အခန်း (၁၉၃-၁၉၄)
Vol. 19 Ch. 193-194
အခန်း (၁၉၃) စပ်လွန်းသော ခေါက်ဆွဲနှင့် နှုတ်ဆက်စာတစ်စောင်
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာလေပြီ။ လျန်တူမြို့ မြို့စားအိမ်တော်၏ စာရင်းပြုစုသည့် အခန်းအတွင်း၌ လူနှစ်ဦးသာ ရှိနေတော့၏။ အခြားသူများကိုမူ အခြားသော တာဝန်များ ထမ်းဆောင်ရန်အတွက် ချူကျန့်က စေလွှတ်ထားခဲ့ခြင်းပင်။
ချူကျန့်သည် စားပွဲတွင် ထိုင်ကာ ငိုင်နေမိ၏။ သူ၏ရှေ့တွင် အငွေ့တထောင်းထောင်း ထွက်နေသည့် စပ်လွန်းသော ခေါက်ဆွဲပန်းကန် တစ်လုံး ရှိနေသည်။ ခေါက်ဆွဲမှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် သူ၏ မျက်လုံးများပင် နီရဲနေရပြီ ဖြစ်၏။
ယမန်နေ့ညက ကောရှန်က သူ စပ်တာ ကြိုက်သလားဟု မေးမြန်းစဉ်က ဘာမတွေးဘဲ ကြိုက်သည်ဟု ဖြေခဲ့မိသည့်အတွက် ချူကျန့် တစ်ယောက် နောင်တရနေတော့သည်။
သူသည် အစပ်ကြိုက်သူ တစ်ဦး ဖြစ်သည်မှာ အမှန်ပင် သို့သော်လည်း တောက်ပနီရဲနေသော ငရုတ်ဆီများ လွှမ်းခြုံထားသည့် ဤခေါက်ဆွဲပန်းကန်မှာမူ သူ၏ ခံနိုင်ရည်ထက် များစွာ ကျော်လွန်နေချေပြီ။ အနံ့ခံကြည့်ရုံဖြင့်ပင် နှာချေချင်စိတ် ပေါက်လာရသော ဤခေါက်ဆွဲကို ကြည့်ရင်း ချူကျန့်မှာ တူကို အကြိမ်ကြိမ် ကိုင်လိုက် ပြန်ချလိုက်နှင့် ဖြစ်နေရသည်။
သူသည် ဘေးနားရှိ မိန်းကလေးကို ညင်သာစွာ တို့ထိလိုက်ပြီး သူ၏ အချိုသာဆုံးသော အပြုံးကို ဖော်ပြကာ ပြောလိုက်၏။
“တုန်းဖန်းလေး... ငါတို့ တစ်ခုလောက် ဆွေးနွေးလို့ ရမလား...”
ထိုမိန်းကလေးမှာ အဖြူရောင် ဝတ်စုံနှင့် ရွှေရောင် အနားကွပ် ဝတ်ရုံကို ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားသော တုန်းဖန်းပုပိုက် ပင် သူမသည် ချူကျန့်ကို မှီကာ ခုံတန်းရှည်ပေါ်တွင် ခြေတံရှည်များကို ဆန့်တန်းထားပြီး အေးအေးလူလူ ရှိနေ၏။ လက်ထဲရှိ မွှေးကြိုင်လှသော နှမ်းကိတ်မုန့်ကို အရသာခံ စားသုံးနေရင်း ချူကျန့်၏ ခေါ်သံကို ကြားသောအခါ သူမက စကားပြန်မပြောဘဲ နှာခေါင်းဖြင့်သာ “အင်း...” ဟု အသံပြုလိုက်သည်။
လူတစ်ယောက်ကို အလုပ်တစ်ခု ခိုင်းစေလိုပါက အလဲအလှယ် လုပ်စရာ တစ်ခုခု ပေးရမည် ဖြစ်ကြောင်း ချူကျန့် ကောင်းကောင်း သိထား၏။ ထို့ကြောင့် သူက ရက်ရောစွာ ကမ်းလှမ်းလိုက်သည်။
“ဒီလိုလုပ်ရအောင်... မင်း ငါ့ကိုယ်စား ဒီစပ်တဲ့ ခေါက်ဆွဲကို စားပေးမယ်ဆိုရင်... ငါ မင်းကို အခုလေးတင် ဖုတ်ထားတဲ့ အရသာရှိလှတဲ့ နှမ်းကိတ်မုန့် သုံးခု ထပ်ပေးမယ်... ဘယ်လိုလဲ...”
တုန်းဖန်းပုပိုက်သည် ခေါက်ဆွဲနှင့် တူသော ထိုအရာကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်၏။ ထို့နောက်တွင်တော့ သူမသည် အကြည့်လွှဲလိုက်ပြီး သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။ ညှိနှိုင်းစရာ အကြောင်းမရှိဆိုသည့် အမူအရာမျိုးပင်။
‘ဒီကောင်မလေးက သူဟာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ဆိုတာကိုရော သိရဲ့လား ငါက သူ့ရဲ့ သခင်လေ’
အမှန်အတိုင်း ဝန်ခံရလျှင် သူမသည် မိမိအတွက် အသက်စွန့်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်းသာ။
‘အဲ့လို မဟုတ်ဘူးဆိုရင် ငါက... ငါက…’
မကြာမီမှာပင် ချူကျန့်သည် ဝမ်းနည်းဖွယ် အမှန်တရား တစ်ခုကို သဘောပေါက်လိုက်ရသည်။
ဤမိန်းကလေး၏ အမူအရာ မည်မျှပင် ဆိုးရွားနေပါစေ သူမ၏ သဘောကျမှု အမှတ်များ တိုးတက်လာစေရန်အတွက် သူ ချော့မော့ပြောဆို နေရဦးမည်သာ မဟုတ်ပါက သူ၏ အတိတ်က ကြိုးစားအားထုတ်မှုများ အားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“လေးခု... ဒါထက်တော့ မပိုတော့ဘူးနော်...”
“ဒါမှမဟုတ် ငါးခုလား... ထားလိုက်ပါတော့... ခြောက်ခု ပေးမယ်... ခြောက်ခုဆိုရင် အဆင်ပြေတယ် မဟုတ်လား...”
“ဟေး... မင်းက ဘာအလဲအလှယ် လုပ်ချင်လို့လဲ...”
တုန်းဖန်းပုပိုက်သည် နောက်ဆုံးတွင်မှ စကားစလာတော့၏။ သူမသည် မွှေးကြိုင်လှသော နှမ်းကိတ်မုန့်ကို တစ်ကိုက် ကိုက်လိုက်ရင်း ပျင်းရိစွာ မေးလိုက်သည်။
“နင် ဒါကို တကယ် စားနိုင်လို့လား...”
ချူကျန့်မှာ ခြောက်ကပ်ကပ် ရယ်မောလိုက်ရုံသာ တတ်နိုင်တော့၏။
“စားနိုင်မယ် ထင်တာပဲ...”
