← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

Chapter 253

“စီနီယာကျိုးက ကတုံးတုံးထားတာလား”

“အင်း”

ကျိုးရင်လောင်က သူ၏ဦးထုပ်ကို ချွတ်လိုက်ရာ တစ်လက်မခန့်သာရှိသော ဆံပင်အသစ်များကို တွေ့ရသည်။

ပုံမှန်ဆို သူသည် တာအိုဝတ်စုံကို ဝတ်ဆင်လေ့ရှိပြီး ရှည်လျားသောဆံပင်များကို ထားလေ့ရှိသည်။ သူ၏ ပုံစံအသစ်မှာ အဆင်မပြေဖြစ်နေဆဲဖြစ်သောကြောင့် သူက ဦးထုပ်ကို ဆောင်းထားပြီး ဆံပင်များ ပုံမှန်အတိုင်းပြန်ရှည်လာသည်အထိ စောင့်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ကျိုးရင်လောင်က သူ၏မျက်ခုံးများကို ပင့်လိုက်သည်။

“ဆေးနတ်ဘုရားချိုင့်ဝှမ်းရဲ့ ဆေးပညာက တကယ်ပဲ အံ့ဩဖို့ကောင်းတယ်။ ငါကတော့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ရုပ်ဆိုးတဲ့ သတ္တဝါတစ်ကောင်လိုဖြတ်သန်းရတော့မယ်လို့ တွေးထားခဲ့တာ… ဒါပေမဲ့ သူတို့က ငါ့ရဲ့ အပူလောင်ဒဏ်ရာတွေကို ကုသပေးရုံတင်မကဘဲ ငါ့ရဲ့ အရိုးတွေကိုပါ ပြုပြင်ပေးခဲ့တယ်။ ဂျူနီယာညီလေး… တစ်ချက်လောက် ကြည့်စမ်း။ အခု ငါ နည်းနည်းပိုချောလာတယ်မဟုတ်လား”

ဝမ်ရှန်းသည် သူ့ကို အလေးအနက် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

“စီနီယာကျိုးရဲ့ အရိုးတွေကို ပြန်ပုံဖော်ပေးခဲ့တဲ့ ပုံပဲ။ ဒါပေမယ့် စီနီယာရဲ့ မျက်နှာကပြောင်းလဲမသွားတာကြောင့် မျက်နှာအရေပြားကပဲ ပိုပြီးထူလာတာဖြစ်မယ်”

“ဟဲ ဟဲ ဟဲ…”

ကျိုးရင်လောင်သည် စပ်ဖြီးဖြီးလုပ်ကာ ရယ်မောလိုက်သည်။ ရယ်မောနေစဉ်အတွင်း သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်နှာမကောင်းဖြစ်သွားခဲ့သည်။

“ဒါပေမဲ့ ငါတို့ရဲ့ အဲဒီဂျူနီယာညီလေးတွေကတော့… သူတို့ကို ကယ်တင်လို့မရခဲ့ဘူး”

ဝမ်ရှန်းနှင့် ကောင်းရှီရှင်းတို့ယောက်လုံး တိတ်ဆိတ်သွားခဲ့ကြသည်။

“မင်းက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ်”

ကောင်းရှီရှင်းက ပြောလိုက်သည်။

“မင်း ပိုပြီးသန်မာလာတဲ့အခါ သူတို့အတွက် မင်းကိုယ်တိုင်ကလဲ့စားချေနိုင်လိမ့်မယ်”

“ကျွန်တော်လား” ကျိုးရင်လောင်က ခါးသီးစွာ ပြုံးလိုက်သည်။

“ကျွန်တော်လည်း ပိုပြီးသန်မာချင်တာပေါ့၊၊ ဒါပေမဲ့ ဒီဒဏ်ရာက ကျွန်တော့်ရဲ့ အခြေခံကို အများကြီးထိခိုက်စေခဲ့တယ်။ ဆေးနတ်ဘုရားချိုင့်ဝှမ်းက အကြီးအကဲတွေ ပြောတာတော့ ကျွန်တော်က အခြေခံတည်ဆောက်ခြင်းအဆင့်မှာ နောက်ထပ်ဆယ်နှစ်လောက် အချိန်ပိုပေးရမယ်တဲ့။ ကျွန်တော်သာ အလောတကြီးလုပ်ရင် ရွှေအမြုတေကိုတောင် ဖွဲ့စည်းနိုင်လောက်တဲ့အထိ အသက်ရှင်မှာ မဟုတ်ဘူး”

“ကျင့်ကြံခြင်းလမ်းစဉ်က လူတစ်ဦးချင်းစီရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်ပါတယ်”

ဝမ်ရှန်းက အားပေးစကားပြောလိုက်သည်။

“အကောင်းမြင်စိတ်ပိုထားပါ စီနီယာအကိုကျိုး… ပြီးတော့ တောင်ပေါ်မှာပဲ ကျင့်ကြံခြင်းကို အာရုံစိုက်ပါ။ အဲဒီ မိစ္ဆာကျင့်ကြံသူတွေဆီက တရားမျှတမှုရဖို့ ကျွန်တော် ကျိန်းသေလုပ်သွားမှာပါ”

ဝမ်ရှန်းကို ကြည့်ရင်း ကောင်းရှီရှင်း၏ မျက်လုံးများတောက်ပသွားသည်။

“မင်း အဆင့်တက်သွားတာလား.. ငါတို့နည်းနည်းလောက် လက်ရည်စမ်းကြည့်မလား”

ဝမ်ရှန်းလည်း အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူ၏လက်ကို တစ်ချက်လှုပ်ရှားလိုက်ရာ သူ သွန်းလုပ်ထားသော ဓားပျံနှစ်လက်က ခြံဝင်း၏ ထောင့်တစ်နေရာမှ ပျံသန်းလာခဲ့သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ဓားထိန်းချုပ်ခြင်းပညာကို လေ့ကျင့်ရင်း ဓားပျံနည်းနည်းကို ကျွန်တော် သန့်စင်ခဲ့တယ်။ ဒါတွေက ရတနာပစ္စည်းတွေအဖြစ် သတ်မှတ်လို့ရလောက်အောင် ကောင်းမွန်ပါတယ်။ ကျွန်တော် နှစ်လက်ကို အပိုအဖြစ်သိမ်းထားမယ်။ ဆရာဦးလေးကောင်းက ကျန်တဲ့ဓားတွေကို တာအိုကျမ်းစာတိုက်မှာ ထည့်ထားဖို့ ယူသွားလိုက်ပါ။ ဂျူနီယာတပည့်တွေ အသုံးပြုနိုင်အောင်လို့ပါ”

