အခန်း (၁၉၇-၁၉၈)
Vol. 19 Ch. 197-198
အခန်း (၁၉၇) လီရွှမ်းဟွမ်
ရထားလုံးကို မောင်းနှင်နေသော လူသန်ကြီး၏ အသွင်အပြင်မှာ ကြမ်းတမ်းလှသော်လည်း ချူကျန့်က သူ၏ထံမှ မည်သည့် ရန်လိုမှုမျိုးကိုမျှ မခံစားမိပေ။ သူက ကောရှန်ကို ရထားလုံးပေါ်မှ ခုန်ဆင်းရန် ကူညီပေးလိုက်ပြီးနောက် ပြုံးကာ လျှောက်သွားလိုက်၏။
“ဒါဆိုရင်လည်း အားမနာတော့ပါဘူး... ဒီလို ရာသီဥတုမျိုးမှာ ဝိုင်ပူပူလေး သောက်ရတာလောက် ကောင်းတာ မရှိတော့ဘူးလေ”
သက်လတ်ပိုင်းအရွယ် အမျိုးသားက ရထားလုံးတံခါးကို ဖွင့်ပေးလိုက်ပြီး သူတို့နှစ်ဦးကို အရင် ဝင်စေလိုက်သည်။
“ဝါး... အထဲမှာ အရမ်း နွေးတာပဲ”
ကောရှန်က ရထားလုံးအတွင်းသို့ စူးစမ်းလိုစိတ်ဖြင့် လိုက်လံ ကြည့်ရှုလိုက်၏။ ကုတင်တစ်လုံးအဖြစ် ပြောင်းလဲထားသော ထိုင်ခုံတစ်ခုကိုသာမက စားပွဲငယ်လေး တစ်လုံးနှင့် ထိုင်ခုံ အနည်းငယ်ကိုပါ တွေ့လိုက်ရသည်။ ထောင့်ဘက်တွင် အပူပေးစက် တစ်လုံးပင် ရှိနေသေးရာ အတွင်းပိုင်းတစ်ခုလုံးမှာ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။
ချူကျန့်က ထိုင်ခုံအောက်ရှိ ခိုင်ခံ့သော ထင်းရှူးသစ်တုံးများစွာနှင့် ကြမ်းပြင်ပေါ်ရှိ သစ်စာမှုန့်များကို သတိပြုမိလိုက်သည်။
ဤသက်လတ်ပိုင်းအရွယ် အမျိုးသားက ရထားလုံးအတွင်း ထိုင်ကာ အမျိုးသမီး တစ်ဦး၏ ရုပ်တုကို ထုဆစ်နေခဲ့ခြင်း ဖြစ်မည်ဟု သူက ခန့်မှန်းလိုက်၏။ ထိုအမျိုးသမီးနှင့် သက်လတ်ပိုင်း အမျိုးသားကြားက ဆက်ဆံရေးကို ချူကျန့် မသိသော်လည်း သိုင်းလောက၏ စည်းမျဉ်းများကို ကောင်းစွာ နားလည်ထားသူပီပီ သူက ဘာမှ ဝင်ပြောမည် မဟုတ်ပေ။
သူက နှင်းမှုန်များ ဖုံးလွှမ်းနေသော ကောရှန်၏ ခြုံထည်ကို ဖြုတ်ကာ သေသပ်စွာ ခေါက်ထားလိုက်ပြီးနောက် သူမ၏ ဘေးရှိ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်တော့သည်။ ကောရှန်းကလည်း ပြုံးလိုက်ပြီး သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်ပေါ်ရှိ နှင်းမှုန်များကို ဖယ်ရှားပေးလိုက်၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားကလည်း ရထားလုံးအတွင်းသို့ ဝင်လာပြီး တံခါးကို ပိတ်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အားကျမှုနှင့် သက်ပြင်းချလိုမှု အရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူက မီးဖိုပေါ်မှ ဝိုင်အိုးကို ကောက်ကိုင်လိုက်ပြီး ဖုန်တက်နေသော ခွက်သုံးခွက်ကို ထုတ်ယူကာ သူ့ကိုယ်သူ လှောင်ပြောင်သကဲ့သို့ သက်ပြင်းချလိုက်သည်။
“ဧည့်သည်တွေ မလာတာ တော်တော် ကြာနေပြီဆိုတော့ ခွက်တွေတောင် ဖုန်တက်နေပြီပဲ”
ချူကျန့်က လက်လှမ်း၍ ယူလိုက်ပြီး ရထားလုံးပြတင်းပေါက်ကို ဖွင့်ကာ ရေဖြင့် ဆေးကြောလိုက်သည်။ ထို့နောက် သူက ခွက်များကို ပြန်ပေးရင်း ရယ်မောလိုက်၏။
“ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်တည်းဆိုရင် ဒီလောက် အထူးတလည် အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး... တစ်ယောက် တစ်အိုးစီ သောက်ရတာက ပိုပြီး အရသာ ရှိတာလေ”
ထိုစဉ် ကောရှန်ကလည်း လုံးဝ ရှက်ရွံ့မနေဘဲ နှုတ်ခမ်းကို စူကာ ပြောလာသည်။
“ကျွန်မလည်း ဝိုင်အိုးနဲ့ သောက်တတ်ပါတယ်... အရင်က ဥက္ကဋ္ဌလု တို့နဲ့ဆို ပန်းကန်လုံးတွေနဲ့တောင် သောက်ခဲ့တာ”
သက်လတ်ပိုင်း အမျိုးသားက အားရပါးရ ရယ်လိုက်ပြီး ရထားလုံး ထိုင်ခုံအောက်မှ ဝိုင်အိုး တစ်အိုးကို ထုတ်ယူကာ ပြောလိုက်၏။
“မိန်းကလေးက တကယ့်ကိုပဲ... ကျုပ်ဆီမှာ ဒီလို ဝိုင်ကောင်းကောင်းတွေ ရှိမနေတာ နှမြောစရာပဲ... သိပ်တော့ မကျန်တော့ဘူး... သာမန်ဝိုင်တွေ တိုက်ရင်လည်း ရိုင်းရာကျနေမှာစိုးလို့”