“ပထမဆုံး တစ်ချက်က... ဒီမုန့်စိမ်းတွေက သေချာ နယ်ထားပုံ မရဘူး... အဖုအထစ်တွေနဲ့ ဒီအရာကြီးကို ခေါက်ဆွဲလို့ ခေါ်တာလား... အရသာကိုတော့ မြည်းကြည့်စရာတောင် မလိုဘူး... အနံ့ခံကြည့်ရုံနဲ့တင် ငရုတ်သီးမှုန့် တစ်ဝက်လောက်နဲ့ ငရုတ်ဆီ တစ်ကျပ်သားလောက် ပါနေတာ သိသာတယ်... စားလို့ ရတယ်လို့ နင် ပြောနေရင်လည်း နင်ဘာသာနင်ပဲ စားကြည့်လိုက်လေ...”
“...”
တုန်းဖန်းပုပိုက်၏ အစားအသောက်နှင့် ပတ်သက်လျှင် ထက်မြက်လှသော အနံ့ခံအာရုံကို ချူကျန့် ယုံကြည်ထားသဖြင့် သူမှာ စကားမပြောနိုင်တော့ဘဲ ဆွံ့အသွားရသည်။
ကောရှန် ဤခေါက်ဆွဲကို မည်သို့ ပြုလုပ်ခဲ့သည်ကို သူ မမြင်ခဲ့ရသည်မှာ အမှန်ပင် သို့သော်လည်း စီနီယာအစ်မက အရုဏ်မတက်မီကတည်းက နိုးနေပြီး မီးဖိုချောင်တွင် တစ်နာရီခန့် အချိန်ယူ ပြင်ဆင်ခဲ့ကြောင်း အစေခံမလေး ပြောပြသဖြင့် ဤခေါက်ဆွဲကို သူ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိလိုက်ရသည်။
သို့သော်လည်း သူသည် ပါးနပ်စွာဖြင့် မြို့စားအိမ်တော်တွင် အရေးကြီးကိစ္စ ရှိသည်ဟု အကြောင်းပြကာ ခေါက်ဆွဲကို အခန်းထဲသို့ ယူလာခဲ့၏။ ဤသို့ဖြင့် ကောရှန်၏ ရှေ့တွင် အရသာရှိဟန်ဆောင်ကာ အတင်း စားနေရမည့် ဘေးမှ လွတ်ကင်းခဲ့ရသည်။
ယခုအခါတွင်မူ မိမိရှေ့ရှိ စပ်လွန်းသော ခေါက်ဆွဲကို ကြည့်ရင်း ချူကျန့်မှာ နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိပြန်၏။ မည်သို့ပင်ဆိုစေ ၎င်းမှာ ကောရှန်၏ စေတနာများ ပါဝင်နေသဖြင့် သူသည် သွန်ပစ်ရန် ဝန်လေးနေမိသည်။ သူသည် အံကြိတ်ကာ တစ်လုပ်ချင်း မြိုချနေရတော့၏။
ကုန်ခမ်းခြင်း မရှိသော နတ်အလင်း အတွင်းအား က ငါ့အသက်ကို ကယ်နိုင်ပါ့မလား။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ ကိုယ့်ကိုယ်ကို အားယူ လိုက်သည်။
‘အလောင်းတောင် သွေးပင်လယ်တွေကိုတောင် ဖြတ်ကျော်လာနိုင်တဲ့ ငါက ဒီခေါက်ဆွဲ တစ်ပန်းကန်လောက်ကိုတော့ ခံနိုင်ရည် ရှိရမှာပေါ့’
သူသည် စိတ်ကို တင်းထားကာ ခေါက်ဆွဲ တစ်လုပ်ကို ပါးစပ်ထဲသို့ အတင်းထိုးသွင်းလိုက်၏။ စူးရှလှသော အစပ်အရသာမှာ သူ၏ လျှာနှင့် ပါးစပ်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပြီး အဆက်မပြတ် ချောင်းဆိုးလာစေတော့သည်။
မာကြောပြီး ကပ်စေးစေး ဖြစ်နေသော ခေါက်ဆွဲများကို မြိုချလိုက်ရစဉ် သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်မှာ အမှန်ပင်။ ငရုတ်သီးမှုန့်နှင့် ငရုတ်ဆီများ၏ အရှိန်ကြောင့် အသက်ရှူပင် ကျပ်သွားရသည်။
ဘေးနားရှိ တုန်းဖန်းပုပိုက်ကမူ မထီမဲ့မြင်ကဲ့ရဲ့ သည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။
“ငါ ပြောသားပဲ... နင် မစားနိုင်ဘူးလို့... အခုတော့ နင်ဘာသာနင် ခံပေတော့...”
ချူကျန့်က သူမကို စိမ်းစိမ်းကြည့်ကာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ကိုယ်ရံတော် တစ်ဦးက တံခါးခေါက်၍ ဝင်လာပြီး သတင်းပို့လာ၏။
“စစ်သူကြီးချူ... မိန်းမပျို တစ်ယောက်က စာတစ်စောင် လာပို့သွားပါတယ်...”
“မိန်းမပျို တစ်ယောက် ဟုတ်လား လီဝမ်ရှို့ လား’
မနေ့ကတည်းက လီဝမ်ရှို့ကို မတွေ့ရသဖြင့် ချူကျန့်မှာ သူမ ဖြစ်မည်ဟု အလိုအလျောက် ထင်မှတ်လိုက်မိ၏။ သို့သော် ပြန်စဉ်းစားကြည့်ပြန်လျှင် လီဝမ်ရှို့သည် ဤနေရာတွင် လူသိများသူ တစ်ဦး ဖြစ်ရာ ကိုယ်ရံတော်က သူမကို မမှတ်မိစရာ အကြောင်းမရှိချေ။
သူသည် မျက်လုံးထဲမှ စပ်ဖျင်းဖျင်း ခံစားချက်ကြောင့် ထွက်လာသော မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး ကိုယ်ရံတော်ထံမှ စာအိတ်ကို ယူလိုက်သည်။ စာအိတ်ပေါ်တွင် “အစ်ကိုချူ ထံသို့” ဟု လိပ်မူထားသည်ကို မြင်လိုက်ရ၏။
လက်ရေးမှာ ထူးထူးခြားခြား လှပနေခြင်း မရှိသော်လည်း နယ်စပ်ဒေသရှိ ခြေသလုံးအိမ်တိုင် လူမျိုးစုများကြားတွင် ကြီးပြင်းခဲ့ရသော မိန်းကလေး တစ်ဦးအတွက်မူ အတော်လေး သေသပ်လှသည်ဟု ဆိုရမည်။ ၎င်းမှာ လီဝမ်ရှို့၏ ထင်ရှားလှသော လက်ရေးပင် ဖြစ်ကြောင်း ချူကျန့် ချက်ချင်း မှတ်မိလိုက်သည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း လီဝမ်ရှို့ကို မတွေ့ရသည်ကို တွေးမိသောအခါ ချူကျန့်၏ ရင်ထဲတွင် ဝိုးတဝါး ခံစားချက်တစ်ခု ပေါ်လာတော့၏။ သူသည် စာအိတ်ကို ဖွင့်ကာ စာလွှာကို ထုတ်ဖတ်လိုက်သည်။
“အစ်ကိုချူ...
