← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

Chapter 251

ဝမ်ရှန်းလည်း ဆရာဖြစ်သူ၏ စကားလုံးများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခုရှိနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သတိထားကာ မေးလိုက်သည်၊၊

“ဆရာ... ကျွန်တော် အမှားတစ်ခုခုလုပ်မိလို့လား။ ကျွန်တော်က စီနီယာအစ်မနဲ့ အရမ်းနီးကပ်လွန်းနေလို့လား”

___အဲဒီလိုမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်… မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ၊ မင်းရဲ့ ရည်မှန်းချက်တွေကို အစောကြီးရှေ့တန်းမတင်ပါနဲ့ဦး။ ဒါပဲ၊၊

ချင်ယန်ဇီက ဖုန်းကို ပြတ်သားစွာ ချပစ်လိုက်သည်။ ဝမ်ရှန်းလည်း ခြံဝင်းအတွင်းရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း လေးနက်စွာ တွေးတောနေမိသည်။

မုဝမ်ရွှမ်းက လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားရင်း ခုလေးတင်မှ ဆေးကြောထားသော စပျစ်သီးပန်းကန်ကို ကိုင်ကာ သူ့ဆီသို့ လျှောက်လာခဲ့သည်။ ဆရာဖြစ်သူ၏ သတိပေးချက်ကို သတိရသွားကာ ဝမ်ရှန်း သည် ချက်ချင်း မတ်တတ်ရပ်လိုက်သည်၊၊

“စီနီယာအစ်မ… ထိုင်ပါဦး... ဒါက ပိုပြီးသက်တောင့်သက်သာရှိပါတယ်”

ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းကာ စားပွဲငယ်တစ်ခုနှင့် ထိုင်ခုံတစ်ခုကို သယ်ဆောင်လာပြီး စားပွဲကို ကြိမ်ကုလားထိုင်ဘေးတွင်ချကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်သော်လည်း အားနာမနေတော့ချေ။ သူမသည် ကြိမ်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာလှဲလျောင်းရင်း သူမ၏ ချီစွမ်းအင်ကို အသုံးပြု၍ စပျစ်သီးများကို လေထဲတွင် ထိန်းချုပ်ကာ ဖုန်းထဲတွင် နောက်ဆုံးထွက်Manga များကို ဖတ်ရှုရင်း ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်ကို ခံယူနေခဲ့သည်။

ဝမ်ရှန်းလည်း ဆရာဖြစ်သူ၏ စကားလုံးများကို နောက်တစ်ကြိမ် သေချာတွေးကြည့်ပြန်သည်။ နောက်ဆုံးတွင် သူသည် ခေါင်းရမ်းလိုက်ပြီး အဓိပ္ပာယ်မရှိသောဖြစ်နိုင်ခြေအချို့ကို လျစ်လျူရှုလိုက်တော့သည်။

ဆရာတစ်ယောက်က မိမိ၏ တပည့်များကို ကျင့်ကြံခြင်းထက် အချစ်ရေးကို ပိုပြီးအားပေးအားမြှောက်လုပ်တာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မည်သူမဆို ဆရာသမားများအနေဖြင့် စွဲစွဲမြဲမြဲကျင့်ကြံခြင်းကိုအလေးပေးပြီး ထိုသို့သောအာရုံပြန့်လွင့်မှုများကို ဟန့်တားရမည်ဟုသာ ယူဆကြပေလိမ့်မည်။

ကျားကို ဂူအပြင်သို့ ဆွဲထုတ်မည့်အစီအစဉ်မှာ ယာယီအားဖြင့် အခြေကျသွားပြီ ဖြစ်သည်။ အခုလုပ်ဆောင်ရန် ကျန်ရှိသည်မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ဆရာဖြစ်သူထံမှ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းရန်သာဖြစ်သည်။

မကြာမီပင် ဝမ်ရှန်းလည်း သူလုပ်ရမည့် တကယ့်အရာကို သတိရသွားခဲ့သည်။ သူသည် အိမ်ထဲသို့ အမြန်ပြေးဝင်ကာ ခရီးဆောင်သေတ္တာတစ်လုံးကို သယ်ဆောင်လာခဲ့သည်။ ၎င်းကို ဖွင့်လိုက်သည့်အခါ ရောင်စုံသတ္တုများပြည့်နှက်နေသော သေတ္တာကို တွေ့လိုက်ရသည်။ သူသည် သံတုံးအချို့ကို ရွေးချယ်ကာ လက်ထဲတွင် အလေးချိန်တိုင်းတာပြီးနောက် နောက်ထပ်နှစ်တုံးကို ထပ်မံယူလိုက်သည်။

ယခုအခါ ဝမ်ရှန်းသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ အစစ်မှန်ချီက ပေါများပြီဟု ဆိုနိုင်သည်။ သူသည် အနည်းဆုံးတော့ ဓားအမြုတေများနှင့် ဓားပျံများကိုသွန်းလုပ်ရန် စွမ်းအားလုံလောက်စွာရှိနေပြီဖြစ်သည်။