သက်လတ်ပိုင်း အမျိုးသားက သူတို့၏ ခွက်တစ်ခုစီကို ဝိုင်ဖြည့်ပေးလိုက်သည်။ ကောရှန်းက သူမ၏ အထုပ်ငယ်လေးထဲမှ ထုပ်ပိုးထားသော အရာတစ်ခုကို ထုတ်ယူကာ ဖွင့်လိုက်ပြီး စားပွဲပုလေးပေါ်သို့ တင်လိုက်၏။ အတွင်းတွင် ဆားနယ်ထားသော မြေပဲ တစ်ဆုပ်နှင့် စမုန်စပါးစေ့ အနည်းငယ် ပါဝင်သည်။ သူမက ပြုံးရင်း ပြောလိုက်သည်။
“အမြည်း မပါဘဲ ဘယ်လိုလုပ် သောက်လို့ ကောင်းပါ့မလဲ”
သက်လတ်ပိုင်း အမျိုးသားက အံ့ဩသွားပြီးနောက် ညင်သာစွာ ပြန်ပြောလိုက်၏။
“မှန်တယ်... မြေပဲလေး စမုန်စပါးစေ့လေးနဲ့ ဝိုင်သောက်ရတာက တကယ့်ကို ဘဝရဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုတွေထဲက တစ်ခုပဲ... လာ... မိတ်ဆွေတို့ နှစ်ယောက်ကို ကျုပ်က အရင် ဂုဏ်ပြုလိုက်ပါ့မယ်”
သူက ဝိုင်ကို တစ်ငုံမျှ သောက်လိုက်ပြီးနောက် ရုတ်တရက် အဆက်မပြတ် ချောင်းဆိုးလာတော့သည်။ ဖြော့တော့နေသော သူ၏ မျက်နှာပေါ်တွင် နာမကျန်းဖြစ်နေသော အရိပ် အရောင်များ ထွက်ပေါ်လာပြီး ခါးပင် မဆန့်နိုင်လောက်အောင် ပြင်းထန်စွာ ချောင်းဆိုးနေလေ၏။ သူ၏ အားနည်းနေမှုကို မြင်သောအခါ ကောရှန်းက အာမေဍိတ်သံလေး ထွက်လာတော့သည်။
“အို... အစ်ကိုက ဒီလောက်တောင် ချောင်းဆိုးနေတာ မသောက်တာ ပိုကောင်းမယ် ထင်တယ်... ကျွန်မရဲ့ မိတ်ဆွေ တစ်ယောက်လည်း အရင်က ချောင်းဆိုးနေတာတောင် ဆက်သောက်ခဲ့လို့ နောက်ဆုံးကျတော့...”
သူမ စကားပြောနေရင်း မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ချူကျန့်က သူမ၏ လက်သေးသေးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ သက်လတ်ပိုင်း အမျိုးသားက ပြန်ထိုင်လိုက်ပြီး သူ၏ ဖန်ခွက်ကို မြှောက်လိုက်ချိန်တွင် ချူကျန့်ကလည်း ဖန်ခွက်ကို ထိတိုက်လိုက်၏။
“ဝိုင်မှ မရှိရင် ဘဝက ဘယ်လောက်ပဲ ရှည်လျားပါစေ.. အဓိပ္ပာယ် မရှိတော့ဘူးလေ”
ထိုသက်လတ်ပိုင်း အမျိုးသားတွင် ဝမ်းနည်းစရာ အမှတ်တရများစွာ ရှိနေပြီး ဝိုင်က သူ၏ စိတ်ပိုင်းဆိုင်ရာ ခိုကိုးရာ ဖြစ်နေကြောင်းကို ချူကျန့် မြင်နိုင်သည်။ ဝိုင်သာ မရှိလျှင် သူက ခြောက်လပင် ခံနိုင်မည် မဟုတ်ပေ။
ထိုအချိန်ကျလျှင် သူ၏ အသက်ကို နုတ်ယူသွားမည့် အရာမှာ ဤချောင်းဆိုးခြင်း နောက်ကွယ်ရှိ ရောဂါဝေဒနာ ဖြစ်လိမ့်မည် မဟုတ်ချေ။ ထိုစကားကို ကြားသောအခါ သက်လတ်ပိုင်း အမျိုးသားက နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။ သူက ဖန်ခွက်ထဲရှိ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး အားရပါးရ ရယ်မောလိုက်၏။
“ဟားဟားဟား…ကောင်းတယ်... အဲ့ဒီစကားအတွက်ပဲ မင်းကို ငါ့ရဲ့ မိတ်ဆွေ တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ”
ထို့နောက် သူက ထပ်မံ၍ ချောင်းဆိုးလာပြန်သည်။
ကောရှန်က ကြင်နာစွာဖြင့် ပြောလာ၏။
“ဘာဖြစ်လို့ များများ သောက်တာလဲ... အဘိုးစု ဒီမှာ မရှိတာ နှမြောစရာပဲ... မဟုတ်ရင် သူက အစ်ကို့ကို စစ်ဆေးပေးနိုင်မှာ... သူ့ရဲ့ ဆေးပညာက တကယ့်ကို အံ့မခန်းပဲ”
ဤမိန်းမပျိုလေးက တကယ့်ကို ကြင်နာတတ်သော နှလုံးသား ပိုင်ရှင်လေး ဖြစ်သည်။ သူမ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာလေးကို မြင်သောအခါ သက်လတ်ပိုင်း အမျိုးသားက ပြုံးလိုက်၏။
“အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ကံကြမ္မာရဲ့ အဆုံးအဖြတ်တွေပဲ... စည်းစိမ်ချမ်းသာ ဆိုတာကလည်း ကံတရားကပဲ သတ်မှတ်ပေးထားတာ... ဘာလို့ အတင်းအကြပ် လုပ်နေရမှာလဲ... ငါက ဝိုင်အရမ်းသောက်တဲ့ သူတစ်ယောက်ပါ... ငါ့ကို ဝိုင်မသောက်ရဘူး ဆိုတာက ငါ့အသက်ကို နှုတ်ယူတာထက်တောင် ဆိုးသေးတယ်... ဒါပေမဲ့ ငါ လီရွှမ်းဟွမ် က မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
လီရွှမ်းဟွမ်...