ဒီစာကို အစ်ကို ဖတ်နေရတဲ့ အချိန်မှာ ကျွန်မ လျန်တူမြို့မှာ ရှိနေတော့မှာ မဟုတ်ပါဘူး...
ဒီလိုမျိုး ရုတ်တရက် ထွက်ခွာသွားတဲ့အတွက် ခွင့်လွှတ်ပေးပါ...ကျွန်မရဲ့ စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်စကားကို နောက်တစ်ကြိမ် ပြောခွင့်ပြုပါဦး...ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက်ရော ဒီရက်ပိုင်းတွေအတွင်း ကျွန်မကို ဂရုစိုက်ပေးခဲ့တဲ့ အတွက်ရော ကျေးဇူးအများကြီး တင်ပါတယ်...
အစ်ကို့နောက်ကို လိုက်နေခဲ့တဲ့ အချိန်အတွင်းမှာ ကျွန်မ အများကြီး သင်ယူခဲ့ရသလို အများကြီးလည်း ပြောင်းလဲခဲ့ရပါတယ်...အစ်ကို့ရဲ့ လမ်းပြမှုသာ မရှိခဲ့ရင် ကျွန်မရဲ့ အတိတ်က အမှတ်တရတွေထဲကနေ ရုန်းထွက်ဖို့ ခက်ခဲနေဦးမှာပါ... အခုလိုမျိုး အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိလာဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး...
တကယ်တော့ အစ်ကို့ဆီကနေ အများကြီး ထပ်ပြီး သင်ယူချင်ပါသေးတယ်... ဒါပေမဲ့ အစ်ကို လည်း လျန်တူမြို့ကနေ ထွက်သွားတော့မယ် ဆိုတော့... ကျွန်မလည်း ကျွန်မရဲ့ မိဘတွေ တစ်ချိန်က နေထိုင်ခဲ့တဲ့ ကျန်းနန်နယ်ဆီကို သွားသင့်ပြီလို့ ထင်ပါတယ်... အဲဒီမှာ မိုးမခပင်တွေ၊ မက်မွန်ပန်းတွေ၊ ဇီဝဇိုးငှက်တွေ၊ ရွှေငါးလေးတွေ... ပြီးတော့ သူရဲကောင်းဆန်တဲ့ လူငယ်လေးတွေ ရှိတယ်လို့ ကြားဖူးတယ်လေ...အဲဒီနေရာကပဲ ကျွန်မရဲ့ တကယ့် အိမ်ဖြစ်မှာပါ...
ရှောင်လျန်ကိုလည်း ကျွန်မနဲ့အတူ ခေါ်သွားပါရစေ...သူ ကြီးပြင်းလာတဲ့ အခါကျရင် သူ့ကို ကြီးမြတ်တဲ့ သူရဲကောင်း တစ်ယောက်က ပေးခဲ့တာပါလို့ ကျွန်မ ပြောပြပါ့မယ်...
ဒါနဲ့ စကားမစပ်... ရှင့်ရဲ့ စီနီယာအစ်မက ပြီးခဲ့တဲ့ တစ်ခေါက်က ကိစ္စကို အခုထိ အထင်လွဲနေတုန်း ဆိုရင်တော့ ဒီစာကိုပဲ ပြလိုက်ပါ...
ရှင်က တကယ်ကို အရမ်း အရမ်းကို ကောင်းမွန်တဲ့ သူတစ်ယောက်ပါ... ဒါပေမဲ့ ကျွန်မကတော့ မနှစ်သက်မိဘူး...ကျွန်မရဲ့ ရင်ထဲမှာတော့ ရှင့်ကို အစ်ကိုကြီး တစ်ယောက်လိုပဲ လေးစားပါတယ်...
နောက်ဆုံးအနေနဲ့ အစ်ကိုချူနဲ့ စီနီယာအစ်မတို့.. ဆံဖြူအထိ ပေါင်းဖက်နိုင်ပါစေ... ထာဝရ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
လီဝမ်ရှို့”
ချူကျန့်မှာ လက်ထဲရှိ စာလွှာကို ကြည့်ရင်း ငိုင် သွားမိသည်။ သူ၏ လက်ချောင်းများက နောက်ဆုံးစာကြောင်းပေါ်သို့ ညင်သာစွာ ရောက်ရှိသွားရာ ထိုနေရာတွင် ဝေဝါးနေသော ရေကွက် အချို့ကို တွေ့လိုက်ရ၏။
'မျက်ရည်စတွေလား...’
ချူကျန့်မှာ သူ၏ ရင်ထဲမှ ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်း မသိတော့ချေ။ သူသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
“စာလာပို့တဲ့သူ ဘယ်မှာလဲ... ရှိသေးရင် အထဲကို ခေါ်လိုက်ပါဦး...”
“ဟုတ်ကဲ့ပါ...”
ကိုယ်ရံတော်သည် အစေခံ ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးကို လျင်မြန်စွာ ခေါ်ဆောင်လာသည်။ လီဝမ်ရှို့၏ ဘေးတွင် ရှောင်လျန်ကို ကူညီ ပြုစုပေးရန် ခန့်အပ်ထားသော သူများထဲမှ တစ်ဦး ဖြစ်ကြောင်း ချူကျန့် မှတ်မိလိုက်၏။
ထိုအစေခံမလေးက ရိုသေစွာ ဦးညွှတ်ပြီးနောက် ချူကျန့်က ထိုင်ရန် လက်ဟန်ပြသော်လည်း သူမက မထိုင်ရဲချေ။ ချူကျန့်မှာ လက်လျှော့လိုက်ရုံသာ တတ်နိုင်တော့ပြီး မေးလိုက်သည်။
“သခင်မလေးလီ ဘယ်အချိန်က ထွက်သွားတာလဲ...”
“စစ်သူကြီးချူကို သတင်းပို့ပါတယ်... သခင်မလေးလီက အရုဏ်တက်ချိန်မှာတင် ထွက်သွားတာပါ... ဪ... ဒါနဲ့ စကားမစပ်... စစ်သူကြီး ပေးထားတဲ့ မြင်းနီကြီးကိုတော့ ချန်ထားရစ်ခဲ့ပြီး မြင်းဖြူအိုကြီး တစ်ကောင်နဲ့ပဲ သခင်မလေး ရှောင်လျန်ကို ခေါ်ပြီး ထွက်သွားတာပါ...”
