← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 19 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 19 Ch. 191-192

အခန်း (၁၉၁) ကောင်မလေး၏ တန်ပြန်တိုက်ခိုက်မှု

အရင်ကသာဆိုလျှင် ချူကျန့်က "ဒါတော့ မဖြစ်ဘူးလေ... မင်းရဲ့ အနာဂတ် သတို့သားလောင်းက ငါ့ကို မုန်းသွားလိမ့်မယ်..." ဟု နောက်ပြောင်မိမည်သာ။

သို့သော် ကောရှန်၏ အတွေးများကို ခန့်မှန်းမိသွားပြီးကတည်းက သူသည် ဤကဲ့သို့သော နောက်ပြောင်မှုကို မည်သို့ ပြောထွက်နိုင်မည်နည်း။ အထူးသဖြင့် ထိုစကားများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို ယခုအခါ သူ အပြည့်အဝ နားလည်သွားသောကြောင့်ပင်။ ထို့အပြင် မိန်းမပျိုလေး တစ်ဦး အနေဖြင့် ဤကဲ့သို့သော စကားမျိုး ပြောရန် မည်မျှ သတ္တိမွေးခဲ့ရမည်ကို သူ ပို၍ပင် သိထားသည်။

ချူကျန့်မှာ မည်သို့ ပြန်ဖြေရမည်ကို မသိတော့သဖြင့် ရယ်မောကာ ဘာမှ မသိဟန်ဆောင်လိုက်ရုံသာ တတ်နိုင်တော့၏။

"ဒါပေါ့ ကောင်းတာပေါ့... ဒါပေမဲ့ စီနီယာ အစ်မ အရမ်း ပင်ပန်းမှာကိုပဲ ငါ စိုးရိမ်တာပါ... ဒီ ဆေးစွပ်ပြုတ် ပြုတ်ဖို့ အချိန် အများကြီး ယူရတယ် မဟုတ်လား..."

"ခစ်ခစ်.. မယူရပါဘူး... မယူရပါဘူး..."

ကောရှန်၏ မျက်လုံးလေးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပသွားသော်ငြား တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူမ၏ စိတ်အခြေအနေမှာ ရုတ်တရက် ကျဆင်းသွားတော့၏။ သူမသည် ခေါင်းငုံ့ကာ စွပ်ပြုတ်ကိုသာ တိတ်ဆိတ်စွာ ဆက်သောက်နေလိုက်သည်။

ဤမိန်းကလေးရှေ့တွင် သူသည် အလွန်အမင်း အချိုးမကျ ဖြစ်နေကြောင်း ချူကျန့် သဘောပေါက်သွားသည်။ ပြောစရာ အကြောင်းအရာတွေ အများကြီး ရှိနေပါလျက် စကားတစ်ခွန်းမျှ မဟနိုင်တော့သဖြင့် သူလည်း ခေါင်းငုံ့ကာ စွပ်ပြုတ်ကိုသာ သောက်နေလိုက်ရတော့၏။

"ဂျူနီယာမောင်လေး..."

တစ်ဖက်မှ နူးညံ့သော အသံလေး ထွက်ပေါ်လာသည်။

"ဟင်..."

ချူကျန့် မော့ကြည့်လိုက်ရာ ကောရှန်း မှာ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ပန်းကန်လုံးထဲရှိ စွပ်ပြုတ်ကို ဇွန်းဖြင့် ညင်သာစွာ မွှေနေသည်ကို မြင်တွေ့လိုက်ရ၏။

"အစ်မလီ က အရမ်း လှတာပဲနော်..."

ချူကျန့်၏ မျက်ခုံးများ တွန့်ကွေးသွားပြီး ဘာမှ မသိဟန်ဆောင်ကာ မေးလိုက်သည်။

"ဘယ်က အစ်မလီ လဲ..."

"မနေ့က မင်းနဲ့ အတူ ထမင်းစားခဲ့တဲ့ အစ်မ လီဝမ်ရှို့ လေ..."

"သြော်... အစ်မရင် နဲ့ ချန်ကျားဖုန်း တို့လည်း ငါတို့နဲ့ အတူ စားဖို့ လုပ်ထားတာ... ဒါပေမဲ့ အရေးပေါ် ကိစ္စ ရှိလို့ ထွက်သွားကြတာ... ဒါကြောင့်..."

ယမန်နေ့က လီဝမ်ရှို့ သူ့ကို ပြောခဲ့သည်များကို ပြန်လည် သတိရသွားပြီး ဘယ်လို ရှင်းပြရမည်ကို တွေးကာ ချူကျန့် ခေါင်းကိုက်လာတော့၏။

'လီဝမ်ရှို့ နဲ့ ငါ့ ကြားမှာ ဘာမှ မရှိပါဘူး' ဟု အလွယ်တကူ ပြောလိုက်၍ ရသော်ငြား ချူကျန့်သည် ထိုစကားကို ပြောထွက်ရန် အလွန် ခက်ခဲနေသည်။ သူ အပြစ်ရှိသလို ခံစားနေရ၍ မဟုတ်ဘဲ ထိုစကားများ ပြောလိုက်ပါက တစ်စုံတစ်ခု ပြောင်းလဲသွားမည်ကို ကြောက်ရွံ့နေသောကြောင့်ပင်။

သူသည် အထီးကျန်စွာ နေထိုင်ရခြင်းကို အသားကျနေပြီး မိသားစုနှင့် ကင်းကွာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ ရုတ်တရက် သံယောဇဉ် အသစ်တစ်ခု ဝင်လာမည်ကို သူ အသင့်မဖြစ်သေးချေ။

လေထုမှာ အလွန်အမင်း လေးလံနေသဖြင့် ချူကျန့် တစ်ယောက် ထွက်ပြေးချင်စိတ်ပင် ပေါက်လာတော့၏။

"သြော်... ဟုတ်လား..."