ရှုဓားဂိုဏ်းသည် ဓားထိန်းချုပ်ခြင်းပညာအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဤအဖိုးတန်ပစ္စည်းများကို ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် သာမန်အဆင့်ရှိသော အရည်အသွေးမြင့်ဓားပျံများကို သွန်းလုပ်ရန် အသုံးပြုနိုင်သည့် အဖိုးတန်ပစ္စည်းအချို့ပါဝင်နေသဖြင့် အတော်လေးတန်ဖိုးရှိလှသည်။ ဝမ်ရှန်းသည် အစပိုင်းတွင် တန်ဖိုးအနည်းဆုံးနှင့် အပေါများဆုံးပစ္စည်းများကိုသာ ရွေးချယ်ခဲ့ပြီး ဓားပျံတစ်စင်းသွန်းလုပ်ရန်အတွက် အရိုးရှင်းဆုံး ဖော်မြူလာကို အသုံးပြုရန် ရည်ရွယ်ထားသည်။

“သန့်စင်ထားတဲ့ သံ ၁၈ကျပ်သား၊ ရေပျော့ရွှေ ၉ကျပ်သားနဲ့ မီးကျောက် ၃ကျပ်သား။ ဒါတွေကို ကြယ်မှုန်သံ ဒါမှမဟုတ် ဇီယန်သစ်သားနဲ့ ရောနှောလို့ရတယ်။ အခြေခံဓားသန္ဓေသားတစ်ခုကို သွန်းလုပ်ဖို့အတွက် ဒါတွေကို အစစ်မှန်ချီတွေနဲ့ ပေါင်းစပ်ရမယ်...”

မုဝမ်ရွှမ်းလည်း ဝမ်ရှန်းက ကျောက်တုံးများနှင့် သတ္တုစပ်များကို ဟိုလုပ်ဒီလုပ်နှင့် လှုပ်ရှားနေသည်ကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့သည်။ အစပိုင်းတွင် သူမသည် ၎င်းကို အတော်လေးဆန်းသစ်သည်ဟု ထင်မြင်မိသည်။

ဝမ်ရှန်းက သူ၏ အစစ်မှန်ချီစွမ်းအားကို အသုံးပြု၍ ပစ္စည်းများကို စတင်အရည်ပျော်စေခဲ့ပြီးနောက် မကြာမီမှာပင် လုံးဝငြိမ်သက်သွားခဲ့သည်။ သူသည် ပစ္စည်းများအတွင်းရှိ ပြောင်းလဲမှုများကို သေချာအာရုံခံရင်း အညစ်အကြေးများကို အပြည့်အဝအာရုံစိုက်ကာ တစ်ခုပြီးတစ်ခုဖယ်ရှားပစ်ခဲ့သည်။

အနည်းငယ်ပျင်းရိလာသဖြင့် မုဝမ်ရွှမ်းက နောက်သို့ပြန်လှဲချလိုက်ပြီး မကျင့်ကြံတော့ဘဲ ငါးသေတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေခဲ့သည်။ လူတိုင်းတွင် ဝါသနာအသီးသီးရှိကြသည်။ သူမ၏ မောင်လေးက ကျောက်တုံးများနှင့် ကစားရသည်ကို နှစ်သက်နေခြင်းမှာ အနည်းငယ်ထူးဆန်းနေသော်လည်း အစ်မကြီးတစ်ယောက်အနေဖြင့် ၎င်းကို လေးစားပေးရမည်ဖြစ်သည်။

ဝမ်ရှန်းလည်း သန့်စင်ယန်အင်မော်တယ်မန္တန်က ဤကဲ့သို့သောသွန်းလုပ်ခြင်းလုပ်ငန်းတွင် အံ့ဩစရာကောင်းလောက်အောင်ထိရောက်မှုရှိကြောင်း လျင်မြန်စွာ သတိပြုမိလိုက်သည်။ ၎င်းသည် သူတို့ဂိုဏ်းကျင့်စဉ်ရဲ့ အားသာချက်တွေထဲက တစ်ခုလားဆိုတာကို သူ မတွေးဘဲမနေနိုင်ဖြစ်မိသည်။

ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် ဤပစ္စည်းများကို အရည်ပျော်ရန် အနည်းဆုံး ၂နာရီခန့် အချိန်ယူရလေသည်။ သို့သော် ဝမ်ရှန်းကမူ မိနစ် ၅၀ခန့်သာ အချိန်ယူကာ သန့်စင်ထားသော သံနှင့် ရေပျော့ရွှေတို့ကို အရည်ပျော်သွားစေပြီး သတ္တုရည်နှစ်လုံးဖြစ်သွားစေခဲ့သည်။ ထို့နောက် ၎င်းတို့ကို အစစ်မှန်ချီဖြင့် ရစ်ပတ်ကာ သူ့ဘေးတွင် လေထဲ၌ လွင့်မျောထားလိုက်သည်။