ထိုအစေခံမလေးသည် ချူကျန့်ကို မသိမသာ ခိုးကြည့်လိုက်ပြီးမှ ခေါင်းပြန်ငုံ့သွားသည်။
ချူကျန့် ပြတင်းပေါက် အပြင်ဘက်ကို မျှော်ကြည့်လိုက်မိ၏။
နှင်းကျတာ ရပ်သွားသည်မှာ နှစ်ရက် ရှိပြီ ဖြစ်သော်လည်း အပူချိန်မှာ နိမ့်နေဆဲ ဖြစ်ပြီး နှင်းများ အရည်ပျော်မည့် အရိပ်အယောင် မရှိသေးချေ။
ဖြူလွှလွှ နှင်းပြင်ကြီးများကြားတွင် ထိုခေါင်းမာသော မိန်းကလေးသည် မြင်းဖြူအိုကြီးကို ဆွဲကာ ရင်ခွင်ထဲတွင် ကလေးငယ်ကို ပွေ့ချီလျက် ကျန်းနန်နယ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းနေသည့် အထီးကျန် ပုံရိပ်လေးကို ချူကျန့် မြင်ယောင်နေမိသည်။
အမှန်တကယ်တော့ သူသည် ယမန်နေ့က ကောရှန်ကို ပြောချင်သော စကားများ အကုန်လုံး မပြောခဲ့ရသေးချေ။
သူသည် လီဝမ်ရှို့အပေါ်တွင် ရင်းနှီးမှု တစ်ခုကို ခံစားနေရခြင်းမှာ သူမ၏ စိတ်နေစိတ်ထားက သူ၏ ညီမလေးနှင့် ဆင်တူနေ၍သာ မဟုတ်ဘဲ သူမထံမှ အထီးကျန်ဆန်မှုကို သူ မြင်တွေ့နေရသောကြောင့်လည်း ဖြစ်သည်။
၎င်းမှာ အထီးကျန်သူ အချင်းချင်း နားလည်မှု ပေးနိုင်သည့် ခံစားချက်မျိုးပင်။
လီဝမ်ရှို့တွင် ဤလောက၌ ဆွေမျိုးသားချင်း တစ်ဦးမျှ မကျန်တော့သလို သူသည်လည်း ထို့အတူပင်။ ဆွေမျိုးသားချင်း မရှိသူများသာလျှင် အမြစ်မရှိဘဲ လွင့်မျောနေရသော ခရီးသည် တစ်ဦး၏ အထီးကျန်မှုကို နားလည်နိုင်ကြသည် မဟုတ်ပါလော။
သူမ ကျန်းနန်သို့ ပြန်သွားသည်မှာ ကောင်းသော ကိစ္စပင်။ သူမ အနေဖြင့် ကောင်းမွန်သော အိမ်ဂေဟာ တစ်ခုကို ရှာဖွေတွေ့ရှိပြီး သူမ၏ အရင်းအမြစ်များဆီသို့ ပြန်လည် ရောက်ရှိနိုင်ပါစေဟုသာ သူ ဆုတောင်းမိတော့၏။
“သိပါပြီ... သတင်းလာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
ချူကျန့်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ စာလွှာကို စာအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အစေခံမလေးကို ငွေတစ်ကျပ် ဆုချလိုက်သည်။
အစေခံမလေးသည် ကျေးဇူးတင်စကား ဆိုကာ မြို့စားအိမ်တော်မှ ထွက်ခွာသွားတော့၏။
နောက်ယောင်ခံလိုက်မည့်သူ မရှိသည်ကို အတည်ပြုပြီးနောက် သူမသည် မြို့တွင်းရှိ လမ်းကြားများထဲတွင် လှည့်ပတ်သွားလာနေပြီး နောက်ဆုံးတွင် မြို့တံခါးနှင့် မဝေးလှသော တည်းခိုခန်းငယ်လေး တစ်ခုသို့ ရောက်ရှိသွားကာ အခန်းတံခါးကို ခေါက်လိုက်သည်။
“သခင်မလေး... စစ်သူကြီးချူဆီကို စာ ပို့ပေးခဲ့ပါပြီ...”
“အင်း... ကျေးဇူးပဲ...”
“သခင်မလေး... တကယ်ပဲ ကျန်းနန်ကို သွားတော့မှာလား...”
ပြတင်းပေါက်နားတွင် ရပ်နေသော အထီးကျန် ပုံရိပ်လေးမှာ ညင်သာစွာ သက်ပြင်းချလိုက်မိ၏။
“သူလည်း ထွက်သွားတော့မှာပဲ... ငါ ဒီမှာ နေနေလည်း ဘာအဓိပ္ပာယ် ရှိမှာလဲ...”
“ဒါဆို စစ်သူကြီးချူနဲ့ အတူတူ လိုက်သွားပါလား...”
ကလေးကို ပွေ့ချီထားသော မိန်းကလေးက ခေါင်းခါယမ်းလိုက်သည်။
“သူ့ကို ဘာလို့ အလုပ်ရှုပ်အောင် လုပ်ရမှာလဲ... ပြီးတော့ တခြားသူတွေကိုလည်း ဝမ်းနည်းအောင် မလုပ်ချင်ဘူး...”
“ဒါပေမဲ့... ကျွန်မ မြင်ခဲ့တာကတော့ စစ်သူကြီးချူက သခင်မလေးနဲ့ ခွဲရမှာကို အတော်လေး ဝန်လေးနေပုံ ရတယ်... သခင်မလေးရဲ့ စာကို ဖတ်ပြီးတော့ သူ အရမ်း ဝမ်းနည်းသွားပုံပဲ... သူ မျက်လုံးတွေ နီရဲနေတာကို ကျွန်မ မြင်လိုက်တယ်... ကြည့်ရတာ... ကြည့်ရတာ သူ ငိုနေခဲ့တဲ့ အတိုင်းပဲ...”
ထိုမိန်းကလေး၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားတော့၏။
“တကယ်ပါ... ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာပါ...”
“...”