“ကောင်းပြီလေ” ကောင်းရှီရှင်းက ပြောရင်း ဓားတစ်လက်ကို သူ၏လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်သည်။ ဓားထံမှ ထူးခြားသော ခံစားချက်ကို သူချက်ချင်းရလိုက်သည်။

ဓားသွားသည် အထူးတလည်ထက်မြက်လှသည်မဟုတ်ဘဲ သွန်းလုပ်ခြင်းနည်းပညာမှာလည်း အလွန်အမင်းသန့်စင်ထားခြင်းမရှိပေ။ ထို့အပြင် မျက်နှာပြင်မှာလည်း မှိုင်းညို့နေပြီး အရောင်တင်ထားခြင်းမရှိပေ။ သို့သော်လည်း ဓားအတွင်းရှိ ဝိညာဉ်စွမ်းအင်မှာမူ သာမန်တန်ဖိုးကြီးဓားများထက် များစွာသာလွန်လှသည်။ ၎င်း၏ စွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်သော ဓားထိန်းချုပ်ခြင်းပညာမရှိလျှင်ပင် ဤဓားဖြင့် လေ့ကျင့်ခြင်းသည် ဓားတာအိုကို နားလည်သဘောပေါက်ရန် များစွာအထောက်အကူဖြစ်စေလိမ့်မည်။

မကြာမီတွင် သူတို့နှစ်ဦးသည် ခြံဝင်းအတွင်း မျက်နှာချင်းဆိုင်ရပ်လိုက်ကြပြီး နှစ်ယောက်လုံးထံမှ ပုံရိပ်ယောင်အမြုတေအဆင့် အရှိန်အဝါများထွက်ပေါ်လာခဲ့သည်။

ကောင်းရှီရှင်းက တိုက်ခိုက်ရန်လှုပ်ရှားလိုက်စဉ်မှာပင် ဝမ်ရှန်းက ရှေ့သို့ လှမ်းလိုက်သည်။ သူတို့၏ ဓားဆန္ဒများသည် သတ္တုချင်းထိခတ်သံများထွက်ပေါ်လာသည်၊၊

မုဝမ်ရွှမ်းက တံခါးဝတွင် ရပ်လျက် ထိုပွဲကိုကြည့်ရှုနေခဲ့သည်။ ခဏအကြာတွင် သန့်စင်ယန်ဓားထိန်းချုပ်ခြင်းပညာကို တီထွင်ရန် သူမ၏ အတွေးများကို တိတ်တဆိတ်ဖျောက်ဖျက်လိုက်သည်။ သူမ မောင်လေး၏ ဓားသိုင်းပညာသည် ယခုလိုအဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူမက ယင်ယန်လမ်းစဉ်ကို လုံလောက်အောင် အာရုံမစိုက်ပါက သူမသည် သူ၏ ဓားကွက်များနောက်တွင် မကြာမီကျန်ရစ်ခဲ့ရတော့မည်ဖြစ်သည်။

သူမ၏ စီနီယာအစ်မအခွင့်အာဏာကို ထိန်းသိမ်းထားရန်လိုအပ်နေဆဲပင်ဖြစ်သည်။ သို့မဟုတ်ပါက သူမ၏ မောင်လေးသည် သူမအား စတင်လွှမ်းမိုးလာနိုင်ချေရှိလေသည်။

သစ်ပင်အောက်တွင် ကျိုးရင်လောင်သည် ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်လျက် သူတို့၏ တိုက်ပွဲကို စိတ်ဓာတ်ကျနေသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့သည်။ သို့သော်လည်း မကြာမီတွင် သူက တိတ်တဆိတ်ပြုံးလိုက်ပြီး သူ၏ စိတ်အနေထားကို အလိုက်သင့်ထားလိုက်နိုင်သွားသည်။ သူသည် သေခြင်းတရားနှင့် နီးကပ်စွာကြုံတွေ့ခဲ့ရပြီးနောက် ဖြည်းညှင်းစွာ ပြန်လည်တည်ငြိမ်လာခဲ့ပြီး သူ၏အတွင်းစိတ်တွင် တစ်စုံတစ်ခုပြောင်းလဲသွားခဲ့သည်ကို သူကိုယ်တိုင်ပင် သတိမထားမိပုံရသည်။

မျက်တောင်တစ်ခတ်အချိန်အတွင်း ခြံဝင်းတစ်ခုလုံးတွင် ဓားပုံရိပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ တိုက်ခိုက်သူနှစ်ဦးသည် လျင်မြန်သော ခြေလှမ်းသိုင်းများကိုအသုံးပြုကာ ဆက်တိုက်ရွေ့လျားနေကြသည်၊၊ ကောင်းရှီရှင်းက လွန်ခဲ့သည့် ၂နှစ်အတွင်း လှုပ်ရှားမှုနည်းပညာများကို ဇွဲကောင်းစွာ လေ့ကျင့်ခဲ့သည်မှာ ထင်ရှားသည်။

သို့သော်လည်း နှစ်ဦးလုံး အစွမ်းကုန်မတိုက်ခိုက်ခဲ့ကြပေ။ အကွက်တစ်ရာခန့် အပြန်အလှန် တိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးလုံး နောက်သို့ ဆုတ်လိုက်ကြပြီး ဓားတာအိုကို ဆွေးနွေးရန် သစ်ပင်အောက်သို့ ပြန်လာခဲ့ကြသည်။

ဤအကြိမ်တွင် ဝူတန်းဂိုဏ်းက ခြံဝင်းအနီးသို့ မည်သူမျှ မချဉ်းကပ်ရန် တင်းကျပ်သောအမိန့်တစ်ရပ်ကို ထုတ်ပြန်ထားခဲ့သည်။ ကျိုးရင်လောင်နှင့် တာအိုဆရာအနည်းငယ်သာလျှင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ ဝူတန်းတောင်တန်းသို့ ပြန်လည်ရောက်ရှိနေသည်ကိုသိရှိကြသည်။

