← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 19 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 19 Ch. 199-200

အခန်း (၁၉၉) တည်းခိုခန်းထဲက မုန်တိုင်း

ရွှီဇီလင်း ရွေးချယ်ပေးလိုက်သော ကိုယ်ရံတော်များမှာ သာမန် ကိုယ်ရံတော်များသာ မကဘဲ ဂရုတစိုက်ရှိသော အိမ်တော်ထိန်းများလည်း ဖြစ်နေကြသည်။

ရွှီယွမ်လန် ၏ လွှမ်းမိုးမှုအောက်ရှိ နယ်မြေအတွင်း စစ်သူကြီးတပ်မတော် မှ ကိုယ်ရံတော်များက ဤကဲ့သို့သော တာဝန်ကို ပြီးမြောက်နိုင်စွမ်း ရှိခြင်းအပေါ် ချူကျန့် အံ့ဩမနေခဲ့ပေ။

မြို့စောင့်တပ်မှူးက သူ့ထံ လာရောက် နှောင့်ယှက်ခြင်း.. မျက်နှာလိုမျက်နှာရ လာလုပ်ခြင်းမျိုး မရှိသည်ကို ကြည့်ခြင်းအားဖြင့် ယန်ချင်း က သူ၏ အမည်နာမနှင့် ရောက်ရှိနေသည့် နေရာကို ဖွင့်ဟမပြောခဲ့ကြောင်း သိသာလှရာ ချူကျန့် အတော်လေး ကျေနပ်သွားတော့၏။

ယန်ချင်း က အနည်းငယ် ဦးညွှတ်လိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

မုတ်ဆိတ်မွေး ထူထူနှင့် လူသန်ကြီးက ရထားလုံး ခုံပေါ်မှနေ၍ သူတို့၏ စကားများကို နားထောင်နေခဲ့ရာ ချူကျန့် ၏ သရုပ်မှန်ကို သဘာဝကျကျပင် သိရှိသွားခဲ့သည်။ သူက ပြုံးဖြီးဖြီး လုပ်ကာ ပြောလိုက်၏။

“သခင်လေး ချူ ကျေးဇူးနဲ့ ကျွန်တော်တို့ သခင်နဲ့ ကျွန်တော်လည်း အများကြီး အဆင်ပြေသွားပါပြီ”

ဤသီးသန့်ခန်းအတွင်းမှ လူများမှာ သာမန် သိုင်းပညာရှင်များ မဟုတ်ကြောင်းကို တည်းခိုခန်းပိုင်ရှင်ကလည်း ရိပ်မိနေပုံရပြီး ဝိုင်ကောင်းနှင့် အစားအသောက်များကို အဆက်မပြတ် လာရောက် တည်ခင်းပေးနေတော့သည်။

သူတို့လေးဦး အစားအသောက်များ စားသောက်နေကြစဉ် အောက်ထပ်မှ တစ်စုံတစ်ယောက်က သူ၏ သိုင်းလောက အတွေ့အကြုံများကို ကျယ်လောင်စွာ ကြွားလုံးထုတ်နေသံကို ကြားလိုက်ရ၏။

သိုင်းလောက တစ်ခွင်လုံးတွင် သူတို့ထက် စွမ်းအားကြီးမားသူ မရှိတော့သည့်အလား မောက်မာစွာ ပြုမူနေကြခြင်းပါပင်။ သူတို့၏ အသံများက ကျယ်လောင်လွန်းလှပြီး မောက်မာသော ရယ်မောသံများက တည်းခိုခန်း တစ်ခုလုံး၌ ပဲ့တင်ထပ်နေတော့၏။

လူအများအပြားက မျက်မှောင်ကြုတ်သွားကြသော်လည်း ထိုလူများက လူအင်အား များပြားနေသည့်အပြင် ရွှေခြင်္သေ့ အာမခံဌာန မှ သက်တော်စောင့်များ ဖြစ်နေသည်ကို မြင်သောအခါ မည်သူကမျှ ပြဿနာ မရှာလိုကြတော့ပေ။ မုတ်ဆိတ်မွေး ထူထူနှင့် လူသန်ကြီးက ခေါင်းယမ်းလိုက်ပြီး စကားဆိုလိုက်သည်။

“ရွှေခြင်္သေ့ အာမခံဌာန က လေပြင်းဓား ကျူးကောလေ့ ပဲ... သူက ပစ္စည်းပို့ရင်း ဒီကို ဖြတ်သွားတာ ဖြစ်ပုံရတယ်”

သူက ရိက္ခာများနှင့် သောက်စရာများကို သွားဝယ်ပြီး ရထားလုံးပေါ်သို့ တင်ရန် အောက်ထပ်သို့ ဆင်းသွားခဲ့စဉ်က သတင်းအချို့ကို စုံစမ်းလာခဲ့၏။ လီရွှမ်းဟွမ် က ပြုံးသာပြုံးနေပြီး ဘာမှ ဝင်မပြောခဲ့ရာ ထိုကဲ့သို့သော လူမျိုးကို လုံးဝ စိတ်မဝင်စားကြောင်း သိသာနေသည်။ ထိုစဉ် တည်းခိုခန်း ဧည့်ခန်းဆောင်၏ ထူထဲသော ကုလားကာကြီး ပင့်တက်သွားပြီး လူရိပ်နှစ်ခုက လေပြင်းများနှင့်အတူ လွင့်မျော ဝင်ရောက်လာ၏။ ချူကျန့် နှင့် လီရွှမ်းဟွမ် တို့က တစ်ပြိုင်နက်တည်းနီးပါး မော့ကြည့်လိုက်ကြသည်။

ထိုသူနှစ်ဦးလုံးက သွေးရောင်ခြုံထည်များကို ဝတ်ဆင်ထားပြီး နှင်းကာဦးထုပ်များက သူတို့၏ မျက်နှာအများစုကို ဖုံးကွယ်ထားသဖြင့် အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်ရချေ။

သို့သော် သူတို့နှစ်ဦး၏ အရပ်အမောင်းမှာ ပုံစံခွက် တစ်ခုတည်းမှ ပုံသွင်းထားသကဲ့သို့ တစ်ပုံစံတည်း တူညီနေတော့သည်။

ချူကျန့် က လီရွှမ်းဟွမ် ၏ ခွက်နှင့် ထိတိုက်လိုက်ရင်း ပြောလိုက်၏။

“သူ ရောက်လာပြီ”

“သူ ရောက်လာပြီ”