တစ်ချိန်တည်းမှာပင် မြို့စားအိမ်တော်အတွင်း၌ ချူကျန့်သည် ထိုအလွန်အမင်း စပ်လှသော ခေါက်ဆွဲပန်းကန်ကို အားလုံး ကုန်အောင် စားလိုက်နိုင်လေပြီ။ မျက်ရည်များနှင့် ချွေးများကို သုတ်ရန်အတွက် မျက်နှာသုတ်ပုဝါ အတော်များများကို သူ အသုံးပြုလိုက်ရသလို ရေကိုလည်း ပန်းကန်လုံးကြီး အတော်များများ သောက်လိုက်ရသည်။
‘မဖြစ်ဘူး... ဒီနေ့တော့ ကောရှန်နဲ့ သေချာ စကားပြောမှ ဖြစ်တော့မယ်... ငါ နောက်ဆိုရင် အစပ်တွေကို ဘယ်တော့မှ ထပ်မစားတော့ဘူးဆိုတာ ရှင်းလင်းအောင် ပြောပြရမယ်…’’
အခန်း (၁၉၄) အစပျိုးခြင်းအသစ်
ဤနေ့နံနက်ခင်းသည် ချူကျန့်အတွက်တော့ ခါးသီးနာကျင်ဖွယ် မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း လျန်တူမြို့ရှိ စစ်သည်တော်များနှင့် ပြည်သူများအတွက်မူ စိတ်လှုပ်ရှားဝမ်းမြောက်စရာ နေ့တစ်နေ့ပင်။
ခုံးကျုံးသည် ကျန်းတူးမှ ဆန်နှင့်ရိက္ခာ အမြောက်အမြားကို သယ်ဆောင်ကာ ကိုယ်တိုင် ပြန်လည်ရောက်ရှိလာခဲ့၏။ သူနှင့်အတူ စစ်သေနာပတိအဖြစ် ခန့်အပ်ခြင်းခံရသော ရွှီရှင်းကျိအပြင် လီဇီတုန်း၏ လက်အောက်မှ အညံ့ခံလာခဲ့ကြသည့် ကျောက်ရှောင်ယိုနှင့် ချင်ချောင်ဝမ်တို့လည်း ပါဝင်လာခဲ့ကြသည်။ ရွှီဇီလင်းသည်လည်း ဖုန်ချန်မြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရေတပ်ကျွမ်းကျင်သူ ပုထျန်းကျိကိုလည်း ခေါ်ဆောင်လာခဲ့၏။
မွန်းတည့်ချိန်တွင် ခုံးကျုံးသည် ရွှီဇီလင်းနှင့် ချူကျန့်အပါအဝင် စွမ်းဆောင်ရည်ပြည့်ဝခဲ့သည့် စစ်သည်တော်များအတွက် ခမ်းနားထည်ဝါလှသော ဂုဏ်ပြုစားပွဲကြီးတစ်ရပ် ကျင်းပပေးခဲ့သည်။
ယခုအချိန်တွင် နံပါတ်လေးစစ်သူကြီး၏ တပ်မတော်သည် ကျန်းတူး၊ လျန်တူနှင့် ဖုန်ချန်မြို့ကြီး သုံးမြို့အပြင် ပတ်ဝန်းကျင်ရှိ ခရိုင်နှင့် မြို့ငယ် ဒါဇင်ပေါင်းများစွာကိုပါ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့ပြီ။ ရွှီယွမ်လန်၏ ကျုံးလီနှင့် ကောယိုခရိုင်များသည်လည်း သူတို့၏ လက်အောက်သို့ ရောက်ရှိနေပြီဖြစ်၏။ အဆိုပါခရိုင်နှစ်ခုမှ တပ်မှူးများသာ ကတိအတိုင်း လက်နက်ချအညံ့ခံလာပါက နံပါတ်လေးစစ်သူကြီး၏ နယ်မြေသည် ဆွေ့ကျိုးနယ်၏ တစ်ဝက်ကျော်ကို လွှမ်းမိုးသွားမည်ဖြစ်ပြီး သူတို့သည် ဆွေ့ကျိုးနယ်၏ ငြင်းမရသော အရှင်သခင်များ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် နံပါတ်လေးစစ်သူကြီး၏ တပ်မတော်တွင် ကျော်ကြားလှသော စစ်သူကြီး သုံးဦးဖြစ်သည့် စစ်သူကြီးလေးခုံးကျုံး၊ စစ်သူကြီး ချူလော့ကျွင်းနှင့် စစ်သူကြီး ရွှီဇီလင်းတို့အပြင် ထူးချွန်ထက်မြက်သည့် လက်ရုံးရည်၊ နှလုံးရည်ပိုင်ရှင်များစွာလည်း ရှိနေခဲ့ပြီ။ ၎င်းတို့၏ စည်ပင်ထွန်းကားမှုနှင့် အရှိန်အဟုန်မှာ တားဆီး၍မရနိုင်လောက်အောင်ပင် ဖြစ်နေပြီး တောက်ပသော အနာဂတ်က စောင့်ကြိုနေသည်။
စားပွဲဝိုင်းကြီး ပြီးဆုံးပြီး တစ်နာရီအကြာတွင် စစ်သည်တော်များမှာ မိမိတို့၏ တာဝန်ကျရာ နေရာများသို့ ပြန်လည်ထွက်ခွာသွားကြပြီး ပြည်သူများမှာလည်း ရင်ခုန်စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့ကြပြီ။
သူတို့၏ စစ်သူကြီးချူသည် မြင်းစီးသမား နှစ်ဦး ခြံရံလျက် ရထားလုံးတစ်စီးဖြင့် လျန်တူမြို့မှ တိတ်တဆိတ် ထွက်ခွာသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ခရီးသည် သုံးဦးစလုံးမှာ ဝါးခမောက်ကြီးများကို ဆောင်းထားကြသဖြင့် မျက်နှာများကို မမြင်ရချေ။
ထိုနေ့မွန်းလွဲပိုင်းတွင် နှင်းများက တစ်ဖန် ပြန်လည်ကျဆင်းလာပြန်ရာ အပူချိန်မှာ သိသိသာသာ လျော့ပါးသွားပြီး လေပြင်းများကလည်း တရကြမ်းတိုက်ခတ်နေ၏။ လမ်းပေါ်ရှိ ခရီးသွားများမှာ ရထားလုံးနှင့် လူသုံးဦးကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး မိမိတို့သွားလိုရာကိုသာ ဒရောသောပါး သွားနေကြသဖြင့် ၎င်းတို့မှာ နံပါတ်လေးစစ်သူကြီး၏ တပ်မတော်မှ ဩဇာအရှိဆုံး လူသုံးဦးဖြစ်သည့် ခုံးကျုံး၊ ရွှီဇီလင်းနှင့် ချူလော့ကျွင်းတို့ ဖြစ်ကြောင်း လုံးဝ မသိရှိခဲ့ကြချေ။
မြို့တံခါးမှ တစ်မိုင်ခန့် ဝေးကွာသော နေရာသို့ ရောက်သောအခါ ချူကျန့်သည် မြင်းကို ရပ်တန့်လိုက်ပြီး ရထားလုံးပေါ်မှ ခုန်ဆင်းကာ ဝတ်ရုံခြုံ၍ သားမွေးအင်္ကျီ ဝတ်ဆင်ထားသော ကောရှန်ကို တွဲကူကာ အောက်သို့ ချပေးလိုက်၏။ ထို့နောက် သူက ဘေးနားရှိ ခုံးကျုံးနှင့် ရွှီဇီလင်းတို့ကို နှုတ်ဆက်လိုက်သည်။
“ညီအစ်ကိုတို့... နှင်းတွေက ပိုကျလာပြီ... မိုင်တစ်ထောင် ခရီးသွားရလည်း နောက်ဆုံးတော့ လမ်းခွဲကြရတာပါပဲ... ငါ့တို့ ဒီနေရာကနေပဲ လမ်းခွဲလိုက်ကြစို့...”