နေဝင်ချိန်သို့ ရောက်ရှိလာသောအခါ ကောင်းရှီရှင်းနှင့် ကျိုးရင်လောင်တို့သည် ဓားပျံနှစ်လက်စီကို ယူဆောင်ကာ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို နှုတ်ဆက်လိုက်ကြသည်။ မထွက်ခွာမီ ကောင်းရှီရှင်းက ဝမ်ရှန်းအား ဓားတာအိုကို လေ့ကျင့်ရာတွင် မပျင်းရိရန်သတိပေးခဲ့သည်။ သူက မည်သည့်အောင်မြင်မှုမျှ မရရှိနိုင်လျှင်ပင် ဓားကွက်များကို လေ့ကျင့်ရန် တစ်နေ့လျှင် အနည်းဆုံး တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် အချိန်ပေးသင့်သည်။ သူသည် ဓားထိန်းချုပ်ခြင်းပညာအပေါ်တွင်လည်း အများကြီးမမှီခိုသင့်ပေ။

ဝမ်ရှန်းက သဘောတူကြောင်း တည်ငြိမ်စွာခေါင်းငြိမ့်ပြလိုက်သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ဝမ်ရှန်းသည် တရားထိုင်ရန်ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူသည် သူ၏ဆရာထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။

“ငါးစာချပြီး ခြုံခိုတိုက်ခိုက်ခြင်း” အစီအစဉ်၏ ဒုတိယအဆင့်ကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အစီအစဉ်တစ်ခုလုံးနှင့် ၎င်း၏ အသေးစိတ်အချက်အလက်အားလုံးကို ပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးများကို စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ဝမ်ရှန်းလည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးနောက် သူ၏စိတ်ကို လျင်မြန်စွာ တည်ငြိမ်စေကာ တရားထိုင်ရန်လုပ်လိုက်သည်၊၊

သူက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အရာအားလုံးကို အပြီးသတ်မလုပ်ဆောင်မီ နောက်ထပ် အောင်မြင်မှုတစ်ခုကိုရအောင်လုပ်ရပေမည်၊၊

သူက ပုံရိပ်ယောင်အမြုတေအဆင့်တွင်သာရှိနေသေးသော်လည်း… ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ကျင့်စဥ်များမရှိသော ဓားကျင့်ကြံသူတစ်ဦးသာဖြစ်နေသော်လည်း သူက အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်သည်။ သူက မုဝမ်ရွှမ်းအပေါ် ကျရောက်နေသော ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ခြိမ်းခြောက်မှုကို ဖယ်ရှားရန်အတွက် သူတတ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်သည်။

သူ၏နှလုံးသားတွင် သတ်ဖြတ်လိုသောစိတ်ဆန္ဒများဖြင့် ဖုံးလွှမ်းနေလျှင်ကော ဘာဖြစ်လဲ။ သူသည် ထိုကိစ္စရပ်များပြီးနောက် သူ၏တာအိုစိတ်နှလုံးသားကို သန့်စင်ရန်အတွက် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ခန့် တံခါးကျင့်ကြံခြင်းသို့ ဝင်ရောက်နိုင်ပေသည်၊၊

….

အစီအစဉ်ကို အတည်ပြုပေးခဲ့ရုံတင်မကဘဲ အာဏာပိုင်များက ယင်းကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ဝမ်ရှန်းလည်း လှုပ်ရှားမှုအရှိဆုံးဖြစ်သော အွန်လိုင်းကျင့်ကြံခြင်းဖိုရမ်အချို့ကို ပေါ့ပေါ့ပါးပါးဝင်ရောက်စစ်ဆေးကြည့်လိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်အကြာက တင်ထားသည့် post တစ်ခုကို တွေ့လိုက်ရ၏၊၊ ဇီယန်ဘုရားကျောင်းက နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော မိစ္ဆာတစ်ကောင်ကို ချိတ်ပိတ်ထားသည့်အကြောင်းနှင့်အတူ ဝါစဥ်ကြီးဆရာတော်များ တရားဒေသနာများရွတ်ဖတ်ပူဇော်နေသည့် တိတ်တဆိတ်ရိုက်ကူးထားသော ဓာတ်ပုံအချို့ကို လူများဆွေးနွေးနေကြသည်ကို သူ တွေ့လိုက်ရသည်။

ထိုဓာတ်ပုံများမှာ အတော်လေးစိတ်ဝင်စားစရာကောင်းလှသည်။ မိစ္ဆာချုပ်ရေတွင်း၏ အပေါ်မှ မိစ္ဆာချီအမျှင်တန်းများထွက်ပေါ်နေသည်ကို မြင်တွေ့ရပြီး ဝါစဥ်ကြီးဆရာတော်များ၏ ပတ်ပတ်လည်တွင်မူ ရွှေရောင်နှင့် ရောင်စုံဗုဒ္ဓရောင်ခြည်များ လွှမ်းခြုံထားသည်။ ထိုစွမ်းအားနှစ်ရပ်မှာ တစ်ခုနှင့်တစ်ခုဆန့်ကျင်နေကြသည့်အလားပင်။

အာဏာပိုင်များက ပါးနပ်သောလှုပ်ရှားမှုဖြင့် ထိုပုံများကို ဖယ်ရှားပစ်လိုက်ကြသည်။ ဤကဲ့သို့သော post များသည် လူသိများလာပါက မကြာခဏဖျက်သိမ်းခံရလေ့ရှိသော်လည်း ဖျက်ချခံရပြီးနောက် အခြားနေရာများတွင် လျင်မြန်စွာ ပြန်လည်ထွက်ပေါ်လာတတ်သည်။

ဝမ်ရှန်းအနေဖြင့် အမှန်တရားကို ကြိုတင်မသိရှိထားပါက အာဏာပိုင်များသည် သတင်းအချက်အလက်များကို တမင်တကာဖိနှိပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သူကိုယ်တိုင်ပင် ယုံကြည်မိပေလိမ့်မည်။ သူသည် ယခင်ဘဝက ဤဖိုရမ်များသို့ မကြာခဏဝင်ရောက်လေ့ရှိသော်လည်း အစိုးရသည် တိုးပွားလာသော အွန်လိုင်းကျင့်ကြံသူလူထုကို လမ်းညွှန်ရန်နှင့် လမ်းလွှဲရန်အတွက် ဤဖိုရမ်အများအပြားကို တည်ထောင်ထားခြင်းဖြစ်ကြောင်း ယခုမှသာ သိရှိခဲ့ရသည်။

