍ပင် ဖမ်းစားသွားခဲ့သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဤနေရာထက် ပို၍ သပ်ရပ်လှပပြီး ခမ်းနားထည်ဝါသော နေရာများကို သူမ မမြင်တွေ့ခဲ့ဖူးသည်တော့ မဟုတ်ပေ။
သို့သော် အစက ပြောခဲ့သလိုပင်... ယခုအချိန်သည် ကမ္ဘာပျက်ကပ် ဖြစ်နေပြီ ဖြစ်သည်။
ဤကဲ့သို့သော နေရာမျိုးကို ယခုအခါ သူမသည် အိပ်မက်ထဲတွင်ပင် မက်နိုင်တော့မည် မဟုတ်ပေ။
သူမ၏ တောင်းဆိုချက်ကို ပြောဆိုပြီးနောက် ရှုလီနာသည် အင်္ကျီစကို လက်ချောင်းများဖြင့် စိုးရိမ်တကြီး လိမ်ကျစ်နေမိပြီး သူမ၏ လက်နှစ်ဖက်မှာလည်း အနည်းငယ် တုန်ယင်နေကာ မျက်နှာလေးမှာလည်း အနည်းငယ် ဖြူရော်သွား၏။
ချန်းရီက ရှုလီနာကို တစ်ချက် ကြည့်လိုက်ပြီး လေသံ မပြောင်းလဲဘဲ ပြောလိုက်သည်။
"ငါ့ဆီမှာ လက်ထောက် မလိုဘူး... မင်း တခြားလူတွေကို သွားမေးကြည့်လိုက်"
ထိုသို့ ပြောပြီးသည်နှင့် ချန်းရီသည် ရှုလီနာကို ဂရုပင် မစိုက်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။
နောက်နေတာလား... သူ၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ အများအပြား ရှိနေသည်ကို အမျိုးသမီး တစ်ယောက်အား သူ၏ ဘေးတွင် မည်သို့များ အနားကပ်ခွင့် ပေးနိုင်မည်နည်း။
အလွန်လှပသော မိန်းမချောလေး ဖြစ်နေလျှင်တောင်မှ မရနိုင်ပေ။
"ဆရာချန်း"
"ငါ့နောက်ကို လိုက်မလာနဲ့... မဟုတ်ရင် ဘာဖြစ်သွားမလဲ မင်း သိပါတယ်"
နေကာမျက်မှန် အနောက်တွင် ဖုံးကွယ်ထားသော သွေးရောင်မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး သူ၏ သူငယ်အိမ်အတွင်းရှိ မှော်စာလုံးများက တဖြည်းဖြည်း လည်ပတ်သွားကြသည်။
ချန်းရီသည် ယခုအချိန်အထိ သွေးရောင်မျက်လုံးများနှင့် အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိသေးသော်လည်း အစောပိုင်း အချိန်များနှင့် နှိုင်းယှဉ်ပါက အများကြီး ပို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
သူသာ ဆန္ဒရှိမည်ဆိုပါက သူ့ရှေ့ရှိ ဤလှပနုနယ်သော ပန်းပွင့်လေးသည် ချက်ချင်းပင် ညှိုးနွမ်းသွားပေလိမ့်မည်။
ရှုလီနာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး မျက်နှာလေးမှာ ပို၍ ဖြူရော်သွားကာ သူမ၏ သွယ်လျသော ခြေတံရှည်လေးများက ခြေလှမ်းများကို ရပ်တန့်လိုက်ရပြီး ဆန့်တန်းထားသော လက်ကလေးသည်လည်း လေထဲတွင် တောင့်တင်းသွားခဲ့၏။
ချန်းရီက ရှုလီနာကို တစ်ချက် မျက်စောင်းထိုး ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ရှုလီနာက တားဆီးရန် မကြိုးစားတော့ဘဲ ဝေးကွာသွားသော ချန်းရီ၏ ကျောပြင်ကို ကြည့်ကာ တစ်ခဏမျှ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိတော့သည်။
သူမသည် သူမ၏ တစ်သက်တာတွင် အများဆုံးသော ငြင်းပယ်ခံရမှုများကို ချန်းရီထံမှသာ မြည်းစမ်းခဲ့ရခြင်း ဖြစ်သည်။
သို့သော် မတတ်နိုင်ပေ။ ဤအမျိုးသမီးသည် အလွယ်တကူ လက်လျှော့တတ်သော လူစားမျိုး မဟုတ်ချေ။