ထိုအမည်ကို အတော်လေး ရင်းနှီးနေသည်ဟု ချူကျန့် ခံစားလိုက်ရသော်လည်း သူ သေချာ ပြန်မစဉ်းစားနိုင်ခင်မှာပင် ကောရှန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
“လီရွှမ်းဟွမ်... အစ်ကိုက ဓားပျံ ရှောင်လီလား”
ကောရှန်၏ ရေရွတ်သံကြောင့် ဂိမ်း၏ ကြော်ငြာစာသားများတွင် လီရွှမ်းဟွမ် ဟူသော နာမည်ကျော် သိုင်းသူရဲကောင်း တစ်ဦးအကြောင်း ပါဝင်ခဲ့သည်ကို ချူကျန့် ရုတ်တရက် သတိရသွားသည်။ ထိုသူမှာ သိုင်းလောကတွင် ထိပ်တန်း အဆင့်ရှိသူ တစ်ဦးဖြစ်ပြီး သူ၏ တိုက်ခိုက်မှုတိုင်းက ပစ်မလွဲဟု ဆိုကြသည်။
မျက်စိရှေ့ရှိ နာမကျန်းဖြစ်နေပုံရသော ဤသက်လတ်ပိုင်း အမျိုးသားက ထိုသူပင် ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။ လီရွှမ်းဟွမ်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်၏။
“အို... ငါ အလယ်ပိုင်းလွင်ပြင် ကနေ ထွက်လာတာ ဒီလောက် ကြာနေတာတောင် တစ်ယောက်ယောက်က ဒီနာမည်ကို မှတ်မိနေဦးမယ်လို့ မထင်ထားဘူး”
ကောရှန်က သူမ၏ ရှေ့ရှိ နာမည်ကျော် ဓားသမားကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အဖေနဲ့ အမေ က ကျွန်မကို ဓားပျံ ရှောင်လီရဲ့ ဇာတ်လမ်းကို ပြောပြဖူးတယ်... သူတို့က အစ်ကို့ရဲ့ မိသားစု သုံးဆက်လုံးက နန်းတွင်း စာမေးပွဲတွေမှာ ထိပ်တန်း ပညာရှင်တွေ ဖြစ်ခဲ့ကြတယ်လို့ ပြောတယ်... အစ်ကိုက သိုင်းပညာရှင် ပီသပြီး ဖြောင့်မတ်တယ်... ဘဝမှာ လူကောင်း တစ်ယောက်ကိုမှ မထိခိုက်စေခဲ့ဖူးဘူး... တကယ့် သူရဲကောင်း စစ်စစ်ပဲလို့ ပြောကြတယ်... အစ်ကို့ရဲ့ ဓားပျံ ပညာရပ်ကလည်း ပြိုင်ဘက်ကင်းတယ် တဲ့... သူတို့က အစ်ကို့ကို အရမ်း လေးစားကြတာ... ကံမကောင်းစွာနဲ့ပဲ တစ်ခါမှ မဆုံဖြစ်ခဲ့ကြဘူး... အာ... ကျွန်မ ခွက်ထဲက ဝိုင်တောင် မသောက်ရသေးဘူး... အကိုလီ... လာ... ကျွန်မတို့ ခွက်ချင်း တိုက်ကြစို့နော်... ကျွန်မလည်း အစ်ကို့ရဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်”
ဤကောင်မလေးက အပြစ်ကင်းစင်ပြီး ရိုးသားလှသည်။ သဘာဝအတိုင်း ပွင့်လင်းသော စိတ်ထားရှိပြီး သိုင်းလောကမှ သူရဲကောင်းများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်၏။
မျက်စိရှေ့ရှိ လူက သိုင်းလောက တစ်ခွင်လုံးတွင် နာမည်ကျော်ကြားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်နေသည်ကို သူမက ဂရုမစိုက်ပေ။ သူမက သူ့ကို ပေါ့ပေါ့ပါးပါးပင် ခွက်ချင်းတိုက်လိုက်ပြီးနောက် ခွက်ထဲရှိ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။
“မင်းက ပွင့်လင်းတဲ့ မိန်းကလေးပဲ... သေချာပေါက် မင်းလည်း ငါ့ရဲ့ မိတ်ဆွေပါ”
လီရွှမ်းဟွမ်က အနည်းငယ် ပြုံးလိုက်ပြီး မေးလိုက်၏။
“မင်းရဲ့ မိဘတွေက ဘယ်သူတွေများလဲ...”
ကောရှန်းက ပြုံးလိုက်ပြီး ပြန်ဖြေသည်။
“ကျွန်မရဲ့ အဖေက ရှန်းချန်မြို့ က ကောကျင့်... ပြီးတော့ အမေက ဟွမ်ရုံ ပါ”
ထိုနာမည် နှစ်ခုကို ပြောလိုက်ချိန်တွင် သူမ၏ လေသံ၌ ဝါကြွားလိုသည့် အရိပ်အယောင်များ လုံးဝ မပါဝင်ဘဲ ရိုးသားသော ဂုဏ်ယူမှုများသာ ပြည့်နှက်နေသည်။ လီရွှမ်းဟွမ်က လေးနက်စွာဖြင့် ပြောလာ၏။
“ဒါဆို မင်းက ရှန်းချန်မြို့ က သူရဲကောင်းကြီး ကောကျင့် နဲ့ သူတောင်းစားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဟွမ်ရုံ တို့ရဲ့ သမီးပေါ့... မင်းရဲ့ မိဘတွေက တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်အကျွေးပြုပြီး ရှန်းချန်မြို့ ကို တရားမျှတမှုတွေနဲ့ ကာကွယ်ပေးခဲ့ကြတာ... သူတို့ကို ငါ အရမ်း လေးစားပါတယ်... လွန်ခဲ့တဲ့ အချိန်တုန်းက ကော မိသားစု က လူတစ်ယောက်က ငါ့ဆီကို သူရဲကောင်း ဖိတ်စာ တစ်စောင် ပို့ပေးခဲ့သေးတယ်... ဒါပေမဲ့ ငါက ပျင်းရိဖို့ကိုပဲ အကျင့်ပါနေတော့ သိုင်းလောကက သူရဲကောင်း အများစုနဲ့ သိပ်အဆင်မပြေဘူးလေ... ဒါကြောင့် မင်းရဲ့ မိဘတွေကို ဒုက္ခမပေးချင်လို့ ရှန်းချန်မြို့ ကို မသွားဖြစ်ခဲ့ဘူး”
ယခင်က မြောင်ရန်ဖုန်း ၏ နေရာတွင် ကော မိသားစုမှ သိုင်းဆရာ တစ်ဦးက သူရဲကောင်း ဖိတ်စာ လာပို့သည်ကို မြင်ခဲ့ရကြောင်း ချူကျန့် ပြန်သတိရသွားပြီး ကောရှန်အား မေးလိုက်သည်။
“သူရဲကောင်း စုဝေးပွဲ က ဘယ်တော့လဲ”
“နောက်သုံးလနေရင် ဖြစ်မယ် ထင်တယ်... သိုင်းလောကက နာမည်ကျော် ပုဂ္ဂိုလ်တွေထဲက တချို့က အဝေးကြီးမှာ နေကြတာဆိုတော့လေ... အဖေနဲ့ အမေ က လူလွှတ်ပြီး သူရဲကောင်း ဖိတ်စာတွေကို ခြောက်လ ကြိုတင် ပို့ခိုင်းခဲ့တာ... အစက ကျွန်မလည်း လိုက်ပို့ချင်တာ... ဒါပေမဲ့ နောက်ပိုင်းကျတော့...”