ထိုအကြောင်းကြောင့်ပင် လူအများအပြားသည် ဇီယန်ကျောင်းတော်တွင် ရှေးဟောင်းမိစ္ဆာတစ်ကောင် အမှန်တကယ်ချိတ်ပိတ်ခံထားရပြီး ထိုချိတ်စည်းမှာ ပျက်စီးနေပြီဖြစ်ကြောင်း ပို၍ယုံကြည်လာကြသည်။ တစ်ပတ်ခန့်အကြာတွင် တာ့ကျန်းတောင်အနီးရှိ ခရီးသွားဧည့်သည်အရေအတွက်မှာ တဖြည်းဖြည်းတိုးများလာခဲ့သည်။ သို့သော်လည်း သူတို့အားလုံးသည် နေရာမှားယွင်းပြီး သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

ဇီယန်ဘုရားကျောင်းအစစ်ကို ရှုဓားဂိုဏ်း၏ အနောက်ဘက်တောင်ကိုကျော်လွန်ရုံဖြင့် တွေ့ရှိနိုင်သော်လည်း ခရီးသွားများသွားရောက်ကြသော ဇီယန်ဘုရားကျောင်းမှာမူ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ကျော်ကွာဝေးသော တောတောင်အနက်ပိုင်းတွင် ရှိသည်။ မြေပုံအမှတ်အသားများအပါအဝင် အွန်လိုင်းရှိ လူထုလက်လှမ်းမီနိုင်သော သတင်းအချက်အလက်အားလုံးက ဤနေရာသစ်ကိုသာ ဇီယန်ဘုရားကျောင်းအဖြစ် ညွှန်ပြနေခဲ့သည်။

Chapter 254

အာဏာပိုင်များက လမ်းလွှဲမှုကို စတင်လိုက်သည်နှင့် ကျင့်ကြံသူများအနေဖြင့် ၎င်းကို ရိပ်မိရန် အခွင့်အလမ်းအားလုံးဆုံးရှုံးသွားခဲ့ရသည်။ ဇီယန်ဘုရားကျောင်းအနီးရှိ လှည့်ကင်းများကို လျှို့ဝှက်ကင်းပုန်းများဖြင့် အစားထိုးလိုက်ပြီး ဘုရားကျောင်း၏ ဆိုင်းဘုတ်ကိုလည်း “လင်းယန်ဘုရားကျောင်း” ဟု ပြောင်းလဲလိုက်သည်။

တစ်ချိန်တည်းမှာပင် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်အမြောက်အမြားက တောင်တစ်ခုလုံးကို ပိတ်ဆို့ထားပြီး ဇီယန်ဘုရားကျောင်းအတုတည်ဆောက်မှုကို လျှို့ဝှက်ထားခဲ့ကြသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ နည်းပြများကိုလည်း အနီးနားတွင် တပ်စွဲထားစေပြီး ရွှေအမြုတေအဆင့် ကျွမ်းကျင်သူများကလည်း အရှိန်အဝါများကို ထုတ်လွှတ်ပေးခဲ့ကြသည်။

ဇီယန်ဘုရားကျောင်းမှာ အစကတည်းက လူသိများလှသည်မဟုတ်ပေ။ အပြင်လူများအနေဖြင့် ၎င်းတည်ရှိမှုကိုပင် မသိရှိကြဘဲ ဒေသခံအနည်းငယ်သာ ၎င်း၏ မူလတည်နေရာကို မှတ်မိကြသည်။

အာဏာပိုင်များတွင် အင်တာနက်ကို စောင့်ကြည့်စစ်ဆေးသည့် သီးသန့်အဖွဲ့တစ်ဖွဲ့လည်းရှိသည်။ ဇီယန်ဘုရားကျောင်းနှင့် ပတ်သက်သည့် မည်သည့်ဖော်ပြချက်ကိုမဆို ချက်ချင်းပြန်လည်သုံးသပ်ပြီး မည်သည့်သတင်းပေါက်ကြားမှုမျှ မရှိစေရန် သေချာစေခဲ့သည်။

ယခုအခါ သူတို့သည် “ရှေးဟောင်းမိစ္ဆာဖြင့် မိစ္ဆာကျင့်ကြံသူများကို ငါးစာချခြင်း” အစီအစဉ်၏ နောက်ထပ်အဆင့်သို့ မကူးပြောင်းမီ ဇီယန်ဘုရားကျောင်းအတု တည်ဆောက်မှုပြီးစီးသည်အထိ စောင့်ဆိုင်းရန်သာ လိုအပ်တော့သည်။

သူ့ဆရာ၏စကားအရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အရှိန်အဝါအကြီးဆုံး ရုပ်ရှင်ဒါရိုက်တာတစ်ဦးကို ငှားရမ်းကာ “ရှေးဟောင်းမိစ္ဆာ သောင်းကျန်းပြီး လမ်းမှန်ကျင့်ကြံသူများ အကျအဆုံးများပြားခြင်း” ပြကွက်ကို ဖန်တီးရန်ပင် စဉ်းစားနေကြသည်။ ဝမ်ရှန်းလည်း သူတို့၏ စေ့စပ်သေချာမှုအပေါ် မချီးကျူးဘဲမနေတော့ပေ။

“ရှေးဟောင်းမိစ္ဆာဖြင့် မိစ္ဆာကျင့်ကြံသူများကို ငါးစာချခြင်း” အစီအစဉ်ကို တရားဝင်မစတင်မီ နှစ်လ သို့မဟုတ် သုံးလအလိုတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ဖြစ်နိုင်ချေရှိသော ထောင့်ပေါင်းစုံမှ ဖိအားပေးတိုက်ခိုက်ရန် အားစိုက်ထုတ်ခဲ့ကြသည်။ ပြင်းထန်သော ဖိအားများရှိမှသာ ဆန့်ကျင်ဘက်အင်အားစုများအနေဖြင့် အခွင့်အရေးကိုအရယူရန် စဉ်းစားလာကြမည်ဖြစ်ပြီး စွန့်စားမှုများပြုလုပ်လာကြလိမ့်မည် ဖြစ်သည်။

ယခုမှ ပြန်တွေးကြည့်မိရာ ဝမ်ရှန်းသည် သူ၏ဆရာကတော်ကို မတွေ့ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ သူ၏ဆရာက ဒုတိယမြောက်မီးတောက်ကြီးကို ပြန်မွှေးနေပြီလားဟု သူ တွေးနေမိသည်။