ထိုသတ္တုနှစ်မျိုးကို အရည်ပျော်သည့်အခြေအနေအတိုင်း ထိန်းသိမ်းထားစဉ် သူက ၃ကျပ်သားရှိသော ကျောက်တုံးစများကိုယူကာ အမှုန့်များညက်သွားအောင် ဖြည်းဖြည်းချင်းကြိတ်ချေလိုက်သည်။ အရေးကြီးဆုံးအဆင့်မှာ ထိုအဓိကပစ္စည်းသုံးမျိုးကို ရောနှောကာ ဓားသန္ဓေသားတစ်ခုအဖြစ်သွန်းလုပ်ရန်ဖြစ်ပြီး ထို့နောက်မှ ဓားထိန်းချုပ်ခြင်းပညာ၏ ဓားသွန်းလုပ်ခြင်းနည်းလမ်းကို အသုံးပြု၍ ဓားအမြုတေတစ်ခုအဖြစ်သန့်စင်ရမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် မည်သည့်ပုံစံခွက်မျှမလိုအပ်ဘဲ သူ့၏ အစစ်မှန်ချီကို တိကျစွာထိန်းချုပ်နိုင်စွမ်းအပေါ်တွင်သာ လုံးဝမှီခိုနေခြင်းဖြစ်သည်။

မျက်လုံးများကို မှိတ်လိုက်ရင်း ဝမ်ရှန်းလည်း ထိုပစ္စည်းသုံးမျိုးမှ ထွက်ပေါ်လာသော အားနည်းသောစည်းချက်လှုပ်ခတ်မှုများကို သေချာအာရုံခံလိုက်သည်။ သူက ပထမဆုံးအနေဖြင့် အရည်ပျော်နေသောသံကို ၃ပေခန့် ရှည်လျားအောင် ဆွဲဆန့်လိုက်ပြီးနောက် ရေပျော့ရွှေရည်နှင့် ကျောက်မှုန့်များကို တစ်ပြိုင်နက်တည်း ဖြည်းဖြည်းချင်းလောင်းထည့်လိုက်သည်။

ထို ဒြပ်စင်သုံးမျိုးကို ချောမွေ့စွာပေါင်းစပ်နိုင်ရန်အတွက် သူသည် သူ၏ လက်ချောင်းများမှ အစစ်မှန်ချီမျှင်များကို စည်းချက်ကျကျထုတ်လွှတ်လိုက်သည်။ အစစ်မှန်ချီများသည် အရည်ပျော်နေသော သံကို အရပ်မျက်နှာအားလုံးမှ ရိုက်ခတ်ခဲ့သည်။ ဘယ်မှ ညာသို့၊ ရေစင်ပျော့ရွှေနှင့် ကျောက်မှုန့်များသည် အရည်ပျော်နေသောသံအတွင်းသို့ တဖြည်းဖြည်းချင်းစိမ့်ဝင်သွားခဲ့သည်။

ဓားသန္ဓေသားသည် ယခုအခါ ပုံစံပေါ်လာခဲ့ပြီ ဖြစ်သည်။

မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ၎င်း၏အတွင်းမှ အလင်းရောင်များ ရုတ်တရက် ဖျတ်ခနဲလင်းလက်လာခဲ့သည်။ အရည်ပျော်နေသော သံသည် ဆူပွက်လာခဲ့ပြီး ကျောက်မှုန့်များသည်လည်း မီးပွားများအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

ဝမ်ရှန်းက ၎င်းကို ချက်ချင်းပင် ဖိနှိပ်လိုက်ပြီး ပစ္စည်းသုံးမျိုးကို အရည်လုံးတစ်ခုအဖြစ် ပေါင်းစပ်လိုက်သည်။ ထို့နောက် ၎င်းကို သန့်စင်ယန်အစစ်မှန်ချီဖြင့် ရစ်ပတ်ကာ ရှေ့သို့တစ်လှမ်းတိုးပြီး ခြံဝင်းတံခါးအပြင်ဘက်သို့ အရှိန်အဟုန်ပြင်းစွာလွှဲပစ်လိုက်သည်။

ဘွန်း၊၊

မီးတောက်များပေါက်ကွဲထွက်လာခဲ့ရာ ဝမ်ရှန်းကို ပြီးခဲ့သည့်ညက သူတို့ကြည့်ရှုခဲ့သည့် မီးရှူးမီးပန်းများကို တဖန်သတိရသွားစေခဲ့သည်—ယခုက ပို၍ကျယ်လောင်လှသည်။ သူက လက်ဝှေ့ယမ်းကာ ကျဆင်းလာသောမီးပွားများကို ဖယ်ရှားပစ်လိုက်ပြီး ထိုနေရာတွင်ရပ်ကာ ခေတ္တပြန်လည်သုံးသပ်လိုက်သည်။ မကြာမီပင် သူက ယုံကြည်မှုအပြည့်ဖြင့် အိမ်ထဲသို့ ပြန်လည်ပြေးဝင်သွားခဲ့သည်။