ကောင်မလေးက နှစ်ချက်မျှ ရယ်မောလိုက်ပြီးနောက် စကားကို ဆုံးအောင် မပြောတော့ပေ။
'ဒါနဲ့ပဲ နင်က အိမ်ကနေ ထွက်ပြေးပြီး ငါ့ကို လာရှာတာပေါ့'
ချူကျန့်က စိတ်အနှောင့်အယှက်လည်း ဖြစ်သလို သနားလည်း သနားသွားမိ၏။ သူက လက်လှမ်း၍ သူမ၏ ဆံပင်များကို ဖွလိုက်ပြီးနောက် လီရွှမ်းဟွမ် အား မိမိကိုယ်ကိုယ် မိတ်မဆက်ရသေးကြောင်း သတိရသွားရာ အတော်လေး ရိုင်းစိုင်းရာ ကျနေသည်။
ထို့ကြောင့် ချူကျန့်က လက်နှစ်ဖက် ဆုပ်ကာ ပြောလိုက်သည်။
“လီရွှမ်းဟွမ်... ကျွန်တော်က ချူလော့ကျွင်း ပါ... ဒါကတော့ ကျွန်တော့်ရဲ့ စီနီယာအစ်မ ကောရှန် ပါ... ဒီနေ့ ခင်ဗျားကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
လီရွှမ်းဟွမ်က ထပ်မံ၍ လှုပ်ရှားသွားပြန်သည်။
“ဒါဆို မင်းက ဒီရက်ပိုင်း သိုင်းလောကမှာ နာမည်ကြီးနေတဲ့ ချူလော့ကျွင်း ပေါ့... တောင်းပန်ပါတယ်…”
ချူကျန့်က နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးလိုက်၏။
“လီရွှမ်းဟွမ်... ခင်ဗျားက တောင်းပန်ပါတယ် လို့ပဲ ဆက်ပြောနေမယ် ဆိုရင် ကျွန်တော့်ကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်လိမ့်မယ်... ကျွန်တော်က အရမ်းကြီး စွမ်းဆောင်နိုင်တဲ့သူ မဟုတ်ပါဘူး... ပြီးတော့ လူတွေက အစ်ကို့အကြောင်းတွေ အများကြီး ကြားဖူးပေမဲ့ တကယ်တမ်းကျတော့ လူချင်းဆုံရတာထက် နာမည်ကို ကြားရတာက ပိုကောင်းပါတယ် မင်းရဲ့ နာမည်ကြီးမှုက အပိုတွေပါ ဆိုပြီး ပြောကြတာကို ကျွန်တော် အမုန်းဆုံးပဲ”
လီရွှမ်းဟွမ်က အံ့ဩသွားတော့သည်။ ဤ ပြိုင်ဘက်ကင်း တပ်မှူးကြီး အမည်ရ လူငယ်လေးက ကောလာဟလများထက် အများကြီး ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေသည်။ သူက ထပ်မံ ရယ်မောလိုက်၏။
“ကောင်းပါပြီ... ကောင်းပါပြီ... ဒါဆိုရင်လည်း ငါ အားမနာတော့ဘူး... မင်းကို ညီလေး လော့ကျွင်း လို့ပဲ ခေါ်တော့မယ်... မင်းက ငါ့ကို ဓားပျံ ရှောင်လီလို့ ခေါ်စရာ မလိုပါဘူး... လီရွှမ်းဟွမ် ဒါမှမဟုတ် အစ်ကိုလီ လို့ပဲ ခေါ်ပါ”
ဤနာမည်ကျော် ဓားသမား၏ စိတ်နေသဘောထားကို ချူကျန့်က အကြမ်းဖျင်း ခန့်မှန်းမိသွားပြီ ဖြစ်သည်။ သူတို့ အချင်းချင်း အဆင်ပြေသရွေ့ သူက စကားပြောရတာ လွယ်ကူသူ တစ်ဦးပါပင်။
လီရွှမ်းဟွမ်က စည်းစိမ်ချမ်းသာစံအိမ် မှ လူများနှင့် တူညီပြီး ပွင့်လင်းဖြောင့်မတ်ကာ ထိန်းချုပ်ခံရမှုကို မနှစ်သက်ပေ။ လွတ်လပ်သော စိတ်ဝိညာဉ် ရှိသော်လည်း အနည်းငယ်တော့ ပေါ့ပေါ့ဆဆ နေတတ်သူ ဖြစ်၏။ တကယ်တော့ ချူကျန့်ကလည်း ဤကဲ့သို့သော လူမျိုးနှင့် အတူရှိနေရခြင်းကို နှစ်သက်ပြီး ၎င်းက သူ့ကို အထူးပင် သက်တောင့်သက်သာ ဖြစ်စေသည်။
ချူကျန့်က အားနာမနေတော့ဘဲ ဖန်ခွက်ကို မြှောက်ကာ ပြုံးလိုက်၏။
“အစ်ကိုလီ... သောက်ကြစို့... ကျွန်တော့်ရဲ့ ဝိုင်မြည်းစမ်းတဲ့ စွမ်းရည်က အဲ့လောက်ထိ မကောင်းသေးဘူး... ဒါက သက်တမ်းရင့် ဇူယဲ့ချင်း ဆိုတာပဲ သိတယ်... ဒါပေမဲ့ ဘယ်နှစ်နှစ်လောက် သက်တမ်းရှိပြီလဲ ဆိုတာတော့ မသိဘူး”
လီရွှမ်းဟွမ်က ဖန်ခွက်ကို မြှောက်ကာ ရယ်မောလိုက်သည်။
“သက်တမ်းက အရေးမကြီးပါဘူး... အရေးကြီးတာက ဘယ်သူနဲ့ သောက်နေရလဲ ဆိုတာပဲ... ဟုတ်တယ် မဟုတ်လား... လော့ကျွင်း”
“နောက်တစ်ခါကျရင် စည်းစိမ်ချမ်းသာစံအိမ် က မိတ်ဆွေ တချို့နဲ့ မိတ်ဆက်ပေးမယ်... သူတို့နဲ့ ဝိုင်သောက်ရတာက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်”
ကောရှန်ကလည်း သူမ၏ ဖန်ခွက်ကို မြှောက်ကာ အော်ပြောလိုက်၏။
“ကျွန်မလည်း ပါတယ်... ကျွန်မလည်း ပါတယ် နော်”
သူတို့သုံးဦး ပျော်ရွှင်စွာ စကားပြောနေကြစဉ် မုတ်ဆိတ်မွေး ထူထူနှင့် လူသန်ကြီးက ရထားလုံး ပြတင်းပေါက်ကို ညင်သာစွာ ချလိုက်ပြီး တီးတိုး ပြောလာတော့သည်။
