← Chapters

အခန်း ၃၁၇

Vol. 16 Ch. 317

အခန်း ၃၁၇

Vol. 16 Ch. 317

အပိုင်း(၃၁၇) ပစ္စည်းကောင်းများစွာ

ယခင်က တွေ့ခဲ့ရသော ဝတုတ်တုတ်လူကြီး၏ လမ်းညွှန်ချက်အတိုင်း ချန်းရီက စန်းယွဲ့လမ်းဆီသို့ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။

လမ်းမကြီးပေါ်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်စ နှစ်ယောက်စကို ရံဖန်ရံခါ မြင်တွေ့နေရ၏။

သို့သော် ထိုအသက်ရှင်ကျန်ရစ်သူများက ချန်းရီကို မြင်လိုက်ရချိန်တွင် သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ လမ်းဘေးသို့ ကပ်ရပ်ကာ ခေါင်းငုံ့ထားကြပြီး ချန်းရီ ဖြတ်သွားမှသာ ဆက်လက် ထွက်ခွာသွားကြခြင်းပင် ဖြစ်သည်။

ထိုလူအများစု၏ မျက်နှာများမှာ ထုံထိုင်းနေပြီး ပါးရိုးများ ချောင်ကျနေကာ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ဖိုင့်ဖိုင့်ရရဲကြီးများ ဖြစ်နေကြသည်။

ချန်းရီနှင့် မျက်လုံးချင်း ဆုံမိသူတိုင်းသည် အနေရခက်စွာဖြင့် ချက်ချင်း မျက်နှာလွှဲသွားတတ်ကြသည်။

အကယ်၍ ချန်းရီကသာ တစ်ဖက်လူ၏ မျက်လုံးကို စက္ကန့်အနည်းငယ်ခန့် ပို၍ စိုက်ကြည့်လိုက်ပါက ထိုသူကို အကြောက်လွန်သွားစေနိုင်သည်အထိပင် ဖြစ်သည်။

ကြည့်ရသည်မှာ...

ဤအိုအေစစ်ရှိ အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကြားတွင် ကြီးမားသော ကွာဟချက်ကြီး တစ်ခု ဖြစ်တည်နေခဲ့ပြီ ဖြစ်သည်။

ချန်းရီ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်များနှင့် ခါးနောက်တွင် ချိတ်ဆွဲထားသော အမုန်းတရား ထင်းခုတ်ဓားမကြီးတို့ကြောင့် မြင်တွေ့ရသူတိုင်းက သူ့ကို အစွမ်းပိုင်ရှင် တစ်ယောက်အဖြစ် ချက်ချင်း တွေးထင်သွားစေသည်။

သူက သာမန်လူတစ်ယောက်ကို ဖမ်းဆွဲကာ စန်းယွဲ့လမ်း၏ လားရာကို မေးမြန်းလိုက်သည်။

ထိုသူက ကြောက်လန့်တကြားဖြင့် ချန်းရီကို လမ်းညွှန်ပြပြီးနောက် အမြန် ပြေးထွက်သွားလေတော့သည်။

စန်းယွဲ့လမ်းသို့ ရောက်ရှိလာချိန်တွင် အဝင်ဝ၌ ယူနီဖောင်းဝတ် လက်နက်ကိုင် နှစ်ဦး ရှိနေသည်ကို တွေ့ရသည်။

သာမန်လူအများစုမှာ စန်းယွဲ့လမ်းကို ရှောင်ကွင်းသွားလာတတ်ကြပြီး ဤနေရာသို့ လာရောက်ရန် အလွန် ဝန်လေးနေကြပုံရသည်။

လက်နက်ကိုင် နှစ်ဦးက ချန်းရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်လက်၍ အာရုံစိုက်ခြင်း မပြုတော့ပေ။

ချန်းရီက စန်းယွဲ့လမ်းအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့သည်။

ကြိုတင် ခန့်မှန်းထားသည့်အတိုင်းပင် စန်းယွဲ့လမ်းတွင် လူသိပ်မရှိလှချေ။

လမ်း၏ တစ်ဖက်တစ်ချက်စီရှိ ဟိုတစ်ကွက် ဒီတစ်ကွက် ဖွင့်ထားသော ဆိုင်ခန်းငယ်လေးများတွင် ပစ္စည်းအချို့ကို ခင်းကျင်းထားသည်။