ခုံးကျုံးနှင့် ရွှီဇီလင်းတို့လည်း မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ ခုံးကျုံးက ရှေ့သို့ တိုးလာပြီး ချူကျန့်၏ ပခုံးကို အားရပါးရ ပုတ်ကာ ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။
“အစ်ကိုချု တကယ်ပဲ မနေတော့ဘူးလား... ကျွန်တော်.. စစ်သူကြီးရဲ့ တပ်မတော်တစ်ခုလုံးကို ခင်ဗျားကို အုပ်ချုပ်ခိုင်းလို့ ရပါတယ်ဆိုမှ...”
ချူကျန့်က ကပျာကယာ တားလိုက်၏။
“မဖြစ်ဘူး... မဖြစ်ဘူး... လွန်ခဲ့တဲ့ ရက်ပိုင်းလေးပဲ လျန်တူမြို့ကို အုပ်ချုပ်လိုက်ရတာတောင် ငါ ရူးချင်သွားပြီ... စစ်သူကြီးရဲ့ တပ်မတော်က အခုဆိုရင် အင်အားလည်းကြီး နယ်မြေလည်း ကျယ်လာပြီဆိုတော့... သခင်လေးကျုံး တစ်ယောက်တည်းမှပဲ ကောင်းကောင်း အုပ်ချုပ်နိုင်မှာပါ... ငါကတော့ မင်း ခြေဖျားတောင် မမှီပါဘူး... အော်... ဒီအမိန့်ပြားကိုလည်း ပြန်ယူထားလိုက်ဦး...”
ချူကျန့်မှာ ထွက်ခွာရန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ခုံးကျုံး သိရှိသော်လည်း အမိန့်ပြားကိုမူ လှမ်းမယူခဲ့ချေ။ သူက အမိန့်ပြားကို ချူကျန့်ထံသို့ အတင်း ပြန်လည်တွန်းပို့လိုက်ရင်း တည်ကြည်လေးနက် သော လေသံဖြင့် ပြောလိုက်သည်။
“ဒီအမိန့်ပြားကိုတော့ အစ်ကိုချုနဲ့အတူ ယူသွားပါ... စစ်သူကြီးရဲ့ တပ်မတော် ရှိတဲ့နေရာတိုင်းမှာ ဒီအမိန့်ပြားက အစ်ကိုချုအတွက် တစ်ခုခုတော့ အသုံးဝင်မှာပါ...”
သူသည် ချူကျန့်နှင့် ကောရှန်ကို ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး...
“အစ်ကိုချူ... သခင်မလေးကော... တကယ်လို့ တစ်ခုခု အကူအညီ လိုအပ်လာခဲ့ရင် ကျွန်တော်တို့ဆီ စာရေးလိုက်ပါ... ခင်ဗျားတို့အတွက်ဆိုရင် မီးထဲပဲဖြစ်ဖြစ် ရေထဲပဲဖြစ်ဖြစ်.. ကျွန်တော်တို့ကတော့ အရောက်လာခဲ့မှာပါ...”
ရွှီဇီလင်းကလည်း ဝင်ပြောသည်။
“အစ်ကိုချု အားရင် လျန်တူမြို့ကို ပြန်လာခဲ့ဦးနော်... ဒီနေရာက ခင်ဗျားအတွက် အမြဲတမ်း အိမ်လိုပါပဲ... သခင်မလေးကော နေခဲ့တဲ့ အိမ်ကိုလည်း ခင်ဗျားတို့အတွက် ကျွန်တော်တို့ အမြဲတမ်း ချန်ထားပေးမှာပါ... အဘိုးကြီးပါး တစ်ယောက် ဒီမှာ မရှိတာတော့ နှမြောစရာပဲ... ကျွန်တော်..ခင်ဗျားတို့ နှစ်ယောက်ကို မိတ်ဆက်ပေးချင်နေတာ... ခင်ဗျားတို့ တွေ့ဖြစ်ရင် တကယ့်ကို ခင်သွားကြမှာ သေချာတယ်...”
ခုံးကျုံးနှင့် ရွှီဇီလင်းတို့၏ ရိုးသားဖြောင့်မတ်သော စိတ်ထားနှင့် နီရဲနေသော မျက်ဝန်းများကို ကြည့်ရင်း ချူကျန့်၏ မျက်လုံးများထဲတွင်လည်း မျက်ရည်စများ ဝဲတက်လာရသည်။
ငြင်းမရသော အချက်မှာ ခုံးကျုံးနှင့် ရွှီဇီလင်းတို့သည် တကယ့်ကို မိတ်ဆွေကောင်းများပင်။
ခုံးကျုံးက သူ၏ အနောက်သို့ လက်ဝှေ့ယမ်းပြလိုက်ရာ ပေအနည်းငယ်အကွာမှ တိတ်တဆိတ် လိုက်ပါလာသော အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်သည့် မြင်းစီးသမား ငါးဦးမှာ ချက်ချင်း ချဉ်းကပ်လာကြတော့၏။
သူတို့က လက်နှစ်ဖက် ဆုပ် နှုတ်ဆက်ရင်း...
“စစ်သူကြီး၊ စစ်သူကြီးရွှီ၊ စစ်သူကြီးချူတို့ကို ဂါရဝပြုပါတယ်...”
“ဇီလင်း... မင်းပဲ ဒီလူတွေကို ရွေးချယ်ထားတာဆိုတော့ အစ်ကိုချူကို မင်းပဲ ပြောပြလိုက်ပါတော့...”
ခုံးကျုံးက ဘေးသို့ ဖယ်ပေးရင်း ရွှီဇီလင်းကို လှမ်းပြောလိုက်၏။
ထိုအခါ ရွှီဇီလင်းက ခုံးကျုံးကို မကြည်မလင် တစ်ချက် ကြည့်လိုက်ပြီးမှ အကူအညီမဲ့စွာဖြင့် ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။
“အစ်ကိုချူက လူအများကြီးနဲ့ ပွဲလမ်းသဘင်တွေ လုပ်ရတာကို မနှစ်သက်ဘူးဆိုတာ ကျွန်တော် သိပါတယ်... ဒါကြောင့် ဒီတစ်ခါလည်း ဘယ်ကိုယ်ရံတော်မှ ခေါ်မသွားဘူး မဟုတ်လား... ဒါပေမဲ့ သိုင်းလောကဆိုတာ အန္တရာယ် များလွန်းတယ်... ပြီးတော့ စီနီယာအစ်မကလည်း ကျန်းမာရေးက လုံးဝ ပြန်မကောင်းသေးတော့ ဂရုစိုက်ပေးမယ့်သူ မရှိရင် အဆင်မပြေနိုင်ဘူး... ဒီငါးယောက်ကတော့ အရင်က ခင်ဗျား စုဆောင်းထားခဲ့တဲ့ သိုင်းပညာရှင်တွေထဲကမှ ကျွန်တော် ကိုယ်တိုင် သေချာ ရွေးချယ်ထားတဲ့သူတွေပါ... သူတို့က သိုင်းလောက အတွေ့အကြုံလည်း ရှိကြသလို နယ်မြေဒေသ အလိုက် ဓလေ့ထုံးစံတွေနဲ့ သိုင်းလောကက လူကဲခတ်တာမှာလည်း တော်ကြတယ်... အလုပ်လုပ်တာလည်း တကယ့်ကို စနစ်တကျ ရှိကြပါတယ်... သူတို့က ခင်ဗျားအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေမှာပါ... တကယ်လို့ နောက်ပိုင်းမှ အဆင်မပြေဘူး ထင်ရင်လည်း သူတို့ကို ပြန်လွှတ်လိုက်လို့ ရပါတယ်...”
