← Chapters

အခန်း ၃၁၉

Vol. 16 Ch. 319

အခန်း ၃၁၉

Vol. 16 Ch. 319

အပိုင်း(၃၁၉) ဘီးတာယာပိုးကောင်နှင့် နှလုံးသားအင်ဂျင်

ဟိုလူငယ်လေးက "ထွက်သွားစမ်း" ဟု ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက်တွင်လည်း ချန်းရီက ထိုလူငယ်နှင့် အနည်းဆုံး ငါးမိနစ်ခန့် ဆက်လက် အခြေအတင် စကားများနေခဲ့သေးသည်။

ထိုငါးမိနစ်အတွင်း ချန်းရီသည် အာလူးတစ်လုံးတည်းဖြင့်သာ လဲလှယ်မည်ဟု အသေအလဲ တင်းခံနေခဲ့သည်။

ပြီးတော့လည်း အကောင်တစ်စုံကို လိုချင်သေးသည်တဲ့။

အလွန်ဆုံး လိုက်လျောပေးလျှင် စိုက်ပျိုးနည်းကိုပါ သင်ပေးမည်ဟု ဆိုလာသည်။

အနိုင်ကျင့်လွန်းရာ မကျလွန်းဘူးလား။

ဤကဲ့သို့ လူပါးဝသည့် အမူအရာကြောင့် မျက်နှာချင်းဆိုင်ရှိ လူငယ်လေးမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်သွားရလေသည်။

နောက်ဆုံးတွင် လူငယ်လေးက သူ၏ အရုပ်ဓားကို ဆွဲထုတ်လုနီးပါး ဖြစ်လာမှသာ ချန်းရီတစ်ယောက် မကျေမချမ်းဖြင့် လှည့်ထွက်လာခဲ့တော့သည်။

ချန်းရီက တစ်ဖက်လူကို ကြောက်သွား၍တော့ မဟုတ်ပေ။

အကယ်၍ သူသာ မီးခိုးတမန်တော် လမ်းစဉ် အဆင့် (၃) တွင် ရှိနေသေးမည်ဆိုလျှင် ချန်းရီအနေဖြင့် အနည်းငယ် သတိထားကောင်း ထားမိလိမ့်မည်။

သို့သော် ယခုအခါ သူက လမ်းစဉ် ကူးပြောင်းပြီးသွားပြီ ဖြစ်သည်။

သူ၏ လက်ရှိ လမ်းစဉ်အစွမ်းဖြင့် တစ်ဖက်လူကို အပြတ်အသတ် ရိုက်နှက်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။

"မလဲရင်လည်း ပြီးတာပဲ... ဘာလို့ အဲဒီလောက် ဒေါသထွက်ပြနေရတာလဲ"

ချန်းရီက ကျိန်ဆဲပွစိပွစိ လုပ်ရင်း ထွက်လာခဲ့သည်။

ချန်းရီ အဝေးသို့ ရောက်သွားသည့်တိုင်အောင် ထိုလူငယ်လေးမှာ ဒေါသကြောင့် ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်နေဆဲပင်။

သို့သော် သူ့ရှေ့ရှိ အသားပိုးကောင်များကို ကြည့်လိုက်သောအခါတွင်မူ သူ အမှန်တကယ်ပင် ရင်နာသွားမိသည်။

သူ ဤနေရာတွင် ဈေးခင်းလာသည်မှာ တစ်ရက်တောင် ပြည့်တော့မည်။ မေးမြန်းသူ များပြားသော်လည်း တကယ်တမ်း အသုံးတည့်မည့် ပစ္စည်းအစစ်အမှန်များနှင့် လဲလှယ်ချင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှသည်။

ထိုလူများ ယူဆောင်လာခဲ့သော ထူးဆန်းသည့် အရာများထဲတွင် အဆင့်အမြင့်ဆုံး နံပါတ်စဉ်မှာ လေးထောင်ကျော်ဝန်းကျင်သာ ရှိသည်။

မိမိစိတ်ကြိုက် မျိုးစေ့ကို ထုတ်ပေးနိုင်သူဆို၍ ခုနက တစ်ယောက်သာ ရှိခဲ့သည်။

သို့သော် အာလူးတစ်လုံးတည်းဖြင့် အသားပိုးကောင် နှစ်ကောင်ကို လဲလှယ်ချင်နေသည်မှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းပင် ဖြစ်သည်။