လီရွှမ်းဟွမ် က ပြုံးရင်း ပြန်ဖြေသည်။ ကောရှန် က စူးစမ်းလိုစိတ်ဖြင့် မေးလာ၏။

“ရှင်တို့ ဘာ ပဟေဠိတွေ ဖွက်နေကြတာလဲ... ဒီလူနှစ်ယောက်ကို သိလို့လား... နေပါဦး... ရှင်တို့က သူ လို့ ပြောနေတာဆိုတော့ တစ်ယောက်တည်းကို ပြောနေတာပေါ့”

မုတ်ဆိတ်မွေးနှင့် လူသန်ကြီးက ဝင်ပြောလိုက်သည်။

“မိန်းကလေး ကော... သခင်လေး ချူ က လမ်းမှာတွေ့ခဲ့တဲ့ လူငယ်လေးကို ပြောနေတာ ဖြစ်မယ်... ခုနက ကုလားကာ ပင့်တက်သွားချိန်မှာ အဲ့ဒီလူငယ်လေး တံခါးအပြင်ဘက်မှာ ရပ်နေတာကို မြင်လိုက်ရပါတယ်”

“ကျေးဇူးပါပဲ ဦးလေး... ကျွန်မ ဦးလေးကို ဂုဏ်ပြုလိုက်မယ်”

ကောရှန် က လူသန်ကြီး၏ ခွက်နှင့် ထိတိုက်လိုက်၏။

သူမ၏ အရက်ခံနိုင်ရည်မှာ တကယ်တော့ အလွန် နည်းပါးသော်လည်း သူမက ရွှင်လန်းတက်ကြွကာ သဘောထားကြီးသူ ဖြစ်ရာ ဝိုင်သောက်ရန် လုံးဝ မငြင်းဆန်ခဲ့ချေ။ ခွက်ဆယ်ဂဏန်းကျော်မျှ သောက်ပြီးနောက်တွင် သူမ၏ လှပသော မျက်နှာလေးမှာ နီရဲနေပြီပင်။

အကယ်၍ ချူကျန့် သာ ဆုရှင်းဟယ် ပေးထားသော အထူး အရက်နာ ပျောက်ဆေးကို သူမအား မတိုက်ထားပါက ဤကောင်မလေးမှာ အစောကြီးကတည်းက မူးမေ့နေလောက်ပြီ ဖြစ်၏။

သို့သော် သူမမှာ အနည်းငယ် မူးယစ်နေသည်ကတော့ အမှန်ပင် ဖြစ်ပြီး ချူကျန့် ကို နှုတ်ခမ်းစူကာ အချွဲတပိုင်းဖြင့် ပြောလာတော့သည်။

“ဂျူနီယာ မောင်လေး... နင် ဒါကို အတုယူထား... နောက်ဆို ငါ့ကို ပဟေဠိတွေ လာမဖွက်နဲ့နော်”

ကောင်မလေး၏ အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိသော စကားများကြောင့် အနားရှိ လူသုံးယောက်လုံး ရယ်မောသွားကြသည်။ လီရွှမ်းဟွမ် က ဖန်ခွက်ကို အရင် မြှောက်ကာ ရယ်မောလိုက်၏။

“မိန်းကလေး ကော... ငါ့အမှားပါ... ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးတဲ့အနေနဲ့ တစ်ခွက် သောက်လိုက်ပါ့မယ်... ညီလေး လော့ကျွင်း ကို လမ်းမှားရောက်အောင် လုပ်မိတာ ငါ့အမှားပါ”

သူက ဝိုင်ကို သောက်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ပြင်းထန်စွာ ချောင်းဆိုးလာပြန်သည်။

ကောင်မလေး ကောရှန် က ကပျာကယာ ပြောလိုက်၏။

“အစ်ကိုလီ... ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးစရာ မလိုပါဘူး... ညီမက နောက်နေတာပါ”

ဆူညံသံများကြားတွင် သတိမထားမိခဲ့သော ကောင်မလေး၏ ကြည်လင်သော အသံလေးက ယခုအခါ အေးစိမ့်နေသော တည်းခိုခန်းအတွင်း၌ ပဲ့တင်ထပ်သွားသည်။

ရုတ်တရက် အောက်ထပ်တွင် တိတ်ဆိတ်သွားပြီး တည်းခိုခန်း တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် ငြိမ်သက်သွားတော့၏။ သွေးရောင်ခြုံထည်နှင့် လူနှစ်ယောက်က သူတို့၏ ခြုံထည်များနှင့် ဦးထုပ်များကို ချွတ်လိုက်ရာ မြွေနှင့်တူသော အနက်ရောင် ကိုယ်ကျပ်ဝတ်စုံများနှင့် သူတို့၏ မျက်နှာအစစ်အမှန်များ ထွက်ပေါ်လာသည်။

သူတို့က တစ်ပုံစံတည်း တူညီနေသော အမြွှာများ ဖြစ်ကြသော်လည်း ဘယ်ဘက်မှ လူ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူရော်နေပြီး ညာဘက်မှ လူ၏ မျက်နှာက အိုးမည်းကဲ့သို့ မည်းနက်နေသည်။ ထိုလူနှစ်ယောက်က လေပြင်းဓား ကျူးကောလေ့ ထံသို့ လျှောက်သွားလိုက်၏။

သူတို့ထံမှ ထွက်ပေါ်လာသော အေးစက်စက် အငွေ့အသက်များကြောင့် ပထမထပ်ရှိ ဧည့်သည်များက အလိုအလျောက် တိတ်ဆိတ်သွားကြရာ ဒုတိယထပ်ရှိ အသက်ဝင် လှုပ်ရှားနေမှုများက ပို၍ သိသာထင်ရှားလာတော့သည်။ ကောရှန် ကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသွားသဖြင့် ချက်ချင်းပင် စကားပြော ရပ်လိုက်သည်။

ထူးဆန်းသော လူနှစ်ယောက်က ဒုတိယထပ်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားကြ၏။ သူတို့ထဲမှ မျက်နှာမည်းနှင့် လူက ကျူးကောလေ့ ကို စူးစူးရဲရဲ ကြည့်လိုက်သည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် လေပြင်းဓား လို့ ခေါ်ရဲတယ်ပေါ့လေ”

သူ၏ အသံက စူးရှပြီး အလွန် နားဝင်ဆိုးလှသည်။ စကားပြောနေစဉ်မှာပင် အနက်ရောင် သံမဏိဓားပျော့ တစ်လက် ထွက်ပေါ်လာ၏။ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်သည်။ ဓားပျော့က လှံတစ်ချောင်းပမာ ဖြောင့်တန်းသွားတော့၏။ ဤလှုပ်ရှားမှုကြောင့် ကျူးကောလေ့ ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက အတင်း အားယူကာ ခပ်ခြောက်ခြောက် ရယ်မောလိုက်ပြီး စကားဆို၏။