ရွှီဇီလင်း၏ လွတ်လပ်ပေါ့ပါးသော စိတ်နေစိတ်ထားအရ သူသည် အခြားသူများအတွက် ဆုံးဖြတ်ချက် ချပေးလေ့ မရှိကြောင်း ချူကျန့် သိရှိထား၏။ ယခုကဲ့သို့ လူများကို ကြိုတင် စီစဉ်ပေးထားခြင်းမှာ ဤလူနှစ်ဦးသည် သိုင်းလောကမှ ကောလာဟလအချို့ကို ကြားသိထားပြီး ချူကျန့်တွင် ရန်သူများလွန်းသဖြင့် စိုးရိမ်စိတ်ဖြင့် စီစဉ်ပေးထားခြင်းဖြစ်သည်။
ချူကျန့်၏ ရင်ထဲတွင် နွေးထွေးသွားရပြီး ဤမျှလောက်အထိ စေတနာထားမှုကို သူ မငြင်းပယ်လိုတော့ချေ။
ထို့ကြောင့် သူသည် လက်နှစ်ဖက် ဆုပ်ကာ...
“ညီအစ်ကိုတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒီလူတွေကို ငါ လက်ခံလိုက်ပါမယ်...”
အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးမှာ အတိုင်းမသိ ဝမ်းသာသွားကြပြီး ချက်ချင်းပင် မြင်းပေါ်မှ ဆင်းကာ ဒူးထောက်၍ ဂါရဝပြုကြတော့၏။
“လက်အောက်ငယ်သားတို့က စစ်သူကြီးချူကို ဂါရဝပြုပါတယ်...”
ချူကျန့်က သူတို့ကို ထရန် အမြန် တားလိုက်သည်။
“နှိမ့်ချတာတွေ လုပ်မနေကြပါနဲ့တော့...”
ထိုငါးဦးမှာ ပျော်ရွှင်သော မျက်နှာများဖြင့် သူ၏ အနောက်တွင် ရပ်နေကြသည်။
ခုံးကျုံးက ရယ်မောရင်း...
“အစ်ကိုချူ... ခင်ဗျားတော့ သိမှာ မဟုတ်ဘူး... ဇီလင်းက နင့်အတွက် ကိုယ်ရံတော် ရွေးမယ်လို့လည်း ကြေညာလိုက်ရော... လူတွေ အလုအယက် တိုက်ခိုက်ပြီး ဝင်အရွေးခံကြတာလေ... ဒီငါးယောက်ကတော့ အဲဒီထဲကမှ ထိပ်ဆုံးက ပါလာတဲ့သူတွေဆိုတော့ သိုင်းပညာလည်း မြင့်မှာ သေချာတယ်...”
ထို့နောက် သူသည် ကောရှန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး...
“စီနီယာအစ်မ... အစ်ကိုချူကို စီနီယာအစ်မရဲ့ စောင့်ရှောက်မှုအောက်မှာပဲ အပ်ခဲ့ပါမယ်... နောက်ကျလို့ ခင်ဗျားတို့ မင်္ဂလာပွဲ ကျင်းပတဲ့အခါကျရင် ဇီလင်းနဲ့ ကျွန်တော့်ကို ဖိတ်ဖို့ မမေ့နဲ့ဦးနော်...”
ကောရှန်သည် အမြဲတမ်း တည်ငြိမ်ပြီး သဘောထားကြီးသူ ဖြစ်သော်လည်း သူမ၏ မင်္ဂလာရေးနှင့် ပတ်သက်၍ အစခံရသောအခါ မရှက်ဘဲ မည်သည့်မိန်းကလေး နေနိုင်ပါမည်နည်း။ ထို့အပြင် ဒါက ပြင်ပလူများရှေ့တွင် ချူကျန့်နှင့် သူမ၏ ဆက်ဆံရေးကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြသခြင်း ဖြစ်ရာ သူမမှာ မျက်နှာလေး နီရဲသွားတော့၏။ သို့သော်လည်း သူမသည် ချူကျန့်၏ လက်ကို ချိုမြိန်စွာ ဖက်တွယ်ထားပြီး လုံးဝ လက်မလွှတ်ခဲ့ချေ။
ချူကျန့်က ခပ်ရေးရေး ပြုံးလိုက်မိ၏။
ကောရှန်က ငယ်သေးတာပဲ.. နောက်ထပ် သုံးနှစ်လောက်နေမှပဲ အိမ်ထောင်ပြုမယ့်အရွယ် ရောက်မှာ မဟုတ်လား။ သို့သော်လည်း ဤရှေးဟောင်းကမ္ဘာတွင် မိန်းကလေးများမှာ အသက် တစ်ဆယ့်လေး၊ တစ်ဆယ့်ငါးနှစ်အရွယ်ဖြင့် အိမ်ထောင်ပြုလေ့ရှိသည်ကို သူ သိရှိထားသဖြင့် ခုံးကျုံး၏ စကားမှာ သာမန်သာ ဖြစ်ပါ၏။
နှင်းပွင့်များ သယ်ဆောင်လာသော အေးစက်လှသည့် လေပြင်းတစ်ချက် ဝှေ့ယမ်းသွားရာ ကောရှန်းမှာ တုန်သွားရသည်။ သူမ၏ ကျန်းမာရေးမှာ အားနည်းနေသေးသဖြင့် နှင်းထဲတွင် အကြာကြီး ရပ်နေပါက အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် ချူကျန့်သည် ခုံးကျုံးနှင့် ရွှီဇီလင်းတို့ကို လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်တော့၏။
“ညီအစ်ကိုတို့... ငါနဲ့ စီနီယာအစ်မ သွားကြတော့မယ်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါဦး...”
ရွှီဇီလင်းက သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် မျက်ရည်စများ ပြည့်နှက်နေလျက်...