အသားပိုးကောင်တွေက တကယ်ပဲ ဒီလောက်တောင် တန်ဖိုးမရှိတာလား။

ယခင်က အသားပိုးကောင်များနှင့် ပတ်သက်၍ အရောင်းအဝယ် ပြုလုပ်ခဲ့ဖူးခြင်း မရှိသဖြင့် ထိုလူငယ်လေးအတွက် မှီငြမ်းစရာ စံသတ်မှတ်ချက်ဟူ၍ လုံးဝ မရှိခဲ့ပေ။

သို့ဖြစ်ရာ သူ၏ ရင်ထဲတွင် အသားပိုးကောင်များဖြင့် ပစ္စည်းကောင်းများ လဲလှယ်ရရှိနိုင်မည်ဟူသော မျှော်လင့်ချက်မှာ များစွာ လျော့ကျသွားရလေတော့သည်။

ချန်းရီသည် ကျိန်ဆဲပွစိပွစိ လုပ်ရင်း ဆက်လျှောက်လာခဲ့သည်။

သို့သော် သူ ထွက်ခွာလာချိန်တွင် တတိယလလမ်းမကြီး၏ ဝင်ပေါက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ရင်းနှီးနေသော အရိပ်အယောင်များကို မတွေ့ခဲ့ရပေ။

ကြည့်ရသည်မှာ ချူချယ်တို့ ရောက်မလာသေးပုံပင်။

သို့ဆိုလျှင် သူ ချပေးထားခဲ့သော မျိုးစေ့လေးများ ဆက်လက် အလုပ်လုပ်ရန် အချိန်အနည်းငယ် ထပ်ပေးလိုက်ဦးမည်။

ထို့ကြောင့် ချန်းရီက သိပ်မလောတော့ဘဲ ဈေးအတွင်း၌ ဆက်လက် လှည့်လည်ကြည့်ရှုနေလိုက်သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ချန်းရီတစ်ယောက် ပစ္စည်းကောင်း အတော်များများကို မြင်တွေ့ခဲ့ရသည်။

ဥပမာဆိုရလျှင် မလှမ်းမကမ်းသို့ ရောက်ချိန်၌ပင် ပိုးကောင်တစ်မျိုးကို ချန်းရီ သွားတွေ့ခဲ့သည်။

ဤပိုးကောင်က အလွန် အံ့သြဆန်းကြယ်လှပြီး ဈေးသည်က မြေအိုးငယ်လေး တစ်လုံးထဲတွင် မွေးမြူထားခြင်း ဖြစ်သည်။

ဈေးခင်း၏ နောက်ဘက်တွင်မူ အနက်ရောင် ဝတ်ရုံကြီးကို ခြုံလွှမ်းထားသူ တစ်ယောက် ရှိနေပြီး မျက်နှာကိုရော၊ အသက်အရွယ်ကိုပါ ရှင်းလင်းစွာ မမြင်ရချေ။ ရှေ့ရှိထိုသူမှာ မြူခိုးများကြားတွင် ပုန်းကွယ်နေသူ တစ်ဦးနှင့်ပင် တူနေသေးသည်။

ထိုဈေးသည်က ရှေ့ရှိ စက္ကူပြားကို လက်ညှိုးထိုးပြလိုက်သည်။

ချန်းရီက ခေါင်းငုံ့ကြည့်လိုက်ရာ စက္ကူပြားပေါ်တွင် ရေးသားထားသော စာသားကို တွေ့လိုက်ရသည်။

"ဘီးတာယာ ပိုးကောင်"

"ဘီးတာယာ ပိုးကောင် ဟုတ်လား... ဒါက ဘာကြီးလဲ"

အမည်မသိ လူတစ်ယောက်၏ အသံက နားထဲသို့ ဝင်ရောက်လာသည်။

အနက်ရောင် ဝတ်ရုံရှင်က ဘာမှပြန်မဖြေဘဲ လက်ကို တိုက်ရိုက် မြှောက်လိုက်ရာ မြေအိုးငယ်လေးထဲမှ ပိုးကောင်တစ်ကောင် ထွက်ပေါ်လာသည်။

ဝတ်ရုံရှင်က ထိုပိုးကောင်လေးကို လက်ဖြင့် နှစ်ချက်ခန့် ဖွဖွလေး ပုတ်ပေးလိုက်သည်။

ထို့နောက်တွင်တော့ ထိုပိုးကောင်၏ ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်း ကြီးထွားဖောင်းကားလာသည်ကို မြင်တွေ့လိုက်ရသည်။