ထိုအထဲမှ ထက်ဝက်ကျော်မှာ အမျိုးအစား စုံလင်လှသော စားစရာများ ဖြစ်ကြ၏။

ထိုဆိုင်ခန်းများ၏ အနောက်တွင် အများအားဖြင့် အမူအရာ ကင်းမဲ့နေသော ယောက်ျားကြီး တစ်ယောက်စီ ရှိနေတတ်ကြသည်။

ထိုသူများ၏ ကိုယ်ပေါ်မှ အငွေ့အသက်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် အစွမ်းပိုင်ရှင်များ ဖြစ်နိုင်ချေ အလွန်များပြားသော်လည်း မည်သည့် လမ်းစဉ်မှန်းတော့ မသိရပေ။

အမှန်တကယ်တော့ လမ်းပေါ်တွင် အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကို ခွဲခြားသိမြင်ရန် အလွန် လွယ်ကူလှသည်။

လူတွေကို ကြည့်ရာတွင် စိုးရွံ့မှု ကင်းမဲ့နေပြီး အရပ်မြင့်မြင့် ခန္ဓာကိုယ် တောင့်တင်းကာ အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားသူများမှာ အစွမ်းပိုင်ရှင်များ ဖြစ်နိုင်ချေ အများဆုံးပင်။

သို့သော် အနည်းငယ် ကြောက်ရွံ့နေသည့် အငွေ့အသက်မျိုး ရှိကာ လူတွေကို ကြည့်ရာတွင် သတိထားနေတတ်သူများမှာ သာမန်လူများသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် တစ်ချက်ကြည့်ရုံဖြင့် အစွမ်းပိုင်ရှင်မှန်း သိသာလှသော လူတစ်မျိုးလည်း ရှိသေး၏။

ဥပမာအားဖြင့် ထယ်ရှီး ကဲ့သို့သော ရုပ်သွင်ပြောင်းလဲနေသည့် အစွမ်းပိုင်ရှင်မျိုး ဆိုလျှင် အခြားသော အချက်အလက်များကို ရှာဖွေနေစရာမလိုဘဲ မျက်စိမှိတ်ပြီး ခန့်မှန်းလျှင်ပင် သူတို့၏ အဆင့်အတန်းကို သိနိုင်ပေသည်။

"ဆန်နဲ့ သဘာဝလွန်ပစ္စည်း လဲမယ်... သဘာဝလွန်ပစ္စည်း အကြမ်းထည်ဆိုလည်း ရတယ်"

လမ်းဘေးရှိ ဆိုင်ခန်းငယ်တစ်ခုတွင် ထိုစာသားကို ရှင်းလင်းပြတ်သားစွာ ရေးသားထားသည်။

ဆိုင်ခန်းပေါ်တွင် ဆန်အိတ် အနည်းငယ်ကို ဘွင်းဘွင်းရှင်းရှင်းပင် ခင်းကျင်းထား၏။

ယခုအချိန်တွင် အစားအစာသည်သာ အခိုင်မာဆုံးသော ငွေကြေးဖြစ်နေပြီး ကမ္ဘာပျက်ကပ် မတိုင်မီက ရွှေနှင့် ငွေ ကဲ့သို့သော အရာများကို မည်သူကမျှ ဂရုမစိုက်ကြတော့ပေ။

ချန်းရီ၏ အကြည့်ကို သတိထားမိသွားပုံရသည်။

ဆိုင်ခန်းအနောက်မှ ယောက်ျားကြီးက မေးလိုက်၏။

"အစ်ကို... သဘာဝလွန်ပစ္စည်းတွေ ပါလား... ပစ္စည်းအကြမ်းထည်ဆိုရင်လည်း ရတယ်"

ချန်းရီက နေကာမျက်မှန် အနောက်မှ သွေးမျက်လုံးဖြင့် မျက်မှောက်ရှိ ယောက်ျားကြီးကို အကဲခတ်ကြည့်လိုက်သည်။ ထိုယောက်ျားကြီးက အပေါ်ပိုင်း ဗလာကျင်းနေပြီး အမွေးအမျှင်များ အလွန် ထူထပ်လွန်းသဖြင့် သိုးမွေးအင်္ကျီ တစ်ထည်ကို ဝတ်ဆင်ထားသကဲ့သို့ ထင်ရ၏။