“သခင်လေး... အချိန်နှောင်းနေပါပြီ... ပြီးတော့ ရှေ့ဆက်ရမယ့် ခရီးကလည်း အများကြီး လိုသေးတယ်... ကျွန်တော်တို့ မြန်မြန် ခရီးဆက်မှ ရပါလိမ့်မယ်”
အခန်း (၁၉၈) အထီးကျန်ဆန်သော ကောင်လေးနှင့် ရိုးရှင်းလှသော ဓား
ကောရှန် တစ်ယောက် ပျော်ရွှင်စွာ သောက်နေသည်ကို မြင်သောအခါ ချူကျန့်က လီရွှမ်းဟွမ် အား လှမ်းပြောလိုက်၏။
“အစ်ကိုလီ... ကျွန်တော်နဲ့ စီနီယာအစ်မ က ဒီရထားလုံးထဲမှာ လိုက်နှောင့်ယှက်နေသလိုများ ဖြစ်နေမလား”
လီရွှမ်းဟွမ်က ပြုံးလိုက်ပြီး ပြန်ဖြေသည်။
“အဆင်ပြေတာထက်တောင် ပိုသေးတယ်... ငါက အထီးကျန်ရတာကို အမုန်းဆုံးပဲ... မင်းတို့နှစ်ယောက်နဲ့ အတူ သောက်ရတော့ အညံ့ဆုံး ဝိုင်ကတောင် အရသာ ပိုကောင်းသွားသလိုပဲ”
ချူကျန့်က ရထားလုံးပေါ်မှ ခုန်ဆင်းကာ အဝေးသို့ လက်လှမ်းပြလိုက်ရာ မကြာမီမှာပင် ကိုယ်ရံတော်များ ပြေးလာကြတော့သည်။ သူက သူတို့ကို နောက်မှ လိုက်လာရန် ညွှန်ကြားချက် အချို့ ပေးလိုက်ပြီးနောက် လီရွှမ်းဟွမ် ၏ ရထားလုံးပေါ်သို့ ပြန်တက်လာခဲ့၏။ ထို့နောက် မုတ်ဆိတ်မွေး ထူထူနှင့် လူသန်ကြီးကို လှမ်းပြောလိုက်သည်။
“အစ်ကိုကြီး... ရထားလုံး မောင်းပေးတာ ကျေးဇူးပါပဲ... အရင်ဆုံး ဝိုင်ပူပူ တစ်ခွက်လောက်များ သောက်ဦးမလား”
မုတ်ဆိတ်မွေးနှင့် လူသန်ကြီးက ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြန်ပြောလာ၏။
“သခင်လေး ဒီလောက် ပျော်နေတာကို မမြင်ရတာ တော်တော် ကြာပြီ... ကျေးဇူးတင်ပါတယ် သခင်လေး ချူ... ဝိုင်ကိုတော့ နောက်မှပဲ သောက်ပါတော့မယ်... တည်းခိုခန်း ရောက်ရင်တော့ သေချာပေါက် သောက်ကြတာပေါ့”
ချူကျန့်က ကောရှန် ၏ ဘေးတွင် ပြန်ထိုင်လိုက်သည်။ ဝိုင်အိုးထဲတွင် ဝိုင်သိပ်မကျန်တော့သည်ကို မြင်သောအခါ သူ၏ သိုလှောင်အိတ်ထဲမှ အမျိုးအစား မတူညီသော ဝိုင်အိုး အနည်းငယ်ကို ထုတ်ယူလိုက်ပြီး စကားဆိုလိုက်၏။
“ဒါတွေက လမ်းမှာ ဝယ်လာခဲ့တဲ့ ကိုယ်ပိုင် ချက်ထားတဲ့ ဝိုင်တွေပါ... နာမည်ကြီး ဝိုင်တွေတော့ မဟုတ်ပေမဲ့ အားလုံးက ထူးခြားတဲ့ အရသာ ရှိတယ်... အစ်ကိုလီ မြည်းကြည့်ပေးပါဦး”
“ငါက မင်းတို့ကို ဝိုင်တိုက်မလို့ လုပ်နေတာ... အခုတော့ မင်းက ငါ့ကို ပြန်တိုက်နေပါလား”
လီရွှမ်းဟွမ်က ပြုံးလိုက်ရာ သူ၏ မျက်ဝန်းထောင့်ရှိ အရစ်အကြောင်းများက ပို၍ နက်ရှိုင်းသွားသည်။ သို့သော် ရယ်မောမှုများ ပြည့်နှက်နေသော ထိုမျက်လုံးများက ယခင်ကထက် ပို၍ နူးညံ့ပြီး နှစ်လိုဖွယ် ကောင်းနေတော့၏။ ဤသူမှာ မရေမတွက်နိုင်သော လူဆိုးများ၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းပေးခဲ့သည့် သိုင်းလောကမှ နာမည်ကျော် ဓားသမား တစ်ယောက် ဖြစ်သည်ဆိုခြင်းကို ယုံကြည်ရန်ပင် ခဲယဉ်းလှသည်။
ချူကျန့်က တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
“ဒါနဲ့ အစ်ကိုလီ... ကူယွီ ဆိုတဲ့ နာမည်နဲ့ အစ်ကို့ကို လာစိန်ခေါ်တဲ့သူ ရှိလား... သူက အသက် နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ် ဝန်းကျင်လောက် ရှိတဲ့ ဓားသမား တစ်ယောက် ဖြစ်လောက်တယ်”
သူ ဂိမ်းထဲသို့ စတင် ရောက်ရှိလာချိန်က အဘိုးအို၏ တာဝန်ပေးချက်အရ ကူအာလေး ၏ ဖခင် ဖြစ်သူ ကူယွီ ၏ သတင်းအစအနကို စုံစမ်းပေးရန် လူသစ် လမ်းညွှန်ထံမှ တောင်းဆိုခံခဲ့ရဖူးသည်။ မထွက်ခွာမီက ကူယွီ သည် လီရွှမ်းဟွမ် နှင့် ရှန်ကွမ်ကျင်းဟုန် ကဲ့သို့သော နာမည်ကျော် သိုင်းဆရာများကို စိန်ခေါ်ရန် သွားရောက်မည်ဟု ဆိုခဲ့၏။
သေချာပေါက်ပင် ချူကျန့်တွင် လူတစ်ယောက်ကို လောကအနှံ့ လိုက်လံ ရှာဖွေရန် အချိန်နှင့် စိတ်ဝင်စားမှု မရှိခဲ့ပေ။ သို့သော် ယနေ့တွင် လီရွှမ်းဟွမ် နှင့် တွေ့ဆုံခွင့် ရရှိခဲ့ပြီဖြစ်ရာ အလွတ်သဘော မေးကြည့်ရန် သူ မတွန့်ဆုတ်ခဲ့ပေ။