မဟုတ်ပါက အစတုန်းက တောကြိုတောင်ကြားမှ ကောင်မလေး တစ်ယောက်ဘဝမှ ထိုအဆင့်အထိ ရောက်လာနိုင်မည် မဟုတ်ပေ။
ရှုလီနာက ဘေးဘီဝဲယာရှိ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ဤနေရာသည် အပြင်မြို့တော်ထက် များစွာ ပိုမို ကောင်းမွန်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ရှုလီနာသည် တံခါးဝသို့ လှည့်ပြန်သွားပြီး သူမ၏ သေးသွယ်လှပသော ခန္ဓာကိုယ်လေးကို တဖြည်းဖြည်း ထိုင်ချလိုက်ကာ လက်နှစ်ဖက်ဖြင့် ဒူးနှစ်ဖက်ကို ပိုက်ထားလျက် အေ-၁၃ ၏ တံခါးဝတွင် သနားစရာကောင်းလောက်အောင် ဆောင့်ကြောင့်ထိုင်နေလိုက်သည်။
သူမတွင် သွားစရာ နေရာမရှိတော့ပေ။
အပြင်မြို့တော်ရှိ ထိုရွက်ဖျင်တံခါး စခန်းချရာ နေရာသည် သူမ၏ အမြင်တွင် မကောင်းဆိုးဝါးများ၏ ဂူတစ်ခုနှင့်သာ တူနေခဲ့သည်။
အိုအေစစ်မြို့သည် သူမ တွေးဆထားခဲ့သော ယဉ်ကျေးသည့် လူမှုအသိုက်အဝန်းနှင့် အလွန် ကြီးမားသော ကွာခြားချက် ရှိနေသည်။
သူမ ယာဉ်တန်းထဲတွင် အဆင်ပြေပြေနှင့် ဩဇာညောင်းနိုင်ခဲ့ခြင်းမှာ ချန်းရီ၏ ဩဇာအာဏာကို အသုံးချကာ ဟန်ဆောင်လွှမ်းမိုးထားခြင်းသာ ဖြစ်ကြောင်း သူမကိုယ်တိုင် ကောင်းကောင်းကြီး သိထားသည်။
သို့သော် အပြင်မြို့တော်ရှိ ထိုအသက်ရှင်ကျန်ရစ်သူများမှာမူ ချန်းရီသည် မည်သူဖြစ်ကြောင်းကို လုံးဝ မသိရှိကြသလို ချန်းရီ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးအေးမှုများကိုလည်း လုံးဝ သိရှိထားခြင်း မရှိကြပေ။
သူမ အလွန် ရှင်းလင်းစွာ သိထားသည်မှာ အကယ်၍ သူမသာ ထိုနေရာသို့ ပြန်သွားရဲမည်ဆိုပါက...
ယာဉ်တန်းမှ အဖွဲ့ဝင်များ၏ အကာအကွယ် ရှိနေလျှင်တောင်မှ ရက်အနည်းငယ်မျှပင် မခံဘဲ သူမ၏ ဇာတ်သိမ်းမှာ အလွန် ဆိုးရွားသွားလိမ့်မည်မှာ သေချာလှသည်။
တင်းကျပ်စွာ ပိတ်ထားသော အေ-၁၃ ၏ တံခါးမကြီးကိုသာ ငေးမောစွာ ကြည့်နေမိတော့သည်။
ရှုလီနာ၏ မျက်ဝန်းလေးများက အနည်းငယ် နီရဲလာခဲ့သော်လည်း မျက်ရည်များ ကျဆင်းလာခြင်းတော့ မရှိခဲ့ပေ။
ရှုလီနာက မရှိသော မျက်ရည်များကို သုတ်ဖယ်ဟန် ပြုလိုက်ပြီး ဒူးနှစ်ဖက်ကြားတွင် ခေါင်းကို ဝှက်ထားလိုက်ကာ မကြာမီမှာပင် နံရံထောင့်ကို မှီလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
လူအချို့ ဖြတ်သွားဖြတ်လာ ရှိကြပြီး ဤမျှလောက် လှပသော အမျိုးသမီးချောလေး တစ်ယောက် ဤနေရာတွင် အိပ်ပျော်နေသည်ကို မြင်တွေ့ရသော်လည်း အများစုမှာ မည်သည့် လွန်ကျူးသော အပြုအမူမျိုးကိုမျှ မပြုလုပ်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုတံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် "အေ-၁၃" ဟု ရေးသားထားသောကြောင့်ပင် ဖြစ်သည်။
အေ-၁၃ သည် အစွမ်းသတ္တိ အဆင့်သတ်မှတ်ချက်ကို ကိုယ်စားပြုခြင်း မဟုတ်သော်လည်း "အေ" သည် လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်များသာ နေထိုင်ခွင့်ရှိသော နေရာဖြစ်ကြောင်းကို ကိုယ်စားပြုနေသောကြောင့် ဖြစ်လေသည်။
ဆက်ရန်...