“ဒီလောက် ချီးကျူးတာကို မခံယူရဲပါဘူး... လူကြီးမင်းတို့ နှစ်ယောက်က ဘယ်သူတွေများလဲ မသိဘူး”

မျက်နှာမည်းနှင့် လူက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ စောင့်ရှောက်လာတဲ့ အထုပ်ကို ပေးစမ်း... မဟုတ်ရင် အသက်ချမ်းသာ မပေးဘူး”

အနီးတွင် ရပ်နေသော သက်တော်စောင့် တစ်ဦးက မတ်တပ်ရပ်လိုက်ပြီး အတင်း ပြုံးကာ ဝင်ပြောသည်။

“လူကြီးမင်းတို့ နားလည်မှု လွဲနေပြီ ထင်တယ်... ကျွန်တော်တို့က ပစ္စည်းတွေကို လွှဲပေးခဲ့ပြီးပြီ... ဘာကိုမှ စောင့်ရှောက်မလာပါဘူး...”

သူ စကားပင် ဆုံးအောင် မပြောလိုက်ရချေ။ ဓားအလင်းတန်း လျှပ်တစ်ပြက် ဝင်းလက်သွားသည်။ ဦးခေါင်း ပြတ်ထွက်သွား၏။ လေထဲသို့ လွင့်စဉ်သွားသည်။ သွေးများ ပန်းထွက်လာ၏။ မိုးပေါက်များပမာ ပြန့်ကျဲသွားတော့သည်။ ထူးဆန်းသော လူက သွေးများ စီးကျနေသော ဓားပျော့ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ကျူးကောလေ့ ကို အဆိပ်ပြင်းသော မြွေတစ်ကောင်ပမာ စူးစူးရဲရဲ ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်၏။

“ဒူးထောက်ပြီး မင်းတို့ စောင့်ရှောက်လာတဲ့ ပစ္စည်းကို ပေးစမ်း... မဟုတ်ရင် မင်းခေါင်းကို ဖြတ်ပြီး ငါ့ဘာသာ ရှာယူဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”

ကျူးကောလေ့ ၏ မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်သွားပြီး ခြေထောက်များပင် တုန်ယင်လာတော့သည်။ သူက မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ထစ်ငေါ့စွာ မေးလိုက်၏။

“လူကြီးမင်းတို့က... သွေးစိမ်းမြွေပွေးအမြွှာ လား”

တိတ်ဆိတ်နေသော တည်းခိုခန်းလေးမှာ ပို၍ပင် တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားရလောက်သည်။ သွေးစိမ်းမြွေပွေးအမြွှာ ဟူသော စကားလုံး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး သူတို့က ရွှေခြင်္သေ့ အာမခံဌာန နှင့် မည်သည့် ပတ်သက်မှုမှ မရှိကြောင်း ပြသသည့်အနေဖြင့် အဝေးသို့ လျင်မြန်စွာ ရှောင်ခွာသွားကြတော့သည်။

“ဟုတ်တယ်”

ကျူးကောလေ့ ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး နောက်ဆုံးတွင် သူက အထုပ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ရတော့၏။ အောက်ထပ်မှ ကြေကွဲဖွယ် မြင်ကွင်းနှင့် ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကို ကြည့်ရင်း ကောရှန် တစ်ယောက် အနည်းငယ် အမူးပြေသွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားပြီး ချူကျန့် ၏ လက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိ၏။ ချူကျန့် က ခပ်တိုးတိုး ပြောလိုက်သည်။

“မကြောက်နဲ့”

သူက လီရွှမ်းဟွမ် ဘက်သို့ လှည့်ကာ မေးလိုက်၏။

“ဒီ သွေးစိမ်းမြွေပွေးအမြွှာ တွေက နာမည်ကြီးလား”

မုတ်ဆိတ်မွေးနှင့် လူသန်ကြီးက ကိုယ်စား ဝင်ဖြေပေးလိုက်သည်။

“သွေးစိမ်းမြွေပွေးအမြွှာ ဆိုတာ သွေးအေးရက်စက်မှုနဲ့ နာမည်ဆိုးထွက်နေတဲ့ မကောင်းဆိုးဝါးတွေပဲ... သူတို့ရဲ့ သွေးရောင်ခြုံထည်တွေက သွေးတွေနဲ့ ဆိုးထားတာလို့တောင် ကြားဖူးတယ်”

ချူကျန့် က ခေါင်းညိတ်လိုက်သည်။ သွေးစိမ်းမြွေပွေးအမြွှာ ၏ သိုင်းပညာစွမ်းရည်မှာ အတော်လေး ကောင်းမွန်ပြီး အနည်းဆုံး အမှတ် ငါးရာ အဆင့်တွင် ရှိနေကြောင်းကို သူ ခန့်မှန်းမိသည်။ သူတို့၏ အသံများမှာ မကျယ်လောင်သော်လည်း တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အထူးပင် ထင်ရှားနေတော့၏။ မြွေဖြူ က အပေါ်သို့ မော့ကြည့်လိုက်ပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။

“အပေါ်မှာ တခြား ပညာရှင်တွေ ရှိနေသေးတာပဲ... သူတို့ကရော ဒီပစ္စည်းတွေကို မျက်စိကျနေတာလား”

ကောရှန် က ချူကျန့် ၏ လက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်၏။ သူမ၏ ဂျူနီယာ မောင်လေး၏ သိုင်းပညာများ အလွန် တိုးတက်လာပြီ ဖြစ်ကြောင်းကို သိထားသော်လည်း မျက်မြင်ကိုယ်တွေ့ တစ်ခါမှ မကြုံခဲ့ဖူးပေ။ ယခုအခါ မြွေနက် ၏ ကြောက်မက်ဖွယ် ဓားသိုင်းနှင့် ရက်စက်သော လုပ်ရပ်များကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသဖြင့် ချူကျန့် အနေဖြင့် အတင်းအကျပ် ဝင်ပါပြီး ဤလူဆိုးနှစ်ယောက်ကို ရန်စမိမည်ကို သူမက အလိုအလျောက် စိုးရိမ်နေမိတော့သည်။

