အခန်း ၈၅၆
Vol. 58 Ch. 856
အခန်း (၈၅၆) : ကြေးစားစစ်သား လေ့ကျင့်ရေးစခန်းတွင် ကျော်ကြားခြင်း
ကျိုးဟောင်၏ မေးခွန်းကြောင့် သုံးယောက်စလုံး သတိပြန်ဝင်လာကြလေသည်။ အရင်ဆုံး စကားပြောလိုက်သူကတော့ ဖရစ်ဂ်ပင် ဖြစ်လေသည်။
“ကျိုးဟောင်… ဒီခန္ဓာကိုယ်ပုံသွင်းရည်တွေ မင်းမှာ ဘယ်လောက်ရှိလဲ။ ပုလင်း၁၀၀ လား။ ဒီနေ့ ရှိသမျှပုလင်းအားလုံးကို ငါယူမယ်”
ဖရစ်ဂ်၏ စိတ်ကူးက အလွန်ရိုးရှင်းလှပေသည်။ သူသည် စကြာဝဠာ၏ ပထမအသက်အဆင့်သို့ မကြာခင် ချိုးဖောက်ရတော့မည်ဖြစ်ပြီး ဒီခန္ဓာကိုယ်ပုံသွင်းရည် တစ်ရာပုလင်းသာရှိရင် အချိန်တိုအတွင်း ချိုးဖောက်နိုင်မည်ဖြစ်သည်။ မဟုတ်ပါက အနည်းဆုံး သုံးနှစ်ခန့်တော့ လိုအပ်လိမ့်မည်ဖြစ်သည်။
ဖရစ်ဂ်ကိုယ်တိုင်က ယခုလိုစတင် ပြောလိုက်သည့်အတွက် လူတိုင်း အံ့အားသင့်သွားကြလေသည်။
“ပဉ္စမတပ်မှူး ဖရစ်ဂ် ရူးသွားပြီလား။ တကယ်ပဲ အားလုံးကို ၀ယ်ယူချင်နေတာလား"
“မင်းရူးနေလား။ တပ်မှူးဖရစ်ဂ်က ကိုယ်ခန္ဓာသိုင်းလေ့ကျင့်သူပဲ။ အကျိုးသက်ရောက်မှုက မထူးခြားရင် အမှတ် တစ်သန်းကို သုံးပြီး ဝယ်ပါ့မလား”
“ဟုတ်တယ် ဒီ… ဒီပစ္စည်းက မထင်မှတ်ထားလောက်အောင် အစွမ်းထက်ရမယ်"
“အိုး မိုင် ဂေါ့…”
အနီးအနားရှိ လူအားလုံးသည် မျက်လုံးများပြူးသွားပြီး မယုံကြည်နိုင်သလို ကြည့်နေကြလေသည်။
ကျိုးဟောင်က ဖရစ်ဂ်ကို ကြည့်ကာ ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။
“ရပါတယ်။ ပဉ္စမတပ်မှူးလိုချင်ရင် ကျွန်တော် လျှော့ဈေးနဲ့ပေးပါ့မယ်။ အမှတ် ကိုးသိန်း ပေးရုံနဲ့ဆေးရည် ပုလင်း၁၀၀ကို ၀ယ်ယူနိုင်ပါတယ်”
ကျိုးဟောင်က ပြုံးကာ ပြောလိုက်လေသည်။ ဖရစ်ဂ်က တစ်ချက်တောင် မတွန့်ဆုတ်ဘဲ ပေးချေဖို့ ပြင်လိုက်သည်။
“ခဏနားပါဦး ငါလည်း လိုချင်သေးတယ်။ ကျိုးဟောင်… ပုလင်း ၁၀၀တော့ မယူနိုင်ပေမယ့် အနည်းဆုံး ဆယ်ပုလင်းတော့ ငါ့ကို ရောင်းပေးရမယ်"
ဒီအချိန်မှာပဲ ချာလီကူရိုကလည်း ဝင်ပြောလိုက်လေသည်။ ဒီလောက် ကောင်းတဲ့ ပစ္စည်းကို မဝယ်ဘူးဆိုပါက သူသည် တကယ့်ကိုအရူးဖြစ်သွားမည်ဖြစ်ပေသည်။ ဒီနေ့ အမှတ် တစ်သောင်းဆိုသော်လည်း မနက်ဖြန်တွင် အမှတ် နှစ်သောင်းအထိ ဖြစ်သွားလေမည်။
