အခန်း ၃၂၀
Vol. 16 Ch. 320
အပိုင်း(၃၂၀) ထောင်ချောက်ဆင်ခြင်း
မကြာမီတွင် စည်းဝါးလွတ် ကားပြိုင်ပွဲကျင်းပတော့မည် ဖြစ်ရာ လူအများအပြားမှာ ဤပြိုင်ပွဲအတွက် အလွန် စိတ်လှုပ်ရှားနေကြသည်။
ထိပ်ဆုံးနေရာ အနည်းငယ်ကို ရရှိပါက အိုအေစစ် တာဝန်ရှိသူများထံမှ ဆုကြေးအဖြစ် ပစ္စည်းများစွာ ရရှိမည်ဟု သတင်းထွက်ပေါ်နေ၏။
သို့သော် ဆန် ပြည် (၅၀)ကို နှလုံးသား အင်ဂျင် တစ်လုံးနှင့် လဲလှယ်ရန်ကား လူအများစုမှာ နှမြောတွန့်တိုနေကြဆဲ ဖြစ်သည်။
စဉ်းစားကြည့်လျှင်... အနည်းငယ် ချွေတာ၍ စားမည်ဆိုပါက လူတစ်ယောက်အတွက် တစ်ရက်လျှင် နှစ်နပ်၊ တစ်နပ်လျှင် (၁) ဗူး မှ (၂) ဗူး အထိ စားမည်ဆိုပါက တစ်ရက်လျှင် (၂) ဗူးမှ (၄) ဗူးခန့်သာ ကုန်ကျမည်ဖြစ်ရာ ရက်ပေါင်း သုံးရာကျော်အထိ စားသောက်နိုင်ပေသည်။
ဤပစ္စည်းက ပစ္စည်းကောင်းတစ်ခု ဖြစ်သည်မှာ အမှန်ပင်။
သို့သော် ထိုဈေးနှုန်းကို ကြားလိုက်ရပြီးနောက်တွင်မူ လူအချို့မှာ ခေါင်းခါယမ်းကာ ထွက်ခွာသွားကြလေသည်။
တစ်နှစ်စာ ရိက္ခာကို ထုတ်ယူကာ ဤပစ္စည်းနှင့် လဲလှယ်မည့်သူမှာ အရူးသာ ဖြစ်ပေလိမ့်မည်။
"ဟေ့... ခင်ဗျားတို့... မသွားကြပါနဲ့ဦး... အများကြီးဝယ်ရင် ဈေးလျှော့ပေးလို့ ရသေးတယ်ဗျ"
"နေကြပါဦး... ဆန် ပြည် (၅၀) လောက်က အရမ်းဈေးကြီးနေလို့လား"
"သက်တမ်းလွန်နေတာတွေလည်း ရပါတယ်ဗျာ"
ဝိုင်းအုံနေသော လူများ တဖြည်းဖြည်း ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ဆိုင်ရှင်မှာ သိသိသာသာ စိတ်ပူလာပုံရသည်။
ဤနှလုံးသား အင်ဂျင်သည် ပစ္စည်းအသစ်အဆန်း တစ်ခုဖြစ်သည်မှာ မှန်သော်လည်း သူတို့ကိုယ်တိုင် ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်ပြီး မူလက ဆန် ပြည် (၅၀)ဖြင့် ရောင်းချရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
အခြေအနေကို ကြည့်ရသည်မှာ ထိုဈေးနှုန်းက သိသိသာသာ ကြီးမြင့်နေပုံရ၏။
ထိုအသားပိုးကောင်နည်းတူ ၎င်းတို့သည်လည်း ပထမဆုံးအကြိမ် အရောင်းအဝယ်ပြုလုပ်ခြင်း ဖြစ်ရာ မည်သူ့ထံတွင်မျှ ရည်ညွှန်းစရာ ဈေးနှုန်းစံသတ်မှတ်ချက် မရှိပေ။
အကယ်၍ သဘာဝလွန်ပစ္စည်း တစ်ခုသာဆိုလျှင် လူတိုင်း၏ စိတ်ထဲတွင် အနည်းဆုံးတော့ စံသတ်မှတ်ချက် တစ်ခု ရှိပေလိမ့်မည်။
အနည်းဆုံးတော့ ဤဈေးကွက်အတွင်း ယခင်က သဘာဝလွန်ပစ္စည်း အချို့ အရောင်းအဝယ် ဖြစ်ခဲ့ဖူးသည်။
သို့သော် အသားပိုးကောင်နှင့် နှလုံးသား အင်ဂျင်ကဲ့သို့သော အရာမျိုးကိုမူ လူတိုင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
မည်သူကမျှလည်း အသုံးမပြုဖူးသလို မြင်လည်း မမြင်ဖူးခဲ့ကြပေ။