ဒါက စမ်းသပ်မှုသက်သက်သာဖြစ်ပြီး ကျရှုံးခဲ့တဲ့ ကြိုးစားမှုကလည်း တန်ဖိုးရှိလှသည်။ အရေးကြီးတာက ၎င်းမှတစ်ဆင့် သူအတွေ့အကြုံများရရှိခဲ့ခြင်း ဖြစ်သည်။ အနည်းငယ်မျှသာဖြစ်သော်လည်း နောက်တစ်ကြိမ်တွင် အောင်မြင်မှုနှုန်းက ပိုမိုမြင့်မားလာမည် ဖြစ်သည်။

ဝမ်ရှန်း နောက်ထပ်ပစ္စည်းတစ်ခုကို ထပ်မံကိုင်တွယ်နေသည်ကို မြင်လိုက်ရသည့်အခါ မုဝမ်ရွှမ်းက မျက်တောင်ခတ်လိုက်ပြီးနောက် သူမ၏ ချီစွမ်းအားကို အသုံးပြု၍ ကြိမ်ကုလားထိုင်ကို ထိန်းချုပ်ကာ သူမ၏ မောင်လေးနှင့် အနည်းငယ်ဝေးရာသို့ တိတ်တဆိတ်ရွှေ့လိုက်၏။

ပထမလဆန်း ၁၇ရက်နေ့တွင် မွန်းလွဲပိုင်းတစ်လျှောက်လုံး ပြင်းထန်သောပေါက်ကွဲသံများစွာ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းရှိ တာအိုဘုန်းကြီးအတော်များများလည်း တောင်နောက်ဘက်မှ မည်သည့်အဆင့်မြင့်အကြီးအကဲက မီးဒြပ်စင်သိုင်းကွက်ကို လေ့ကျင့်နေသလဲဟူ၍ အချင်းချင်းတီးတိုးရွတ်နေကြလေသည်။

Chapter 252

လဆန်းတစ်လပိုင်း၏ ၁၉ရက်မြောက်နေ့၊ ဝူတန်းတောင်တန်းနောက်ဘက်မှ ခြံဝင်းငယ်လေးအတွင်း၌ ဖြစ်သည်။

“စီနီယာအစ်မ… ကျွန်တော် အောင်မြင်ပြီ… အောင်မြင်ပြီ”

သာယာလှပသော ကောင်းကင်အောက်တွင် ဝမ်ရှန်းက ဝမ်းသာအားရအော်ဟစ်လိုက်သည်။ ယခုကဲ့သို့ စိတ်မလှုပ်ရှားမိသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။ သူသည် ခြေလှမ်းသိုင်းကို ချက်ချင်းအသုံးပြုကာ ခြံဝင်း၏ မညီမညာမြေပြင်ကိုဖြတ်သန်းပြီး အနီးရှိတောအုပ်ဆီသို့ ပြေးဝင်သွားခဲ့သည်။

သစ်ပင်ထိပ်တွင် တရားထိုင်နေသော မုဝမ်ရွှမ်းက မျက်လုံးများကို ဖွင့်လိုက်သည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝမ်ရှန်းက သူမထံသို့ တောက်ပနေသော ဓားရှည်တစ်လက်ကို မြှောက်ပြနေသည်ကို တွေ့ရသဖြင့် သူမ မပြုံးဘဲမနေနိုင်ခဲ့ပေ။ ဝမ်ရှန်း၏ ကျင့်ကြံခြင်းဝတ်စုံမှာ အပေါက်အပြဲများဖြင့် ဖရိုဖရဲဖြစ်နေပြီး ခြံတံခါးအပြင်ဘက်ရှိ ချိုင့်ခွက်များပြည့်နေသောမြေပြင်နှင့်ပင် တူလှသည်။

မီးခိုးများကြောင့် သူ၏မျက်နှာက မည်းတူးနေပြီး စုချည်ထားသော ဆံပင်အရှည်အချို့မှာလည်း မီးကျွမ်းထားသကဲ့သို့ဖြစ်နေသော်လည်း သူ၏မျက်နှာတွင်မူ ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုများပြည့်နှက်နေလေသည်။ သူ၏ ကြိုးစားအားထုတ်မှုသည် အရာထင်ခဲ့ပြီ ဖြစ်သည်။ နှစ်ရက်ခွဲခန့်အချိန်ကုန်ခံပြီးနောက် ဝမ်ရှန်းသည် နောက်ဆုံးတွင် အဆင့်အတန်းမီသော ဓားပျံတစ်စင်းကို သန့်စင်ထုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“ကြည့်စမ်း… စီနီယာအစ်မ”

