← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 26 Ch. 255-256

Chapter 255

ဝမ်ရှန်း ယခင်ဘဝက ဤသို့သော နိုင်ငံတကာအပြန်အလှန်နှီးနှောဖလှယ်ပွဲအကြောင်းကို ကြားပင်မကြားဖူးခဲ့ချေ။ သို့သော်လည်း လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က နိုင်ငံခြားကျင့်ကြံသူများသည် ကျင့်ကြံခြင်းနည်းလမ်းများကိုရှာဖွေရန် ဟွာသမ္မတနိုင်ငံသို့ လာရောက်နေကြကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောဆိုနေသည်ကို သူကြားသိခဲ့ရသည်။

ဤကဲ့သို့သောဖြစ်ရပ်များသည် မူလက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိခဲ့ပေ။ ဟွာသမ္မတနိုင်ငံသည် ၎င်း၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို အပြည့်အဝကာကွယ်ရန် ရည်ရွယ်၍ နိုင်ငံခြားနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် သီးသန့်ဖြစ်သော နိုင်ငံတကာ ပုံမှန်မဟုတ်သောကအထူးကိစ္စရပ်များဆိုင်ရာဗျူရိုကို သီးသန့်တည်ထောင်ခဲ့ပုံရသည်။

နှီးနှောဖလှယ်ပွဲသို့ သွားရာလမ်းတွင် ဝမ်ရှန်းသည် မုရွှယ်အား အခြေအနေအကျဉ်းချုပ်ကို မေးမြန်းခဲ့ရ၏။ မုရွှယ်က သူမသိသမျှကို မချွင်းမချန်ပဲ အကုန်ပြောပြခဲ့သည်။

သူမ၏ ပြောပြချက်အရ ကမ္ဘာဦးချီများ ပထမဆုံးပြန်လည်နိုးထမလာမီကပင် ဟွာသမ္မတနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း မျိုးဆက်ပေါင်းများစွာ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းမှုကိုရရှိထားပြီးဖြစ်ရာ ၎င်း၏ ပြည်တွင်းပတ်ဝန်းကျင်ကို ကမ္ဘာပေါ်တွင် အလုံခြုံဆုံးစာရင်းဝင်ဖြစ်စေခဲ့သည်။

ပြစ်မှုဖြစ်ပွားမှုနှုန်းနှင့်ပတ်သက်၍ ပြောရလျှင် လူဦးရေအလွန်နည်းပါးသော နိုင်ငံငယ်အချို့နှင့် နှိုင်းယှဉ်၍မရသော်လည်း ဟွာသမ္မတနိုင်ငံ၏ များပြားလှသောလူဦးရေကို ထည့်သွင်းစဉ်းစားပါက ခြုံငုံရလဒ်မှာ အတော်ပင် ချီးကျူးဖွယ်ကောင်းလှသည်။

ကမ္ဘာဦးချီများပြန်လည်နိုးထလာခါစ အစောပိုင်းကာလတွင် ဟွာသမ္မတနိုင်ငံသည် လိုအပ်သောပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးဖြစ်သည်။ ထိုဖြစ်ရပ်ကို စတင်ကိုင်တွယ်ခဲ့သောအစိုးရအနေဖြင့် အခြေအနေများကို ပရမ်းပတာဖြစ်သွားခွင့်ပြုမည် မဟုတ်ပေ။

၎င်းတို့သည် တာအိုဂိုဏ်းများကို စည်းလုံးစေပြီး မိစ္ဆာတာအိုသမားများကို နှိမ်နင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အထူးစစ်ဆင်ရေးအဖွဲ့နှင့် ကျင့်ကြံခြင်းသုတေသနဌာနဟူ၍ အဖွဲ့အစည်းသုံးခုကို တည်ထောင်ခဲ့သည်။ ထို့ပြင် ပြည်တွင်းကိစ္စရပ်များသာမက ပြည်ပကိစ္စရပ်များနှင့်ပါသက်ဆိုင်သော မူဝါဒမြောက်မြားစွာကိုလည်း အမြန်ဆုံးချမှတ်ခဲ့သည်။

အစောပိုင်းနှစ်များတွင် နိုင်ငံခြားကျင့်ကြံသူများ၏ တရားဝင်မဟုတ်သောလာရောက်မှုအားလုံးကို တရားမဝင်ဝင်ရောက်မှုအဖြစ်သတ်မှတ်ကာ ချက်ချင်းပြည်နှင်ဒဏ်ပေးခဲ့သည်။ ကမ္ဘာဦးချီများပြန်လည်နိုးထလာပြီး ဒုတိယနှစ်သို့ ရောက်သောအခါ ဟွာသမ္မတနိုင်ငံသည် ပြည်တွင်းရှိ တာအိုအမွေအနှစ်ဂိုဏ်းအားလုံးထံ သတ်မှတ်ချက်များကို တင်းကျပ်စွာ ထုတ်ပြန်ခဲ့သည်။ ပထမအချက်အနေဖြင့် တပည့်များကို ရွေးချယ်ရာတွင် အကျင့်စာရိတ္တနှင့် ကျင့်ဝတ်များကိုသာမက နိုင်ငံသားနှင့် နောက်ခံသမိုင်းကြောင်းကိုပါ စိစစ်ရမည် ဖြစ်သည်။