သူ့ရှေ့ရှိ မိန်းကလေးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ မျက်လုံးများ နီရဲလျက် ချူကျန့် အနားသို့ ချဉ်းကပ်လာသည်။

"ဂျူနီယာမောင်လေး... ငါ့မျက်လုံးထဲ သဲဝင်သွားလို့ ထင်တယ်... တစ်ချက်လောက် မှုတ်ပေးပါလား..."

ချူကျန့် လှမ်းကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ မော့နေပြီး ကြီးမားဝိုင်းစက်နေသော မျက်လုံးလေးများမှာ အမှန်တကယ်ပင် အနည်းငယ် နီရဲနေကာ ကျောက်မျက်ရတနာအလား မည်းနက်နေသော မျက်ဝန်းများထဲတွင် မျက်ရည်စများ ရစ်ဝဲနေသည်ကို မြင်လိုက်ရ၏။

"ဘယ်ဘက် မျက်လုံးထဲ သဲဝင်သွားတာလဲ..."

ချူကျန့် အနားသို့ တိုးသွားကာ သူမ၏ မျက်ခွံများကို ပင့်ရန် လက်မြှောက်လိုက်စဉ် ရုတ်တရက် သူမ၏ မည်းနက်နေသော မျက်လုံးများက သူ့အနားသို့ ပိုပိုနီးကပ်လာသည်ကို တွေ့လိုက်ရပြီး နောက်တစ်စက္ကန့်တွင် မိန်းကလေး၏ နှုတ်ခမ်းများက သူ၏ နှုတ်ခမ်းများပေါ်သို့ ကျရောက်လာတော့၏။

ချူကျန့် လုံးဝ ကြက်သေ သေသွားလေပြီ။

သူသည် ဤကဲ့သို့သော ကိစ္စများနှင့် မစိမ်းလှသော်ငြား ထိုအရာများ အားလုံးမှာ လျှို့ဝှက် သိုင်းလောက မှ အတွေ့အကြုံများသာ ဖြစ်၏။ နည်းပညာများ တိုးတက်နေသော ခေတ်သစ် လူ့အဖွဲ့အစည်းတွင် သူ့၌ ရည်းစား မပြောနှင့် သူငယ်ချင်းပင် မရှိခဲ့ရာ ထိုနူးညံ့ပြီး နွေးထွေးကာ ချိုမြိန်သော အထိအတွေ့က ကျရောက်လာသောအခါ တစ်ခဏမျှ ဘာတွေ ဖြစ်နေမှန်းပင် သူ သတိမထားမိလိုက်ချေ။

သို့သော် သူ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းနေပြီး သူ၏ ရင်ခုန်သံများပင် သူ၏ နားထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။

ထိုမြန်ဆန်လှသော ရင်ခုန်သံမှာ သူ၏ ရင်ခုန်သံလား သို့မဟုတ် ခြေဖျားထောက်ရန် ကြိုးစားနေပြီး သွယ်လျသော ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ယင်နေသော သူ၏ ရင်ခွင်ထဲမှ မိန်းကလေး၏ ရင်ခုန်သံလား ဆိုသည်ကိုတော့ သူ မခွဲခြားတတ်တော့ချေ။

ဘာတွေ ဖြစ်သွားမှန်း သူ သတိထားမိချိန်တွင် မိန်းကလေးမှာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့ပြီ ဖြစ်သည်။

ချူကျန့် ပါးစပ် ဟလိုက်သော်ငြား စကားတစ်ခွန်းမျှ မဟနိုင်ဘဲ သူ့ရှေ့ရှိ မိန်းကလေးကိုသာ အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့၏။

မိန်းကလေး၏ မျက်နှာလေးမှာ နီရဲနေပြီး နူးညံ့ဖြူစင်သော လည်တိုင်မှသည် ချောမွေ့လှပသော မျက်နှာလေးအထိ တောက်ပနေသော နားရွက်လေးများပင် မီးတောက်လုမတတ် နီရဲနေတော့သည်။

သို့သော် မိန်းကလေးသည် နီရဲနေသော မျက်နှာလေးကို အတင်း မော့ထားကာ အလွန်အမင်း ချစ်စရာကောင်းနေပြီး သူမသည် ချူကျန့်၏ အကြည့်များကို မရှောင်လွှဲဘဲ သူ၏ မျက်လုံးများထဲတွင် စီးဆင်းနေသော ခံစားချက်များကို ရှင်းလင်းစွာ မြင်တွေ့ခွင့် ပြုထားသည်။

"စီနီယာ အစ်မ... မင်း..."

ချူကျန့် သည် စကား သုံးခွန်းသာ ပြောနိုင်လိုက်ပြီး သူ၏ လည်ချောင်းများ ခြောက်ကပ်နေကာ အသံမှာလည်း အနည်းငယ် ဩရှနေကြောင်း တွေ့လိုက်ရ၏။

ဤအခိုက်အတန့်တွင် သူ ခံစားလိုက်ရသော တုန်လှုပ်မှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။

ဤကမ္ဘာမှာ ရှေးဟောင်း သိုင်းလောက ဂိမ်းကမ္ဘာ ဖြစ်ကြောင်း သင် နားလည်ထားရမည်။ ပေါင်တံများနှင့် ပခုံးသားများ လှစ်ဟခြင်းကို တစ်သီးပုဂ္ဂလ ဆန်မှုအဖြစ် မှတ်ယူကြပြီး လိင်ဆက်ဆံခြင်းကို လူငယ်သဘာဝအဖြစ် မှတ်ယူကြသော ခေတ်သစ် လူ့အဖွဲ့အစည်းမှ အမျိုးသမီးငယ်များနှင့် မတူချေ။