ဝမ်ရှန်းက ဓားရှည်ကို လေထဲသို့ မြှောက်တင်လိုက်သည်။ ဓားသည် ချက်ချင်းပင် အပေါ်သို့ပျံတက်သွားပြီး သူ၏လက်ညှိုးကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ဆန်းကြယ်သော ဓားကွက်လှုပ်ရှားမှုများကို ဖော်ဆောင်လိုက်သည်။ ထို့နောက် ၎င်းသည် သူ၏ လက်ဖဝါးထဲသို့ ပြန်လည်ဝဲပျံဝင်ရောက်လာခဲ့သည်။ သူ၏ ညာဘက်လက်ချောင်းများကို တစ်ချက်တောက်လိုက်သောအခါ ဓားပျံသည် လျင်မြန်စွာ အရည်ပျော်သွားပြီး အချင်း ၁၀စင်တီမီတာခန့်ရှိသော ငွေဖြူရောင်ဓားအမြုတေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မုဝမ်ရွှမ်း၏ မျက်လုံးများတောက်ပသွားသည်။ သူမ သစ်ပင်ထိပ်ဖျားမှ ညင်သာစွာ ဆင်းသက်လာခဲ့သည်။

ဝမ်ရှန်းက ပြုံးလျက် ဓားအမြုတေကို သူမထံကမ်းပေးလိုက်သည်။

“ဒါ စီနီယာအစ်မအတွက်… ဓားပျံကို မွေးမြူတာနဲ့ ဓားအမြုတေအဖြစ်သန့်စင်တဲ့ နည်းလမ်းတွေကို စီနီယာအစ်မကိုမျှဝေဖို့ ရှုဓားဂိုဏ်းဆီကနေ ကျွန်တော်ခွင့်ပြုချက်ရခဲ့ပြီးပြီ။ ဒါပေမဲ့ ဒါက သူတို့ရဲ့ အခြေခံပညာရပ်ဖြစ်တာကြောင့် တခြားဘယ်သူ့ကိုမှ လုံးဝမဖြန့်ဝေရဘူးနော်”

“အွန်း”

မုဝမ်ရွှမ်းက တောက်ပစွာ ပြုံးလိုက်ပြီး ငွေဖြူရောင်ဓားအမြုတေကို ဂရုတစိုက်လက်ခံလိုက်သည်။ သူမက ၎င်းကို လက်ချောင်းများကြားတွင် ကိုင်မြှောက်ကာ နေရောင်အောက်တွင် စစ်ဆေးကြည့်ရှုနေခဲ့သည်။

ဝမ်ရှန်းလည်း လိုက်ပြုံးမိသည်။ ကြီးမားသော အောင်မြင်မှုဆိုသည့် နက်ရှိုင်းတဲ့ခံစားချက်က သူ၏နှလုံးသားထဲတွင် ပြည့်လျှံလာခဲ့၏။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ရှုဓားဂိုဏ်းမှ ပေးအပ်ထားသော တန်ဖိုးကြီးပစ္စည်းအားလုံးကို အကုန်အသုံးပြုခဲ့ပြီး စုစုပေါင်း ဓားပျံရလက်ကို သန့်စင်နိုင်ခဲ့သည်။ မုဝမ်ရွှမ်းအားပေးခဲ့သော ဓားမှာမူ နောက်ဆုံးအကြိမ်လောင်းကြေးထပ်သည့်အနေဖြင့် အဖိုးတန်ဆုံးပစ္စည်းများကိုအသုံးပြုကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လွဲချော်လုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ သူအောင်မြင်ခဲ့သည်။

စီနီယာအစ်မ၏ ဝမ်းသာအားရဖြစ်နေသော မျက်နှာအမူအရာကို မြင်ရသောအခါ ဝမ်ရှန်းလည်း လွန်ခဲ့သည့် နှစ်ရက်အတွင်းက သူ၏ ကြိုးစားအားထုတ်မှုအားလုံး အလဟဿမဖြစ်ခဲ့ဘူးဟု ခံစားလိုက်ရသည်။

“အတွင်းထဲပြန်ဝင်ရအောင် စီနီယာအစ်မ… ဓားအမြုတေကို ဘယ်လိုသန့်စင်ပြီး မွေးမြူရမလဲဆိုတာ ကျွန်တော် သင်ပေးမယ်။ စီနီယာအစ်မက အများကြီးအားစိုက်ထုတ်စရာမလိုပါဘူး”

“သိပြီ” မုဝမ်ရွှမ်းက အလွယ်တကူ သဘောတူလိုက်သည်။ ထို့နောက် သူမလည်း ဝမ်ရှန်း၏ နောက်မှ လိုက်ပါသွားရင်း သူမ၏ အစစ်မှန်ချီများဖြင့် ဓားအမြုတေကို စတင်လွှမ်းခြုံနေပြီ ဖြစ်သည်။

အမှန်စင်စစ် ရှုတောင်တန်းမှ ဓားထိန်းချုပ်ခြင်းပညာ၏ အဖိုးတန်ဆုံးအပိုင်းမှာ ဓားသိုင်းများမဟုတ်ပေ။ ၎င်းမှာ ဓားမွေးမြူခြင်းနှင့် ဓားသန့်စင်ခြင်းနည်းလမ်းများသာဖြစ်သည်။