ဝူတန်းတောင်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် အေးချမ်းစွာ ပြန်လည်ကျင့်ကြံနေကြသည်။ ဝမ်ရှန်း၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့်တက်ပြီးနောက် ပုံရိပ်ယောင်အမြုတေက သူ၏တာအိုခန္ဓာကိုယ်ကို အဆက်မပြတ်အားဖြည့်ပေးနေမှုကြောင့် ရက်အနည်းငယ်လျှင်တစ်ကြိမ် ပုံမှန်တိုးတက်လာခဲ့သည်။

ဓားဖိကျောက်တုံးနှင့်အတူ သူ၏နောက်ဆုံးပြင်းထန်သောကျင့်ကြံမှုမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများကလည်း စတင်ထင်ရှားလာခဲ့သည်။ သူက သန့်စင်ယန်အင်မော်တယ်မန္တန်၏ နက်နဲမှုများကို မကြာခဏသဘောပေါက်နားလည်လာခဲ့သည်။ ထို့အပြင် သူ၏တာအိုနယ်ပယ်မှာ ကျင့်ကြံခြင်းထက် အနည်းငယ်သာလွန်နေသဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို အတားအဆီးတစ်ခုခုကြုံတွေ့ရမည်ကို မစိုးရိမ်ဘဲမြှင့်တင်နိုင်ခဲ့သည်။

တောင်တန်းများအတွင်း အချိန်များက သတိမထားမိဘဲ ကုန်ဆုံးသွားခဲ့သည်။ သူ မသိလိုက်မီမှာပင် လဝက်ခန့်ကုန်လွန်သွားခဲ့ပြီး ဝူတန်းတောင်သည် မိုးဆက်တိုက်ရွာသွန်းသော မိုးရာသီသို့ ရောက်ရှိလာကာ သာယာသောနေရောင်ခြည်ကို တွေ့ရခဲလှသည်။

မွန်းလွဲပိုင်းတစ်ခုတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် သစ်ပင်အောက်၌ တိတ်ဆိတ်စွာ တရားထိုင်နေကြသည်။ တစ်ဦးက ကျင့်ကြံခြင်း၏ နက်နဲမှုများကို လေးနက်စွာ တွေးတောနေပြီး အခြားတစ်ဦးမှာမူ ဖုန်းကိုကိုင်ကာ ကာတွန်းဖတ်နေခဲ့သည်။

သူတို့သည် မနက်ခင်းတစ်ခုလုံးတရားထိုင်ခဲ့ကြပြီးဖြစ်ကာ ဝမ်ရှန်းက မတ်တပ်ရပ်ပြီး ညနေစောင်းအထိ သူ၏ဓားသိုင်းကို လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မုဝမ်ရွှမ်းသည် သူမ၏ကျင့်ကြံခြင်းတွင် အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရပုံပေါ်သည်။ သူမသည် တရားထိုင်စဉ်အတွင်း ကြာရှည်စွာ အာရုံမစိုက်နိုင်ဘဲ ဖုန်းကြည့်ရန် ငေးနေရန်ဖြစ်စေ သို့မဟုတ် လိပ်ပြာများနှင့် နတ်သမီးများကို အိပ်မက်မက်ရင်း ခေတ္တအိပ်စက်ရာမှ ထလာရန်သာ မျက်လုံးများကို မကြာခဏဖွင့်ကြည့်လေ့ရှိသည်။

အစပိုင်းတွင် ဝမ်ရှန်းက မုဝမ်ရွှမက စိတ်မတည်ငြိမ်နိုင်ခြင်းကြောင့်ဟုသာ ရိုးရိုးရှင်းရှင်းတွေးမိသည်။ သို့သော်လည်း သူက ယင်းအကြောင်းကို မေးမြန်းသောအခါ သူမက ပြုံးရုံသာပြုံးပြီး ဘာမျှမပြောခဲ့ပေ။ နောက်ထပ် နှစ်ရက်ကုန်လွန်သွားသောအခါ သူ ဆက်၍ မအောင့်အီးနိုင်တော့ဘဲ သူမကို ထပ်မေးမိသည်။

အကယ်၍ သူမအနေဖြင့် ကျင့်ကြံခြင်းတွင် ပြဿနာတစ်ခုခုကြုံတွေ့နေရပါက သူတို့ အတူတကွဆွေးနွေးနိုင်ကြသည်။ အကယ်၍ သူတို့ အဖြေမရှာနိုင်သေးပါက သူတို့အား လမ်းညွှန်မှုအချို့ သေချာပေါက် ပေးနိုင်မည့် သူတို့၏ဆရာထံသို့ ချက်ချင်းဖုန်းခေါ်ဆိုနိုင်လေသည်။

သို့သော်လည်း ထိုမေးခွန်းကို မုဝမ်ရွှမ်းက “အမြုတေဖွဲ့စည်းခြင်း” ဟုသာ အသံတိုးတိုးဖြင့်ပြန်ပြောခဲ့သည်။

ဝမ်ရှန်း ဆွံ့အသွားခဲ့ရသည်။

ကောင်းပြီ ကောင်းပြီ… ကျွန်တော် တောင်းပန်ပါတယ်နော်။ စီနီယာအစ်မကို နောက်ထပ်မနှောင့်ယှက်တော့ပါဘူး။

ဖုန့်တူးတောင်ထဲသို့မဝင်မီ အမျိုးသမီးအလောင်းက မုဝမ်ရွှမ်းအား ပေးအပ်ခဲ့သော နတ်ဘုရားအလင်းတန်းမှာ မုဝမ်ရွှမ်းအတွက် အလွန်ကြီးမားသော ကံကြမ္မာအခွင့်အလမ်းတစ်ခုဖြစ်ခဲ့သည်။ ၎င်းက သူမအား သုံးနှစ်မှ ငါးနှစ်ခန့်အထိ ခါးသီးသောကျင့်ကြံခြင်းနှင့် သိမြင်နားလည်ခြင်းများကို ကျော်ဖြတ်နိုင်စေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းက မည်မျှအထိ အကျိုးကျေးဇူးများထပ်မံသယ်ဆောင်လာဦးမလဲဆိုတာကိုတော့ ဘယ်သူသိနိုင်မှာလဲ…၊၊