“ကျိုးဟောင်… ငါလည်း ဆယ်ပုလင်း ဝယ်ချင်တယ်”
ဟဗ်ဂန်ကလည်း ပြောလိုက်သည်။ ကျိုးဟောင်မှာ ခဏလောက် ငြိမ်သက်သွားပြီးနောက် ခေါင်းယမ်းပြလိုက်လေသည်။
“အိုး… စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော့်မှာပုလင်း၁၀၀ပဲ ရှိပါတယ်။ ပဉ္စမတပ်မှူး ဖရစ်ဂ်က အားလုံးကို ဝယ်သွားပြီဆိုတော့ ကျွန်တော့်ဆီမှာ တကယ် မကျန်တော့ပါဘူး။ ဝယ်ချင်ရင်တော့ ပဉ္စမတပ်မှူးနဲ့ ဆွေးနွေးကြည့်ကြပါ။ သူက ခွဲပေးမလားဆိုတာကြတော့…”
ကျိုးဟောင်က တောင်းပန်သလိုအမူအရာဖြင့် ပြောလိုက်လေသည်။
ဒီစကားကြောင့် လင်းထျန်မှာ အလွန်အမင်း စိတ်ပူသွားလေသည်။ ကျိုးဟောင်မှာ ပုလင်းတစ်ရာတည်းမဟုတ်ဘဲ ထောင်ကျော်တောင် ရှိသည်ကို သူ သိနေခဲ့ လေသည်။ ဒီလူတွေ ဝယ်ချင်နေတဲ့အချိန်မှာတောင် ဘာကြောင့်မရောင်းပါသနည်း။
ဖရစ်ဂ်က ဟဗ်ဂန်နဲ့ ချာလီကူရိုကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။
“မင်းတို့ နှစ်ယောက် ‘အရင်ရောက်သူ အရင်ရ’ ဆိုတာကို သိကြမယ်ထင်တယ်။ ငါက အရင်ဆုံး ပြောတာပဲ ငါ့ဆီက လုယူချင်လို့လား"
ဖရစ်ဂ်ကပြောလိုက်လေသည်။ သူသည် ၆ဆင့်မြောက် သူတော်ဘုံအဆင့်ပညာရှင် ဖြစ်နေသဖြင့် ဟဗ်ဂန်နှင့် ချာလီကူရိုတို့ နှစ်ယောက်လည်း ဆက်မတိုးရဲကြပေ။
“ဒါဆို… နောက်ထပ် ဘယ်တော့လောက် ရနိုင်မလဲ”
ဟဗ်ဂန်က တိုက်ရိုက် မေးလိုက်သည်။ ဒီအချက်သည် လူတိုင်း သိချင်နေသည့် မေးခွန်းပင် ဖြစ်လေသည်။
“ခန္ဓာကိုယ်ပုံသွင်းရည်ကို ခုနစ်ရက်မှတစ်ကြိမ်ပဲထုတ်လုပ်နိုင်ပြီး တစ်ခါထုတ်ရင်လည်း ပုလင်း၁၀၀ပဲ ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်အတွက် ခုနစ်ရက် စောင့်ရပါမယ်”
ကျိုးဟောင်က အေးဆေးစွာ ပြောလိုက်လေသည်။
ဒီစကားကြောင့် လူအများ အနည်းငယ် စိတ်အေးသွားကြလေသည်။ အနည်းဆုံးတော့ ရနိုင်ဦးမည်ဆိုတာ သိလိုက်ကြရလေသည်။
“ငါ ဆယ်ပုလင်း ကြိုမှာထားမယ်"
ဟဗ်ဂန်က မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။။
“ငါကတော့ ပုလင်းနှစ်ဆယ်"
ချာလီကူရိုကလည်း ချက်ချင်း ပြောလိုက်သည်။
ထိုမြင်ကွင်းကြောင့် လူအများအပြားလည်း မထိန်းနိုင်တော့ဘဲ အော်ဟစ်လာကြလေသည်။
“ငါလည်း ဆယ်ပုလင်း.."