ခြောက်လှန့်ခံလိုက်ရသောအခါ ခန္ဓာကိုယ်ကို ဖောင်းကားသွားစေတတ်သည့် ပူတင်းငါးနှင့်ပင် အနည်းငယ် ဆင်တူနေသေးသည်။

သို့သော် သူတို့ရှေ့ရှိ ပိုးကောင်မှာ ထိုပူတင်းငါးထက် များစွာ ပို၍ ထူးဆန်းကျောချမ်းဖွယ် ကောင်းနေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုပိုးကောင်သည် ကားတာယာဘီး တစ်ခု၏ ပုံစံအဖြစ်သို့ ပြောင်းလဲဖောင်းကားသွားခဲ့ပြီး ကားဘီးခွေတွင် တပ်ဆင်ရန်သာ လိုတော့သည်။

ချန်းရီနှင့် ဘေးတွင် အသစ်ရောက်လာသော ပွဲကြည့်ပရိသတ်မှာ အံ့သြမှင်တက်သွားကြတော့သည်။

"နေပါဦး... ဒီလိုမျိုးတောင် ရတယ်ပေါ့"

အနက်ရောင် ဝတ်ရုံရှင်၏ အသံအက်အက်က ဆက်လက် ထွက်ပေါ်လာသည်။

"ဘီးတာယာ ပိုးကောင်... ငါ အသစ်မွေးမြူထားတဲ့ ပိုးကောင်ပဲ... မူလ ကားတာယာတွေ နေရာမှာ အစားထိုး အသုံးပြုလို့ ရတယ်"

"တစ်နှစ်ကို တစ်ခါပဲ အစာကျွေးဖို့ လိုတယ်... အနုနယ်ဆုံး သစ်ရွက်နုတွေကိုပဲ စားတာမို့ အစာကျွေးရတာ နည်းနည်းတော့ လက်ပေါက်ကပ်တယ်... ဒါပေမဲ့ တစ်နှစ်နေမှ တစ်ခါပဲ ဒုက္ခခံရမှာပါ"

"မင်းတို့ လက်ရှိသုံးနေတဲ့ တာယာတွေထက် ပိုပြီး အကြမ်းခံတယ်... ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိသလို အပေါက်အပြဲလည်း မဖြစ်ဘူး... တာယာမှာ ချော်မထွက်အောင် ကာကွယ်ပေးတဲ့ အထစ်တွေလည်း အလိုအလျောက် ပါပြီးသား"

"တကယ်လို့ ပျက်စီးသွားခဲ့ရင်လည်း ပိုးကောင်ရဲ့ ခန္ဓာကိုယ်ကနေ ပြုပြင်ထိန်းသိမ်းပေးတဲ့ ပရိုတင်းဓာတ်တွေ ထုတ်လွှတ်ပြီး အလိုအလျောက် ပြန်လည် ပြုပြင်ပေးလိမ့်မယ်"

"နေ့၊ ည လုပ်ဆောင်ချက်လည်း ပါသေးတယ်... ညဘက်ရောက်သွားတာနဲ့ အလင်းရောင် ထုတ်လွှတ်ပေးတဲ့ ပရိုတင်းဓာတ်တွေ အလိုအလျောက် အသက်ဝင်လာလိမ့်မယ်"

"ဘီးတာယာ ပိုးကောင် တစ်ကောင်က အနည်းဆုံး (၅) နှစ်ကနေ (၁၀) နှစ်အထိ အသက်ရှင်နိုင်တယ်"

အနက်ရောင် ဝတ်ရုံရှင်၏ အသံမှာ နားထောင်ရ အလွန်ဆိုးလှသော်လည်း ထိုစကားများကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ခရီးကြမ်း ရွှေ့ပြောင်းသွားလာရသည့် လုပ်ငန်းစဉ်များတွင် ကားတာယာပေါက်ခြင်းမှာ အလွန် ပြဿနာပေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

ဥပမာအားဖြင့် ချန်းရီကိုယ်တိုင်ပင် တာယာပေါက်သည့် ကိစ္စနှင့် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသည်။

ကံကောင်းထောက်မစွာဖြင့် ယာဉ်တန်းထဲတွင် ဤကိစ္စအတွက် လိုအပ်သော ကိရိယာတန်ဆာပလာများ ရှိနေသဖြင့် ပွဲချင်းပြီး ပြုပြင်ရန်မှာ ပြဿနာ မဟုတ်ခဲ့ပေ။