ကမ္ဘာဦးချီများပြန်လည်နိုးထလာပြီး နှစ်နှစ်၊ သုံးနှစ်အကြာတွင် နိုင်ငံခြားဒေသအချို့၌ ပရမ်းပတာဖြစ်ရပ်များစတင်ဖြစ်ပွားလာခဲ့သည်။ နိုင်ငံခြားအင်တာနက်စာမျက်နှာများတွင် အစစ်အမှန်ဟုတ်၊မဟုတ်မသေချာဘဲ အခြေခံသဘောတရားများ ကွဲပြားခြားနားလှသော ကျင့်ကြံခြင်းနည်းလမ်းမျိုးစုံပျံ့နှံ့နေခဲ့သည်။ ၎င်းတို့အနက်အများစုမှာ ခန္ဓာကိုယ်ကြံ့ခိုင်စေခြင်းနှင့် စိတ်စွမ်းအားမြှင့်တင်ခြင်းဟူသော ချဉ်းကပ်မှုနှစ်ခုကိုသာအဓိကထားကြသည်။ စုန်းကဝေမှော်အတတ်၊ နတ်ဝင်သည်အတတ်နှင့် ကျိန်စာတိုက်ခြင်း… စသည်တို့လည်း ခေတ်စားလာခဲ့သည်။

ပြည်ပရှိ အများပြည်သူနှင့်ပတ်သက်၍မူ ကမ္ဘာ့လူဦးရေ၏တစ်ဝက်ခန့်သည် ကျင့်ကြံခြင်းဟူသောအယူအဆကြောင့် ၎င်းတို့၏ လူနေမှုဘဝများတွင် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ အချို့သောနိုင်ငံငယ်များသည် ယုံကြည်မှုကို အခြေခံသည့်ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းကာ ကျင့်ကြံခြင်းနည်းလမ်းများကို ဗြောင်ကျကျပင် မြှင့်တင်ခဲ့ကြသည်။ နှစ်နှစ်အတွင်း ထိုနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးများပြိုလဲသွားပြီး အစိုးရဆန့်ကျင်ရေးအင်အားစုများက အာဏာသိမ်းယူကာ မြို့ကြီးများကို ထိန်းချုပ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံကြီးများသည် ကျင့်ကြံသူများကို နှိမ်နင်းရန်နှင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို သိမ်းပိုက်ရန်ကြိုးပမ်းလာသောအခါ ထိုလှိုင်းလုံးသည် ၎င်းတို့၏ စစ်တပ်အတွင်းသို့ တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိရပြီး ကြီးမားသောပြည်တွင်းမငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

တစ်ကမ္ဘာလုံးတွင် ပရမ်းပတာအခြေအနေများ ပိုမိုဆိုးရွားလာသည်နှင့် နှိုင်းယှဉ်ပါက ဟွာသမ္မတနိုင်ငံသည် ထူးခြားစွာငြိမ်သက်ပြီး စနစ်တကျရှိနေသည်ဟု ထင်ရသည်။ ထို့ကြောင့် နိုင်ငံခြားအင်အားစုများသည် နယ်စပ်တစ်လျှောက်တွင် တပ်စွဲထားသော အထူးစစ်ဆင်ရေးအဖွဲ့ဝင်များကိုပင် အဆက်မပြတ်စမ်းသပ်စုံစမ်းနေကြသည်။ ဟွာသမ္မတနိုင်ငံတွင် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော အင်အားတောင့်တင်းသည့် စစ်တပ်တစ်ခုရှိနေပြီဖြစ်ကြောင်း လူတိုင်းသိထားကြသည်။

နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက ဟွာသမ္မတနိုင်ငံအနေဖြင့် ၎င်း၏ ကျင့်ကြံခြင်းဆိုင်ရာအလေ့အထများနှင့် ပြည်တွင်းကျင့်ကြံခြင်းလောက၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြသရန် တောင်းဆိုခဲ့ကြပြီးဖြစ်သည်။ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုကြီး (၄) ခုအနက် ပြည့်စုံသောအမွေအနှစ်ကို ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သော်လည်း ဟွာသမ္မတနိုင်ငံသည် ၎င်း၏ နယ်နိမိတ်အတွင်း ကျင့်ကြံခြင်းဆိုင်ရာအလေ့အထများရှိနေခြင်းကို ဆက်တိုက်ငြင်းဆိုခဲ့သည်။

မေးမြန်းလာပါက တရားဝင်တုံ့ပြန်မှုမှာ အမြဲတမ်း ထိုကဲ့သို့သောအရာမရှိပါ၊ မဖြစ်နိုင်ပါ၊ သဘာဝလွန်စွမ်းအားများ သို့မဟုတ် နတ်ဘုရားများအကြောင်းမပြောပါနှင့် သို့မဟုတ် ကျုပ်တို့အားလုံးက သိပ္ပံနှင့် ယဉ်ကျေးမှုကို ဆက်လက်မြှင့်တင်ပြီး ရေရှည်တည်တံ့သော သိပ္ပံနည်းကျဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းကြပါစို့… ဟူ၍သာ ဖြစ်သည်။

ဟွာသမ္မတနိုင်ငံ၏ တာအိုဂိုဏ်းများကို ဆယ်စုနှစ်များစွာထောက်လှမ်းခဲ့သော အချို့သောနိုင်ငံခြားရပ်ခြားတိုင်းပြည်များနှင့် အဖွဲ့အစည်းများသည် ၎င်းတို့စုဆောင်းရရှိထားသော သတင်းအချက်အလက်များကို အခြေခံ၍ ‘ဟွာကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုသီအိုရီ’ကို တစ်ကမ္ဘာလုံးသို့ စတင်ဖြန့်ဝေခဲ့သည့် ယမန်နှစ်အထိ ထိုအတိုင်းငြင်းဆိုခဲ့ခြင်းဖြစ်သည်။