ထို့ကြောင့် ယခုကဲ့သို့သော ဈေးနှုန်းတောင်းဆိုမှုမှာ အနည်းငယ် အနေရခက်စရာ ဖြစ်နေတော့သည်။
ချန်းရီက ဘေးနားမှနေ၍ ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ဤဈေးကွက်ကြီး ဖွင့်လှစ်ခဲ့သည်မှာ သိပ်မကြာသေးပုံရသည်။
ထို့အပြင် ဤနေရာတွင် ပစ္စည်းအသစ်အဆန်းများစွာ ရှိနေပြီး ပြီးပြည့်စုံသော အရောင်းအဝယ် စနစ်တစ်ခုလည်း ဖြစ်ပေါ်လာခြင်း မရှိသေးပေ။
ထို့ကြောင့် လူအများအပြားမှာ မိမိတို့ လက်ထဲရှိ ပစ္စည်းများအပေါ် တန်ဖိုးဖြတ်ရာတွင် မှန်းဆချက်များ လွဲချော်နေတတ်ကြသည်။
ချန်းရီ၏ ခေါင်းထဲတွင် အကြံဆိုးတစ်ခု ထပ်မံ ပေါ်လာပြန်သည်။
ဤဈေးကွက်အတွင်း အကျိုးအမြတ် ထုတ်ယူနိုင်မည့် အခွင့်အရေး ရှိနေပုံရပေသည်။
သူကိုယ်တိုင်က ဤနှလုံးသား အင်ဂျင်ကို မလိုအပ်သော်လည်း ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ အဖွဲ့မှာမူ သေချာပေါက် လိုအပ်နေမည် ဖြစ်သည်။
"ဟေ့... ဆန် ပြည် (၅၀)ဆိုတာ အရမ်းလွန်လွန်းတယ်... လူတစ်ယောက်ဆိုရင် အဲဒီ (၅၀) ပြည်ကို ချွေတာစားရင် တစ်နှစ်လောက် စားလို့ရတယ်ကွ"
ချန်းရီက ရှေ့သို့ တိုးသွားကာ ရုတ်တရက် အော်ပြောလိုက်သည်။
ထို့နောက်တွင်တော့ ချန်းရီ၏ ယခင်က အကြံအစည်ဟောင်းများကို ထပ်မံ အသုံးပြုမည့် အချိန်ပင် ဖြစ်သည်။
ချန်းရီက ဆန် (၅) ပြည်ဖြင့် လဲလှယ်ရန် ဈေးခေါ်လိုက်သောအခါ...
မျက်နှာချင်းဆိုင်ရှိ ဆိုင်ရှင်မှာ ဒေါသတကြီး ပေါက်ကွဲသွားတော့သည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် ချန်းရီမှာ ဆဲရေးတိုင်းထွာရင်း ထွက်ခွာသွားခဲ့သည်။
ဆိုင်ရှင်မှာလည်း မျက်နှာကြီး ပြာနှမ်းနေလျက် ကျန်ရစ်ခဲ့သည်။
အကယ်၍ ချန်းရီက သူသည်လည်း လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် ဖြစ်ကြောင်း မတော်တဆ နှုတ်ကျွံ၍ ပြောမသွားခဲ့ပါက ထိုနေရာတွင်ပင် အချင်းများကာ ရိုက်ပွဲဖြစ်လောက်ပေသည်။
ချန်းရီ ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမှာ အလုပ်မရှိ အကိုင်မရှိ၍ ပျင်းနေသောကြောင့်တော့ မဟုတ်ပေ။
သေချာပေါက် သူ၏ ကိုယ်ပိုင် အကြံအစည် ရှိနေသောကြောင့်သာ ဖြစ်သည်။
မကြာမီမှာပင် ချန်းရီသည် ချူချယ်နှင့် သူ၏ အဖွဲ့သားများ စန်းယွဲ့လမ်းသို့ လမ်းလျှောက်ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထယ်ရှီးက ချန်းရီကို မြင်လိုက်ရသောအခါ ဝမ်းသာအားရဖြင့် လက်လှမ်းပြရန် ပြင်လိုက်သော်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အမြန် ဆွဲတားလိုက်သည်။
ချန်းရီနှင့် ချူချယ်တို့၏ ဆက်ဆံရေးကို စုံစမ်းရန် မခက်ခဲသော်လည်း...