မည်သို့ပင်ဆိုစေ ခရီးကြမ်း ရွှေ့ပြောင်းသွားလာရသည့် ဘဝများတွင် မော်တော်ယာဉ်များသည် ယာဉ်တန်း၏ အသက်သွေးကြောပင် မဟုတ်ပါလော။

ထို့ပြင် ယာဉ်တန်းထဲတွင် အပိုတာယာများလည်း ရှိနေသေးသည်။

မိစ္ဆာပစ်ကပ်ကား၏ ဘီးလေးဘီးစလုံးသည်လည်း ပြုပြင်ပြီးသားများချည်းသာ ဖြစ်သည်။

သို့သော် ဤကားတာယာများသည် တစ်နေ့နေ့တွင် ဆက်လက် ပြုပြင်၍ မရနိုင်တော့ဘဲ အပြီးတိုင် စွန့်ပစ်ရမည့် အချိန် ရောက်လာပေလိမ့်မည်။

အကယ်၍ မိစ္ဆာပစ်ကပ်ကားသာ ဤဘီးတာယာ ပိုးကောင်များနှင့် အစားထိုး လဲလှယ်တပ်ဆင်လိုက်နိုင်မည်ဆိုပါက ခေါင်းခဲစရာ ပြဿနာများ အပြီးတိုင် ရှင်းလင်းသွားမည် ဖြစ်သည်။

တစ်ဖက်လူ ပြောသကဲ့သို့ အစာကျွေးရသည်မှာ အနည်းငယ် လက်ပေါက်ကပ်နေလျှင်ပင် တစ်နှစ်မှ တစ်ခါသာ ဒုက္ခခံရမည် မဟုတ်ပါလော။

ဤပိုးကောင်မျိုးသည် ရွှေ့ပြောင်းသွားလာသူများအတွက် အလွန် အသုံးဝင်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။

"ဘယ်လို လဲမှာလဲ"

ချန်းရီက တိုက်ရိုက်ပင် မေးလိုက်သည်။

"ဟီးဟီး... ဆန် ဒါမှမဟုတ် ဂျုံမှုန့် (၁၀) ပြည်ကို တစ်ကောင်နှုန်းနဲ့ လဲမယ်... သက်တမ်းကုန်ဆုံးရက်က ခြောက်လထက် မကျော်လွန်ရဘူး"

"ဈေးကြီးလွန်းတယ်"

ချန်းရီ စကားပင် မပြောရသေးခင် ဘေးနားရှိ လူတစ်ယောက်က အရင် ဝင်ပြောလိုက်သည်။

"မင်းရဲ့ ဘီးတာယာ ပိုးကောင်က ကောင်းတော့ ကောင်းပါတယ်... ဒါပေမဲ့ ဆန် ဒါမှမဟုတ် ဂျုံမှုန့် (၁၀) ပြည်ဆိုတာကတော့ အရမ်းများလွန်းတယ်... မလဲနိုင်ပါဘူးဗျာ... တကယ် မလဲနိုင်ဘူး"

ချန်းရီသည်လည်း အနည်းငယ် ဈေးကြီးသည်ဟု ခံစားမိသည်။

ဆန် (၁၀) ပြည်ဆိုသော ပမာဏ ဖြစ်သည်။

ကားတာယာ လေးဘီးဆိုလျှင် ဆန် ပြည် (၄၀) ပေးရတော့မည်။

ထိုဈေးနှုန်းကို ကြားပြီးနောက် ချန်းရီသည်လည်း မိစ္ဆာပစ်ကပ်ကားအတွက် ယခုလောလောဆယ် လဲလှယ်ရန် မလိုအပ်သေးဟု ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် မတ်တတ်ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

အနက်ရောင် ဝတ်ရုံရှင်ကလည်း တားဆီးခြင်း မပြုဘဲ ဈေးခင်းနောက်တွင်သာ တိတ်တဆိတ် ထိုင်နေသည်။

ထိုစဉ် သံသယဖြစ်နေသော လေသံဖြင့် မေးလိုက်သည့် လူတစ်ယောက်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

"ခင်ဗျားက... ပိုးကောင်မွေးမြူသူ လမ်းစဉ်ကလား"