‘နိုင်ငံတကာလူထုသဘောထားပြောင်းလဲလာမှုကြောင့် ဟွာသမ္မတနိုင်ငံအနေဖြင့် ကျုပ်တို့သည် ကျင့်ကြံသူစစ်အင်အားကို ဦးစားပေးအသုံးပြုမည်မဟုတ်ကြောင်း ကတိပြုပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူငါးရပ်ကို လိုက်နာစောင့်ထိန်းပါသည်။ ကျင့်ကြံခြင်းဆိုင်ရာအလေ့အထများ ပြန့်ပွားမှုမရှိစေရေးမူဝါဒကို လိုက်နာရန်နှင့် ကမ္ဘာပေါ်ရှိလူသားတိုင်း၏ အသက်ရှင်သန်ခွင့်ကို လေးစားရန်လည်းကတိပြုပါသည်’ ဟု ပြန်လည်တုံ့ပြန်ရန်မှတစ်ပါး အကြောင်းမရှိခဲ့ချေ။

အမှန်စင်စစ် ပရမ်းပတာဖြစ်မှုအများစုမှာ မတည်ငြိမ်သောဒေသများတွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ရှည်လျားသောသမိုင်းကြောင်းရှိသည့် နိုင်ငံများသည် တိတ်တဆိတ်ပြောင်းလဲမှုများကိုကြုံတွေ့ခဲ့ရသည်။

ရှေးဟောင်းမိသားစုအမွေအနှစ်များ ပြန်လည်ပေါ်ပေါက်လာပြီး လျှို့ဝှက်နည်းစနစ်များကို ကျွမ်းကျင်သူများသည် ပို၍ဩဇာညောင်းလာခဲ့ကြသည်။ အထူးသဖြင့် ဘာသာရေးစိတ်ဓာတ်ပြင်းထန်သော အနောက်နိုင်ငံများတွင် ဘာသာရေးအာဏာပြန်လည်နိုးထလာသည့်လက္ခဏာများ စတင်ပေါ်ပေါက်လာသည်။ ကမ္ဘာ့လူမှုရေးအရင်းအမြစ်အများစုကို ထိန်းချုပ်ထားသော အုပ်စုငယ်များသည် မိမိတို့နှင့်ကိုက်ညီသော ကျင့်ကြံခြင်းနည်းလမ်းများကိုရရှိရန် နည်းလမ်းပေါင်းစုံကို စတင်အသုံးပြုနေကြပြီ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဟွာသမ္မတနိုင်ငံ၏ အခြေအနေမှာ လုံးဝကွဲပြားခြားနားပေသည်။ ဟွာသမ္မတနိုင်ငံ၏ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ကျင့်ကြံခြင်းနည်းလမ်းများကိုရယူရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့ကြသော နိုင်ငံများနှင့် အဖွဲ့အစည်းများကို အစိုးရက လျစ်လျူရှုမှုသက်သက်ဖြင့်သာတုံ့ပြန်ခဲ့သည်။

အချို့က တာအိုဆရာများကို တိတ်တဆိတ်စည်းရုံးပြီး ကျင့်ကြံခြင်းနည်းစနစ်များကို ပြန့်ပွားစေရန် ၎င်းတို့နိုင်ငံသို့ ခိုးထုတ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ ခိုးယူနိုင်ခဲ့သူများမှာ ဂိုဏ်းဂဏမရှိသောသာမန်ကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာကျင့်ကြံသူများသာဖြစ်သည်။ ထို့ပြင် ၎င်းတို့စည်းရုံးခဲ့သော တာအိုဆရာများသည် ပြည်ပသို့ ရောက်ရှိသွားသည်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များ လျင်မြန်စွာ ကျဆင်းသွားခဲ့ရသည်။

တာအို၏ အစစ်အမှန်သဘောတရားကို သင်ကြားပြသပေးပြီး ကျင့်ကြံပုံကျင့်ကြံနည်းအတိအကျကို လမ်းညွှန်ပေးထားသော်လည်း နိုင်ငံခြားကျင့်ကြံသူများအတွက် ချီစုစည်းခြင်းအဆင့်သို့ ရောက်ရှိရန်ပင် အလွန်ခက်ခဲလှသည်။ တစ်စုံတစ်ခုသော ရှင်းမပြနိုင်သည့် ကန့်သတ်ချက်များရှိနေပုံရသည်။ နောက်ဆုံးတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့အနေဖြင့် ကျင့်ကြံခြင်းနည်းစနစ်များကို ရယူလိုပါက ဟွာသမ္မတနိုင်ငံအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း ကောက်ချက်ချခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ဟွာသမ္မတနိုင်ငံ၏ သံတမန်ရေးရာစကားအသုံးအနှုန်းမှာ သိမ်မွေ့နက်နဲပြီး ယဉ်ကျေးပျူငှာသောစကားစုအနည်းငယ်ကိုသာ ထပ်ခါတလဲလဲပြောဆိုတတ်သည်။ နျူကလီးယားစွမ်းအင်နှင့် ကျင့်ကြံခြင်းနှစ်ခုစလုံးကို ပြန့်ပွားခွင့်မပြုသင့်ဟူသော ၎င်း၏ ရပ်တည်ချက်ကို အခိုင်အမာဆက်လက်ထိန်းသိမ်းထားသည်။

လမ်းခရီးတစ်လျှောက် မုရွှယ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ရှန်းလည်း ကမ္ဘာဦးချီများပြန်လည်နိုးထလာခြင်းက ဟွာသမ္မတနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်တစ်ခုဆောင်ကြဉ်းပေးခဲ့သည်ဟု ခံစားမိလာသည်။