ချူကျန့် က သူမကို ပြုံးပြကာ စိတ်အေးစေလိုက်သည်။ တကယ်တော့ သူက ကျူးကောလေ့ ကို လုံးဝ သဘောမကျသကဲ့သို့ ချင့်ချိန်တတ်သူ တစ်ဦးပီပီ သူတစ်ပါးကိစ္စကို ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ထို့အပြင် နာမည်ကျော် သိုင်းဆရာကြီး လီရွှမ်းဟွမ် ရှိနေပါလျက်နှင့် သူ ဝင်ပါစရာ အကြောင်း မရှိချေ။ ချူကျန့် က သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

“အစ်ကိုလီ... ဆက်သောက်ကြတာပေါ့”

လီရွှမ်းဟွမ် က နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးလိုက်ပြီး ခွက်ချင်းတိုက်ကာ ဝိုင်ကို ဖြည်းညင်းစွာ သောက်လိုက်၏။ မြွေဖြူ က သူတို့ကို အတန်ကြာ စိုက်ကြည့်နေပြီး ဝင်စွက်ဖက်မည့် ရည်ရွယ်ချက် မရှိကြောင်း သေချာသွားမှသာ အကြည့်လွှဲသွားကာ ကျူးကောလေ့ ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

“ထွက်သွားစမ်း... မင်းကို နောက်တစ်ခါ ထပ်မြင်ရင် မင်းခေါင်းကို သေချာပေါက် ဖြတ်ပစ်မယ်”

“ခင်ဗျားတို့ ခေါင်းဖြတ်မယ် ဆိုတာကိုချည်းပဲ ကြားနေရတာ... ခင်ဗျားရဲ့ ခေါင်းကရော ဘယ်လောက် တန်ဖိုးရှိလဲ မသိဘူး”

ရုတ်တရက် လူငယ်တစ်ဦး၏ အသံက တည်းခိုခန်း အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ထို့နောက် ထူထဲသော ကုလားကာကြီး ပင့်တက်သွားပြီး လူငယ်လေးက ဖြည်းညင်းစွာ လျှောက်ဝင်လာ၏။ လီရွှမ်းဟွမ် က ပြုံးလိုက်ပြီး ဝိုင်ခွက်ကို ညင်သာစွာ ချထားလိုက်သည်။ ချူကျန့် ကလည်း ဝင်လာသော လူငယ်လေးကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

အအေးဒဏ်ကြောင့် လူငယ်လေး၏ မျက်နှာက အနည်းငယ် ပြာနှမ်းနေသော်လည်း သူ၏ ကျောပြင်ကမူ လှံတစ်ချောင်းပမာ မတ်မတ်ကြီး ဖြစ်နေဆဲပင်။

လောကကြီးရှိ အရာအားလုံးကို ဂရုမစိုက်သကဲ့သို့ တစ်ချိန်တည်းမှာပင် လောကကြီးရှိ အရာအားလုံးကို တိတ်ဆိတ်စွာ ဆန့်ကျင်နေသကဲ့သို့ အထီးကျန်မှု ဂရုမစိုက်မှုနှင့် ခေါင်းမာမှု အငွေ့အသက်များကို ပေးစွမ်းနေဆဲ ဖြစ်တော့သည်။ ဤလူငယ်လေးမှာ တကယ့်ကို အလွန် ထူးခြားလှပေရာ လီရွှမ်းဟွမ် က သူ့ကို အထူးတလည် ကြည့်နေခြင်းမှာ အံ့ဩစရာ မရှိပေ။ မြွေဖြူ က သူ့ကို မကောင်းဆိုးဝါးဆန်သော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်၏။

“ခုနက စကားပြောတာ မင်းလား”

“ဟုတ်တယ်... ခင်ဗျား ခေါင်းက ငွေစ ငါးဆယ် တန်တယ် ထင်တယ်... ဒါပေမဲ့ ကျွန်တော် ခင်ဗျား ခေါင်းကိုလည်း မလိုချင်ဘူး... အဲ့ဒီအထုပ်ကိုလည်း မလိုချင်ဘူး... ဝိုင်ဝယ်သောက်ဖို့ ငွေစ ငါးဆယ်ပဲ လိုချင်တာ... ခင်ဗျားရဲ့ ခေါင်းကို ခင်ဗျား ငွေစ ငါးဆယ်နဲ့ ပြန်ဝယ်ချင်လား”

“မင်းက ငါ့ခေါင်းကို ဖြတ်ချင်တာလား... မင်းလို ကောင်မျိုးကလား... ဟား...”

မြွေဖြူ က အားရပါးရ ရယ်မောလိုက်သည်။ သို့သော် ရယ်သံက ချက်ချင်း ရပ်တန့်သွား၏။ သူ၏ လည်ချောင်း အပေါက်ဖောက်ခံလိုက်ရသည်။

ကစားစရာနှင့် တူသော ကြမ်းတမ်းလှသည့် သံမဏိဓားက ထိုးဖောက်သွားခြင်းပင်။ မြွေဖြူ ၏ မျက်ဆန်များ ကျဉ်းမြောင်းသွားသည်။ လည်ချောင်းမှ အသံထွက်လာ၏။ မြွေဖြူမျက်နှာပေါ်တွင် အကြောက်တရားနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ ဓားအိမ်ထဲ ပြန်ဝင်သွားသည်။ သွေးများ ပန်းထွက်လာ၏။ သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဓားကို ဆုပ်ကိုင်ထားသော မြွေနက် ၏ လက်များက ထိန်းမရအောင် တုန်ယင်နေ၏။ ကောင်လေးကို ကြည့်နေသော သူ၏ အကြည့်များက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။

ကောင်လေးက မြွေနက် ဘက်သို့ လှည့်လိုက်သည်။

“သူက ငွေစ ငါးဆယ် အဆုံးရှုံးခံမယ့်အစား ကိုယ့်ခေါင်းကိုပဲ အဖြတ်ခံသွားတယ်... ခင်ဗျားကရော ဘယ်လိုလဲ”

သူ၏ မျက်နှာအမူအရာက ကလေးတစ်ယောက်ပမာ ရိုးသားပြီး အပြစ်ကင်းစင်နေသော်လည်း အနားရှိ မည်သူကမျှ ရယ်မောနိုင်စွမ်း မရှိကြပေ။

မြွေနက် က အရူးတစ်ယောက်လို ရုတ်တရက် အော်ဟစ်လိုက်၏။

“ရော့... အကုန်ယူသွားလိုက်”

သူက ဓားနှင့် ပါလာသော ငွေစများ အားလုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် အူသံပေးကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

ကောင်လေးက နောက်မှ လိုက်မသွားဘဲ မြေပြင်ပေါ်ရှိ ငွေစတစ်တုံးကို ကောက်ယူရန် ကိုင်းညွတ်လိုက်၏။