“ငါလည်း ဆယ်ပုလင်း ယူမယ်"
“ငါ ငါးပုလင်း"
“ဘာ မင်းတောင်ငါးပုလင်း၀ယ်မှတော့ ငါကဆယ်ပုလင်းဟေ့..."
အခြေအနေက ချက်ချင်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့လေသည်။
လင်းထျန်နှင့် ကျိယောင်ယွဲ့တို့မှာ အလွန်ပျော်ရွှင်နေကြလေသည်။ ကျိုးဟောင်ရဲ့ ခန္ဓာကိုယ်ပုံသွင်းရည်မှ ဒီလောက်အထိ ရောင်းကောင်းလိမ့်မည်လို့ မထင်ထားခဲ့ကြပေ။ ငွေရောင်ဘုရင်ဂိုဏ်းက လူတွေတောင် အံ့အားသင့်နေကြလေသည်။
ကျိုးဟောင်က ချောင်းဟန့်ပြီး လူတိုင်းကို ကြည့်လိုက်လေသည်။
“အားလုံးကို ကြိုတင်သတိပေးထားပေးချင်ပါတယ်။ ကျွန်တော့်မှာ တကြိမ်ကိုပုလင်းတစ်ရာပဲရနိုင်တဲ့အတွက် ကြိုတင်မှာယူထားတဲ့ လူတွေအကုန်လုံးကိုလည်း ရနိုင်မယ်လို့အာမမခံနိုင်ပါဘူး။ဒါ့ကြောင့် ခုနစ်ရက်အကြာ နေ့လယ်ပိုင်းမှာ ဒီနေရာကို ပြန်လာကြပါ။ အဲဒီအချိန်မှပဲ ၀ယ်ပေးကြပါ သဘောပေါက်ကြပါရဲ့လား"
ကျိုးဟောင်က ပြောလိုက်လေသည်။ထိုစကားက အကျိုးရှိလှပြီး ဖရစ်ဂ်က ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာမဆိုးဘူး။ ဟုတ်တယ် ဆေးရည်ပုလင်းကိုလိုချင်ရင်တန်းစီရမယ်"
ဖရစ်ဂ်ကအမိန့်ပေးသည့်အမူအရာဖြင့်ပြောလိုက်လေသည်။
ကျိုးဟောင်ကရိုရိုသေသေဖြင့် ဖရစ်ဂ်အား ပြောလိုက်သည်။
“ပဉ္စမတပ်မှူး… ဒီနေ့ လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီမှာ ဆရာ့ရဲ့ ခန္ဓာကိုယ်ပုံသွင်းရည်ပါ”
ကျိုးဟောင်က ပစ္စည်းကို ချက်ချင်းလက်လွှဲပေးလိုက်သဖြင့် ဖရစ်ဂ်က ခဏလောက်မှင်တက်သွားလေသည်။
“ငါ အမှတ်တွေလွှဲမပေးရသေးဘူးနော်။ မင်းက ငါ ပိုက်ဆံမပေးဘဲထွက်ပြေးသွားမှာကို မကြောက်ဘူးလား”
“ပဉ္စမတပ်မှူး မနောက်ပါနဲ့ဗျာ။ ဒီ ဈေးကွက်ကြီးတခုလုံးကတောင် ဆရာတို့ပိုင်ဆိုင်တာလေ။ အမှတ်လေး ကိုးသိန်းလောက်ကို ဆရာကမပေးနိုင်ဘဲနေပါ့မလား"
ကျိုးဟောင်က ရယ်မောကာ ပြောလိုက်လေသည်။