ဝမ်ရှန်း၏ ယခင်ဘဝတွင် နတ်သမီးပုယွီသည် ကမ္ဘာဦးချီများပြန်လည်နိုးထလာပြီးနောက် ၉နှစ်မြောက်ကျမှသာ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်တန်းအယောက်နှစ်ဆယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ယခုအခါတွင်မူ သူ့၏စီနီယာအစ်မသည် ရွှေအမြုတေအဆင့်သို့ ပို၍စောစီးစွာရောက်ရှိတော့မည်ဖြစ်သည်။

ဝမ်ရှန်း သူ၏ခေါင်းကို နှိမ့်ချကာ အေးချမ်းစွာ ဆက်လက်ကျင့်ကြံနေခဲ့သည်။ ထိုကဲ့သို့သော ကံကြမ္မာအခွင့်အလမ်းကို လွဲချော်ခဲ့ရသည့်အပေါ် သူက မည်သည့်နောင်တမျှ မခံစားရပေ။ ဘာပဲဖြစ်ဖြစ် လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာရှိကြသည်သာဖြစ်သည်။

“ရှေးဟောင်းမိစ္ဆာဖြင့် မိစ္ဆာကျင့်ကြံသူများကို ငါးစာချခြင်း” အစီအစဉ်မှာ ချောမွေ့စွာ တိုးတက်နေခဲ့သည်။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့၏ နှစ်လကြာကျင့်ကြံခြင်းပြီးဆုံးသွားသည့် အချိန်မှာပင် ဇီယန်ဘုရားကျောင်းအတုက အပြည့်အဝတည်ဆောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

မုရွှယိက သူ့ထံသို့ ပေးပို့ခဲ့သော ဗီဒီယိုတိုလေးအပေါ် အခြေခံ၍ကြည့်ရလျှင် အသစ်တည်ဆောက်ထားသော ဘုရားကျောင်းမှာ အစစ်နှင့်ထပ်တူနီးပါးတူညီလှသည်။ ၎င်းဖြင့် အလွယ်တကူလှည့်စားနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းလောက၌ ဇီယန်ဘုရားကျောင်း၏ ရှေးဟောင်းမိစ္ဆာထံမှ မိစ္ဆာချီများယိုစိမ့်နေသည်ဟူသော ကောလာဟလများမှာ တောမီးပမာပျံ့နှံ့နေခဲ့သည်။ လမ်းမှန်တာအိုအကြီးအကဲများနှင့် တာအိုဆရာအများအပြားကလည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ မိမိတို့သဘောဆန္ဒအလျောက်ဆက်သွယ်လာကြပြီး မိစ္ဆာကို ဖယ်ရှားရာတွင် အကူညီလိုအပ်လားဟု မေးမြန်းခဲ့ကြသည်။

ထိုမေးမြန်းမှုများကိုမူ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ရှေးဟောင်းမိစ္ဆာတည်ရှိမှုကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့သည်။ သူတို့အနေဖြင့် အာဏာပိုင်များ၏ လှုပ်ရှားမှုများကို လူထုအား မမြင်တွေ့စေလိုသကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုများနှင့် မတည်ငြိမ်မှုများကိုလည်း မဖြစ်ပေါ်စေလိုခြင်းကြောင့်ဖြစ်ပုံရသည်။

ရယ်စရာကောင်းသည်မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ငြင်းဆိုမှုမှာ အစိုးရ၏ ရေရှည်ချမှတ်ထားသော မူဝါဒနှင့် ကောင်းစွာကိုက်ညီနေခြင်း ဖြစ်သည်။

ယခုအချိန်အထိ ဇီယန်ဘုရားကျောင်းအနီးတွင် တောင်ပေါ်သို့ တရားမဝင်ကျူးကျော်ဝင်ရောက်ရန် ကြိုးစားသူအနည်းငယ်ကို ဖမ်းဆီးရမိခဲ့သည်။ သူတို့အနက် အများစုမှာ မိစ္ဆာတာအိုဂိုဏ်းများက စေလွှတ်လိုက်သည့် သူလျှိုများဖြစ်ကြပြီး အားလုံးနီးပါးမှာ အဖိုးတန်သောသတင်းအချက်အလက်မရှိကြသည့် သာမန်လူများသာဖြစ်ကြသည်။

အချိန်ကို တွက်ချက်ကြည့်ရလျှင် ဝမ်ရှန်းအနေဖြင့် သူနှင့် မုဝမ်ရွှမ်းတို့ ထွက်ခွာရန်အချိန်တန်ပြီဟု ခံစားမိသည်။

မုဝမ်ရွှမ်းက သူမ၏ရွှေအမြုတေကို ဖွဲ့စည်းရန် နောက်ဆုံးခြေလှမ်းကို မလှမ်းရသေးခြင်းက ဝမ်ရှန်း အမီလိုက်နိုင်ရန် တမင်တကာစောင့်ဆိုင်းနေခြင်းမဟုတ်ပေ။ သူမ၏ ပြောပြချက်အရ သူမက တစ်စုံတစ်ခုသောခံစားချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ထိုခံစားချက်ရောက်ရှိလာပါက သူမ၏ရွှေအမြုတေကို မျက်တောင်ခတ်အတွင်း ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ထိုအချိန်မှစ၍ ယင်နှင့်ယန်တို့သည် ဟန်ချက်ညီသွားကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သူမက ခြယ်လှယ်နိုင်လိမ့်မည် ဖြစ်သည်။

သူ့၏ အဆင့်နှင့် များစွာကွာဝေးနေဆဲဖြစ်သဖြင့် ဝမ်ရှန်းအနေဖြင့် သူမ ပြောလိုသည့်အရာကို အမှန်တကယ်နားမလည်နိုင်သေးပေ။ သူ့အတွက်တော့ သူ၏ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်တင်ရန်သာ အာရုံစိုက်နိုင်ပေသည်။ နောက်ဆုံးတွင် ဝူတန်းတောင်သို့ ပြန်လည်ရောက်ရှိပြီး နှစ်လခွဲအကြာတွင် သူ၏ကျင့်ကြံခြင်းတွင် တိုးတက်မှု ရရှိခဲ့သည် - သူသည် ပုံရိပ်ယောင်အမြုတေအလယ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