အားအင်ကုန်ခမ်းစွာ ဒူးထောက်နေခဲ့သော ကျူးကောလေ့ က မြွေနက် ၏ ဓားကို တိတ်တဆိတ် ကောက်ယူလိုက်ပြီး သူ၏ ကျောပြင်ဆီသို့ ရုတ်တရက် ထိုးချလိုက်သည်ကိုမူ ကောင်လေး သတိမထားမိခဲ့ချေ။

အခန်း (၂၀၀) လီရွှမ်းဟွမ်၏ ဓားပျံ

လူငယ်လေးမှာ သိုင်းလောက အတွေ့အကြုံ အလွန် နည်းပါးကြောင်း သိသာလှ၏။ သူ ကူညီပေးခဲ့သူက သူ၏ အသက်ကို ရုတ်တရက် လုပ်ကြံသတ်ဖြတ်လိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ပေ။

လေခွဲသံကို ကြားလိုက်ရ၍ လူငယ်လေး အလန့်တကြား လှည့်ကြည့်လိုက်သည်။ အနက်ရောင် ဓားအလင်းတန်း တစ်ခုက သူ၏ လည်ပင်းနောက်ကျောကို ထိုးဖောက်ရန် နီးကပ်နေပြီ ဖြစ်တော့၏။

ထိုအရေးကြီးသော အခိုက်အတန့်၌ အရိပ်တစ်ခုက လေပြင်းတစ်ချက်နှင့်အတူ လျှပ်တစ်ပြက် ဝင်ရောက်လာသည်။

“ခွပ်”

ဟူသော အသံနှင့်အတူ ကျူးကောလေ့ ၏ ခန္ဓာကိုယ်ကြီးက တစ်စုံတစ်ရာ၏ ရိုက်ခတ်မှုကြောင့် လေထဲသို့ လွင့်စဉ်သွားတော့သည်။ ထိုအရာတွင် ပါဝင်သော အင်အားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျူးကောလေ့ မှာ ဆယ်ပေကျော်ခန့် လွင့်စဉ်သွားပြီး စားပွဲနှစ်လုံးကို ရိုက်ချိုးကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွား၏။ ထို့နောက် တစ်ပေခန့် ထပ်မံ လျှောတိုက်သွားပြီးမှ ရပ်တန့်သွားတော့သည်။

လူအုပ်ကြီးမှာ အကြောက်တရားဖြင့် ထိတ်လန့်တကြား လူစုကွဲသွားကြပြီး အတန်ကြာမှသာ ဆူညံပွက်လောရိုက်မှုများ ငြိမ်သက်သွားသည်။

ကျူးကောလေ့ က ကျိုးပဲ့နေသော စားပွဲခုံများကြားတွင် ပက်လက်လန်လျက် လဲကျနေ၏။ သူ၏ ဓားမှာ အစောကြီးကတည်းက လွင့်စဉ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ရင်ဘတ်မှာ ချိုင့်ဝင်နေပြီး ရင်အုံရိုး အများစု ကျိုးကြေနေကြောင်းကို ပြသနေကာ အလယ်ဗဟိုတွင် ဝိုင်ခွက် တစ်ခွက်က စိုက်ဝင်နေတော့သည်။ သူက သေးငယ်သော ဝိုင်ခွက်လေး တစ်ခွက်ကြောင့် လွင့်စဉ်သွားခဲ့ရခြင်းပင်။

အနီးရှိ လူအားလုံး အသက်ရှူမှားသွားကြသည်။ သေးငယ်သော ဝိုင်ခွက်လေး တစ်ခွက်က လူသန်ကြီး တစ်ယောက်ကို ပေပေါင်းများစွာ လွင့်စဉ်သွားစေနိုင်ရာ ပစ်လွှတ်လိုက်သူ၏ အတွင်းအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းကြည့်နိုင်သည်။

သို့သော် ကျူးကောလေ့ က သူ၏ အရိုးနှင့် အသားများထဲအထိ နက်ရှိုင်းစွာ စိုက်ဝင်နေသော ဝိုင်ခွက်ကို လုံးဝ ဂရုမစိုက်နိုင်ခဲ့ပေ။ သူက သူ၏ လည်ချောင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ လက်ချောင်းများကြားမှ သွေးများ စီးကျနေ၏။ သူ၏ မျက်လုံးများက ဒုတိယထပ်ရှိ နေရာတစ်ခုကို ထိတ်လန့် ခြောက်ခြားမှု အပြည့်ဖြင့် စိုက်ကြည့်နေသည်။

လည်ချောင်းထဲမှ အသံများ ထွက်ပေါ်နေပြီး နဖူးပေါ်ရှိ သွေးကြောများက ဖောင်းကြွနေ၏။ သူက စကားပြောရန် ကြိုးစားနေသော်လည်း အသက်ရှူရ ခက်ခဲနေသော အသံများကိုသာ ထုတ်လွှတ်နိုင်တော့သည်။ ထိုအချိန်မှသာ သူ၏ လည်ချောင်းတွင် စိုက်ဝင်နေသော ဓားမြှောင်ငယ် တစ်လက်ကို လူတိုင်း သတိပြုမိသွားကြသည်။ ခုနစ်လက်မခန့် ရှည်လျားသော ဓားမြှောင် တစ်လက်ပင်။

ဝိုင်ခွက်ကို ပစ်လွှတ်လိုက်ချိန်တွင် ဝိုးတဝါး အရိပ်တစ်ခုကို သူတို့ မြင်တွေ့နိုင်ခဲ့ကြသော်လည်း ဤဓားမြှောင်က ကျူးကောလေ့ ၏ လည်ချောင်းကို မည်သည့် အချိန်က ထိုးဖောက်သွားခဲ့သည်ကိုမူ မည်သူကမျှ မမြင်လိုက်ကြချေ။

“လီလေး... လီလေး ရဲ့ ဓားပျံ... လီရွှမ်းဟွမ် လား”

ရွှေခြင်္သေ့ အာမခံဌာန မှ အဖွဲ့ဝင် တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ခြေထောက်များ ခွေယိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ့ကို မည်သူကမျှ မရယ်မောနိုင်ကြပေ။ အကြောင်းမူကား လီလေး၏ ဓားပျံ ဟူသော အမည်ကို ကြားလိုက်ရရုံမျှဖြင့် အနီးရှိ လူအားလုံး၏ မျက်နှာများ ဖြူရော်သွားသောကြောင့်ပင်။