“ဟားဟား… စိတ်ဝင်စားစရာပဲ။ လူသစ်လေးတစ်ယောက်က ငွေရောင်ဘုရင်ဂိုဏ်းကို ထူထောင်ပြီး ငါတို့မီးခိုးဝံပုလွေအဖွဲ့ရဲ့ဈေးကွက်မှာ နေရာငှားရဲတယ်ဆိုလို့ ငါလာအကဲခတ်တာ။ ဒါပေမယ့် မင်းက လူတိုင်းကို အံ့သြစေခဲ့တယ်။ ကောင်လေး… မင်းက မဆိုးဘူး။ ရော့...ဒီမှာ အမှတ် တစ်သန်း။ ဈေးလျှော့ ပေးစရာမလိုပါဘူး”
ဖရစ်ဂ်က ရယ်မောကာ အမှတ်တွေကို တိုက်ရိုက် လွှဲပေးလိုက်ပြီး ခန္ဓာကိုယ်ပုံသွင်းရည်ကို ယူကာ ထွက်ခွာသွားလေသည်။
မကြာမီပင် ထိုနေရာ၌စုဝေးနေကြသူများသည်လည်း နောက်အပတ်အတွက်မျှော်လင့်ရင်း အလျှိုလျှိုထွက်သွားကြလေသည်။လူတိုင်း ထွက်သွားပြီးနောက် ကျိုးဟောင်တို့လည်း ငွေရောင်ဘုရင်ဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။
“အမှတ် နှစ်သိန်းကို ထုတ်ပြီး လူတိုင်းကို ခွဲဝေပေးလိုက်ပါ။ ကျန်တာကိုတော့ ကျွန်တော်တို့ သုံးယောက်ပဲ မျှသုံးကြမယ်”
ကျိုးဟောင်က လင်းထျန်ကို ပြောလိုက်လေသည်။
လင်းထျန်ကလည်း မဆိုင်းမတွဘဲ အမှတ်များအားအဖွဲ့သားများထံ ခွဲဝေပေးလိုက်လေသည်။ ဒီအခြေနေကြောင့် ငွေရောင်ဘုရင်ဂိုဏ်းသားများအားလုံး အလွန်စိတ်လှုပ်ရှားသွားကြလေသည်။
လူတစ်ယောက်လျှင် အမှတ် တစ်သောင်းနီးပါး ရရှိခဲ့ပြီး အလွန်ခက်ခဲတဲ့ မစ်ရှင်တစ်ခု ပြီးမြောက်သကဲ့သို့ပင် ဖြစ်လေသည်။
ဒါ့အပြင် ဒီလို အခွင့်အရေးက တစ်ပတ်တစ်ကြိမ် ဖြစ်လာမည်လို့ တွေးလိုက်ရုံနဲ့တင် သူတို့ ပိုပြီး စိတ်လှုပ်ရှားသွားကြလေသည်။ ငွေရောင်ဘုရင်ဂိုဏ်းထဲ ဝင်လာခြင်းမှာ မှန်ကန်ခဲ့ကြောင်း ပိုမို ယုံကြည်သွားကြလေသည်။
အဖွဲ့သား အားလုံး လေ့ကျင့်ရန်ထွက်သွားကြချိန်၌ လင်းထျန်က မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
“ကျိုးဟောင်… မင်းမှာ ဆေးပုလင်းတစ်ထောင်ကျော်တောင် ရှိနေတာကို ဘာလို့ အားလုံး မရောင်းလိုက်တာလဲ”
ကျိုးဟောင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။