ပြောခဲ့ဖူးသည့်အတိုင်း ပို၍ နောက်ကျမှ ပေါ်လွင်လေလေ ပိုကောင်းလေလေပင် ဖြစ်သည်။
အိုအေစစ်တွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်မှာ အသေအချာပင်။
အရာအားလုံးကို အလင်းရောင်အောက်တွင် ဖော်ထုတ်ပြသထားခြင်းထက် ချန်းရီကဲ့သို့ အမှောင်ထဲမှ စောင့်ကြည့်နေမည့်သူ တစ်ယောက် ရှိနေခြင်းက ပို၍ ကောင်းမွန်ပေသည်။
ချန်းရီကလည်း ချူချယ်တို့ကို မသိချင်ယောင်ဆောင်နေခဲ့သည်။
အသားပိုးကောင် ရောင်းချနေသော ဆိုင်လေးနားသို့ ဖြတ်လျှောက်သွားချိန်တွင် ဓားသွေးသူ လမ်းစဉ် ကောင်လေးက ချန်းရီကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ချန်းရီ၏ ပေါ်လာမှုက သူ၏ ယုံကြည်မှုကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင်။
ယခုအခါ သူ၏ အသားပိုးကောင်ကို မည်သို့ ရောင်းချရမည်ကိုပင် သူ မသိတော့ပေ။
ချန်းရီနှင့် ချူချယ်တို့ လမ်းလျှောက်ရင်း မျက်နှာချင်းဆိုင် ဖြတ်သွားချိန်တွင်...
ချန်းရီက ချူချယ်ကို မျက်ခုံးပင့်ပြကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ချူချယ်က ချက်ချင်း သဘောပေါက်သွားပြီး ခဏမျှ လမ်းလျှောက်ပြပြီးနောက် သန့်စင်ခန်း သွားမည်ဟု အကြောင်းပြကာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ကို စောင့်နေရန် ပြောလိုက်သည်။
ထို့နောက် ချန်းရီ၏ နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့လေသည်။
ချန်းရီသည် ချူချယ် သူ့နောက်မှ လိုက်လာကြောင်းကို သိနေခဲ့သည်။
သူက ဘယ်ညာ ဝဲယာသို့ ကြည့်လိုက်ပြီးနောက် လမ်းကြားငယ်လေး တစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။
ချူချယ်သည်လည်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး မည်သူမျှ သတိမထားမိကြောင်း သေချာမှသာ ချန်းရီ၏ နောက်သို့ လိုက်ကာ လမ်းကြားလေးထဲသို့ ဝင်သွားလေသည်။
ချန်းရီက သူ ခုနက ပြုလုပ်ခဲ့သော ပျင်းစရာကောင်းသည့် အဖြစ်အပျက် နှစ်ခုအကြောင်းကို ချူချယ်အား ရှင်းပြလိုက်သည်။
ချူချယ်၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။
နားထောင်ပြီးသွားသောအခါ ခေါင်းဆောင်ချူက ချန်းရီအား လက်မထောင်ပြလိုက်ပြီး...
"ချန်းရီ... ယုတ်မာတဲ့နေရာမှာတော့ မင်းက ဆရာတစ်ဆူပဲကွ"
ချန်းရီ၏ မျက်နှာကြီး မည်းမှောင်သွား၏။
ချူချယ်က အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ရပြီ... ငါ ဘယ်လိုလုပ်ရမလဲ ဆိုတာ သိပြီ"
"ဟီးဟီး..."