သွေးစိမ်းမြွေပွေးအမြွှာ များ ပေါ်လာချိန်က လူအုပ်ကြီးမှာ နောက်ဆုတ်ကာ အဝေးမှနေ၍ မြင်ကွင်းကို ကြည့်ရှုရန် ဆန္ဒရှိခဲ့ကြသော်လည်း လီလေး၏ ဓားပျံ ဟူသော အသံကို ကြားလိုက်ရသည်နှင့် လူတစ်ဝက်ခန့်မှာ အထိတ်တလန့် ဖြစ်သွားကြပြီး တည်းခိုခန်းထဲမှ အလုအယက် ထွက်ပြေးသွားကြတော့၏။ ကျန်ရစ်သူများမှာလည်း ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်ရှုနေကြပြီး အချို့မှာ မြေပြင်ပေါ်သို့ ခွေကျကာ မျက်နှာများ ပြာနှမ်းနေကြသည်။

ဒုတိယထပ်ရှိ သီးသန့်ခန်း အတွင်း၌ ချူကျန့် က စားပွဲပေါ်ရှိ လီရွှမ်းဟွမ် ၏ ဗလာဖြစ်နေသော ဘယ်ဘက်လက်ကို ကြည့်ကာ ရိုးသားစွာဖြင့် ချီးကျူးလိုက်၏။

“အစ်ကိုလီ ရဲ့ ဓားပျံ က တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ... ကျွန်တော့် ဘဝမှာ ဒီလောက် မြန်တဲ့ ဓားပျံ မျိုးကို တစ်ခါမှ မမြင်ဖူးဘူး... တစ်ခါလေးတောင် မမြင်ဖူးတာပါ”

လီရွှမ်းဟွမ် ကလည်း ချူကျန့် ၏ သွယ်လျပြီး ဖြူဖွေးနေသော လက်ချောင်းလေးများကို ကြည့်ရင်း သက်ပြင်းချလိုက်၏။

“နောက်လူတွေက ရှေ့လူတွေကို ကျော်တက်သွားကြပြီပဲ... ညီလေး လော့ကျွင်း က ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်လေးနဲ့တင် မင်းရဲ့ အတွင်းအားတွေက ခေတ်အဆက်ဆက်ကို တုန်လှုပ်စေလောက်တဲ့ အထိ ဖြစ်နေပြီ... ငါတောင် ရှက်သွားမိတယ်”

ဝိုင်ခွက်ကို ပစ်လွှတ်လိုက်သူမှာ သေချာပေါက် သူ၏ ထူးခြားသော လက်နက်ပျောက် ပညာရပ်ကို အသုံးပြုခဲ့သည့် ချူကျန့် ပင် ဖြစ်၏။

မူလက သူ ဝင်ပါရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း အခြေအနေက ရုတ်တရက် ဆန်လွန်းလှသည်။ လူငယ်လေးမှာ လူဆိုး၏ ဓားချက်အောက်တွင် သေဆုံးတော့မည့် အခြေအနေ ဖြစ်နေပြီး လီရွှမ်းဟွမ် မှာ ကြောက်မက်ဖွယ် ဓားပျံ အစား ဝိုင်ခွက်ကိုသာ ကိုင်ထားရာ အချိန်မီ ထုတ်ယူနိုင်မည် မဟုတ်ဟု ချူကျန့် က စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် သူက ဝိုင်ခွက်ကိုသာ ပစ်လွှတ်လိုက်၏။ သူ၏ ပစ်လွှတ်မှုက အံ့မခန်း မြန်ဆန်လှပြီး အမြန်နှုန်းနှင့် တိကျမှုအတွက် နာမည်ကျော်သော ကောင်းကင်နှင့် မြေကြီး ပစ်လွှတ်ခြင်း ပညာရပ် ဖြစ်ကာ သူ၏ ပေါများကြွယ်ဝလှသော အတွင်းအားများဖြင့် ပေါင်းစပ်ထားခြင်းပင်။ ခွက်က သူ၏ လက်ထဲမှ ထွက်ခွာသွားချိန်မှစ၍ ပေဆယ်ဂဏန်းခန့် အကွာရှိ ကျူးကောလေ့ ကို ရိုက်ခတ်သွားချိန်အထိ စက္ကန့်ဝက်မျှပင် မကြာလိုက်ချေ။

သို့သော် ဝိုင်ခွက်က သူ၏ လက်ချောင်းများမှ လွတ်ကင်းသွားသည့် အခိုက်အတန့်မှာပင် အေးစက်သော အလင်းတန်း တစ်ခု ဝင်းလက်သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။

ဤအလင်းတန်းက အလွန်အမင်း မြန်ဆန်လွန်းလှပြီး သူ၏ သာလွန်ကောင်းမွန်သော အမြင်အာရုံဖြင့်ပင် မမြင်နိုင်လောက်အောင် လျင်မြန်နေခဲ့သည်။ ထို့နောက် နောက်တစ်စက္ကန့်တွင် ကျူးကောလေ့ ၏ လည်ချောင်းမှ သွေးများ ပန်းထွက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ဓားပျံ က လည်ချောင်းထဲသို့ စိုက်ဝင်နေပြီ ဖြစ်တော့၏။ ထို့နောက် သူ ပစ်လွှတ်လိုက်သော ဝိုင်ခွက်က ကျူးကောလေ့ ကို လွင့်စဉ်သွားစေခဲ့ခြင်းပင်။

ဤမျှ လျင်မြန်သော ဓားပျံကို ချူကျန့် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

အစပိုင်းက တုန်းဖန်းပုပိုက် ၏ ထူးဆန်းပြီး လျင်မြန်လှသော ဓားသိုင်းက ဂိမ်းအတွင်းရှိ အမြန်ဆုံး အရာတစ်ခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယနေ့ လီရွှမ်းဟွမ် ၏ ဓားပျံ အမြန်နှုန်းနှင့် ယှဉ်လိုက်ပါက သမုဒ္ဒရာထဲမှ ရေတစ်စက်ပမာသာ ဖြစ်သွားတော့သည်။ အကောင်းဆုံး အခြေအနေတွင် ရှိနေသော တုန်းဖန်းပုပိုက် ကို ထားလိုက်ပါဦး ကောကျင့် ပင်လျှင် လီရွှမ်းဟွမ် ၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