ဓားထိန်းချုပ်ခြင်းပညာ၏ စွမ်းအားမှာ ကွဲပြားနိုင်သော်လည်း အချိန်အလုံအလောက်ပေးနိုင်ပါက ကိုယ်တိုင်လက်တွေ့စမ်းသပ်မှုများမှတစ်ဆင့် ယေဘုယျအားဖြင့် နားလည်သဘောပေါက်နိုင်သည်။ ၎င်း၏ တိုက်ခိုက်ရေးဗျူဟာများနှင့်မတူဘဲ ဓားမွေးမြူခြင်းနှင့် ဓားသန့်စင်ခြင်းနည်းလမ်းများကိုမူ အခြားသောဓားကျင့်ကြံသူများမသိရှိကြပေ။ ၎င်းတို့သည် တစ်ချိန်က ချင်ဖုန်း၏ အမှတ်အသားပညာရပ်များဖြစ်ခဲ့ဖူးသည်။

မုဝမ်ရွှမ်းသည် ကျင့်ကြံခြင်းနှင့်ပတ်သက်သောအရာများကို လျင်မြန်စွာ သဘောပေါက်တတ်လေ၏။ နာရီဝက်ပင်မပြည့်မီ သူမသည် ဓားအမြုတေကို သန့်စင်ပြီးဖြစ်ကာ ၎င်းကို သူမ၏ လက်ဖဝါးထဲသို့ စိတ်ကြိုက်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ သူမ အထူးဆန်းဆုံးတွေ့ရှိရသည့်အချက်မှာ ဓားအမြုတေကို လက်ဖဝါးထဲသို့ ပေါင်းစပ်လိုက်သော်လည်း သူမ၏ လက်ဖဝါးကို ပုံမှန်အတိုင်းပင် မြင်တွေ့နေရခြင်းဖြစ်သည်။

နည်းလမ်းကို တတ်မြောက်သွားပြီးနောက် သူမသည် ချက်ချင်းပင် စမ်းသပ်မှုများကို မရပ်မနားပြုလုပ်တော့သည်။ ထိုအချိန်အတောအတွင်း သူမ၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများဖြင့် တောက်ပနေခဲ့သည်။

၎င်းမှာ အံ့ဩဖွယ်ကောင်းလှသည်။

ဘေးတွင်ရပ်လျက် စီနီယာအစ်မကို ကြည့်ရှုရင်း ဝမ်ရှန်းသည် သူ ပြန်လည်မွေးဖွားလာကတည်းက ဖြတ်သန်းခဲ့ရသောနှစ်များကို တွေးတောမိသည်။ သူ၏ ယခင်ဘဝက ဆယ်စုနှစ်တစ်ခုကျော် ခါးသီးသောဒုက္ခများကို ဖြတ်သန်းခဲ့ရပြီးနောက် ကောင်းကင်ဘုံသည် နောက်ဆုံးတွင် သူ့အပေါ် အနည်းငယ်ကြင်နာမှုပြသခဲ့ပြီဟု သူမခံစားဘဲမနေနိုင်ခဲ့ပေ။

လူ့လောကရှိ အရာအားလုံးထဲတွင် ထာဝရရှင်သန်ခြင်းလမ်းစဉ်၌ တိုးတက်အောင်မြင်ခြင်းထက် ပို၍အဖိုးတန်သောအရာမရှိပေ။ ဘဝ၏ အဖိုးတန်ဆုံးအရာများထဲတွင်မူ ထိုလမ်းစဉ်ကို အတူတကွလျှောက်လှမ်းမည့်သူတစ်ဦးရှိနေခြင်းက အကောင်းဆုံးဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဓားများကို သွန်းလုပ်နေစဉ် ဝမ်ရှန်းသည် ဆုံးဖြတ်ချက်တစ်ခုချပြီးဖြစ်သည်။ အကယ်၍ စီနီယာအစ်မသည် ယောကျ်ားနှင့် မိန်းမကြားရှိကိစ္စရပ်များအပေါ် စိတ်ဝင်စားမှုမရှိဘဲနေထိုင်သွားမည်ဆိုပါက သူသည်လည်း သူမနှင့်အတူ ယခုကဲ့သို့ ဆက်လက်ကျင့်ကြံသွားမည်သာဖြစ်သည်။

သို့သော်လည်း တစ်နေ့တွင် သူမသည် ထိုကဲ့သို့သော ခံစားချက်များကို ရုတ်တရက်နားလည်သဘောပေါက်လာပြီး သူမ၏နှလုံးသားတွင် အချစ်စိတ်တစ်ခုပေါက်ဖွားလာခဲ့မည်ဆိုပါက သူမအား မည်သည့်အခါမျှ အထီးကျန်မှုမခံစားရစေရန်အတွက် သူ၏တစ်ဘဝလုံးကို ပုံအောပေးဆပ်သွားမည်ဖြစ်သည်။