သို့သော်လည်း ယင်းအတွက် အလဲအလှယ်အနေဖြင့် သူသည် အခန်းတစ်ခုလုံးကို ကမ္ဘာဦးချီများဖြင့် ပြည့်နှက်စေခဲ့သော ချီကျောက်တုံးအားလုံးကို အကုန်အစင်သုံးစွဲခဲ့ရပြီး တန်ဖိုးကြီးလှသော ပုံရိပ်ယောင်အမြုတေဆေးလုံးများကိုလည်း တစ်ပုလင်းပြီးတစ်ပုလင်းသုံးစွဲခဲ့ရသည်။

လွန်ခဲ့သည့် နှစ်လခွဲအတွင်း သူက သူနှင့် စီနီယာအစ်မ၏ လွန်ခဲ့သည့်တစ်နှစ်က သိုလှောင်ထားခဲ့သော အရင်းမြစ်အားလုံးနီးပါးကို ကုန်ခမ်းလုနီးပါးသုံးခဲ့ရသည်။ သူ လျင်မြန်စွာ တိုးတက်လိုပါက ဤနည်းလမ်းတစ်ခုသာရှိသည်။

ဝိညာဥ်မဲ့ဓားနှင့် သူ၏နတ်ဘုရားအဆင့်ဓားပျံတို့သည် လာမည့်တိုက်ပွဲအတွက် အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြသည်။ သူက ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် ကျော်ကြားမှု သို့မဟုတ် မည်သည့် အနှစ်သာရမရှိသော ဘွဲ့ထူးများကိုမျှရယူရန် မလိုအပ်ပေ။ ယခုအချိန်တွင် သူသည် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို သူ၏ စွမ်းအားရှိသမျှဖြင့်သာ တိုက်ခိုက်လိုပေသည်။

ပြင်ဆင်မှုများမှာ အားလုံးနီးပါးပြီးစီးခဲ့ပြီး အချိန်ကိုက်ပင်ဖြစ်ခဲ့လေ၏။ သူ မျှော်လင့်ထားသည့်အတိုင်း သူအဆင့်တက်ပြီးနောက် စတုတ္ထမြောက်နေ့တွင် မုရွှယ်က သူတို့ထံသို့ ဖုန်းခေါ်ဆိုခဲ့သည်။

ဝမ်ရှန်းသည် လေကို ညင်သာစွာ ရှူသွင်းလိုက်သည်။ မုရွှယ် စကားမပြောမီမှာပင် သူက မေးလိုက်သည်၊၊

“ဘယ်အချိန်လဲ… ဘယ်နေရာလဲ။ ငါက အချိန်မရွေးထွက်ခွာဖို့ အဆင်သင့်ပဲ”

— ရှင် ကြိုသိနေတာလား တာအိုဆရာဝမ်။

မုရွှယ်လည်း ခေတ္တဆွံ့အသွားခဲ့သည်။ သူမသည် ကပ္ပတိန်က ဝမ်ရှန်းအား ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်ဟု ချက်ချင်းတွေးလိုက်သည်။

__ရှင်တို့နှစ်ယောက် နာရီဝက်အတွင်း တောင်ပေါ်ကနေဆင်းလာလို့ရပါပြီ။ ကျွန်မ ရှင်တို့နှစ်ယောက်လုံးကို လာကြိုဖို့ လူတစ်ယောက်စီစဉ်ထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရှင်နဲ့ နတ်သမီးပုယွီတို့ကို နည်းနည်းပိုပြီး လူသိများအောင်လုပ်စေချင်နေတယ်။

“နားလည်ပါပြီ။ သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ လိုအပ်သလောက် လူသိရှင်ကြားဖြစ်အောင် ငါလုပ်လိုက်မယ်”

__ဪ ဒါနဲ့ နတ်သမီးပုယွီက အခု တံခါးပိတ်ကျင့်ကြံနေတာလား။ ကျွန်မ လွန်ခဲ့တဲ့ ရက်ပိုင်းက ဟိုပြေးဒီပြေးနဲ့အလုပ်ရှုပ်နေတာကြောင့် သူမက ပုံရိပ်ယောင်အမြုတေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတာကို ကျွန်မ မေ့လုနီးပါးဖြစ်သွားတယ်။ သူမက ရွှေအမြုတေအဆင့်ကို အဆင့်တက်တော့မှာ မဟုတ်လား။

__အကယ်၍ သူမအနေနဲ့ တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တယ်ဆိုရင်တော့ ရှင်ပဲ ဤနေရာမှာ နေပြီး သူမကို စောင့်ရှောက်ပေးပါ။ ရှင်တို့နှစ်ယောက်က ကျွန်မတို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပေမဲ့ တခြားတစ်ယောက်ယောက်နဲ့ အစားထိုးလို့ရပါသေးတယ်။ ရန်သူက ဒီလောက်သန်မာလှတာ မဟုတ်ပါဘူး။

တခြားတစ်ယောက်ယောက်နဲ့ အစားထိုးလို့ ရပါသေးတယ်… ရန်သူက ဒီလောက်သန်မာလှတာမဟုတ်ပါဘူး…၊၊

ဝမ်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အနည်းငယ်မောက်မာလာနေပြီဟု သူ ခံစားလိုက်ရသည်။ အကယ်၍ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက တကယ်ပဲ ကိုင်တွယ်ရလွယ်ကူပါက ပြီးခဲ့သည့် တိုက်ပွဲကြီးတွင် လမ်းမှန်ကျင့်ကြံသူများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်အမြောက်အမြား ဘာလို့ကျဆုံးခဲ့ရသနည်း။

ပြီးတော့ ဝမ်ရှန်းသည် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦးမဟုတ်သော်လည်း သူ၏တစ်ကိုယ်တော် ဓားအစီအရင်နှင့် နတ်ဘုရားအဆင့်ဓားပျံဖြင့် ပုံရိပ်ယောင်အမြုတေအဆင့် သို့မဟုတ် ၎င်းအောက်ရှိ မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦးထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။

ဝမ်ရှန်း ခေတ္တတွေးလိုက်သည်။

“စီနီယာအစ်မက ကျင့်ကြံနေတာမဟုတ်ပါဘူး။ သူမရဲ့ အမြုတေဖွဲ့စည်းဖို့ အခွင့်အရေးက ရောက်မလာသေးတာပါ၊၊ ဒါပေမဲ့ အမှန်တရားကတော့… ဒီတိုက်ပွဲမှာ ငါ့နေရာကို ဘယ်သူ့ကိုမှ အစားမထိုးစေချင်ဘူး”