အထူးစစ်ဆင်ရေးအဖွဲ့က နိုင်ငံတော်၏ နယ်စပ်များကို ကာကွယ်နိုင်ပြီး ကျင့်ကြံခြင်းသုတေသနဌာနက အများသုံးကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို လျင်မြန်စွာမြှင့်တင်နိုင်သရွေ့ ဟွာသမ္မတနိုင်ငံသည် မိမိခြေထောက်ပေါ် အခိုင်မာရပ်တည်နိုင်မည်ဖြစ်သည်။ သုတေသနဌာအနေဖြင့် မှတ်ပုံတင်အလိုက်သာ အသက်ရှည်ဆေးလုံးများကို ဖြန့်ဝေပေးရန်သာလိုအပ်ပြီး သမာဓိလမ်းစဉ်က မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းပေးလိမ့်မည်။

ဟွာသမ္မတနိုင်ငံအနေဖြင့် ပြဿနာရှာရန်မလိုသော်လည်း ကြောက်ရွံ့နေရစရာအကြောင်းရင်းလည်းမရှိပေ။ တာအိုအမွေအနှစ်သည် ဆယ်စုနှစ်များစွာအတွင်း စုဆောင်းလာခဲ့သော ကျင့်ကြံခြင်းဆိုင်ရာဆက်ခံမှုတစ်ခုဖြစ်သည်။ ၎င်းသည် တည်ငြိမ်အေးချမ်းခြင်းနှင့် ဘာမျှမလုပ်ဘဲနေခြင်းဟူသော အခြေခံမူများဖြစ်သည့် စိတ်နှင့် ကျင့်ဝတ်နှစ်ခုစလုံးကို ကျင့်ကြံခြင်းအပေါ် အခြေခံထားသည်။ ကျင့်ကြံသူအနည်းငယ်ကို ပြန်ပေးဆွဲသွားရုံမျှဖြင့် ထိုအမွေအနှစ်ကို ပြန့်ပွားစေရန် မလုံလောက်ပေ။

နှီးနှောဖလှယ်ပွဲကို စည်ကားသော ကမ်းရိုးတန်းမြို့တစ်မြို့တွင် ကျင်းပခဲ့သည်။ ၎င်းသည် အာဏာပိုင်များသဘောတူညီခဲ့သော ဒုတိယအကြိမ်မြောက် နိုင်ငံတကာအပြန်အလှန်နှီးနှောဖလှယ်ပွဲဖြစ်သော်လည်း စစ်မှန်သောကျင့်ကြံခြင်းနည်းလမ်းများကို ထုတ်ဖော်ပြသရန်အကြောင်းမရှိပေ။ ၎င်းသည် အပြန်အလှန်ဆွေးနွေးရန်နှင့် အချင်းချင်းစမ်းသပ်ရန် စင်မြင့်တစ်ခုမျှသာဖြစ်သည်။

ရှေးဟောင်းမိစ္ဆာနှင့်ပတ်သက်သော အစီအစဉ်ပေါ်ပေါက်လာချိန်နှင့် တိုက်ဆိုင်နေသော်လည်း ဝမ်ရှန်လည်း သဘောတူညီခဲ့ပြီးဖြစ်ရာ ကူညီရန် အမြန်သွားရောက်ခဲ့ရသည်။

မူလက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တာအိုဆရာခြောက်ဦးသာစေလွှတ်ရန် ပြင်ဆင်ထားပြီး စကားပြောကောင်းသောချင်ယန်ဇီက အဖွဲ့ကို ဦးဆောင်ကာ နိုင်ငံခြားဧည့်သည်များနှင့် လက်ဖက်ရည်သောက်ရင်း စကားပြောရန်ဖြစ်သည်။ သို့သော်လည်း ဆာကူရာကျွန်း၊ ဂီလန်နှင့် ဂျင်တာတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် ဟွာသမ္မတနိုင်ငံကျင့်ကြံသူများ၏ အစွမ်းကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ရန် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အမှီအခိုကင်းသည့် လမ်းမှန်ကျင့်ကြံသူများ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ချင်ယန်ဇီသည် ၎င်းတို့ကို အတတ်နိုင်ဆုံးဧည့်ခံခဲ့သည်။ နိုင်ငံတစ်ခုစီမှ စိန်ခေါ်သူတစ်ဦးစီ ရှေ့သို့ တက်လာသောအခါ သူက တစ်ယောက်ချင်းစီကို သတိလစ်သွားအောင် ရိုက်နှက်၍ တုံ့ပြန်ခဲ့သည်။

ချယ်ရီပန်းများနှင့် ကျွန်းလေးကျွန်းကြောင့် အမည်တွင်သော ဆာကူရာကျွန်းသည် တစ်ချိန်က အရှေ့ပိုင်းဒေသများအဖြစ် လူသိများခဲ့သည်။ ၎င်းသည် နိုင်ငံခြားနိုင်ငံများအနက် တာအိုဂိုဏ်းများကို အနက်ရှိုင်းဆုံးနားလည်ထားသောနိုင်ငံဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ချင်ယန်ဇီ လှုပ်ရှားလိုက်သည်နှင့် ဆာကူရာကျွန်းမှ အကြီးအကဲတစ်ဦးက သူသည် ရွှေအမြုတေကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် သက်တမ်း ၈၀၀ရှိကြောင်း ချက်ချင်းအသိအမှတ်ပြုခဲ့သည်။ ထိုရှာဖွေတွေ့ရှိမှုက ကိုယ်စားလှယ်အဖွဲ့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဂီလန်အင်ပါယာ သို့မဟုတ် ယင်ဂီလန်အင်ပါယာဟု တစ်ခါတစ်ရံခေါ်ဆိုသော နိုင်ငံသည် လူကြီးလူကောင်းများ၏ မြေအဖြစ် နာမည်ကျော်ကြားသည်။ ၎င်းသည် ယုံကြည်မှုကို အခြေခံသည့် ကျင့်ကြံခြင်းအုပ်စုကို ကိုယ်စားပြုသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းယဉ်ကျေးမှုကြီး(၄)ခုအနက်မှ တစ်ခုဖြစ်သော ဂျင်တာသည် ယခုအခါ များသောအားဖြင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ ၎င်း၏ ရှေးဟောင်းရွှေမျှော်စင်ကြီးများကြောင့် ဆက်လက်ကျော်ကြားနေသော်လည်း ၎င်း၏ ကျင့်ကြံခြင်းနည်းလမ်းများသည် ယခုအခါ စိတ်စွမ်းအားတစ်ခုတည်းကိုသာ ဗဟိုပြုနေတော့သည်။ ရွှေအမြုတေဆိုသည်မှာ တကယ်တမ်းဘာကိုဆိုလိုသည်ကို ၎င်းတို့နားမလည်ကြချေ။ ၎င်းတို့ နားမလည်နိုင်သည်မှာ ထာဝရရှင်သန်ခြင်း၏ နောက်ဆက်တွဲသဘောတရားမျှသာဖြစ်သည်။