ချူချယ် စန်းယွဲ့လမ်းသို့ ပြန်ရောက်လာချိန်တွင် သူ၏ မျက်လုံးများထဲ၌ ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့သည်။
ချန်းရီမှာမူ စန်းယွဲ့လမ်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ချူချယ်နှင့် သူ၏ အဖွဲ့သားများကတော့ ယခုမှသာ စတင် လည်ပတ်ကြခြင်းပင်။
သေချာသည်မှာ ချူချယ်က တင်းတုံအား ထယ်ရှီးကို အခြားနေရာသို့ ခေါ်သွားရန် အရင် စီစဉ်ထားခဲ့သည်။
မတတ်နိုင်ပေ၊ ထယ်ရှီးက အလွန် ပွင့်လင်းရိုးသားလွန်းသူ ဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးနှင့် မသင့်တော်ပေ။
ချူချယ်က ပန်းရောင်ဆံပင်နှင့် ကောင်မလေးအား ချန်းရီ ပြုလုပ်ခဲ့သည့် ကိစ္စရပ်များကို လေသံတိုးတိုးဖြင့် ပြောပြလိုက်ရာ ကောင်မလေး၏ လှပသော မျက်လုံးလေးများမှာလည်း ပြူးကျယ်သွားခဲ့သည်။
ချူချယ် ထပ်ပြောပြနေစရာ မလိုဘဲ သူမက ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ခဏနေလျှင် မည်သို့ ဟန်ဆောင် ပူးပေါင်းရမည်ကို သူမ ကောင်းစွာ နားလည်သွားပြီ ဖြစ်သည်။
ချူချယ်က အသားပိုးကောင် ရောင်းချနေသော ဆိုင်ရှေ့သို့ ဟန်လုပ်ကာ လျှောက်သွားလိုက်သည်။
အေးစက်စက် ဓားသွေးသူ လမ်းစဉ် ကောင်လေးက ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။
"ဆိုင်ရှင်... ဒါက ဘာကြီးလဲ... ကြည့်ရတာ တော်တော် ရွံစရာကောင်းတာပဲ"
ဤစကားကို ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ပြောလိုက်ခြင်းဖြစ်ပြီး သူမ၏ အဓိက တာဝန်မှာ အပြစ်ရှာရန်ပင် ဖြစ်သည်။
ဓားသွေးသူ ကောင်လေး၏ စိတ်အခြေအနေမှာ ယခုအချိန်တွင် ကောင်းမွန်နေခြင်း မရှိပေ။ ခုနက ချန်းရီ၏ ပေါ်လာမှုက သူ၏ ယုံကြည်ချက်ကို ရိုက်ချိုးသွားခဲ့ပြီ မဟုတ်ပါလော။
မူလက ဤအသားပိုးကောင်သည် နေရာပြောင်းရွှေ့ရာတွင် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့တွင်မူ ဈေးမေးသူသာ များပြီး ဝယ်မည့်သူမှာ မရှိသလောက်ပင်။
မျိုးစေ့ကောင်းကောင်း ပေးနိုင်မည့် တစ်ဦးတည်းသော သူကလည်း အာလူးတစ်လုံးသာ ပေးမည်ဟု ဆိုလာရာ ၎င်းမှာ လူတစ်ယောက်၏ ဉာဏ်ရည်ကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ယခုအခါ ဓားသွေးသူ ကောင်လေးသည် သူ၏ ဈေးနှုန်းသတ်မှတ်ချက်မှာ အလွန် မြင့်မားနေသလားဟု စတင် သံသယဝင်လာခဲ့သည်။
ထိုသို့မဟုတ်ပါက မည်သည့်အတွက်ကြောင့် အချိန်အကြာကြီး ရောင်းမထွက်ဘဲ ဖြစ်နေရမည်နည်း။
ကောင်လေးမှာ သင့်တော်သော ဈေးနှုန်းတစ်ခုသာ ရပါက ရောင်းချလိုက်တော့မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
စိတ်ကို အနည်းငယ် ငြိမ်အောင် ထားပြီးမှ ထိုစက်ဆုပ်ဖွယ် ကောင်းသော လူကို ထပ်မံ မြင်တွေ့လိုက်ရခြင်းပင်။
ခုနက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ကောင်လေးက ချက်ချင်း ပြန်လည် အမှတ်ရသွားသည်။
ငြိမ်သက်သွားသော စိတ်များက ထပ်မံ ပေါက်ကွဲလာပြန်သည်။
ဒေါသထွက်နေဆဲ အချိန်မှာပင် လှပသော မိန်းကလေး တစ်ယောက်က သူ၏ အသားပိုးကောင်ကို ရွံစရာကြီးဟု လာပြောနေသေးသည်။