တင်းကျပ်သော ကျင့်ဝတ်စည်းကမ်းများ ရှိသည့် ဤရှေးခေတ် ကမ္ဘာတွင် အမျိုးသမီးများ အနေဖြင့် အမျိုးသား တစ်ဦးနှင့် လက်ချင်းတွဲခြင်းကိုပင် အလွန် လေးနက်စွာ သတ်မှတ်ကြရာ ယခုကဲ့သို့ အမျိုးသား တစ်ဦးကို အရင် စတင် နမ်းရှုပ်ခြင်း ဆိုသည်မှာ ဝေလာဝေးပင်။

ကောရှန်၏ "အရှေ့ပိုင်း မိစ္ဆာမလေး" ဟူသော နာမည်ပြောင်မှာ အမှန်တကယ်ပင် သင့်တော်လှကြောင်း ချူကျန့် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ အကယ်၍ ဤကဲ့သို့ ရဲတင်းပြီး ထူးခြားသော အပြုအမူမျိုးသာ ပျံ့နှံ့သွားပါက သူမသည် ပြင်းထန်သော ဝေဖန်မှု လှိုင်းတံပိုးကြီးအောက်တွင် နစ်မြုပ်သွားမည်သာ။

သို့သော် ကောရှန်း ကို ဤသို့ ကြည့်နေချိန်တွင် သူ၏ နှလုံးသားက အဘယ်ကြောင့် ဤမျှ ပြင်းထန်စွာ ခုန်ပေါက်နေရသနည်း။ သူမ၏ ပုံရိပ်က သူ၏ စိတ်နှင့် မျက်လုံးများထဲတွင် အဘယ်ကြောင့် ဤမျှ ရှင်းလင်းထင်ရှား နေရသနည်း။

"ငါ အရင်ပဲ..."

ကောရှန် က တိုးတိုးလေး ရေရွတ်လိုက်သည်ကို သူ ကြားလိုက်ရသည်။

ချူကျန့်မှာ အငိုက်မိသွားသဖြင့် သေချာ မကြားလိုက်ရဘဲ မေးလိုက်၏။

"ဘာပြောလိုက်တာလဲ..."

ကောရှန် သည် သူ့ကို မမှိတ်မသုန်ကြည့် နေသည်။ နောက်တစ်စက္ကန့်တွင် သူမ၏ သင်းပျံ့သော ရနံ့လေးက နီးကပ်လာပြီး နူးညံ့သော ခန္ဓာကိုယ်လေးက သူ့ကို ပွေ့ဖက်ကာ သူမ၏ ပါးပြင်လေးက သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာတော့၏။

"ငါ အရင် တွေ့ခဲ့တာပါ..."

ရင်ခွင်ထဲမှ မိန်းကလေးက အံကြိတ်ကာ အော်ဟစ်လိုက်သည်။

ချူကျန့် သည် သူမက သူ့ကို ပို၍ တင်းကျပ်စွာ ဖက်ထားသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်များ ဗလာဖြစ်သွားကာ သူမ ဘာကို ဆိုလိုကြောင်း နားမလည်နိုင်ခဲ့ချေ။

"ဂျူနီယာမောင်လေး ကို ငါ အရင် တွေ့ခဲ့တာ... ဘယ်သူမှ သူ့ကို လုယူသွားလို့ မရဘူး..."

ရင်ခွင်ထဲရှိ မိန်းကလေးက ထပ်ခါတလဲလဲ ပြောနေသည်ကို သူ ကြားလိုက်ရပြီး ပူနွေးသော မျက်ရည်များက သူ၏ အဝတ်အစားများကို စိုရွှဲသွားစေသည်ကို ခံစားလိုက်ရတော့၏။

ချူကျန့်မှာ ထိုနေရာတွင် ကြက်သေ သေလျက် ရပ်ကျန်နေခဲ့သည်။ အစောပိုင်းက မြန်ဆန်နေခဲ့သော သူ၏ ရင်ခုန်သံများမှာ ဖြည်းညင်းစွာ တည်ငြိမ်လာပြီး အံ့အားသင့်မှု၊ သက်သာရာရမှု၊ ဖော်ပြ၍ မရနိုင်သော ပျော်ရွှင်မှုနှင့် ဝမ်းသာမှုတို့ဖြင့် အစားထိုး နေရာယူလာတော့၏။

သူ ပြောင်းလဲချင်သည်ဖြစ်စေ၊ မပြောင်းလဲချင်သည်ဖြစ်စေ ကောရှန်း နှင့် သူ၏ ဆက်ဆံရေးမှာ ယခင်ကဲ့သို့ ဘယ်သောအခါမှ ပြန်ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် ချူကျန့် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ရင်ခွင်ထဲရှိ မိန်းကလေးကို ညင်သာစွာ ပွေ့ဖက်ကာ ပြောလိုက်၏။

"မင်း..."

"ငါ ရှင်းပြပါရစေ"

သူ ပြောချင်ခဲ့သော်ငြား ကောရှန် သည် ရုတ်တရက် ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်သည်။

"ငါ နားမထောင်ဘူး... ငါ နားမထောင်ဘူး..."

ထို့နောက် သူမက မျက်လုံးများ နီရဲလျက် ပြောလိုက်၏။

"မင်း အစ်မလီ ကို သဘောကျတယ် ဆိုတဲ့ စကားကို ငါ မကြားချင်ဘူး..."