Chapter 256

ချင်ယန်ဇီကမူ တည်ငြိမ်စွာ ပြုံးပြရုံမျှသာ ပြုလုပ်ပြီး မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ ထပ်မံရှင်းပြခြင်းမရှိခဲ့ပေ။

နှစ်ဖက်စလုံး၏ အစွမ်းအစကွာဟချက်က ကြီးမားလွန်းလှသဖြင့် နှီးနှောဖလှယ်ပွဲသည် လျင်မြန်စွာပင် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ သုံးခုက ယင်းအစား မျိုးဆက်သစ်လူငယ်များကို အချင်းချင်းယှဉ်ပြိုင်စေပြီး နည်းစနစ်များဖလှယ်ကြရန် အဆိုပြုခဲ့ကြသည်။

ချင်ယန်ဇီက နှီးနှောဖလှယ်ပွဲတွင် ပါဝင်နေပြီဖြစ်သောကြောင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို အလိုလိုသတိရမိကြသည်။ မုရွှယ်က ၎င်းတို့ထံ အမြန်ဖုန်းဆက်ခဲ့ပြီးနောက် ထိုနှစ်ဦးသည် နှီးနှောဖလှယ်ပွဲကျင်းပရာနေရာသို့ လေယာဉ်ဖြင့် ချက်ချင်းထွက်ခွာခဲ့ကြသည်။

ပြင်ဆင်ရန် တစ်ညအချိန်ရသဖြင့် စိုးရိမ်စရာမလိုပေ။ သို့သော် ဝမ်ရှန်းတွင် မေးခွန်းအချို့ ရှိနေခဲ့သည်။

ချင်ခေတ်မတိုင်မီက တာအိုအမွေအနှစ်များစတင်ပြန့်ပွားခဲ့ပြီး ဟွာ၏ မဟာနတ်ဘုရားကုန်းမြေသည် ကျင့်ကြံခြင်းအတွက် အထိတ်အမြတ်နေရာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် လူသားများသည် ကမ္ဘာ့နေရာအနှံ့အပြားသို့ ပြန့်နှံ့နေပြီဖြစ်သည်။ အဘယ်ကြောင့် အခြားဒေသများတွင် မည်သည့်တာအိုအမွေအနှစ်မျှ လက်ဆင့်ကမ်းခြင်းမရှိခဲ့သနည်း။

သိရှိထားသော ဒဏ္ဍာရီစနစ်များကို ထည့်သွင်းစဉ်းစားပါက ထိုနိုင်ငံခြားဒဏ္ဍာရီကြီးများသည် အမှန်တကယ်ပင် စိတ်ကူးယဉ်သက်သက်ဖြစ်နိုင်သည်လား… ထိုနိုင်ငံခြားဒဏ္ဍာရီများထဲမှ နတ်ဘုရားများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ပျောက်ကွယ်သွားခဲ့သော အင်မော်တယ်များနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေနိုင်သလား…။

အကယ်၍ သူသာ ထိုအမျိုးသမီးရုပ်အလောင်းကို မေးမြန်းနိုင်လျှင် သူရှာဖွေနေသော အဖြေများက သူမထံတွင် ရှိနေနိုင်သည်။ ကံမကောင်းစွာဖြင့် သူမသည် အောင်မြင်စွာ လူပြန်ဝင်စားသွားသည်ဖြစ်စေ သို့မဟုတ် မြေအောက်တစ်နေရာရာတွင် ပျက်စီးသွားသည်ဖြစ်စေ ဤလျှို့ဝှက်ဆန်းကြယ်မှုများသည် ခေတ်သစ်ကျင့်ကြံသူများအတွက် ထာဝရအဖြေမရှိဘဲ ကျန်ရစ်နေနိုင်လေသည်။

သတ်မှတ်ထားသော ဟိုတယ်သို့ ရောက်ရှိပြီး ၎င်းတို့၏ ဆရာနှင့် ပြန်လည်ဆုံတွေ့သောအခါ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် အစည်းအဝေးသို့ ခေါ်ယူခြင်းခံခဲ့ရသည်။

၎င်းကို အစည်းအဝေးဟုခေါ်ဆိုရန် ခက်ခဲသော်လည်း တာအိုဆရာများသည် လက်ဖက်ရည်သောက်ရင်း နိုင်ငံခြားကျင့်ကြံခြင်းစနစ်များအကြောင်း စကားစမြည်ပြောဆိုကြပြီး ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို နောက်နေ့တွင်ရင်ဆိုင်ရမည့် ပြိုင်ဘက်များနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