ချူကျန့် ကိုယ်တိုင်အတွက်တော့ အနည်းဆုံး ဤအခိုက်အတန့်တွင် သူ ရှောင်နိုင်မည်ဟု ယုံကြည်မှု မရှိခဲ့ချေ။ အမှန်တကယ်တော့ သိုင်းလောက အတွင်း၌ သူ၏ အမြင့်ဆုံး စွမ်းအားများ ရှိနေလျှင်ပင် ဤကြောက်မက်ဖွယ် ဓားပျံ ပညာရပ်ကို ရှောင်လွှဲနိုင်ခြင်း ရှိမရှိဆိုသည်မှာ ထက်ဝက်စီသာ သေချာသည်။ အကယ်၍ လက်တွေ့ကမ္ဘာရှိ နတ်ဘုရားတစ်ပါးနီးပါး စွမ်းအားမျိုးကိုသာ သူ မပိုင်ဆိုင်ထားပါက ဤအံ့မခန်း ဓားပျံကို လုံးဝ ဖမ်းဆီးနိုင်လိမ့်မည်ဟု ချူကျန့် အာမမခံရဲပါ။

သို့သော် တကယ့် လက်တွေ့တွင်မူ သူက လူသားတို့၏ တည်ရှိမှုကို ကျော်လွန်နေသော တာအိုနတ်ဘုရား တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လီရွှမ်းဟွမ် မှာမူ နာမကျန်းဖြစ်နေသော အားနည်းသည့် သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသာ ဖြစ်၏။ ထိုသို့ဖြစ်လင့်ကစား ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော ဓားပျံကို ထုတ်လွှတ်နိုင်ခြင်းမှာ တကယ့်ကို အံ့မခန်း ဖြစ်ပြီး ချီးကျူးထိုက်လှသည်။ ထို့ကြောင့် ချူကျန့် မှာ အမှန်တကယ်ပင် သဘောကျ အထင်ကြီးသွားခဲ့ရ၏။

ထို့အပြင် လီရွှမ်းဟွမ် ၏ တိုက်ခိုက်မှုကို မြင်တွေ့ပြီးနောက် သူ၏ စိတ်ထဲတွင် အတွေးအမြင်သစ် တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။ ကံမကောင်းစွာဖြင့် လီရွှမ်းဟွမ် ၏ တိုက်ခိုက်မှုက မြန်ဆန်လွန်းလှ၏။ အကယ်၍ နောက်ထပ် အကြိမ်အနည်းငယ်မျှ ကြည့်ရှုခွင့် ရပါက သူလည်း အလားတူ ဓားပျံ ပညာရပ်ကို ကျွမ်းကျင်လာနိုင်ပေလိမ့်မည်။ လီလေး၏ ဓားပျံ နှင့် မတူညီနိုင်သော်လည်း တူညီစွာ ကြောက်မက်ဖွယ် ကောင်းပြီး တူညီစွာ လျင်မြန်လှပေလိမ့်မည်။

ချူကျန့် တစ်ယောက် သူ၏ စိတ်ထဲမှ အတွေးအမြင်သစ်များကို ဖမ်းဆုပ်ရန် ကြိုးစားနေစဉ် အနားရှိ ကောရှန် လေးက သူ့ကို တောက်ပနေသော မျက်လုံးများဖြင့် အားကျစွာ ကြည့်ကာ မေးလာတော့သည်။

“ဂျူနီယာ မောင်လေး... ဝိုင်ခွက်ကို ပစ်ပြီး အဲ့ဒီလူဆိုးကြီးကို လွင့်စဉ်သွားအောင် လုပ်လိုက်တာ တကယ်ပဲ နင်လား”

သူမ၏ သိုင်းပညာ အမှတ်မှာ (၁၀၀) ဝန်းကျင်ခန့်သာ ရှိသေးပြီး ချူကျန့် နှင့် လီရွှမ်းဟွမ် တို့နှစ်ဦးလုံးနှင့် အနည်းငယ် ကွာဝေးနေသည်။

သူတို့နှစ်ဦး လှုပ်ရှားလိုက်သည်ကို သူမ လုံးဝ မမြင်လိုက်ရချေ။ ကျူးကောလေ့ ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာ နှစ်ချက်ရယ် ချူကျန့် ထံတွင် ဝိုင်ခွက် မရှိတော့ခြင်းရယ် အောက်ထပ်မှ လူအုပ်ကြီး၏ လီလေး၏ ဓားပျံ ဟူသော အော်ဟစ်သံများရယ်ကို ပေါင်းစပ်ပြီး သူမ၏ ဘေးရှိ လူနှစ်ယောက်က ဝင်ရောက် တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သူမ ခန့်မှန်းမိရုံသာ ရှိတော့သည်။

နာမည်ကျော် ဓားသမား တစ်ဦးဖြစ်သော လီရွှမ်းဟွမ် က သူမ၏ မိဘများပင် ချီးကျူးရလောက်သော ဓားပျံ ပညာရပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူက ကျူးကောလေ့ ကို သတ်ဖြတ်နိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်သော်လည်း သူမ၏ ဂျူနီယာ မောင်လေးကမူ သေးငယ်သော ဝိုင်ခွက်လေး တစ်ခွက်ဖြင့် လူသန်ကြီး တစ်ယောက်ကို ပေပေါင်းများစွာ လွင့်စဉ်သွားစေခဲ့သည်မှာ တကယ့်ကို အားစိုက်ထုတ်စရာ မလိုခဲ့ပေ။

ထိုအခါကျမှသာ သူမ ဂျူနီယာ မောင်လေး၏ သိုင်းပညာ တိုးတက်မှု အတိုင်းအတာကို အမှန်တကယ် နားလည် သဘောပေါက်သွားတော့သည်။ သူ၏ သိုင်းပညာများက သူမဖခင်ထက် လုံးဝ အောက်မကျတော့ချေ။

ဤအရာက ကောင်မလေး၏ ရင်ထဲတွင် အံ့အားသင့်မှုများနှင့်အတူ အားကျလေးစားမှုများ ပျော်ရွှင်မှုများနှင့် ချိုမြိန်မှုများကို ပြည့်နှက်သွားစေတော့၏။ ဤမျှ ကြီးမားလှသော စွမ်းရည်များကို ပိုင်ဆိုင်ထားသူမှာ တကယ်တော့ သူမကို အမြဲတမ်း ဂရုစိုက်ပေး ကူညီပေးပြီး အလွန် ကောင်းမွန်စွာ ဆက်ဆံပေးတတ်သည့် သူမ၏ ဂျူနီယာ မောင်လေးပင် ဖြစ်နေခဲ့သည်။

ထိုကဲ့သို့သော မျက်လုံးများဖြင့် ကြည့်နေသည့် သူမကို မြင်သောအခါ ချီးကျူးသံများနှင့် လက်ခုပ်သံများကို ရိုးအီနေပြီ ဖြစ်သော ချူကျန့် ပင်လျှင် ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားမိတော့သည်။