လီရွှမ်းဟွမ်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
“မရှိပါဘူး”
သူက ချူကျန့်ကို ကြည့်လိုက်၏။
“ဘာဖြစ်လို့လဲ... သူက မင်းရဲ့ မိတ်ဆွေလား”
ချူကျန့်က ကူအာလေး ၏ အခြေအနေကို ရှင်းပြလိုက်ရာ လီရွှမ်းဟွမ်က ပြန်ပြောလာသည်။
“သူသာ ငါ့ကို လာရှာရင် မင်းရဲ့ စကားကို တစ်ဆင့် ပါးပေးလိုက်ပါ့မယ်”
“ကျေးဇူးပါပဲ အစ်ကိုလီ”
'ကူအာလေး... မင်းအတွက် ငါ လုပ်ပေးနိုင်တာ ဒါပဲ ရှိတယ်'
သူတို့သုံးဦး သိုင်းလောက၏ ဇာတ်လမ်းများအကြောင်း အတန်ကြာ စကားပြောနေကြစဉ် လီရွှမ်းဟွမ်က ရုတ်တရက် စကားပြောရပ်လိုက်သည်။ သူက ကုလားကာကို မကာ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ရှေ့သို့ စိုက်ကြည့်နေတော့၏။
ချူကျန့်နှင့် ကောရှန်းတို့ကလည်း သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ နှင်းပြင်ထက်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေသော အထီးကျန် ကောင်လေး တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
ထိုကောင်လေးက ထီး သို့မဟုတ် ဦးထုပ် မပါဘဲ ပါးလွှာပြီး ဟောင်းနွမ်းနေသော အဝတ်အစားကိုသာ ဝတ်ဆင်ထား၏။ သူ၏ အဝတ်အစားနှင့် ခေါင်းပေါ်မှ အရည်ပျော်ကျနေသော နှင်းများက အင်္ကျီကော်လာထဲသို့ စိမ့်ဝင်သွားပြီး နှင်းခဲအလွှာပါးလေး တစ်ခုက သူ့ကို ဖုံးလွှမ်းထားသော်လည်း သူက လုံးဝ ဂရုမစိုက်ဘဲ လေးလံသော ခြေလှမ်းများကို ဖြည်းညင်းစွာ လှမ်းနေသည်။ သူက အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရသော်လည်း နှင်းထဲသို့ နစ်ဝင်နေသော သူ၏ ခြေလှမ်းများက ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မပြပေ။ သူ၏ ကျောပြင်က မတ်မတ်ကြီး ဖြစ်နေပြီး သံမဏိပမာ ခိုင်မာနေကာ မည်သည့်အရာကမှ သူ့ကို ချိုးဖျက်နိုင်မည် မဟုတ်သကဲ့သို့ ထင်မှတ်ရသည်။
ကောင်လေးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အစောပိုင်းက တွေ့ခဲ့ရသော ခြေရာနှစ်တန်း၏ ပိုင်ရှင်မှာ သူပင် ဖြစ်မည်ဟု ချူကျန့်က ခန့်မှန်းမိလိုက်သည်။ ဤမျှ ခေါင်းမာပြီး အထီးကျန်ဆန်သော ကောင်လေး တစ်ယောက်သာလျှင် နှင်းပြင်ထက်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် ရှည်လျားလှသည့် ထိုခြေရာများကို ချန်ရစ်ထားနိုင်ပေလိမ့်မည်။
မြင်းလှည်းက ကောင်လေးကို လျင်မြန်စွာ ဖြတ်ကျော်သွားရာ သူတို့သုံးဦးလုံး ကောင်လေး၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး မျက်လုံးများ တောက်ပသွား၏။
ထိုလူငယ်လေးက ထူထဲသော မျက်ခုံးများ၊ ကျယ်ဝန်းသော မျက်လုံးများ၊ သွယ်လျသော မျက်နှာပေါက်၊ ပါးလွှာသော နှုတ်ခမ်းများနှင့် ဖြောင့်စင်းသော နှာတံတို့ကို ပိုင်ဆိုင်ထားရာ အလွန် ချောမောခန့်ညားနေသည်။ ကောရှန်က သူမ၏ ဘေးရှိ ဂျူနီယာ မောင်လေးကို တစ်ချက် ကြည့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် တွေးလိုက်သည်။
'ငါ့ရဲ့ ဂျူနီယာ မောင်လေးက အများကြီး ပိုပြီး ချောတာပဲ... သူ့ရဲ့ မျက်နှာပေါက်လေးက အရမ်းကို နူးညံ့ပြီး ကြည့်ကောင်းတယ်... ဒီလူငယ်လေးက ရုပ်မဆိုးပေမဲ့ ကျောက်ဆောင် တစ်ခုလို ခေါင်းမာပြီး ခပ်တည်တည် နေတတ်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေတယ်'
လူငယ်လေး၏ ပုံရိပ်ကို ကြည့်ရင်း လီရွှမ်းဟွမ် ၏ မျက်လုံးများက အပြုံးများဖြင့် တောက်ပသွားသည်။ သူက ရထားလုံးတံခါးကို ဖွင့်ကာ ပြောလိုက်၏။
“မင်း ဘယ်ကို သွားမလို့လဲ... ငါတို့ လိုက်ပို့ပေးမယ်လေ”