ဤတာအိုဆရာများသည် သူတို့ဂိုဏ်းတူမောင်နှမနှစ်ယောက်၏ အစွမ်းအစအပေါ် အပြည့်အဝယုံကြည်မှုရှိနေကြပြီးဖြစ်သည်။ ဝမ်ရှန်းက ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရသောအခါ ၎င်းတို့ ပို၍စိတ်အေးသွားခဲ့ကြသည်။

မကြာမီ စကားဝိုင်းသည် အခြားအကြောင်းအရာများသို့ ရောက်ရှိသွားခဲ့သည်။ ဝမ်ရှန်းက သူရှုပ်ထွေးနေခဲ့သော မေးခွန်းများကို ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးယူလိုက်သည်။ တာအိုဆရာများ အချင်းချင်းကြည့်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြသည်။

‌လောင်ရှန်းတောင်မှ ဟန်ချူးက ပြုံးလျက် ပြောသည်၊၊

“ချင်ခေတ်အစောပိုင်းလူတွေက ဟွာပြည်ရဲ့ အပြင်ဘက် နယ်မြေအားလုံးကို လူရိုင်းမြေတွေလို့ ခေါ်လေ့ရှိကြတယ်၊၊ အဲဒါက ဒီနေ့ခေတ်စံနှုန်းတွေအရ မာနကြီးတယ်လို့ထင်ရပေမဲ့ လုံးဝအခြေအမြစ်မရှိတာတော့မဟုတ်ဘူး”

ချင်ယန်ဇီက သက်ပြင်းချကာ “မင်းက ကျင့်ကြံခြင်းစာပေတွေအပြင် တခြားစာအုပ်တွေကိုလည်း ပိုဖတ်သင့်တယ်”

ဝမ်ရှန်းလည်း ခေါင်းအမြန်ငုံ့ကာ “ဟုတ်ကဲ့ပါ ဆရာ”

ပုံရိပ်ယောင်အမြုတေအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူ လျှိုချန်းက ညင်သာစွာ ပြောလာသည်၊၊

“ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းအနည်းငယ်က လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဒီကိစ္စကိုလေ့လာခဲ့ကြတယ်၊၊ လူမျိုးစုအတော်များများမှာ ကိုယ်ပိုင်ကျင့်ကြံခြင်းစနစ်တွေရှိခဲ့ကြတယ်၊၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀က ချီစွမ်းအင်တွေရှိနေသေးတဲ့အချိန်မှာ ဘာသာရေးအာဏာပိုင်တွေက နိုင်ငံခြားကျင့်ကြံခြင်းနည်းလမ်းအများစုကို ထိန်းချုပ်ခဲ့ကြတယ်”

“သူတို့က ကျွန်တော်တို့ တာအိုဂိုဏ်းတွေနဲ့မတူဘဲ အချင်းချင်းတိုက်ခိုက်လေ့ရှိကြတယ်၊၊ ကျွန်တော်တို့ လမ်းမှန်ကျင့်ကြံသူအသိုင်းအဝိုင်းက ငြိမ်းချမ်းတဲ့အချိန်မှာ ဆိတ်ငြိမ်စွာနေပြီး ပရမ်းပတာဖြစ်တဲ့အချိန်မှာ သူရဲကောင်းပီသစွာ ကူညီခြင်းကို တန်ဖိုးထားတာမို့ နိုင်ငံတော်ကို နှောင့်ယှက်တဲ့သူမှန်သမျှကို မိစ္ဆာကျင့်ကြံသူတွေအဖြစ်သတ်မှတ်ပြီး အဲဒီအတိုင်းနှိမ်နင်းလေ့ရှိတယ်”

ဝမ်ရှန်းလည်း အတွေးနက်ရင်း ခေါင်းညိတ်လိုက်သည်။

ချင်ယန်ဇီက ခပ်ဖျော့ဖျော့ပြုံးကာ သူ၏ ဖုန်းထဲမှ ဓာတ်ပုံအချို့ကို ပို့ပေးလိုက်သည်၊၊

“ကြည့်လိုက်ဦး၊ ဒီကိုယ်စားလှယ်အဖွဲ့တွေထဲက နိုင်ငံခြားသူမိန်းကလေးတချို့က အတော်လေးဆွဲဆောင်မှုရှိတယ်၊၊ မနက်ဖြန်ကျရင် သူတို့က မင်းရဲ့ သိမ်မွေ့လှပတဲ့ ဓားကွက်တွေအပေါ် ကြွေသွားနိုင်တယ်”

အခြားတာအိုဆရာများ “…”

ချင်ယန်ဇီက သူ့တပည့်တွေကို ပုံမှန်ဆို ဒီလိုပဲသင်ကြားတတ်တာလား….

တစ်ချိန်တည်းမှာပင် ဝမ်ရှန်းလည်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့သည်။ သူ၏ ဆရာက တစ်နေ့ထက်တစ်နေ့ ပို၍ထူးဆန်းလာခဲ့သည်။

လူတိုင်း၏ တုံ့ပြန်မှုများကို လျစ်လျူရှုကာ ချင်ယန်ဇီကမူ သူ၏ တပည့်နှစ်ဦးအတွက် တိတ်တဆိတ်စိုးရိမ်ပူပန်ရင်း ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။

သူ့စီနီယာအစ်မအား အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးနေသောကြောင့်ဖြစ်နိုင်သည်… ဝမ်ရှန်း ဖုန်းထဲမှ ဓာတ်ပုံများကို ကြည့်လိုက်သောအခါ မည်သည့်ခံစားချက်မျှ လုံးဝမရှိခဲ့ချေ။