“ဒါကို စီးပွားရေး လုပ်နည်းလို့ ခေါ်တယ်။ လူတွေရဲ့လိုချင်တပ်မက်စိတ်ကိုပစ်မှတ်ထားတဲ့ ဈေးကွက်စီးပွားရေးနည်းစနစ်တမျိုးပဲ။ အများကြီး ထုတ်ပြလိုက်ရင်သူတို့ သံသယ ဝင်လာကြမယ်။ ပြီးတော့ပစ္စည်းပမာဏ များလေ ဈေးပေါလေ ဖြစ်လာလိမ့်မယ်။ နည်းနည်းချင်းစီပဲ ထုတ်ရောင်းမှ ဈေးကို ကိုယ့်စိတ်ကြိုက်မြှင့်နိုင်တာ”
“နောက်ပြီး နောက်အပတ်ဆို အမှတ် နှစ်သောင်းနဲ့ ရောင်းချမယ်။ အဲ့လိုရောင်းလို့ရရဲ့သားနဲ့ ဒီတနေ့ထဲအကုန်ထုတ်ရောင်းလိုက်ရင် ကျွန်တော်တို့နစ်နာတာပေါ့"
ကျိုးဟောင်၏စကားဆုံးသောအခါ လင်းထျန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“မင်းက တကယ် ထက်မြက်တာပဲ”
ဒါပေမယ့် ဒီနေ့ ဖြစ်ရပ်ကြောင့် ကြေးစားစစ်သား လေ့ကျင့်ရေးစခန်း တစ်ခုလုံး လှုပ်ခါသွားခဲ့သည်ကိုတော့ ကျိုးဟောင်တို့ မသိခဲ့ကြပေ။
ထိုအချိန်တွင် မီးခိုးဝံပုလွေအဖွဲ့စခန်း၏ဆွေးနွေးခန်းအတွင်းရှိ စက်ဝိုင်းပုံသဏ္ဌာန်စားပွဲတစ်လုံးပေါ်တွင် ဖရစ်ဂ်က ခန္ဓာကိုယ်ပုံသွင်းရည်ကို တင်ထားပြီး ပြောလာလေသည်။
"ညီနောင်တို့… ငါတော့ စမ်းသပ်ပြီးပြီ။ ဒီခန္ဓာကိုယ်ပုံသွင်းရည်က တကယ်ပဲ မထင်မှတ်ထားလောက်အောင် အစွမ်းထက်တယ်”
ဖရစ်ဂ်၏စကားကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြလေသည်။
“တကယ်လား ညီလေး၅ ဒီပစ္စည်းလေးက အဲ့လောက်တောင်အသုံး၀င်တာလား"
မီးခိုးဝံပုလွေအဖွဲ့၏ခေါင်းဆောင် ချင်းလိထန်က မေးလိုက်လေသည်။
“ဟုတ်တယ်ခေါင်းဆောင် ကျုပ်လည်းစမ်းကြည့်ပြီးပြီ။ တကယ်လို့ ကျိုးဟောင်သာ ကျုပ်တို့ရဲ့ဈေးမှာဆက်ရောင်းမယ်ဆိုရင် ဆေးပုလင်းအကုန်လုံးကိုသူဆီကို လက်ဝါးအုပ်၀ယ်ယူပြီး အမြတ်တင်ရောင်းလို့ရတယ်"
ဖရစ်ဂ်၏စကားကြောင့် လူတိုင်း မျက်လုံးတောက်ပသွားကြလေသည်။
"ဒါဆို သူ့ဆီကနေ၀ယ်ပြီး အမြတ်တင်ပြီးပြန်ရောင်းမယ်ပေါ့။ ဒီလိုဆို အမှတ်တွေအတော်များများရမှာပဲ"
....................................................................................
အခန်း (၈၅၆) ပြီးပါပြီ။
--