"ဘယ်လိုလဲမလဲ"

ယောက်ျားကြီးက ဟဲဟဲ ဟု ရယ်မောလိုက်သည်။

"ဆန် ဆယ်ပြည်ပေးမယ်... သဘာဝလွန်ပစ္စည်း အကြမ်းထည်နဲ့ လဲမယ်... တကယ်လို့ အစ်ကို့ပစ္စည်းက ကောင်းရင် ဈေးပိုပေးမှာပေါ့"

ဆယ်ပြည်လား...

ဒါကတော့ အရမ်း ခေါင်းပုံဖြတ်လွန်းနေပြီ။

သို့သော် ချန်းရီ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ပေါ်လွင်ခြင်း မရှိခဲ့ပေ။

"သဘာဝလွန်ပစ္စည်း အစစ်ဆိုရင်ရော"

ယခုလက်ရှိ ချန်းရီ၏ ကိုယ်ပေါ်တွင် သဘာဝလွန်ပစ္စည်း သုံးခုသာ ရှိသည်။ တစ်ခုက မိစ္ဆာပစ်ကပ်ကား ဖြစ်ပြီး ၎င်းကို သေသွားလျှင်တောင် လဲလှယ်မည် မဟုတ်ပေ။

နောက်တစ်ခုက အမုန်းတရား ထင်းခုတ်ဓားမ ဖြစ်ပြီး ၎င်းကိုလည်း လဲလှယ်ရန် ထုတ်ပေးမည် မဟုတ်ချေ။

လဲလှယ်ရန် ထုတ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ပေါက်ကွဲကြယ်ပွင့် သာ ဖြစ်သည်။

ယခင်က ဤသဘာဝလွန်ပစ္စည်း၏ အဆင့်သတ်မှတ်ချက်မှာ (၅၈၂၉) ဖြစ်သော်လည်း မကြာသေးမီက အဆင့်များစွာ ကျဆင်းသွားပြီး (၆၀၀၇) သို့ ရောက်ရှိကာ ခြောက်ထောင် အောက်သို့ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မကြာသေးမီ အချိန်အတွင်းက သဘာဝလွန်ပစ္စည်း အမြောက်အမြား ထပ်မံ ထွက်ပေါ်လာခဲ့သည်မှာ သိသာလှသည်။

အဆင့်သတ်မှတ်ချက် နိမ့်ကျသော သဘာဝလွန်ပစ္စည်း ဖြစ်လေလေ... နံပါတ်စဉ် ကျဆင်းရန် ပို၍ လွယ်ကူလေလေ ဖြစ်သည်။

အကယ်၍ သင့်တော်သော အရာနှင့် တွေ့ဆုံပါက လဲလှယ်လိုက်လျှင်လည်း မဆိုးလှပေ။

သေချာသည်မှာ... ဘယ်ဘက်မျက်လုံးရှိ သွေးမျက်လုံး ကိုတော့ လုံးဝ လဲလှယ်မည် မဟုတ်ပေ။

မဟုတ်ပါက ချန်းရီ တစ်ယောက် မျက်ကန်း ဖြစ်သွားပေလိမ့်မည်။

ချန်းရီ၏ စကားကို ကြားလိုက်ရချိန်တွင် ယောက်ျားကြီး၏ မျက်လုံးများက အရောင်လက်သွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဒါကတော့ နံပါတ်စဉ်ပေါ် မူတည်တယ်... တကယ်လို့ နံပါတ်စဉ် တစ်သောင်းဝန်းကျင်လောက်ဆိုရင် ဆန် နှစ်ဆယ့်ငါးပြည်လောက် ညှိလို့ရတယ်"

"နံပါတ်စဉ် ပိုမြင့်ရင်တော့ ဈေးပိုရမှာပေါ့"

"ဟဲဟဲ... အစ်ကို... ကျုပ်ဆန်တွေက အကောင်းစားတွေချည်းပဲ... သက်တမ်းကုန်သွားတာလည်း သိပ်မကြာသေးဘူး"