မုရွှယ် ခေတ္တဆွံ့အသွားသော်လည်း သူမက လျင်မြန်စွာ ပြန်လည်တုံ့ပြန်ခဲ့သည်၊၊

___ကောင်းပါပြီ တာအိုဆရာဝမ်။ ဒီတာဝန်အတွက် ရှင့်ကို သတ်မှတ်လိုက်ပါပြီ။ စိတ်မပူပါနဲ့၊၊ ရှင်တို့နေရာကို ဘယ်သူ့ကိုမှ အစားမထိုးစေရပါဘူး၊၊

ခေတ္တထပ်မံတွေးတောပြီးနောက် ဝမ်ရှန်းက ပြောလိုက်သည်၊၊

“ဟိုင်ကျင်းကိုလည်း ခေါ်လိုက်ပါဦး၊၊ သူကော လာချင်ရဲ့လားဆိုတာမေးကြည့်ပေးပါ”

___ဗုဒ္ဓကျင့်ကြံသူ ဟိုင်ကျင်းက လမ်းမှာရောက်နေပါပြီ။ သူက ရှင်တို့နှစ်ယောက်နဲ့ အတူတူလောက်ရောက်လိမ့်မယ်၊၊

“အင်း ကောင်းပြီလေ” ဝမ်ရှန်းက ပြန်ပြောလိုက်သည်။ သူသည် သူ၏တရားထိုင်ခြင်းမှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ဖုန်းကို ပိတ်ကာ အဝေးသို့ငေးကြည့်လိုက်သည်။

သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ အခန်း၏ ထောင့်တစ်နေရာမှ ဓားပျံနှစ်လက်သည် သူ့ထံသို့ ပျံသန်းလာခဲ့ပြီး သူ့ဘေးပတ်လည်တွင် ဖြည်းညှင်းစွာ ဝဲပျံနေခဲ့ကြသည်။ သူ၏ အစစ်မှန်ချီများက ငွေဖြူရောင်ဓားသေတ္တာကို ဆွဲယူလိုက်ပြီး သူ၏လက်ဖဝါးထဲသို့ ညင်သာစွာ မျောလွင့်ဝင်ရောက်လာစေခဲ့သည်။

မိနစ်ဝက်ခန့် လုံးဝတိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီးနောက် ဝမ်ရှန်းက အခန်းဘက်သို့ လှမ်း၍ အော်ပြောလိုက်သည်၊၊

“စီနီယာအစ်မ ပြင်ဆင်တော့လေ။ ကျွန်တော်တို့ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ရင်ဆိုင်ဖို့ ထွက်ခွာကြတော့မယ်”

“ကောင်းပြီ” ပြတင်းပေါက်အနီးတွင် ငေးငိုင်နေသော မုဝမ်ရွှမ်းက ချက်ချင်းပင် ပြန်လည်တုံ့ပြန်ခဲ့သည်။ သူမသည် သူမ၏ ရှေးဟောင်းဝတ်စုံများရှိရာ သစ်သားသေတ္တာဆီသို့ လျှောက်လှမ်းသွားစဉ် သူမကိုယ်တွင် သိမ်မွေ့ဆန်းကြယ်သော အရှိန်အဝါတစ်ခု မျောလွင့်နေခဲ့သည်။

တံခါးဝတွင် ဝမ်ရှန်းလည်း တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် သူ၏ဖုန်းကို ငုံ့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ ၎င်း၏မျက်နှာပြင်မှာ မကြာမီလင်းသွားခဲ့သည်။ ဖုန်းမြည်သံပင် မထွက်ပေါ်လာသေးမီမှာပင် ဝမ်ရှန်းက ဖုန်းကို လက်ခံဖြေကြားလိုက်ပြီ ဖြစ်သည်။ ထို့နောက်တွင် မုရွှယ်၏ သတိကြီးသောအသံကို သူ ကြားလိုက်ရသည်။

__တာအိုဆရာဝမ်၊ ရှင် တကယ်ပဲ… ကျွန်မ အခုနကပြောခဲ့တဲ့ တာဝန်အကြောင်းကို အတိကျသိတာလား။

“ဇီယန်ဘုရားကျောင်းလား” ဝမ်ရှန်းက ပြန်ပြောလိုက်သည်။

မုရွှယ် လေးနက်စွာ သက်ပြင်းချလိုက်သည်။

__ကျွန်မ ထင်သားပဲ။ ရှင်က နားလည်မှုလွဲနေတာကိုး အဲဒီအစီအစဉ်က အပြည့်အဝမစတင်ရသေးပါဘူး။ ဒါက ကိစ္စအသေးအမွှားလေးပါ… သာမန်ဖလှယ်ပွဲအစည်းအဝေးတစ်ခုပဲ။ ဆာကူရာကျွန်း၊ ဂီလန်အင်ပါယာနဲ့ ဂျင်တာတို့က ထူးဆန်းတဲ့ ကျွမ်းကျင်သူအချို့ ဟွာသမ္မတနိုင်ငံကို လာရောက်စုံစမ်းကြတာပါ။ တာအိုဆရာပုယန်က သူတို့ ခေါ်ဆောင်လာတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ - အဲဒီ ထိပ်သီးတွေကို နှစ်ချက်လောက်ရိုက်ရုံနဲ့တင် အပြတ်အသတ်ဖိနှိမ်လိုက်ပြီးပြီ။ အဲဒီတော့ အခု သူတို့က သူတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ကျွန်မတို့ရဲ့ လူငယ်တွေနဲ့ တိုက်ခိုက်မှု စမ်းသပ်ချင်နေကြတယ်။

__ဘာပဲဖြစ်ဖြစ် ရှင် စိတ်ဝင်စားသေးရဲ့လား။ ဆာကူရာကျွန်းက katana ဓားကို ကိုင်ဆောင်ထားတဲ့ နာမည်ကြီးလူငယ်အချို့က အတော်လေးထောင်လွှားပြီး စကားပြောနေကြတယ်လို့ ကျွန်မ ကြားတယ်။

စကားလုံးများပျောက်ဆုံးသွားသော ဝမ်ရှန်းသည် တံခါးဝတွင် မတ်တပ်ရပ်လျက် သူ၏နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေသည်။

All Chapters