တစ်ဖက်ရှိ အနက်ရောင် ဝတ်ရုံရှင်က "ဟီးဟီး" ဟု ရယ်မောလိုက်ပြီး နားထောင်ရဆိုးသော အသံအက်အက်ကြီး ထွက်ပေါ်လာသည်။

"ငါက ပိုးကောင်မွေးမြူသူမှန်း ကြည့်လိုက်တာနဲ့ သိသာနေတာပဲ... ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ"

တစ်ဖက်လူက ပိုးကောင်မွေးမြူသူ ဖြစ်ကြောင်း ဝန်ခံလိုက်သည်ကို ကြားသောအခါ လူအတော်များများ နောက်သို့ ဆုတ်သွားကြသည်။

ပိုးကောင်မွေးမြူသူတဲ့လား။

ဤလမ်းစဉ်နှင့် ပတ်သက်၍ ချူချယ် ပြောပြဖူးသည်ကို သူ ကြားခဲ့ရသည်။

ဤလမ်းစဉ်သည် အကြောက်မက်ဖွယ် အကောင်းဆုံးနှင့် အထူးဆန်းဆုံး လမ်းစဉ် ဖြစ်သည်။

ဤလမ်းစဉ်မှ အစွမ်းပိုင်ရှင်များသည် သူတို့၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကို ပိုးကောင်အသိုက်အဖြစ် အသုံးပြုကာ ထူးဆန်းအံ့သြဖွယ် ပိုးကောင်အမျိုးမျိုးကို မွေးမြူထားတတ်ကြသည်ဟု ကြားဖူးသည်။

ကြားရုံမျှဖြင့်ပင် ဦးရေပြား ထုံကျင်သွားသလို ခံစားရသည်။

ချန်းရီသည်လည်း လူအုပ်ကြီး၏ အနောက်ဘက်သို့ ဆုတ်ခွာလိုက်သည်။

ဘေးနားရှိ ဈေးသည်အချို့မှာလည်း သူတို့ဘေးမှလူက ပိုးကောင်မွေးမြူသူ ဖြစ်နေမှန်း သိသွားပြီးနောက် အနေရခက်စွာဖြင့် သူတို့၏ ဈေးခင်းများကို ဝေးဝေးသို့ ရွှေ့လိုက်ကြသည်။

အနက်ရောင် ဝတ်ရုံရှင်က ကျောချမ်းဖွယ် အေးစက်စက် ရယ်မောသံ အနည်းငယ်ကိုသာ ပြုလုပ်လိုက်ပြီး အခြား လှုပ်ရှားမှု ဘာမှ မလုပ်တော့ပေ။

ချန်းရီက အနက်ရောင် ဝတ်ရုံထဲတွင် ပုန်းကွယ်နေသော ထိုပိုးကောင်မွေးမြူသူကို စူးစိုက်ကြည့်လိုက်သည်။ ထိုဝတ်ရုံကြီး၏ အောက်တွင် မရေမတွက်နိုင်သော ပိုးကောင်များ တွားသွားလှုပ်ရှားနေသည်ဟု သူ အလိုလို ခံစားနေမိသည်။

ပိုးကောင်မွေးမြူသူ၏ ဈေးခင်းမှ ထွက်ခွာလာပြီးနောက် ချန်းရီ ဆက်လျှောက်လာခဲ့သည်။

ဤတတိယလလမ်းမကြီး ဈေးတန်းက ချန်းရီအတွက် မျှော်လင့်စရာများစွာကို ဖြစ်တည်လာစေသည်။

ခုနက အသားပိုးကောင်ကို အသာထားဦး၊ ထိုဘီးတာယာ ပိုးကောင်ကပင် လူတွေကို မျက်စိပွင့် နားပွင့် ဖြစ်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။

ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက် ရှေ့တွင် လူတစ်စု ဝိုင်းအုံနေသည်ကို ထပ်တွေ့လိုက်ရသည်။

ချန်းရီက အနားသို့ တိုးသွားလိုက်သည်။

ဤဈေးခင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။

ဈေးခင်းပေါ်တွင် အင်ဂျင် နှစ်လုံး တင်ထားသည်။

နေပါဦး...။

ဒါတွေက အင်ဂျင်တွေမှ မဟုတ်တာ။

ဒါတွေက...။

ရှေ့ရှိ ထိုအင်ဂျင်နှစ်လုံး... အဲလေ... ထိုအရာနှစ်ခုသည် အလွန်တရာကို ထူးဆန်းကျောချမ်းဖွယ် ကောင်းနေသည်။