ကောင်းပြီ... နံပါတ်စဉ် တစ်သောင်းဝန်းကျင်လောက်မှ ဆန် နှစ်ဆယ့်ငါးပြည်သာ ရမည်တဲ့။

အဆိုးဆုံးဆိုတာ မရှိဘဲ ပိုဆိုးတာတွေသာ ရှိသည်ဟု ဆိုရပေမည်။

ချန်းရီက ပြန်မေးလိုက်သည်။

"တစ်သောင်းအောက်ဆိုရင်ရော"

ထိုစကားကို ကြားလိုက်ရသောအခါ ယောက်ျားကြီး၏ မျက်နှာပေါ်မှ စိတ်ဝင်စားမှုများ များစွာ လျော့ကျသွားပြီး အနည်းငယ် စိတ်မပါတော့သည့်ဟန်ဖြင့် ပြောလိုက်သည်။

"တစ်သောင်းအောက်ဆိုရင်တော့... ဘယ်လောက်အောက်လဲဆိုတဲ့အပေါ် မူတည်တာပေါ့..."

ချန်းရီက ဤစကားကို တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်သည်။

အခြားသူများ၏ ပစ်မှတ်ထားခြင်း မခံရစေရန်အတွက်ပင်။

တကယ်တမ်းလည်း ချန်းရီ ထွက်ခွာသွားချိန်တွင် ထိုယောက်ျားကြီးက သိပ်ပြီး တုံ့ပြန်မှု မရှိတော့ဘဲ စောစောက အလွန်တရာ ဖော်ရွေနေခဲ့ခြင်းနှင့် လုံးဝကို ကွာခြားသွားခဲ့သည်။

ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားပြီးနောက် ချန်းရီသည် စိတ်ဝင်စားစရာကောင်းသော ဆိုင်ခန်းငယ် တစ်ခုကို တွေ့လိုက်ရသည်။

ထိုဆိုင်ခန်းပေါ်တွင် ရွှေထည်ပစ္စည်းများ အမြောက်အမြားကို ခင်းကျင်းထား၏။

လက်မလောက် တုတ်သော ရွှေဆွဲကြိုးများပါရှိပြီး လူမိုက်ခေါင်းဆောင်များ ဆွဲတတ်သည့် ပုံစံမျိုးပင် ဖြစ်သည်။

ရွှေလက်စွပ်များ၊ ရွှေတုံးများနှင့် အခြားအရာများလည်း အများအပြား ပါရှိသေး၏။

မည်သို့ပင်ဖြစ်စေ ရွှေရောင်များ လင်းလက်နေမှုကြောင့် ချန်းရီ၏ မျက်လုံးများပင် အနည်းငယ် ပြာသွားရသည်။

"အစ်ကို... နည်းနည်းလောက် လဲမလား... ကြိုက်သလောက်လေး ပေးလည်း ရပါတယ်... ဒါတွေက ပြီးခဲ့တဲ့တစ်ခေါက် ရိက္ခာရှာထွက်တုန်းက ရွှေဆိုင်တစ်ဆိုင်ကနေ ကောက်လာခဲ့တာ"

"အစစ်တွေချည်းပဲ"

ထိုဆိုင်ခန်းမှ ဂျင်းအင်္ကျီဝတ် ယောက်ျားကြီးမှာ စောစောက လူထက် မျက်နှာပေါ်တွင် အများကြီး ပို၍ ဖော်ရွေနေ၏။

မတတ်နိုင်ပေ၊ ကမ္ဘာပျက်ကပ်ထဲတွင် အစားအစာသည်သာ အမြဲတမ်း လူကြိုက်အများဆုံးသော အခိုင်မာဆုံး ငွေကြေး ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

ဤအချက်နှင့် ပတ်သက်၍ အဆင့်သတ်မှတ်ချက် မမြင့်သော သဘာဝလွန်ပစ္စည်း အချို့ပင်လျှင် အနောက်သို့ ရောက်သွားရသည်။