“အစ်ကိုချူ... သိုင်းလောကက အန္တရာယ် များတယ်... စီနီယာအစ်မကိုရော ကိုယ့်ကိုယ်ကိုယ်ကိုရော.. ဂရုစိုက်ပါဦး...”
ချူကျန့်လည်း မျက်ရည်များ ဝဲလာလျက် ရွှီဇီလင်းနှင့် ခုံးကျုံးတို့ကို တစ်လှည့်စီ ပွေ့ဖက်လိုက်၏။
“သခင်လေးကျုံး... ဇီလင်း... သိုင်းလောက လမ်းခရီးက မလွယ်ကူပါဘူး... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ... တစ်နေ့နေ့မှာ ပြန်ဆုံကြတာပေါ့...”
အမှန်တကယ်တော့ သိုင်းလောက ခရီးလမ်းမှာ ရှည်လျားပြီး ခက်ခဲလွန်းလှရာ သူတို့ နောက်တစ်ကြိမ် ပြန်ဆုံဖြစ်ရန် ရှိ မရှိကို သူ မသေချာခဲ့ချေ။
ကောရှန်းကို ရထားလုံးပေါ်သို့ ပြန်လည်ပို့ဆောင်ပေးပြီးနောက် ရထားလုံးမှာ ဖြည်းညင်းစွာ စတင် ထွက်ခွာလာခဲ့သည်။ အတန်ကြာ ခရီးနှင်ပြီးနောက် ချူကျန့် နောက်သို့ လှည့်ကြည့်လိုက်ရာ ခုံးကျုံးနှင့် ရွှီဇီလင်းတို့မှာ လေပြင်းများကြားတွင် မြင်းပေါ်မှနေ၍ သူတို့ရှိရာဘက်သို့ လက်ပြနှုတ်ဆက်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရ၏။
ချူကျန့်က စိတ်ကို တင်းထားကာ နှင်တံဖြင့် တို့လိုက်ရာ ရထားလုံးမှာ လျင်မြန်စွာ ပြေးထွက်သွားတော့၏။ ထိုလူရိပ်နှစ်ခုကို မမြင်ရတော့သည့် အချိန်မှသာ သူသည် ခွဲခွာခြင်း၏ ဝမ်းနည်းမှုကို အခြေခံလျက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
ထို့နောက်တွင်တော့ သူသည် ကိုယ်ရံတော် ငါးဦးကို ခေါ်ယူကာ မေးမြန်းစုံစမ်းတော့၏။ ယောက်ျား လေးဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်သော အဆိုပါ ကိုယ်ရံတော် ငါးဦးမှာ ရထားလုံးကို ဝိုင်း၍ ဖေးမ ကာ လိုက်ပါလာကြခြင်းပင်။ ချူကျန့်က သူတို့၏ နာမည်များကို အကျဉ်းချုပ် မေးမြန်းလိုက်ရာ သူတို့၏ ရုပ်ရည်နှင့် အဝတ်အစားများမှာ မထင်ရှားဘဲ စီးနင်းလာသည့် မြင်းများမှာလည်း သာမန်သာ ဖြစ်သဖြင့် သာမန် သိုင်းသမားများအလား ထင်မှတ်ရသည်။
သူသည် အတော်လေး သဘောကျသွားမိ၏။ ရွှီဇီလင်းသည် သူ၏ စိတ်နေစိတ်ထားကို အမှန်တကယ် နားလည်ပြီး သင့်တော်သော သူများကို ရွေးချယ်ပေးထားခဲ့ခြင်းပင်။
အမျိုးသမီး ကိုယ်ရံတော်က ရိုသေစွာဖြင့် ရှေ့သို့ တိုးလာကာ...
“စစ်သူကြီးချူ... ကျွန်မက ရထားလုံး မောင်းနှင်တာမှာ ကျွမ်းကျင်ပါတယ်... ကျွန်မကို ရထားလုံး မောင်းခွင့် ပြုပါလား...”
ချူကျန့်သည် ကောရှန်က ယမန်နေ့ကတည်းက သူနှင့်အတူ သိုင်းလောကသို့ လှည့်လည်သွားလာချင်နေခဲ့သဖြင့် အစေခံမလေးကိုပင် ခေါ်မလာခဲ့ခြင်းကို သိရှိထား၏။ ထိုအပိုလူ ငါးယောက်ကြောင့် သူမ စိတ်မချမ်းသာဖြစ်မှာကို သူ စိုးရိမ်မိသလို သူကိုယ်တိုင်ကလည်း လူအများအပြား ခြံရံထားခြင်းကို အသားမကျချေ။ ထို့ကြောင့် သူက ခေါင်းခါလိုက်ပြီး...
“မလိုပါဘူး... အဝေးကနေပဲ လိုက်ခဲ့ကြပါ... တစ်ခုခု အရေးကြုံမှ ငါ ခေါ်မယ်... ရှေ့မှာ တိုက်ပွဲတွေ ဘာတွေ ဖြစ်နေရင်တောင် ငါ မခေါ်မချင်း ဝင်မပါကြနဲ့ဦး...”
“ဟုတ်ကဲ့ပါ...”
ထိုငါးဦးမှာ စစ်သူကြီးချူ၏ သိုင်းပညာမှာ ပြိုင်ဘက်ကင်းသလောက် ရှိနေပြီး သူတို့ထက် အဆမတန် သာလွန်ကြောင်း သိရှိထားကြသဖြင့် အမိန့်ကို လိုလိုလားလား လက်ခံလိုက်ကြပြီး ရထားလုံး၏ အနောက် ပေတစ်ရာခန့်အကွာမှ လိုက်ပါလာကြတော့၏။ ၎င်းမှာ ချူကျန့်နှင့် ကောရှန်းတို့ နှစ်ဦးတည်း ခရီးသွားနေသကဲ့သို့သာ ထင်မှတ်ရပါသည်။
ထိုငါးဦးထဲတွင် ခြေရာခံ ကျွမ်းကျင်သူ တစ်ဦး ပါဝင်သဖြင့် နှင်းမုန်တိုင်းကြားတွင် ရထားလုံးကို မျက်ခြေပြတ်သွားမည်ကိုတော့ စိုးရိမ်စရာ မရှိချေ။
“ဂျူနီယာ မောင်လေး... ငါတို့ နောက်ထပ် ဘယ်ကို သွားကြမှာလဲ...”
ကောရှန်းသည် မူလက ချူကျန့်နှင့်အတူ ရထားလုံးမောင်းသည့် နေရာတွင် ထိုင်ချင်ခဲ့သော်လည်း ရာသီဥတုကြောင့် ချူကျန့်က ပြတ်ပြတ်သားသား တားမြစ်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမမှာ ရထားလုံး၏ လိုက်ကာကို မကာ ရထားလုံးထဲမှနေ၍ ချူကျန့်ကို လှမ်းမေးနေရုံသာ တတ်နိုင်တော့သည်။