မိစ္ဆာပစ်ကပ်ကား၏ အင်ဂျင်နှင့် အနည်းငယ်တော့ ဆင်တူနေသည်။

သို့သော်လည်း အတိအကျ တူညီနေခြင်းတော့ မဟုတ်ပေ။

ရှေ့ရှိ ဤအရာနှစ်ခုက အင်ဂျင်နှင့် တစ်စုံတစ်ရာသော သတ္တဝါ၏ နှလုံးသားနှင့် ပေါင်းစပ်ထားသည့်အရာနှင့် တူနေသည်။

စက်ယန္တရားနှင့် သက်ရှိဇီဝဗေဒတို့ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည့်သဘောပင်။

"နှလုံးသား အင်ဂျင်... ဟီးဟီး... "

"လူကြီးမင်းတို့... ဒါက မက္ကန်းနစ် လမ်းစဉ်နဲ့ သမားတော် လမ်းစဉ်တို့ရဲ့ နောက်ဆုံးပေါ် လက်ရာ အသစ်စက်စက်ပဲ"

"အခုဆိုရင် ဓာတ်ဆီလို လောင်စာဆီတွေ ရှာဖွေစုဆောင်းဖို့က တစ်နေ့တခြား ပိုပို ခက်ခဲလာတယ် ဆိုတာကို အားလုံး သတိထားမိလောက်ပါပြီ... ဓာတ်ဆီမရှိရင် ကျွန်တော်တို့တွေ ခရီးဆက်ဖို့ဆိုတာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသလိုပဲ"

"ဒါပေမဲ့ ဒီ နှလုံးသားအင်ဂျင်က ဓာတ်ဆီအပေါ် မှီခိုနေရတာကို အပြီးတိုင် ဖယ်ရှားပေးနိုင်တယ်"

ဈေးသည်မှာ အဖြူရောင် ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားသော ပါးသိုင်းမွေးထူထူနှင့် လူသန်ကြီး တစ်ယောက် ဖြစ်ပြီး သူ၏ ဝတ်စုံပေါ်တွင် သွေးများနှင့် ဆီဂျီးများ အပြည့် ပေကျံနေသည်။

ထိုလူသန်ကြီး၏ မျက်လုံးများက အရူးအမူး ဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း ထွားကြိုင်းတောင့်တင်းလှသည်။

"နေပါဦး... ခင်ဗျားဟာက ဓာတ်ဆီမလိုဘူးဆိုတော့ သွေးသောက်မှာမို့လို့လား"

မည်သူက ထင်မှတ်ထားမည်နည်း။ ထိုပါးသိုင်းမွေးနှင့် လူသန်ကြီးက "ဟီးဟီး" ဟု ရယ်မောလိုက်ပြီး တိုက်ရိုက်ပင် အဖြေပေးလိုက်သည်။

"ဟီးဟီး... ခင်ဗျား ခန့်မှန်းတာ မမှားဘူးဗျ... သွေးလောင်းထည့်ပေးလိုက်ရင်တောင် ဘာပြဿနာမှ မရှိဘူး"

"သွေးလတ်လတ်ဆတ်ဆတ် ၁လီတာလောက်ဆိုရင် မိုင် ၃၁၀ ခန့် ပြေးနိုင်တယ်... ဟီးဟီး... "

(၁လီတာ - ရေသန့်ဗူးတစ်ဗူးစာ)

"ပိုလတ်ဆတ်လေ ပိုကောင်းလေပဲ"

"နှလုံးသားအင်ဂျင်ရဲ့ စွမ်းဆောင်ရည်က ဗွီ-၈ အင်ဂျင်နဲ့တောင် ယှဉ်နိုင်သေးတယ်... စွမ်းအင်ကတော့ အပြည့်အဝ လုံလောက်တယ်ဗျာ... မကြာခင် စည်းဝါးလွတ် ကားပြိုင်ပွဲတွေ စတော့မှာဆိုတော့ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ကားတွေမှာ အင်ဂျင်တစ်လုံးလောက် တပ်ဆင် ပြုပြင်ပြောင်းလဲချင်စိတ် မရှိကြဘူးလား"

"ဘယ်လိုလဲ... အရမ်း ဈေးပေါပါတယ်... အင်ဂျင်တစ်လုံးကို ဆန် ဒါမှမဟုတ် ဂျုံမှုန့် ပြည် (၅၀) နဲ့ လဲမယ်"

ဆက်ရန်...

All Chapters