ခဏချင်းမှာပင် ကောင်လေးမှာ အနည်းငယ် ဒေါသထွက်သွားပြန်၏။
ချူချယ်က ဘေးနားမှနေ၍ ဝင်ဖျန်ဖြေပေးလိုက်သည်။ "လျှောက်မပြောစမ်းပါနဲ့... ဒါက ကြည့်လိုက်တာနဲ့ကို သာမန်မဟုတ်ဘူးဆိုတာ သိသာတယ်... ပစ္စည်းကောင်း ဖြစ်ရမယ်"
"ညီလေး... မင်းရဲ့ ဒီပစ္စည်းက ဘာလဲ... ဘယ်လို ရောင်းတာလဲ"
ချူချယ်၏ စကားကြောင့် ကောင်လေး၏ မျက်နှာ အနည်းငယ် ကြည့်ကောင်းသွားပြီး သူ၏ အရုပ်ဓားလေးဖြင့် စက္ကူကတ်ပြားကို ထိုးပြလိုက်သည်။
ချူချယ်နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့က ဖတ်ကြည့်လိုက်ကြသည်။
ဖတ်ပြီးနောက် သူတို့နှစ်ဦး အချင်းချင်း တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
အဖွဲ့သားများ ဖြစ်သည့်အလျောက် တစ်ဖက်လူ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို သဘာဝကျကျပင် နားလည်နေကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ထပ်မံ စကားစလိုက်သည်။
"ခေါင်းဆောင်ချူ... ဒီပိုးကောင်က ကောင်းတော့ ကောင်းပါတယ်... ဒါပေမဲ့ အရမ်း ရွံစရာကောင်းတယ်... ပြီးတော့ မျိုးပွားလို့လည်း မရဘူးဆိုတော့ ဘာမှ သုံးစားလို့ မရဘူး... သွားကြရအောင်ပါ"
"ကျွန်မတို့ရဲ့ အာလူးတွေ... ဆလတ်ပင်တွေလောက်တောင် အသုံးမကျဘူး"
"ကျွန်မတို့ရဲ့ အာလူးတွေနဲ့ ဆလတ်ပင်တွေကို နောက်ထပ် အချိန်နည်းနည်းလောက် ထပ်စိုက်လိုက်ရင် တစ်ဖွဲ့လုံး စားဖို့ လောက်သွားပြီ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး စကားမဆုံးမီမှာပင် ချူချယ်က အလျင်အမြန် ကြားဖြတ် ပြောလိုက်သည်။
"လျှောက်ပြောမနေနဲ့"
ပြောပြီးသည်နှင့် သူက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး အခြားသူများ ကြားသွားမည်ကို စိုးရိမ်နေသည့် ဟန်ပန်မျိုး ဖမ်းလိုက်သည်။
ကောင်လေး၏ မျက်လုံးများ အရောင်လက်သွား၏။
ချူချယ်က အနည်းငယ် အားနာသော လေသံဖြင့် ပြောလိုက်သည်။
"ညီလေး... မင်း စိတ်ထဲ မထားပါနဲ့ကွာ... ကလေးတွေက ဘာမှ နားမလည်ဘဲ လျှောက်ပြောနေတာပါ"
ပြောပြီးနောက် ချူချယ်က ထွက်ခွာရန် ပြင်လိုက်သည်။
မည်သူက ထင်မှတ်ထားမည်နည်း။ ကောင်လေးက ရုတ်တရက် လက်လှမ်းကာ ချူချယ်၏ အင်္ကျီစကို ဆွဲဖမ်းထားလိုက်လေသည်။
ဆက်ရန်...
နောက်အပိုင်းတွေမှာတော့... ချန်းရီတို့အဖွဲ့ဒီဈေးကနေ ဘယ်လိုပစ္စည်းကောင်းတွေကို အမြတ်ထုတ်နိုင်မလဲ၊ ကားပြိုင်ပွဲဆိုတာကရော သာမန်ဟုတ်ရဲ့လား၊ ရုပ်လည်းတူ စကားပြောပုံချင်းလည်း တူနေတဲ့ ဝတုတ်တုတ်လမ်းပြလူကြီးတွေကရော လူအစစ်တွေဟုတ်ရဲ့လား၊ ဒီအိုအေစစ်မြို့ကရော ဘာရည်ရွယ်ချက်နဲ့ လာဆောက်ထားတာလဲ၊ လမ်းမှာ သတိပေးချက်တွေကရော သူတို့ဒီမြို့မှာ ဘာတွေကြုံခဲ့ရလို့လဲ၊ အရာအားလုံးရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ၊ ချန်းရီပြောင်းလိုက်တဲ့ လမ်းစဉ်အသစ်ကရော ဘာလမ်းစဉ်လဲ ဘယ်လိုစွမ်းတာလဲ၊ အဲဒီလမ်းစဉ်အသစ်ကို ပြောင်းပြီးမှ ဘာလို့သူက အဆင့်(၃) အချင်းချင်းတောင် ဘယ်သူ့ကိုမှ မကြောက်တော့သလိုဖြစ်နေတာလဲ စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုကြပါဦးနော်။