ချူကျန့်မှာ စိတ်ထဲမှ ရယ်လိုက်မိသည်။ သူ၏ စီနီယာ အစ်မ ဤမျှ ချစ်စရာ ကောင်းကြောင်း သူ အဘယ်ကြောင့် အရင်က မတွေးမိခဲ့ပါသနည်း။

သူ ပြုံးနေသည်ကို မသိသော ကောရှန်း သည် ချူကျန့်ကို နောက်တစ်ကြိမ် တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမ၏ မျက်နှာကို သူ၏ ရင်ဘတ်ထဲတွင် လုံးဝ ဖွက်ထားလုမတတ် ဖြစ်နေကာ ဆို့နင့်နေသော အသံဖြင့် ပြောလိုက်သည်။

"တောင်းပန်ပါတယ် ဂျူနီယာမောင်လေး... ငါ ဆိုးသွမ်းနေတယ် ဆိုတာ သိပါတယ်... ဒါပေမဲ့ ငါ တကယ် ကြောက်နေလို့ပါ... ပြီးခဲ့တဲ့ ရက်တွေအတွင်း မင်းနဲ့ အစ်မလီ ရဲ့ အကြောင်းတွေကို အများကြီး ကြားခဲ့ရတယ်... မင်းတို့က အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ပြီး တိုက်ပွဲတွေ အတူတူ ဝင်ခဲ့ကြတယ်... မင်းကို ဓားပြတွေ လက်ထဲက ကယ်ဖို့ သူက အသက်တောင် စွန့်ခဲ့သေးတယ်... ငါက မင်းကို ဘာမှ မကူညီနိုင်တဲ့အပြင် ပြဿနာတွေပဲ ရှာပေးနေတာ... မင်းကို ပြေးလွှားစေပြီး ငါ့အတွက် သမားတော် ရှာဖို့ အန္တရာယ် မျိုးစုံကို ရင်ဆိုင်ရစေတယ်..."

မိန်းကလေးမှာ တိတ်တဆိတ် ရှိုက်ငိုနေပြီး သူမ၏ သွယ်လျသော ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ယင်နေသည်။ သူမ၏ မလုံခြုံမှုနှင့် ကြောက်ရွံ့မှုများကို ချူကျန့် ရှင်းလင်းစွာ ခံစားသိရှိနိုင်ပြီး သူမကို ပို၍ တင်းကျပ်စွာ ဖက်ထားမိတော့၏။ သူ စကားပြောရန် ပြင်လိုက်စဉ် ကောရှန် က သူမ၏ မျက်ရည်များကို သုတ်ကာ ဆက်ပြောသည်။

"မနေ့ညက သူ့ကို ငါ တွေ့ခဲ့တယ်... သူ ငါ့ကို ကြည့်တဲ့ အကြည့်တွေက သတိထားနေပြီး ရန်လိုနေတဲ့ အရိပ်အယောင်လေးတွေ ပါနေတယ်... သူ မင်းကို သဘောကျတယ်ဆိုတာ ငါ သိလိုက်တယ်... သူက မင်းအပေါ် အရမ်း ကောင်းပြီး အရမ်းလည်း လှတယ်... သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစား ကလည်း ငါ့ထက် ပိုကောင်းတယ်... ငါ... ငါ သူနဲ့ ယှဉ်နိုင်မယ် မထင်ဘူး..."

ချူကျန့်၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားတော့၏။

ထိုမိန်းကလေး တစ်ညလုံး အိပ်မပျော်ဘဲ လူးလှိမ့်နေခဲ့သလား သူမ နေ့ရောညပါ ဘာတွေ ခံစားနေရသနည်း သို့မဟုတ် ထိုစကားများကို ပြောရန် မည်မျှ သတ္တိမွေးခဲ့ရသနည်း ဆိုသည်ကို သူ မသိခဲ့ချေ။

မီးသွေးဖို ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အလေးအနက်နှင့် ဂရုတစိုက် လုပ်ဆောင်နေခဲ့ပုံ၊ စွပ်ပြုတ်ကို သူ့ထံ ကိုယ်တိုင် လာမပို့ရဲချိန်တွင် သူမ ခံစားခဲ့ရမည့် မလုံခြုံမှုနှင့် စိုးရိမ်ပူပန်မှုများကို တွေးမိသောအခါ ချူကျန့်၏ နှလုံးသားမှာ တင်းကျပ်သွားတော့၏။

ကောရှန်းလေး က ချူကျန့်၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"ဂျူနီယာမောင်လေး... တောင်းပန်ပါတယ်... ဒါက မင်းကို လန့်သွားစေနိုင်တယ်၊ ဒါမှမဟုတ် ငါက အရှက်မရှိတဲ့ မိန်းကလေး တစ်ယောက်လို့ မင်း ထင်သွားနိုင်တယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီအတိုင်းတော့ ငါ အရှုံးမပေးချင်ဘူး... မင်းကို အရင်တွေ့ခဲ့တာ ငါပါ... ပြီးတော့... မင်းကို အရင်ဆုံး သဘောကျခဲ့တာ... ငါပါ..."

နောက်ဆုံး စကားတစ်ခွန်းက သူမ၏ သတ္တိနှင့် ဆုံးဖြတ်ချက် အားလုံးကို ကုန်ခမ်းသွားစေခဲ့ပုံ ရသည်။ သူမ၏ သက်သာရာရသွားမှုနှင့် မရေမတွက်နိုင်သော တောင်တန်းများနှင့် မြစ်များကို ဖြတ်သန်းခဲ့ရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေမှုများကိုပင် ချူကျန့် ခံစားသိရှိနိုင်သည်။

အကြောင်းပြချက် မရှိဘဲ ချူကျန့်၏ ရင်ထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ပြေလျော့သွားတော့၏။ အစောပိုင်းက လေးလံနေခဲ့သော လေထုမှာလည်း ပြန်လည် လည်ပတ်လာလေပြီ။

အခန်း (၁၉၂) သူမ၏ အပြုံးကို ကာကွယ်ခြင်း

“စီနီယာအစ်မ...”