အရိုးခိုက်မတတ် အေးစိမ့်နေသော လေပြင်းများကြားတွင် လမ်းလျှောက်နေရသူ တစ်ယောက်အတွက် ဤကမ်းလှမ်းမှုက ငြင်းဆန်ရန် မဖြစ်နိုင်ပေ။ သို့သော် လူငယ်လေးက လီရွှမ်းဟွမ်ကို လုံးဝ မကြားလိုက်သကဲ့သို့ သူတို့ဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။
သူ၏ သနားစရာ အခြေအနေကို မြင်သောအခါ ကောရှန်က ဝင်မပြောဘဲ မနေနိုင်တော့ပေ။
“ဟေး... နင် မကြားဘူးလား... အစ်ကိုလီ က နင့်ကို ရထားလုံးပေါ် တက်ဖို့ ခေါ်နေတာလေ... ဒီမှာက နွေးလည်း နွေးတယ်... ပြီးတော့ ဝိုင်ပူပူလေးနဲ့ အမြည်းတွေလည်း ရှိတယ်”
ကောင်လေးက ဘာမှ တုံ့ပြန်မှု မပြပေ။ ကောရှန်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်၏။
“သူက နားပင်းနေတာ ဖြစ်မယ်... သနားစရာလေး”
ရုတ်တရက်... ကောင်လေး၏ လက်က သူ၏ ဓားရိုးပေါ်သို့ ကျရောက်သွားသည်။ အအေးဒဏ်ကြောင့် သူ၏ လက်က ဖြူရော်နေသော်လည်း လှုပ်ရှားမှုကမူ အလွန် လျင်မြန်လှ၏။ တစ်ပြိုင်နက်တည်းမှာပင် ချူကျန့်က ကောရှန် ၏ အရှေ့သို့ ဝင်ရပ်လိုက်တော့၏။
ဤကောင်လေးက သူ့ကို အလွန် အန္တရာယ်ကြီးမားသော ခံစားချက်ကို ပေးစွမ်းနေပြီး ဓားကို ကိုင်တွယ်လိုက်သည့် ရိုးရှင်းသော လှုပ်ရှားမှုလေးကပင် ချူကျန့်၏ ရင်ထဲသို့ ပြင်းထန်သော သတိပေးချက်များကို ရိုက်သွင်းလိုက်သည်။ မျက်စိရှေ့ရှိ ပင်ပန်းနွမ်းနယ်နေပြီး ခေါင်းမာလှသော ကောင်လေးမှာ ဓားကို ထိကိုင်လိုက်သည့် အခိုက်အတန့်တွင် မည်သူ့ လည်ချောင်းကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
လီရွှမ်းဟွမ်က အရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ ချူကျန့်၏ လမ်းကြောင်းကို ပိတ်ရပ်လိုက်ပြီး လူငယ်လေးကို ပြုံးပြကာ စကားဆိုလိုက်သည်။
“မင်းက ငါတို့ပြောတာ ကြားနိုင်တယ် ဆိုမှတော့ ဝင်ပြီး ဝိုင်လေး ဘာလေး လာမသောက်ဘူးလား... ဒီလို ရာသီဥတုမျိုးမှာ ဝိုင်သောက်ရတာက မင်းကို ဘာမှ အန္တရာယ် မဖြစ်စေပါဘူး”
လူငယ်လေးက အေးစက်စွာဖြင့် ပြန်ဖြေလိုက်၏။
“ကျုပ်မှာ ပိုက်ဆံ မရှိဘူး... မဝယ်နိုင်ဘူး”
လီရွှမ်းဟွမ် ၏ အပြုံးက ပိုမို နက်ရှိုင်းသွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ငါတို့က ဒီဝိုင်ကို မင်းကို အလကား တိုက်မှာပါ... မင်း ပိုက်ဆံ သုံးစရာ မလိုပါဘူး”
“ကိုယ့်ဟာကိုယ် ဝယ်ထားတာ မဟုတ်ရင် ကျုပ် မသောက်ဘူး... ခင်ဗျား နားလည်လား”
“နားလည်ပါတယ်”
လူငယ်လေး၏ လေသံက ဂရုမစိုက်သည့်ဟန် ရှိနေပြီး ခပ်တည်တည်ပင် ဆက်ပြောလာ၏။
“နားလည်ရင်လည်း ခင်ဗျားတို့ ထွက်သွားလို့ ရပြီ”
လီရွှမ်းဟွမ်က ပြုံးလိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။
“ကောင်းပြီလေ... ငါတို့ အခု ထွက်သွားပါ့မယ်... ဒါပေမဲ့ နောက်ပိုင်း မင်းမှာ ဝိုင်ဝယ်ဖို့ ပိုက်ဆံ ရှိလာရင် ငါတို့ကို ဝိုင်ပြန်တိုက်နိုင်မလား”
လူငယ်လေးက ရထားလုံးပေါ်ရှိ လူသုံးယောက်ကို စူးစူးရဲရဲ ကြည့်လိုက်သော်လည်း လီရွှမ်းဟွမ် ၏ ပြုံးရွှင်နေသော မျက်နှာကို မြင်သောအခါ နောက်ဆုံးတွင် သူက စကားတစ်ခွန်း ဟလိုက်၏။
“ကောင်းပြီ”
လီရွှမ်းဟွမ်က အားရပါးရ ရယ်မောလိုက်ပြီး ရထားလုံး ပြတင်းပေါက်ကို ပိတ်လိုက်သည်။ မြင်းလှည်းက အရှိန်အဟုန်ဖြင့် ထွက်ခွာသွားရာ လူငယ်လေးကို အဝေးတွင် လျင်မြန်စွာ ချန်ရစ်ခဲ့တော့၏။
လီရွှမ်းဟွမ်က ချူကျန့်နှင့် ကောရှန် တို့၏ ခွက်များကို ဝိုင်ဖြည့်ပေးလိုက်ရာ သူ၏ မျက်လုံးများက အပြုံးများဖြင့် ပြည့်နှက်နေဆဲပါပင်။
“ညီလေး လော့ကျွင်း နဲ့ မိန်းကလေး ကော... မင်းတို့ ဒီလို ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်လေးမျိုးကို အရင်က မြင်ဖူးလား... ဒီလောက် အထီးကျန်ပြီး ခေါင်းမာတဲ့ လူငယ်လေးက အရမ်းကို ရိုးရှင်းပြီး ပွင့်ပွင့်လင်းလင်း စကားပြောတတ်တာပဲ”