ထိုစဉ် ခြေသံများ ထွက်ပေါ်လာပြီး ဝိုင်အိုး နှစ်အိုးကို သယ်ဆောင်လာသော လူငယ်လေးက ဒုတိယထပ်သို့ တက်လာကာ သူတို့ဆီသို့ လျှောက်လာသည်။

အမြဲတမ်း အေးစက်ပြီး ခေါင်းမာနေတတ်သော သူ၏ မျက်လုံးများတွင် နွေးထွေးမှု အရိပ်အယောင်လေးများ ထွက်ပေါ်လာသကဲ့သို့ပင်။ သူက ဝိုင်အိုးများကို စားပွဲပေါ်သို့ ချလိုက်ပြီး ချူကျန့် တို့ သုံးဦးကို ကြည့်ကာ စကားဆိုလိုက်၏။

“ခင်ဗျားတို့ကို ဝိုင်တိုက်မလို့”

ထိုဝိုင်မှာ ငွေစ ငါးဆယ်ဖြင့် ဝယ်လာခဲ့ခြင်း ဖြစ်ရာ သူက အသင့်ပင် လျင်မြန်စွာ သောက်လိုက်ပြီး ပန်းကန်လုံးကြီး သုံးလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထိုအခါမှသာ သူ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် သွေးရောင် အနည်းငယ် ပြန်လည် လွှမ်းမိုးလာတော့၏။

လီရွှမ်းဟွမ် က မစားရသေးသော ဟင်းပွဲ တစ်ပွဲကို သူ၏ အရှေ့သို့ တွန်းပို့ပေးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းက ငါတို့ကို ဝိုင်တိုက်တာဆိုတော့ ငါတို့ကလည်း မင်းကို အစားအသောက် ပြန်ကျွေးရမှာပေါ့... ဒါက တရားမျှတပါတယ်... မင်း မငြင်းဘူး မဟုတ်လား”

လူငယ်လေးက ပြန်မဖြေချေ။

ချူကျန့် က ပြုံးလိုက်ပြီး ဝင်ပြောသည်။

“ဒီဝိုင် နှစ်အိုးက အနည်းဆုံး ငွေစ နှစ်ဆယ်၊ သုံးဆယ်လောက် တန်တယ်လေ... ငါတို့ တစ်နပ်စာလုံးမှ ငွေစ သုံးကျပ်၊ ငါးကျပ်လောက်ပဲ တန်တာ... ပြီးတော့ ငါတို့က တစ်ဝက်လောက် စားထားပြီးပြီ ဆိုတော့ တကယ်တမ်းကျတော့ ငါတို့က ပိုပြီး အမြတ်ထွက်နေတာပါ”

လူငယ်လေးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်ဆုံးတွင် ကောရှန် ကမ်းပေးလာသော ထမင်းပန်းကန်ကို လက်ခံယူလိုက်တော့သည်။ သူက ထမင်းကို ဖြည်းညင်းစွာ စားသောက်ပြီး သေချာစွာ ဝါးစားနေ၏။ ထမင်းစေ့တိုင်း၏ အာဟာရနှင့် စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်မှ အပြည့်အဝ စုပ်ယူနိုင်စေရန် သေချာအောင် လုပ်နေသကဲ့သို့ပင်။

သူ စားသောက်နေသည်ကို ကြည့်ရင်း လီရွှမ်းဟွမ် က ပြုံးလိုက်ရာ သူ၏ မျက်ဝန်းထောင့်ရှိ အရစ်အကြောင်းများပင် ပျော်ရွှင်မှုများဖြင့် တောက်ပသွားသကဲ့သို့ ထင်မှတ်ရသည်။ မုတ်ဆိတ်မွေး ထူထူနှင့် လူသန်ကြီးက ချူကျန့် အား မေးလိုက်၏။

“သခင်လေး ချူ... ကျွန်တော်တို့ ဒီမှာ ဆက်နေရင် အဆင်ပြေပါ့မလား”

လူတစ်ယောက် သေဆုံးသွားပြီ ဖြစ်ရာ ဆက်နေပါက သေချာပေါက် ပြဿနာများ ဖြစ်လာနိုင်သည်။ ချူကျန့် ၏ သဘာဝအရ အစောကြီးကတည်းက ထွက်ခွာချင်နေခဲ့သော်လည်း ယခုအခါ အမှောင်ကျနေပြီ ဖြစ်ရာ ထွက်ခွာသွားပါက လဟာပြင်တွင် အိပ်စက်ရမည် ဖြစ်ပြီး နာလန်ထခါစ ကောရှန် ၏ ခန္ဓာကိုယ်အတွက် ဆိုးကျိုး ဖြစ်စေနိုင်သည်။ ချူကျန့် က ခေါင်းယမ်းလိုက်သည်။

“အဆင်ပြေပါတယ်... ဒီညတော့ ဒီမှာပဲ နေလိုက်ကြတာပေါ့”

ကိုယ်ရံတော် ယန်ချင်း က တိတ်ဆိတ်စွာ ချဉ်းကပ်လာပြီး ခပ်တိုးတိုး လျှောက်တင်သည်။

“တပ်မှူးကြီး ချူ... ဒီမိတ်ဆွေအတွက် အကောင်းဆုံး အခန်းတစ်ခန်း ပြင်ဆင်ထားပြီးပါပြီ”

အတွင်းရေးမှူး တစ်ဦးအနေဖြင့် ယန်ချင်း ၏ အရည်အချင်းများကို ချူကျန့် တစ်ယောက် နောက်တစ်ကြိမ် ထပ်မံ အံ့ဩသွားရပြန်သည်။ သူက ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်ရာ ယန်ချင်း က ဦးညွှတ်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားတော့၏။

တည်းခိုခန်းလေးမှာ ငြိမ်းချမ်းမှုများ ပြန်လည် ရရှိသွားပြီ ဖြစ်သည်။ ရဲမက်များက အော်ဟစ်ကာ ဝင်ရောက်လာကြသော်လည်း ခဏအကြာတွင် ယန်ချင်း က သွားရောက်၍ တစ်စုံတစ်ခုကို ပြသလိုက်ရာ ရဲမက်များမှာ လျင်မြန်စွာ ထွက်ခွာသွားကြပြီး ဒုတိယထပ်သို့ ခြေရာ မချရဲကြတော့ချေ။

သို့သော် အဝေးတစ်နေရာမှ သူတို့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော ရန်လိုသည့် အကြည့်တစ်ခုကို ချူကျန့် တစ်ယောက် ဝိုးတဝါး ခံစားလိုက်ရတော့သည်။

Book 19 end.

All Chapters