သူသည် မျက်နှာပြင်ပေါ်တွင် သူ၏လက်ချောင်းကို သာသာယာယာပွတ်ဆွဲလိုက်သည်။ သူ့၏ဆရာ ပို့ပေးထားသော ဓာတ်ပုံငါးပုံအနက် နှစ်ပုံမှာ ဆာကူရာကျွန်းမှ မိန်းကလေးများဖြစ်ကြသည်။ တစ်ယောက်က ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး အခြားတစ်ယောက်ကမူ ကျပ်ထုပ်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ နှစ်ယောက်စလုံးမှာ အတော်ပင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိကြသော်လည်း ကျင့်ကြံခြင်းလောကရှိ ငယ်ရွယ်သော တာအိုဆရာမများနှင့် နှိုင်းယှဉ်ပါကမူ ၎င်းတို့သည် အလွန်ဆုံးအလယ်အလတ်အဆင့်မျှသာ သတ်မှတ်နိုင်သည်။

ဓာတ်ပုံများထဲတွင် အထူးခြားဆုံးမှာ အသားဖြူဖြူနှင့် ရွှေအိုရောင်ဆံပင်ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမတွင် ဖျော့တော့သော မျက်ဝန်းပြာများ၊ ရှည်လျားသော ရွှေရောင်ဆံနွယ်များ၊ သွယ်လျလှပသော ကိုယ်လုံးကိုယ်ထည်နှင့် သိမ်မွေ့သော မျက်နှာသွင်ပြင်တို့ရှိပြီး ကြက်တစ်ကောင်ကိုပင် ဖမ်းရန် အားမရှိပုံရသော သွယ်လျသည့်လက်မောင်းများရှိသည်။ သူမ၏ပုံစံအရ စိတ်စွမ်းအားလမ်းစဉ်ကို လျှောက်လှမ်းသူဖြစ်ကြောင်း ပြသနေသည်။

စိတ်စွမ်းအား၊ ဝိညာဉ်အသိစိတ်နှင့် စိတ်ဝိညာဥ်စွမ်းအင်တို့သည် ဆက်စပ်နေသော်လည်း လုံးဝမတူညီသော အယူအဆသုံးခုဖြစ်ကြသည်။

မုဝမ်ရွှမ်းက ဓာတ်ပုံများကို လှမ်းကြည့်ရန် တိတ်တဆိတ်အနားသို့ တိုးကပ်လာခဲ့သည်။ ၎င်းနောက် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။

“ဝိုး”

ဝမ်ရှန်း ခပ်တိုးတိုးရယ်မောလိုက်ပြီး သူ၏ဆရာက ဓာတ်ပုံအလွန်ရိုက်ကောင်းကြောင်း ချီးမွမ်းရန် ၎င်းဓာတ်ပုံများကို သူ၏ဆရာမထံသို့ ပေးပို့မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ ယင်းအစား ဓာတ်ပုံအားလုံးကို ရိုးရိုးရှင်းရှင်းပင် ဖျက်ပစ်လိုက်သည်။

သူ၏ဆရာနှင့် တာအိုဆရာအချို့ထံမှ သိရှိရသမျှအရ ထိုကိုယ်စားလှယ်အဖွဲ့သုံးခုတွင် ကျွမ်းကျင်သူရှိပုံမရချေ။ မနက်ဖြန်တွင် မုဝမ်ရွှမ်းအနေဖြင့် ရှေ့ထွက်ရန်ပင်မလိုဘဲ သူမ၏ အသွင်အပြင်နှင့် အရှိန်အဝါကတင် ၎င်းတို့ကို လုံးဝလွှမ်းမိုးသွားရန် လုံလောက်နေပြီဖြစ်သည်။

၎င်းတို့၏ တိုတောင်းသော အစည်းအဝေးပြီးဆုံးသွားချိန်တွင် ဟိုင်းကျင်းက ခရီးဆောင်အိတ်ကို အလောတကြီးဆွဲလျက် ရောက်ရှိလာခဲ့သည်။

သူသည် ဤနိုင်ငံတကာနှီးနှောဖလှယ်ပွဲတွင် ဗုဒ္ဓဂိုဏ်းများကို ကိုယ်စားပြုရန်ရောက်ရှိလာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် အတော်ပင် သင့်တော်လှပေသည်။

တစ်ဖက်လူက ၎င်းတို့နှင့် အဆင့်မမျှသော ဟွာသမ္မတနိုင်ငံကျင့်ကြံသူများနှင့် တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်ရန် တောင်းဆိုလာမည်ကို စိုးရိမ်သဖြင့် ဟွာသမ္မတနိုင်ငံသည် သုံးဦး သို့မဟုတ် ငါးဦး အဖွဲ့လိုက်တိုက်ပွဲများကို အဆိုပြုရန် စဉ်းစားခဲ့သည်။ ထို့ကြောင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် နောက်ထပ်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ရွေးချယ်ခဲ့သည်။ ၎င်းနောက် ထိုငါးဦးပါဝင်သော လူငယ်ကိုယ်စားလှယ်အဖွဲ့ကို အရှေ့ဘက်ပင်လယ်ကို ဖြတ်ကျော်၍ ဤနိုင်ငံတကာမြို့တော်သို့ တစ်ညတည်းဖြင့် အမြန်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးနှစ်ဦးရောက်ရှိလာချိန်တွင် ဝမ်ရှန်း၊ မုဝမ်ရွှမ်းနှင့် ဟိုင်ကျင်းတို့သည် ကျင့်ကြံရန် ၎င်းတို့၏ အခန်းများသို့ ပြန်သွားကြပြီ ဖြစ်သည်။ ၎င်းတို့ကို မနှောင့်ယှက်လိုသဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် နောက်တစ်နေ့မနက်စောစောတွင် ဝမ်ရှန်း၏ အခန်း၌ ငါးဦးလုံးစုဝေးကြရန်သာ အကြောင်းကြားခဲ့သည်။ ပထမဆုံးရောက်ရှိလာသူမှာ မုဝမ်ရွှမ်းဖြစ်သည်။ သူမသည် သူမ၏အကောင်းဆုံးအခြေအနေသို့ ရောက်ရှိစေရန် တစ်ညလုံး ဆိတ်ငြိမ်စွာတရားမှတ်၍ ပြင်ဆင်ခဲ့သည်။