“သဘာဝအတိုင်းလွှတ်ထားလိုက်ပါ” ဟု ပြောရန် လွယ်ကူသော်လည်း အရာတိုင်းကို အတင်းအကျပ်မလုပ်ဘဲ အမှန်တကယ်ဖြစ်တည်ခွင့်ပေးရန်မှာမူ ပိုခက်ခဲလှသည်။

“စီနီယာအစ်မ… ကျွန်တော် ခြံထဲကို သန့်ရှင်းရေးလုပ်လိုက်ဦးမယ်။ ဒီရက်ပိုင်း ကျွန်တော်က အတော်လေးရှုပ်ပွအောင်လုပ်ထားမိလို့”

လက်ဆောင်ကို လက်ခံရရှိထားသဖြင့် မုဝမ်ရွှမ်းက ကူညီဖို့ ကမ်းလှမ်းလိုက်သည်။

“ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်။ ဒီလို အိမ်မှုကိစ္စတွေက ဂျူနီယာတစ်ယောက်ရဲ့ တာဝန်ပဲလေ” ဝမ်ရှန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

အင်္ကျီလက်များကို လိပ်တင်ထားပြီးဖြစ်သော မုဝမ်ရွှမ်းလညိး မျက်တောင်ခတ်လိုက်ပြီး အလိုက်သင့်ခေါင်းငြိမ့်ပြလိုက်သည်။

ဝမ်ရှန်းသည် တံမြက်စည်းကို ကောက်ကိုင်ကာ ခြံဝင်း၏ အတွင်းအပြင်ကို စတင်လှည်းကျင်းတော့သည်။ သူတို့နှစ်ဦးသည် ဤနေရာတွင် အချိန်အတန်ကြာနေထိုင်ကြမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ရှုပ်ပွနေသောအခြေအနေတွင် ထားရှိ၍မရပေ။

သူသည် အတွင်းပိုင်းကို လှည်းကျင်းပြီးရုံသာ ရှိသေးပြီး ပတ်ဝန်းကျင်ကို သန့်ရှင်းရေးမလုပ်ရသေးမီ တောင်လမ်းအတိုင်း လူနှစ်ဦးက ဖြည်းညှင်းစွာချဉ်းကပ်လာခဲ့သည်။ မြေပြင်ကို တံမြက်စည်းလှည်းခြင်းသည် ဧည့်သည်များကို ပြန်ရန် သွယ်ဝိုက်သောအချက်ပြမှုတစ်ခုအဖြစ်မြင်နိုင်သောကြောင့် ဝမ်ရှန်းလည်း တံမြက်စည်းကို ချက်ချင်းချကာ သူတို့ကို ကြိုဆိုရန် မတ်တပ်ရပ်လိုက်သည်။

ပိန်ပိန်ပါးပါးနှင့် အသားညိုသော တာအိုဆရာ ကောင်းရှီရှင်းက ရှေ့မှ ဦးဆောင်လာသည်။ ကျိုးရင်လောင်က နောက်မှကပ်လျက်လိုက်ပါလာပြီး အဖြူရောင်တာအိုဝတ်စုံနှင့် ဦးထုပ်ကို ဝတ်ဆင်ထားသည်။

သူတို့ တောင်ပေါ်သို့ ရောက်ရှိလာသောအခါ ဝမ်ရှန်းက ကောင်းရှီရှင်းကို နှုတ်ဆက်ရန် ရှေ့သို့ လှမ်းလိုက်သည်။

“ဆရာဦးလေး”

သို့သော်လည်း သူက ကျိုးရင်လောင်အား တစ်စုံတစ်ခုမပြောရသေးမီ ကျိုးသည် ရုတ်တရက် သူ၏ တာအိုဝတ်စုံရှေ့ကို ခါထုတ်လိုက်ပြီး ဝမ်ရှန်း၏ ရှေ့တွင် ဒူးထောက်ကာ ဦးတိုက်လိုက်သည်။

“ကျေးဇူးပြုပြီး စီနီယာအစ်ကိုကျိုး ပုံမှန်အတိုင်းပဲနေပါ၊၊ ဒီလိုလုပ်ဖို့မလိုပါဘူး”

ဝမ်ရှန်းလည်း ကျိုးရင်လောင် နလန်ထူလာကာစဖြစ်၍ အားစိုက်၍မရမည်ကို စိုးရိမ်သဖြင့် သူ့ကို ထူမရန် အပြေးအလွှား ရှေ့သို့တိုးသွားခဲ့သည်။

ကျိုးရင်လောင်က ခေါင်းကို မြေကြီးနှင့် နှစ်ကြိမ်ထိပြီးနောက် ပြုံး၍ ထရပ်လိုက်သည်။ ထို့နောက် သူက အနည်းငယ် ရှက်ရွံ့စွာဖြင့် “ဒါ ငါ့ဆရာရဲ့ တင်းကျပ်တဲ့ အမိန့်မို့လို့ပါ။ ငါ မင်းကို ရိုသေမှုပြရမယ်။ မင်းက ငါ့အသက်ကိုကယ်ခဲ့တာပဲ ဂျူနီယာညီလေးဝမ်။ ငါ မင်းအပေါ် ကြွေးတင်သွားပြီ”