"ဟေ့လူ... လောင်ကျုံး... အခု ဘယ်အချိန်ရှိနေပြီလဲ... ဒီဟာတွေကို ဘယ်သူမှ မလိုချင်ကြတော့ဘူး"

ဘေးနားရှိ ဆိုင်ခန်းမှ အသက်အရွယ် အနည်းငယ် ကြီးရင့်သော ဆိုင်ရှင်က လှောင်ပြောင်လိုက်သည်။

လောင်ကျုံး ဟု ခေါ်သော ယောက်ျားကြီးက ဘေးနားရှိ လူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဟမ့်... လောင်ယွီ... ငါ့ရွှေတွေက မင်းရဲ့ အသုံးမကျတဲ့ ပန်းချီကားတွေထက်တော့ အများကြီး သာပါသေးတယ်... မင်းပစ္စည်းတွေက အစစ်လား အတုလားတောင် ဘယ်သူ သိမှာလဲ"

ဘေးနားရှိ အဘိုးကြီးက ချက်ချင်း ဒေါသထွက်သွားသည်။

"ဒါတွေက ငါ ပြတိုက်ကနေ ယူလာတာကွ... မင်းကများ အတုလို့ ပြောရဲသေးတယ်ပေါ့"

လောင်ကျုံး ဟု ခေါ်သော ယောက်ျားကြီးက ဆက်လက် လှောင်ပြောင်လိုက်သည်။

"လောင်ယွီ... အခု ဘယ်ခေတ်ရောက်နေပြီလဲ... အစစ်ဖြစ်နေရင်တောင် ဘာလုပ်ရမှာလဲ... စားလို့ ရလို့လား"

"မင်း..."

သူတို့နှစ်ဦး စကားများရန် ဖြစ်တော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် ချန်းရီက လောင်ယွီ၏ ဆိုင်ခန်းကို ခပ်ပေါ့ပေါ့ တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။

ကမ္ဘာပျက်ကပ် ရောက်နေပြီ ဖြစ်သဖြင့် ရွှေငွေနှင့် ပန်းချီကားများ ကဲ့သို့သော အရာများကို မည်သူကမျှ ဂရုမစိုက်ကြတော့ပေ။

ဆိုင်ခန်း အများအပြားတွင်လည်း ထိုအရာများကို အနည်းနှင့်အများ ဆိုသလို တွေ့နေရသည်။

ဆိုင်ခန်းနှစ်ခု ဆိုလျှင် ကားပင် ရောင်းချနေကြသေး၏။

အဆင့်မြှင့်တင်ထားသော မီနီဗင် ကားတစ်စီးက ထိုနေရာတွင် ရပ်နားထားသည်။

လူအတော်များများက သွားရောက် ဈေးမေးကြသော်လည်း နောက်ဆုံးတွင် အားလုံး ခေါင်းခါယမ်းကာ ထွက်ခွာသွားကြသည်ကို ချန်းရီ တွေ့လိုက်ရသည်။

ချန်းရီကလည်း သွားရောက် မေးမြန်းကြည့်လိုက်ရာ ဆန် သို့မဟုတ် ဂျုံမှုန့် ပြည်ခုနစ်ဆယ် တောင်းဆိုပြီး တကယ်လို့ မရလျှင် ခေါက်ဆွဲခြောက်များလည်း ရသည်ဟု ဆို၏။

မည်သို့ပင်ဖြစ်စေ စားစရာသာ ဖြစ်ပါက ပြည်ခုနစ်ဆယ် ပြည့်အောင် ဖြည့်ပေးနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

ယခုအချိန်အထိ ဆိုလျှင် ချန်းရီ အနေဖြင့် စန်းယွဲ့လမ်း၏ ကုန်ဈေးနှုန်းများကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

ရွှေငွေနှင့် ပန်းချီကားများမှာ တန်ဖိုး အနိမ့်ဆုံးပင်။

ယာဉ်များကတော့ ထိုအရာများထက် ပို၍ တန်ဖိုးရှိပြီး စိတ်ဝင်စားသူများလည်း ရှိကြသည်။

အဖိုးတန်ဆုံး အရာမှာ အစားအစာသာ ဖြစ်ပြီး ဆိုင်ခန်းတိုင်းလိုလိုက အစားအစာနှင့် လဲလှယ်ရန် ဆန္ဒရှိနေကြသည်။