ချူကျန့်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ကောရှန်ကို မည်သို့ ပြန်လည် ဖြေရှင်းရမည်ကို သူ မစဉ်းစားရသေးသလို သူ၏ စိတ်အာရုံများနှင့် ခံစားချက်များမှာလည်း အတော်လေး ဖရိုဖရဲ ဖြစ်နေဆဲပင်။ သို့သော် သူ၏ စိတ်ထဲတွင် အတွေးတစ်ခုကမူ အထပ်ထပ် အခါခါ ရှင်းလင်းစွာ ပေါ်ပေါက်နေတော့၏။

ဤမိန်းကလေးအား ဤမျှ စိုးရိမ်ပူပန်ပြီး ဝမ်းနည်းပူဆွေးလျက် မျက်ရည်များ ထပ်မံ ကျဆင်းနေသည်ကို သူ မမြင်လိုတော့ချေ။

“ဟင်...”

ကောရှန်လေးသည် သူမ၏ ခေါင်းကို မော့ကြည့်လာရာ မျက်ရည်စများ ရစ်ဝဲနေသည့် သူမ၏ မျက်ဝန်းလေးများမှာ ချူကျန့်၏ အကြည့်နှင့် ဆုံသွားတော့၏။

ချူကျန့်မှာ တစ်စုံတစ်ယောက်က သူ၏ နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး စိတ်အာရုံများပင် ဆောက်တည်ရာ မရ ဖြစ်သွားရသည်။

သူ၏ အပြုအမူများမှာ ထူးဆန်းနေသည်ဟု သူ ခံစားနေမိ၏။ ကောရှန်းလေးမှာ အလွန်အမင်း ချစ်စရာ ကောင်းနေသည်ဟု သူ အမှန်တကယ်ပင် တွေးလိုက်မိပြီး “ဒီကလေးမလေးကို ဒီထက်ပိုပြီး ချစ်စရာကောင်းအောင် ခဏလောက် ထပ်ထားလိုက်ရင် မကောင်းဘူးလား...” ဟူသော အတွေးမျိုးပင် ဝင်လာတော့၏။

မဟုတ်သေးပါဘူး... ဤအတွေးမှာ တကယ့်ကို တိရစ္ဆာန်ဆန်လှသည်။ သို့သော်... ဖြစ်နိုင်ပါက... ခဏလောက်တော့ ထပ်ထားချင်သေး၏။

'အင်း... ခဏလောက်လေးပါပဲ...'

“ဂျူနီယာ မောင်လေး...”

ထို “ခဏလောက်” ဆိုသော အချိန်မှာ အနည်းငယ် ကြာသွား၍ ဖြစ်ကောင်းဖြစ်မည်။ ရင်ခွင်ထဲမှ မိန်းကလေးမှာ သနားစရာကောင်းအောင် မျက်တောင်လေးများ ခတ်ပြနေပြန်လေပြီ။

ချူကျန့်မှာ တုန်ယင်နေသော စိတ်ကို တည်ငြိမ်စေရန်အတွက် ကပျာကယာ ချောင်းဟန့်လိုက်၏။ သူသည် မိန်းကလေးကို ညင်သာစွာ ပွေ့ဖက်လိုက်ရာ သူမ၏ နွေးထွေးပြီး နူးညံ့သော အထိအတွေ့နှင့် ရင်းနှီးနေသော ရနံ့လေးကြောင့် သူ၏ နှလုံးသားထဲတွင် နူးညံ့သော အပူရှိန်တစ်ခု ပြည့်နှက်သွားသလိုပင်။

ထို့နောက်တွင် သူ၏ နှုတ်ခမ်းဖျားမှ စကားလုံးများမှာ သဘာဝကျကျပင် စီးဆင်းထွက်ပေါ်လာတော့၏။

“စီနီယာအစ်မ... ငါ့မှာ ညီမလေး တစ်ယောက် ရှိခဲ့ဖူးတယ်...”

“ဟင်...”

ကောရှန်သည် ဘာကြောင့်မှန်း မသိဘဲ ဇဝေဇဝါ ဖြစ်သွားပုံရ၏။

“ငါပြောတာကို အရင်ဆုံး နားထောင်ပါဦး... မင်း မကြားချင်တဲ့ အကြောင်းအရာတွေ မပါစေရပါဘူးလို့ ငါ ကတိပေးပါတယ်...”

သူ၏ တည်ကြည်လေးနက်သော မျက်နှာပေးကို မြင်လိုက်ရသောအခါမှ ကောရှန်းမှာ စိတ်အေးသွားဟန်ဖြင့် လိမ္မာစွာ ခေါင်းညိတ်ပြသည်။

“ငါ အသက် ခုနစ်နှစ် အရွယ်တုန်းက နှင်းမုန်တိုင်းတစ်ခုထဲမှာ ငါ့ညီမလေး ဆုံးပါးသွားခဲ့တာပေါ့... သူမက... အဲဒီအချိန်တုန်းက ငါးနှစ်ပဲ ရှိသေးတာ... ဒါပေမဲ့ သူက အရမ်းကို ခေါင်းမာပြီး စိတ်ဓာတ်ခိုင်မာတဲ့အပြင် အရှုံးမပေးတတ်တဲ့ ကောင်မလေး တစ်ယောက်ပဲ... စိတ်ထားကတော့ တကယ့်ကို ကြင်နာတတ်ရှာတယ်...”

ချူကျန့်မှာ စကားစတင် ပြောလိုက်သည်နှင့် သူ၏ ရှုပ်ထွေးနေသော အတွေးများမှာ မမျှော်လင့်ဘဲ ရှင်းလင်းသွားတော့၏။

“လီဝမ်ရှို့နဲ့ အတူရှိနေရတဲ့ အချိန်တွေမှာ တစ်ခါတလေ ငါ့ညီမလေးလို့တောင် ငါ ထင်ယောင်ထင်မှား ဖြစ်မိတယ်... ငါ့ညီမလေးသာ အသက်ရှင်ပြီး ကြီးပြင်းလာခဲ့မယ်ဆိုရင် သူမလို ကောင်မလေးမျိုးပဲ ဖြစ်မှာလားလို့ ငါ တွေးမိတယ်လေ... ဒါကြောင့်လည်း သူမကို တစ်ခါတလေ ငါ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံမိတာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့...”