သူမနှင့် ဝမ်ရှန်းတို့ စကားစမြည်ပင်မပြောရသေးမီ တံခါးခေါက်သံကို ကြားလိုက်ရသည်။

“ဝေါမီတောဖော”

တစ်စုံတစ်ယောက်၏ ဘုရားစာရွတ်သံနှင့်အတူ အနည်းငယ်ဟနေသော တံခါးသည် ပွင့်သွားခဲ့သည်။ မီးသီးတစ်လုံးကဲ့သို့ ပြောင်လက်နေသော ခေါင်းပြောင်တစ်ခုက အတွင်းသို့ ပြူးထွက်လာခဲ့သည်။

ဘုန်းကြီးတစ်ပါးဖြစ်သော်လည်း ဟိုင်ကျင်းသည် မုဝမ်ရွှမ်းအား အကြိမ်အနည်းငယ်လောက် မကြည့်ဘဲမနေနိုင်ခဲ့ချေ။

“မင်းကတကယ်ကို ထူးခြားတယ်.. နတ်သမီးပုယွီ… အဟမ်း မင်းတို့နှစ်ယောက်က အတော်လေးတက်ကြွနေပုံရတယ်”

ဝမ်ရှန်းက တာအိုဝတ်စုံအသစ်ကို ဝတ်ဆင်ထားလျက် ပြုံးလိုက်သည်။

“ဒါပေါ့… ဒီနေ့ နှီးနှောဖလှယ်ပွဲက ဘာမှမခက်ခဲပါဘူး၊၊ ဒါပေမဲ့ ငါတို့က နိုင်ငံခြားဧည့်သည်တွေကို ရင်ဆိုင်ရမှာဖြစ်လို့ ကျင့်ကြံခြင်းလောကကို ကိုယ်စားပြုပြီးပြသရမယ့် ပုံရိပ်ကိုတော့ ဂရုစိုက်ရလိမ့်မယ်”

မုဝမ်ရွှမ်းကို ကြည့်ရင်း ဝမ်ရှန်းလည်း သူ့၏ စကားလုံးရှားပါးမှုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူမ၏ အလှတရား၏ အစိတ်အပိုင်းအနည်းငယ်ကိုပင် ဖော်ပြရန်သင့်တော်သောစကားလုံးကို သူ ရှာမတွေ့ခဲ့ချေ။

မနေ့က သူ၏စကားများကို အလေးထားကာ မုဝမ်ရွှမ်းသည် ယနေ့တွင် အထူးပင် ပြင်ဆင်ထားခဲ့သည်။ နက်မှောင်သော ဆံနွယ်များကို ကျောက်စိမ်းဆံထိုးဖြင့် ထိန်းထားပြီး ရောင်စုံပိုးသားဖြင့်ပြုလုပ်ထားသော ပေါ့ပါးသည့်ဝတ်စုံမှ မွှေးပျံ့သောရနံ့များထွက်ပေါ်နေကာ သွယ်လျသော စင်ရော်တောင်မျက်ခုံးများ၊ ကြယ်တာရာများကဲ့သို့ တောက်ပသောမျက်ဝန်းများနှင့် ချယ်ရီပန်းပွင့်ဖတ်များကဲ့သို့ နူးညံ့သော နှုတ်ခမ်းလွှာတို့… ရှိနေသည်။ သူမသည် အိပ်မက်ထဲမှ နတ်သမီးတစ်ပါးအလားပင်…

၎င်းတို့သည် နတ်ဘုရားမြူခိုးများ ရစ်ဆိုင်းနေသော နတ်ဘုရားဘုံ၌ ရှိမနေခြင်းက ကံဆိုးခြင်းဖြစ်သည်။ ဤလောကသည် သူမ၏ ထူးခြားလှပသော အရှိန်အဝါကို မထိန်းသိမ်းနိုင်လောက်အောင်ဖြစ်နေသည်။

ဝမ်ရှန်းသည် မုဝမ်ရွှမ်းနှင့် နေ့ညမပြတ်အတူရှိနေသော်လည်း စောစောက သူမအတွက်တံခါးဖွင့်ပေးလိုက်ချိန်တွင် “မင်းလို နတ်သမီးတစ်ပါးက ဒီကို ဘာလာလုပ်တာလဲ” ဟုမေးချင်စိတ်ပင် ပေါ်လာခဲ့သည်။

ဗုဒ္ဓတရားတော်များကို နက်ရှိုင်းစွာ လေ့လာထားသဖြင့် ဟိုင်ကျင်းက ရိုးသားစွာ ချီးကျူးလိုက်ပြီးနောက် ဝမ်ရှန်းနှင့်ထိုင်ကာ စကားစမြည်ပြောခဲ့သည်။

“ငါ တောင်ပေါ်ကိုပြန်သွားပြီးနောက် တိုးတက်မှုတချို့ရှိခဲ့တယ်လို့ထင်ပြီး မင်းရှေ့မှာကြွားချင်နေတာ… ဒါပေမယ့် မင်းက ပုံရိပ်ယောင်အမြုတေအလယ်အဆင့်ကို ရောက်နှင့်နေပြီလို့ မမျှော်လင့်ထားဘူး”.

All Chapters