အသက်ငယ်ရွယ်သေးသော ကောရှန်းက လီရွှမ်းဟွမ် ကိုယ်စား ဒေါသထွက်နေမိ၏။
“ထူးဆန်းတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ဘယ်နေရာက စိတ်ဝင်စားဖို့ ကောင်းနေလဲ ဆိုတာကိုတော့ ကျွန်မ မမြင်ဘူး... အစ်ကိုလီ က သူ့ကို ကြင်ကြင်နာနာ ဖိတ်ခေါ်နေတာကို သူ့ရဲ့ အမူအရာက တကယ့်ကို ရန်လိုပြီး ချဉ်းကပ်ရခက်တဲ့ ပုံစံကြီး”
ချူကျန့်က ပြုံးလိုက်သည်။
“စီနီယာအစ်မ... သူက မောက်မာနေတာ မဟုတ်ပါဘူး... သူ့ရဲ့ စရိုက်က သူ့ခါးမှာ ချိတ်ထားတဲ့ ဓားလိုပဲ ဖြောင့်မတ်နေတာပါ”
ကောရှန်က ရယ်မောလိုက်၏။
“အဲ့ဒါကို ဓားလို့ ခေါ်လို့ ရသေးလို့လား... ရှစ်နှစ်အရွယ် ကလေး တစ်ယောက်ရဲ့ ကစားစရာကတောင် ဒီဓားထက် ပိုပြီး သေသပ်လှပနေဦးမယ်”
လူငယ်လေး၏ ခါးရှိဓားမှာ အလွန် ရိုးရှင်းလှသည်။ ဓားသွားမှာ သုံးပေခန့် ရှည်လျားသော သံပြား တစ်ခုသာ ဖြစ်ပြီး ထက်မြက်သော အသွား သို့မဟုတ် ဓားရိုး မပါဝင်ဘဲ သစ်သားပြားငယ် နှစ်ခုကို ညှပ်ကာ ဓားရိုးအဖြစ် ပြုလုပ်ထား၏။ ၎င်းကို ဓားတစ်လက်ဟု ခေါ်ဆိုရန်ပင် ခဲယဉ်းလှသည်။
“နာမည်ကျော် ဓားတွေ လက်နက်တွေနဲ့ ဘာမှ မကွာခြားတဲ့ မထင်ရှားတဲ့ အရာများစွာကလည်း လူသတ်တဲ့ နေရာမှာတော့ အတူတူပါပဲ”
လီရွှမ်းဟွမ်က ချူကျန့်ကို အားကျလေးစားမှုများဖြင့် ကြည့်လိုက်သည်။
ဤလူငယ်လေး၏ ထက်မြက်ပြီး သဘာဝလုနီးပါး မြန်ဆန်လှသော တုံ့ပြန်မှု စွမ်းရည်ကို သူ အလွန် သဘောကျသွားမိ၏။
သိုင်းလောကတွင် ဝါရင့်နေပြီ ဖြစ်သော သူကိုယ်တိုင်ပင်လျှင် ကောင်လေး၏ လက်က ဓားရိုးကို ထိလိုက်ချိန်မှသာ အလွန် ဖျော့တော့ပြီး ချက်ချင်း ပျောက်ကွယ်သွားသော ဓားအငွေ့အသက်ကို သတိပြုမိခဲ့ခြင်းပင်။ သို့သော် ဤ လော့ကျွင်း အမည်ရ လူငယ်လေးကမူ ကောင်လေး ဓားကို ထိတော့မည့် အချိန်မှာပင် မိန်းကလေးကို ကာကွယ်ရန် အရှေ့သို့ ထွက်ရပ်ခဲ့ရာ ကောင်လေး၏ အန္တရာယ်ရှိမှုကို သူ့ထက် အများကြီး စောပြီး သိရှိနေခဲ့သည်မှာ ထင်ရှားလှသည်။ တကယ့်ကို အံ့မခန်းပင်။
ညအမှောင် ထုဆင်းလာချိန်တွင် မြင်းလှည်းက မြို့ငယ်လေး တစ်မြို့သို့ ဆိုက်ရောက်လာသည်။ ဤမြို့မှာ ရွှီယွမ်လန် ၏ နယ်မြေအတွင်းရှိ မြို့တစ်မြို့ ဖြစ်၏။ လက်ရှိတွင် ရွှီယွမ်လန် မှာ စစ်ရှုံး၍ အသတ်ခံလိုက်ရပြီ ဖြစ်ရာ သူ၏ အာဏာမှာ အမည်ခံမျှသာ ဖြစ်နေတော့သည်။
သူ၏ စစ်သူကြီးများ အားလုံးက စစ်သူကြီး တပ်မတော်ထံ လက်နက်ချ အညံ့ခံခဲ့ပြီး လွှဲပြောင်းမှုများကိုသာ စောင့်ဆိုင်းနေကြကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့၏။ မြို့ကို စောင့်ကြပ်နေသော စစ်သားများကလည်း ထွက်ပြေးရန်သာ ကြံစည်နေကြပြီး ကာကွယ်ရန် သို့မဟုတ် ငွေညှစ်ရန် ရည်ရွယ်ချက် မရှိကြတော့ပေ။ နိုင်ငံတစ်ဝန်းမှ သိုင်းပညာရှင် အများအပြားက ဤမြို့တွင် ပေါ်ထွက်လာကြရာ အခြေအနေမှာ အတော်လေး ပရမ်းပတာ ဖြစ်နေတော့သည်။
ရာသီဥတုက အရိုးခိုက်မတတ် အေးခဲနေပြီး ခရီးသွားများကလည်း လေပြင်းများနှင့် နှင်းမုန်တိုင်းကြောင့် ပိတ်မိနေကြရာ မြို့ငယ်လေး အတွင်းရှိ တည်းခိုခန်းများ အားလုံး ပြည့်နှက်နေသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် သူတို့၏ ရထားလုံး တည်းခိုခန်း အပြင်ဘက်သို့ ရောက်ရှိလာသည်နှင့် ချူကျန့်၏ ကိုယ်ရံတော် တစ်ဦးဖြစ်သော ယန်ချင်း က ထွက်ကြိုကာ သူတို့ကို တည်းခိုခန်း ဒုတိယထပ်ရှိ သီးသန့် အခန်းတစ်ခန်းဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
အစားအသောက်များကို ပြင်ဆင်ထားပြီး ဖြစ်သကဲ့သို့ အချိန်မရွေး အနားယူနိုင်ရန် အကောင်းဆုံး အခန်းလေးခန်းကိုလည်း ကြိုတင် ငှားရမ်းထားပြီးလေပြီ။