ရင်ခွင်ထဲမှ မိန်းကလေးမှာ အလိုအလျောက် ကိုယ်ကို တောင့်ထားမိသည်ကို ခံစားလိုက်ရသဖြင့် ချူကျန့်၏ အသံမှာ ပို၍ပင် နူးညံ့သွားတော့၏။

“ဒါပေမဲ့ အဲဒါက ငါ ..သူ့အပေါ်မှာ ထူးခြားတဲ့ ခံစားချက် ရှိနေလို့ မဟုတ်ပါဘူး... ဒါကိုတော့ မင်း စိတ်ချလက်ချ ယုံကြည်ပေးပါ... တကယ်လို့ သူနဲ့ နီးနီးကပ်ကပ် ရှိနေတာကို မင်း မနှစ်သက်ဘူးဆိုရင်လည်း နောက်ဆိုရင် သူမနဲ့ အဝေးမှာပဲ ငါ နေပါ့မယ်... တကယ်တော့လည်း နောက်နှစ်ရက်လောက်နေရင် သူ့ကို နှုတ်ဆက်ပြီး မင်းကို ဒီ လျန်တူမြို့ကနေ ခေါ်သွားဖို့ ငါ စီစဉ်ထားပြီးသားပဲ... ငါတို့ နောက်တစ်ခါ ဆုံဖြစ်ကြတော့မှာ မဟုတ်ပါဘူး...”

“ငါက အဲဒီလောက် စိတ်ပုပ်တဲ့သူ မဟုတ်ပါဘူး... နင်.. သူ့ကို အရင်လိုပဲ ဆက်ဆံလို့ ရပါတယ်...”

ရင်ခွင်ထဲမှ မိန်းကလေးက မသိမသာ ရေရွတ် လိုက်သော်ငြား သူမ၏ နှုတ်ခမ်းလေးမှာမူ လခြမ်းလေးအလား ပြုံးယောင်သန်းသွားလေပြီ။ မျက်ရည်စတွေနှင့် သူမရဲ့ မျက်ဝန်းလေးတွေကလည်း ကြက်ကလေး တစ်ကောင်ကို ခိုးယူလာသော မြေခွေးလေးလို ကွေးညွတ်နေတော့၏။

‘စိတ်မပုပ်ဘူး... ဟုတ်လား ဒါဆို ခုနက ဘယ်သူကများ သည်းသည်းမည်းမည်း ငိုနေခဲ့တာလဲ။ ဂျူနီယာ မောင်လေးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူးလို့ ဘယ်သူက ပြောခဲ့တာလဲ’

ချူကျန့်မှာ စိတ်ထဲမှ ကြိတ်၍ ရယ်လိုက်မိသော်လည်း သူမ၏ ကောက်ကျစ်စဉ်းစားသောအပြုံးကြောင့် သူ၏ စိတ်အခြေအနေမှာလည်း လိုက်ပါ၍ ပေါ့ပါးသွားရသည်။

“ပြီးတော့... စီနီယာအစ်မ ခုနက ငါ့ကို ပြောလိုက်တဲ့ စကားတွေကြောင့် ငါ အရမ်း အံ့အားသင့်သွားရသလို... မင်းအပေါ်မှာလည်း အားနာမိတယ်... အားတက်မိတာကတော့ ပိုတာပေါ့... စီနီယာအစ်မက အရမ်းလှတယ်၊ ချစ်ဖို့ကောင်းတယ်၊ စိတ်ထားကောင်းတယ်၊ နူးညံ့ပြီးတော့ တခြားသူတွေအပေါ်လည်း ကိုယ်ချင်းစာတတ်တယ်... မင်းလို ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သဘောကျမှုကို ရရှိတာဟာ ငါ့ဘဝရဲ့ ကံအကောင်းဆုံး အဖြစ်အပျက်ပဲ ဖြစ်ရမယ်...”

ထိုအခါ ကောရှန်မှာ အသံတိုးတိုးလေးဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

“ငါ... ငါက နင်ပြောသလောက် မကောင်းပါဘူး...”

သို့သော် သူမ၏ နှုတ်ခမ်းပေါ်မှ အပြုံးနှင့် မျက်ဝန်းလေးများကမူ သူမ၏ ပျော်ရွှင်နေမှုကို ဖုံးကွယ်၍ မရနိုင်တော့ချေ။

ချူကျန့်သည် ရုတ်တရက် နောက်ပြောင်ချင်စိတ် ပေါ်လာသဖြင့် တမင်သက်သက် ပြောလိုက်သည်။

“အင်း... ဒါပဲ... ငါပြောချင်တာ အကုန်လုံး ပြောပြီးပြီ...”

“ဒါပဲလား...”

ကောရှန်သည် ချူကျန့်၏ ရင်ခွင်ထဲမှ ခေါင်းကို အနည်းငယ် မော့ကြည့်လာပြီး သူ့ကို ခိုးကြည့်လိုက်၏။

“အကုန်ပဲလေ...”

ချူကျန့်က ပခုံးတွန့်ပြလိုက်သည်။

“ငါပြောချင်တာတွေ အားလုံးကို ပြောပြီးသွားပြီလေ...”

“ပြန်စဉ်းစားကြည့်ဦး... နင် မပြောရသေးတာ တစ်ခုခု ကျန်နေသေးတယ် မဟုတ်လား...”