ရှေ့သို့ ဆက်လက် လျှောက်သွားလိုက်ရာ ရှေ့နားရှိ ဆိုင်ခန်းတစ်ခုတွင် လူအတော်များများ ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရ၏။

ချန်းရီက တိုးဝင်သွားလိုက်ရာ ဆိုင်ခန်းပေါ်ရှိ အဖြူရောင် အဝတ်စပေါ်တွင် တွားသွားနေသော ပိုးကောင်ဖြူကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။

ထိုအရာက ငယ်စဉ်က မွေးမြူခဲ့ဖူးသော ပိုးကောင်များနှင့် တစ်ပုံစံတည်း တူနေ၏။

ဖြူဖြူဖွေးဖွေးနှင့် ဖိုင့်ဖိုင့်ကြီး ဖြစ်နေသဖြင့် လူအချို့က ချစ်စရာကောင်းသည်ဟု ထင်ကြသော်လည်း အချို့ကမူ အလွန် ရွံရှာဖွယ်ကောင်းသည်ဟု ထင်မြင်ကြသည်။

ဆိုင်ရှင်မှာ အေးစက်သော အသွင်ရှိသည့် လူငယ်တစ်ယောက် ဖြစ်ပြီး သူက တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားသည်။ အပေါ်ပိုင်းတွင် အနက်ရောင် လေကာအင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားကာ ဖိနပ်ကအစ အနက်ရောင်ပင် ဖြစ်သည်။

သို့သော် လူတွေကို အံ့အားသင့်သွားစေသည်မှာ ထိုလူငယ်က သူ၏ ရင်ခွင်ထဲတွင် ဓားတစ်လက်ကို ပိုက်ထားခြင်းပင် ဖြစ်သည်။

သေချာသည်မှာ... ယခုလို ကမ္ဘာပျက်ကပ်ထဲတွင် ဓားတစ်လက် ရှိနေခြင်းက ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။

ထူးဆန်းနေသည်မှာ ထိုဓားက ကစားစရာဓား တစ်လက် ဖြစ်နေခြင်းပင်။

ဟုတ်ပေသည်... ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ကစားစရာဓားမျိုး ဖြစ်သည်။

သို့သော် ထိုလူငယ်က ဓားကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပိုက်ထားသဖြင့် ဤကစားစရာဓားလေးမှာ အနည်းငယ် ထူးဆန်းနေသည်မှာ သိသာလှသည်။

"ဆိုင်ရှင်... ဒီလောက်ကြီးတဲ့ ပိုးကောင်ကြီးကို ဘယ်လို မွေးထားတာလဲ... ဘာလုပ်ဖို့လဲ"

လူတစ်ယောက်က အသံထွက်ကာ မေးမြန်းလိုက်သည်။

လူတိုင်းက လူငယ်ကို စူးစမ်းချင်စိတ်များဖြင့် ကြည့်ရှုနေကြ၏။

လူငယ်က ပါးစပ်ကို ဟလိုက်ပြီး တစ်ခုခု ပြောချင်နေပုံရသော်လည်း နောက်ဆုံးတွင် ပါးစပ်ကို ပြန်ပိတ်သွားခဲ့သည်။

ဘေးနားရှိ လူတစ်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။

"သြော်... ဆွံ့အနေတာကိုး"

လူငယ်၏ မျက်နှာမှာ သိသိသာသာ နီရဲသွားပြီး တစ်ခုခုကို ရှင်းပြချင်နေပုံရသော်လည်း နောက်ဆုံးတွင်တော့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်လေသည်။

ထို့နောက် ဆိုင်ခန်းအောက်မှ ကတ်ထူပြား တစ်ချပ်ကို ထုတ်ယူလိုက်ရာ ထိုကတ်ထူပြားပေါ်တွင် စာများ အပြည့် ရေးသားထား၏။

ချန်းရီကလည်း အနီးသို့ တိုးကပ်သွားလိုက်သည်။

ကတ်ထူပြားပေါ်တွင် စာသားများက ပြည့်ကျပ်နေအောင် ရေးသားထားလေသည်။

ဆက်ရန်...

All Chapters