ဝမ်ရှန်းက ပြုံးလိုက်သည်။

“ကျွန်တော့်ကို အဲဒီလိုပြောစရာမလိုပါဘူး။ ဆေးနတ်ဘုရားချိုင့်ဝှမ်းက စီနီယာတစ်ယောက်ဆီကနေ ဆေးလုံးတွေ ရခဲ့တာပါ။ ဂိုဏ်းချုပ်ရဲ့ ရက်ရောတဲ့ လက်ဆောင်နှစ်ခုကြောင့် ကျွန်တော် တကယ်ပဲအမြတ်ထွက်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်… အထဲကိုကြွပါ ဆရာဦးလေးကောင်း၊ စီနီယာအစ်ကိုကျိုး… အထဲမှာစကားပြောကြရအောင်”

ကောင်းရှီရှင်းက ညင်သာစွာပြုံးလိုက်သည်။

“ကောင်းပြီလေ”

တစ်ချိန်က ဓားတာအိုအပေါ် စွဲလန်းခဲ့သော ကောင်းရှီရှင်းသည် နောက်ဆုံးတွင် သူ၏ ဓားကိုသာ အာရုံစိုက်ထားသည့်ကမ္ဘာမှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူတို့၏ ပထမဆုံးတွေ့ဆုံမှုနှင့် နှိုင်းယှဉ်ပါက သူ၏အပြုံးမှာ ယခုအခါ များစွာ ပို၍သဘာဝကျလာခဲ့ပြီ ဖြစ်သည်။

မုဝမ်ရွှမ်းက ဧည့်သည်များရောက်ရှိလာခြင်းကို အစကတည်းက သိရှိနေခဲ့သည်မှာ ထင်ရှားသည်။ သူမသည် အခန်းထဲသို့ ပြန်သွားပြီး ရှေးဟောင်းဝတ်စုံရှည်ကို လဲလှယ်ဝတ်ဆင်ကာ သူမ၏ဆံပင်ကို သေသပ်စွာ ထုံးဖွဲ့ထားခဲ့သည်။ ဝမ်ရှန်းနှင့် ကျန်နှစ်ဦးသည် ခြံဝင်းထဲရှိ သစ်ပင်အောက်တွင်ထိုင်လိုက်ကြသောအခါ သူမသည် လက်ထဲတွင် လက်ဖက်ရည်ဗန်းကို ကိုင်ဆောင်ကာ လျှောက်လာခဲ့သည်။ သူမက သူတို့တစ်ဦးစီအား လက်ဖက်ရည်တည်ခင်းပြီးနောက် ညင်သာစွာ ထွက်ခွာသွားခဲ့သည်။

သူမ၏ ပတ်လည်တွင် ဖြည်းညှင်းစွာ လည်ပတ်နေသော ဓားပျံက အကြည့်များစွာကို ဆွဲဆောင်နေခဲ့သည်။

သူမသည် ဓားထိန်းချုပ်ခြင်းပညာကို စတင်စူးစမ်းနေပြီဖြစ်သည်။ ဝမ်ရှန်းသည် ၎င်း၏ပညာရပ်ကို သူမထံ အများကြီးမလွှဲပြောင်းပေးနိုင်သောကြောင့် သူမက သန့်စင်ယန်ဓားထိန်းချုပ်ခြင်းပညာတစ်ခုကို ကိုယ်တိုင်တီထွင်ရန် စိတ်ပိုင်းဖြတ်ထားပြီး တစ်နေ့တွင် ရှုဓားဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်နေခဲ့သည်။

ကျိုးရင်လောင်က ဝမ်ရှန်းဘက်သို့ ကိုယ်ကိုင်းလိုက်ပြီး မကျေမနပ်ဖြင့် မေးလိုက်သည်၊၊

“ဓားထိန်းချုပ်ခြင်းပညာက အပြင်လူတွေကို သင်ပေးခွင့်မရှိဘူးမဟုတ်လား”

ဝမ်ရှန်းက ကောင်းရှီရှင်းအား လက်ဖက်ရည်တည်ခင်းပေးရင်း ပြုံးလိုက်သည်။

“ကျွန်တော်က စီနီယာအစ်မကို ဓားမွေးမြူတဲ့ နည်းလမ်းပဲသင်ပေးခဲ့တာပါ၊၊ ပြီးတော့ ရှုဓားဂိုဏ်းရဲ့ ခွင့်ပြုချက်လည်းရထားပါတယ်”

ကျိုးရင်လောင်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ဘေးနားရှိ ဆရာဦးလေးဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သူက အခြားစကားများကို မဆင်မခြင်မပြောရဲသဖြင့် ဝမ်ရှန်းအား မကျေမနပ်ဖြစ်နေသောအကြည့်များဖြင့်သာ စိုက်ကြည့်နေနိုင်လေသည်။

All Chapters