ကောရှန်လေးမှာ သူမ၏ နီရဲနေသော မျက်နှာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို မော့ကြည့်လာတော့၏။

“တကယ်လား... ငါတော့ ဘာမှ ပြောစရာ မကျန်တော့ဘူးလို့ ထင်တာပဲ...” ချူကျန့်က ဘာမှမသိသလို အပြစ်ကင်းဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ငါ... ငါကတော့ ပြောပြီးပြီလေ...နင်ကရော ဘာမှ ပြန်မပြောတော့ဘူးလား...”

မိန်းကလေး၏ မျက်နှာမှာ ပို၍ပင် နီမြန်းသွားပြီး တိုးတိုးလေး သတိပေးလိုက်သည်။

“ငါက ဘာပြောရမှာလဲ...”

ချူကျန့်မှာ ဇဝေဇဝါ ဖြစ်နေဆဲဟန် ပြုမူနေ၏။

“ဒါက.. ငါ နင့်ကို သဘောကျတယ်လို့ ပြောတာလေ...”

မိန်းကလေးမှာ သူမ၏ သတ္တိရှိသမျှကို စုစည်းကာ အော်ဟစ်လိုက်သော်လည်း ချူကျန့်၏ မျက်လုံးထဲမှ နောက်ပြောင်လိုသော အရိပ်အယောင်များကို တွေ့ရှိသွားသောအခါမှ သူမ ဘာကို ဆိုလိုသည်ကို ရုတ်တရက် သဘောပေါက်သွားတော့၏။

သူမမှာ ရှက်လည်းရှက် စိတ်လည်းတိုသွားသဖြင့် သူ၏ ရင်ဘတ်ကို လက်သီးလေးများဖြင့် ထုနှက်တော့သည်။

“နင်က လူဆိုးလေးပဲ... ငါ့ကို အနိုင်ကျင့်တဲ့အတွက် နင့်ကို ပညာပေးရမယ်... ပညာပေးရမယ်...”

ချူကျန့်မှာ သူမ၏ ထိုးနှက်ချက်များကြောင့် အရိုးများပင် ပျော့ခွေသွားမတတ် ခံစားလိုက်ရသည်။

‘သေစမ်း... အချစ်မှာ ကျရှုံးနေတဲ့ မိန်းကလေးတွေအားလုံးဟာ ဒီလိုပဲ ချစ်ဖို့ကောင်းနေတာလား ဒါမှမဟုတ် ငါ့ရဲ့ စီနီယာအစ်မလေး တစ်ယောက်တည်းပဲ ဒီလို ဖြစ်နေတာလား’

မိန်းကလေး၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်ရင်း ချူကျန့်၏ အတိတ်က ကြောက်ရွံ့မှုနှင့် တွေဝေမှုများမှာ လွင့်စင်ပျောက်ကွယ်သွားပြီး နွေးထွေးသော ခံစားချက်တစ်ခုနှင့်အတူ သူ၏ ရင်ခုန်သံများမှာလည်း ပို၍ ပို၍ မြန်ဆန်လာတော့၏။

သူသည် မအောင့်နိုင်တော့ဘဲ ခေါင်းကို ငုံ့လိုက်ကာ သူမ၏ နူးညံ့ပြီး ပူနွေးနေသော မျက်နှာလေးကို နမ်းလိုက်သည်။

“ငါလည်း တူတူပါပဲ... စီနီယာအစ်မ...”

မိန်းကလေးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူမ၏ လက်သီးလေးများမှာလည်း ရပ်တန့်သွားတော့၏။ သူမ၏ မည်းနက်သော မျက်ဝန်းလေးများမှာ မယုံနိုင်ဟန်ဖြင့် ဝိုင်းစက်သွားသည်။

သူမ၏ ပူနွေးနေပြီးသား မျက်နှာလေးမှာ နံနက်ခင်း ဆီးနှင်းများ စိုစွတ်နေသော နှင်းဆီပွင့်ချပ်လေးတစ်ခုအလား ပို၍ပင် နီမြန်းသွားတော့၏။

“နင်က တကယ်ကို လူဆိုးလေးပဲ...”

ကောရှန်သည် သူမ၏ ခေါင်းကို ချူကျန့်၏ ရင်ဘတ်ထဲတွင် ဖွက်ထားလိုက်သည်။ အတန်ကြာပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမသည် ခေါင်းကို ပြန်မော့လာကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးကို အနည်းငယ် စူလိုက်ပြီး မကြားတကြား အသံလေးဖြင့် ပြောလိုက်၏။

“ဒီနေရာကို နမ်းမှပဲ ရေတွက်မှာနော်...”

ထို့နောက်တွင်တော့ သူမသည် မျက်လုံးလေးများကို မှိတ်ထားလိုက်သည်။

ချူကျန့်မှာ ရယ်လည်းရယ်ချင် စိတ်လည်းတိုချင် ဖြစ်သွားရသည်။ ပါးကို နမ်းတာကျတော့ ဘာလို့ မရေတွက်ရတာလဲ။

သို့သော် မိန်းကလေး၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းလွှာလေးများကို မြင်လိုက်ရသောအခါ သူသည်လည်း ထိုဆွဲဆောင်မှုကို မတွန်းလှန်နိုင်တော့ဘဲ ညင်သာစွာ ငုံ့နမ်းလိုက်တော့၏။

‘အိုး... ဒါသာ ပျားရည်ထောင်ချောက်ဆိုရင်တော့ ငါ သေချာပေါက် သေပြီပဲ.. ဒီလိုနေ့မျိုး ငါ့ဆီကို ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး’

ရင်းနှီးပြီး နွေးထွေးကာ နူးညံ့သော အထိအတွေ့ ကျရောက်လာသည့် အခိုက်အတန့်တွင် ချူကျန့်၏ စိတ်ထဲမှ ထိုအတွေးများမှာ လွင့်စင်သွားပြီး သူ၏ စိတ်အာရုံမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားတော့၏။

သူ ယခင်က နမ်းဖူးသော်လည်း ဤမျှလောက်အထိ လျှပ်စစ်စီးသွားသကဲ့သို့ ခံစားရပြီး ဝိညာဉ်တစ်ခုလုံး အရည်ပျော်ကျမတတ် ချိုမြိန်သော ခံစားချက်မျိုးကို ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ဖူးချေ။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိတော့ချေ။ စက္ကန့်အနည်းငယ် သို့မဟုတ် မိနစ်အနည်းငယ် သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်သွားဟန် တူသည်။ ထို့နောက်တွင်မှ သူတို့နှစ်ဦးမှာ နောက်ဆုံးတွင် ခွဲခွာလိုက်ကြတော့၏။

ချူကျန့်က သူမကို ပြုံးကြည့်နေသည်ကို မြင်လိုက်ရသောအခါမှ ကောရှန်မှာ သူမ၏ အပြုအမူများ မည်မျှအထိ ရဲတင်းသွားကြောင်းကို ရုတ်တရက် သတိထားမိသွားဟန် တူသည်။

သူမမှာ အလွန်အမင်း ရှက်သွားသဖြင့် မော့ပင်မကြည့်ရဲတော့ဘဲ ထစ်ငေါ့စွာ ပြောလိုက်၏။

“ငါ့အခန်းကို ပြန်တော့မယ်...”

ထို့နောက်တွင်တော့ သူမသည် နောက်သို့ လှည့်ကာ ထွက်ပြေးသွားတော့၏။

“ဟေ့... စီနီယာအစ်မ... သတိထားဦးနော်... အဲဒီလောက် မြန်မြန် မပြေးနဲ့လေ...”

“သိပါတယ်...”

ခေတ္တအကြာတွင် သူမ၏ အခန်းတံခါး ဖွင့်သံနှင့် ပိတ်သံကို ကြားလိုက်ရသည်။

ချူကျန့်သည် ချစ်ခင်မြတ်နိုးစွာဖြင့် ခေါင်းခါယမ်းလိုက်မိပြီး သူ၏ နှုတ်ခမ်းများကို အလိုအလျောက် လျှာဖြင့် သပ်လိုက်မိ၏။ ချိုမြိန်ပြီး သင်းပျံ့သော အရသာမှာ ယခုအထိ ကျန်ရှိနေဆဲဟု သူ ထင်မှတ်နေမိသည်။

ချူကျန့်.. ညင်သာစွာ သက်ပြင်းချလိုက်မိ၏။

ယခုမှစ၍ ဤကမ္ဘာကြီးတွင် သူနှင့် ဖြိုခွဲ၍မရနိုင်သော သံယောဇဥ် တစ်ခု ရှိနေခဲ့ပြီဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိလိုက်ရလေပြီ။

‘ဒါပေမဲ့... ဒါက တကယ်ပဲ ဂိမ်းကမ္ဘာတစ်ခုလား…’

ချူကျန့်သည် လက်လှမ်းကာ သစ်သားစားပွဲ၏ ထောင့်စွန်းကို ဆုပ်ကိုင်လိုက်ပြီး အားဖြင့် ညှစ်လိုက်ရာ သစ်သားစများမှာ လွင့်စင်ထွက်သွားတော့၏။

မိန်းကလေး၏ ခန္ဓာကိုယ် အပူရှိန်နှင့် အထိအတွေ့ ဖြစ်စေ၊ လွင့်စင်သွားသော သစ်သားစများနှင့် လေထဲတွင် ဝဲပျံနေသော ဖုန်မှုန့်လေးများ ဖြစ်စေ... အရာအားလုံးမှာ မယုံနိုင်လောက်အောင် လက်တွေ့ဆန်လွန်းလှသည်။

သာမန်လူများထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်သော သူ၏ အမြင်အာရုံနှင့်ပင် ဤအရာများကို လက်တွေ့ဘဝနှင့် ကွန်ပျူတာ အကျိုးသက်ရောက်မှုအကြား ခွဲခြားနိုင်ခြင်း မရှိတော့ချေ။

ချူကျန့်သည် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။

“စွပ်ပြုတ်သောက်မယ်... စွပ်ပြုတ်သောက်မယ်...”

သူသည် စွပ်ပြုတ်ကို တစ်ငုံချင်း အရသာခံ သောက်နေရင်း တစ်ချိန်တည်းမှာပင် အဝေးမှ အခန်းထဲမှ ထွက်ပေါ်လာသော အသံများကိုလည်း အသေအချာ နားစွင့်နေမိ၏။

စောင်အောက်တွင် ပုန်းအောင်းရင်း ရှက်ရှက်နှင့် ပျော်ရွှင်စွာ လူးလိမ့်နေပြီး တခိခိ ရယ်မောနေသော မိန်းကလေး၏ အသံကို ကြားလိုက်ရသောအခါ ချူကျန့်မှာလည်း အတူတူ လိုက်၍ ပြုံးလိုက်မိတော့၏။

သူသည် စိတ်ထဲမှ တိတ်တဆိတ် ကတိပြုလိုက်သည်။

ဒါက မည်သည့်ကမ္ဘာပဲ ဖြစ်နေပါစေ၊ အနာဂတ်တွင် မည်သည့်လူနှင့် မည်သည့်အရာများကိုပဲ ကြုံတွေ့ရပါစေ... တစ်ခုသော အချက်ကမူ ဘယ်တော့မှ ပြောင်းလဲသွားမည် မဟုတ်ချေ။

အဝေးမှ အခန်းလေးထဲတွင် ရှိနေသော မိန်းကလေး၏ မျက်နှာပေါ်မှ အပြစ်ကင်းစင်သော အပြုံးလေးကို သူ အမြဲတမ်း ကာကွယ်ပေးသွားပါမည်။

All Chapters