အခန်း ၈၅၈
Vol. 58 Ch. 858
အခန်း (၈၅၈) : စော်ကားမှု
မန်လီယာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ သူမအနားရှိ မိန်းကလေးများ၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြလေသည်။
အဲ့ဒီအချိန်မှာပင် ကျိုးဟောင်သည် သူ့၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မန်လီယာကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလေသည်။
ဒီအမျိုးသမီးသည် လှပသော်လည်း သူမဘယ်သူမှန်း ကျိုးဟောင် မသိပေ။ ထို့အပြင် ဘာမှမပြောဘဲ တန်းတန်းမတ်မတ် သူ့စိတ်ကို တိုက်ခိုက်လာခဲ့ခြင်းဖြစ်လေသည်။ ဒီလိုအခြေအနေမျိုးကို ကျိုးဟောင် ဘယ်လို သည်းခံနိုင်မည်နည်း။
“မန်လီယာ… မင်း အဆင်ပြေလား”
ဖရစ်ဂ်က ဒီမြင်ကွင်းကို တွေ့လိုက်သည်နှင့် ချက်ချင်း အနားသို့လျှောက်လာပြီး မေးလိုက်လေသည်။
“အဆင်ပြေပါတယ်"
မန်လီယာက သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ဖြင့် သုတ်လိုက်ပြီး ကျိုးဟောင်ကို စိုက်ကြည့်လိုက်လေသည်။
“စိတ်ဝိညာဉ်စွမ်းအား အရမ်းအားကောင်းတာပဲ။ ကျိုးဟောင်.. မင်းက ကိုယ်ခန္ဓာသိုင်းလေ့ကျင့်သူ ဖြစ်နေပါလျက်နဲ့ စိတ်စွမ်းအား ဒီလောက်ပြင်းထန်မယ်လို့ မထင်ခဲ့မိဘူး”
မန်လီယာက ကျိုးဟောင်၏ စိတ်ဝိညာဉ်စွမ်းအားကို သိလို၍ စမ်းသပ်လိုက်ခြင်းသာ ဖြစ်လေသည်။
သို့သော် ဒီလို ပြင်းထန်အားကောင်းသည့် အဆင့်အထိ ရှိနေမည်လို့ မထင်ထားခဲ့ပေ။ အချက်အလက်အားဖြင့် သူမသည် အက်ဖ်မျိုးနွယ်ဝင်ဖြစ်ပြီး သဘာဝဥပဒေသများနှင့် နီးစပ်သောကြောင့် ယခုလို ထိပ်တန်းစိတ်စွမ်းအင်ထိန်းချုပ်သူ ဖြစ်လာခြင်း ဖြစ်ပေသည်။
သို့သော် ကျိုးဟောင်သည် ကိုယ်ခန္ဓာသိုင်းလေ့ကျင့်သူဖြစ်နေပါလျက် ကိုယ်အတွင်းစွမ်းအားနဲ့ အပြင်စွမ်းအားကို ညီမျှအောင် ဘယ်လိုလေ့ကျင့်နိုင်ခဲ့သလဲဆိုသည်ကို သူမ နားမလည်နိုင်ဖြစ်နေလေသည်။
ကျိုးဟောင်တွင် စိတ်ဝိညာဉ်ကျောက်တုံး ရှိနေခြင်းကိုတော့ သူမ မသိခဲ့ပေ။ ထိုအကြောင်းကိုသာ သိသွားပါက မန်လီယာတစ်ယောက် မနာလိုဖြစ်သွားမည်မှာ မလွဲမသွေ ဖြစ်ပေသည်။
“အခုနက ဗြုန်းစားကြီးမို့ အားကို မထိန်းနိုင်ခဲ့တာအတွက် တောင်းပန်ပါတယ်။ ကျွန်တော် မေးပါရစေမင်းက ဘယ်သူပါလဲ"
ကျိုးဟောင်က အသိစိတ် ပြန်လည်လာပြီး အနည်းငယ် အားနာစွာဖြင့် ပြောလိုက်လေသည်။
အဲ့ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုမှာ ပြင်းထန်သော်လည်း သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် မပါဘဲ စမ်းသပ်ခြင်းသာ ဖြစ်ကြောင်း သူ နားလည်နေခဲ့ပေသည်။
“အမျိုးသမီးကြယ်တာရာတပ်ဖွဲ့က မန်လီယာ”
သူမက အေးစက်စွာ ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးဟောင်မှာ အလွန်အံ့အားသင့်သွားခဲ့လေသည်။ နှစ်ရက် သုံးရက်အတွင်းမှာပင် အဖွဲ့အစည်းကြီးများမှ လူများနှင့် ဆက်တိုက် တွေ့နေရလေသည်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ကျိုးဟောင်က ပြုံးကာ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အနားရှိလူများအားလုံး အံ့အားသင့်သွားကြလေသည်။ မန်လီယာသည် အမျိုးသားများနှင့် ကိုယ်ခန္ဓာချင်းထိတွေ့မှုကို အလွန်မုန်းတီးကြောင်း သူတို့ သိထားကြပေသည်။သို့သော် ကျိုးဟောင်ကတော့ လက်တောင် ဆန့်ထုတ်ပေးနေလေသည်။
“ကျိုးဟောင်က တော်တော့်ကို ရူးနေတဲ့ကောင်လေးပဲ။ ငါတောင် မန်လီယာရဲ့ လက်ကို မကိုင်ဖူးသေးဘူး။ သူကများ ကိုင်ချင်နေသေးတယ်"
ဖရစ်ဂ်က အထင်သေးသောအမူအရာဖြင့်စိတ်ထဲကပြောလိုက်လေသည်။
အနားရှိလူများကလည်း ထိုကဲ့သိုပင်တွေးနေကြလေသည်။
သို့သော် နောက်တစ်စက္ကန့်အကြာမှာတော့ မန်လီယာက ဖြည်းဖြည်းချင်း လက်ကို ဆန့်ထုတ်ပြီး ကျိုးဟောင်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်လေသည်။
“ကျိုးဟောင်… မင်းက မကြာသေးခင် ရက်ပိုင်းအတွင်း အရမ်း နာမည်ကြီးလာနော်။ သတိတော့ထား မင်းကို သဘောမကျတဲ့ လူတွေ အများကြီး ရှိနေတယ်”
ထိုစကားက သတိပေးချက်တစ်ခုဖြစ်ပြီး ပြောပြီးသည်နှင့် သူမက လက်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
“အဲ့… ကျွန်တော့်ကို သဘောမကျကြတာ ဘာကြောင့်လဲ။ ခန္ဓာကိုယ်ပုံသွင်းရည် ရောင်းနေမိလို့လား"
ကျိုးဟောင်က နားမလည်သလိုဖြင့် မေးလိုက်လေသည်။
“မင်းက ငွေရောင်ဘုရင်ဂိုဏ်းကို တည်ထောင်ပြီး သိပ်မကြာခင်ပဲ မင်းဆီလူသစ်တွေ အများကြီး ဝင်လာတယ်လေ။ ဒါ့အပြင် မင်းက လက်အောက် ငယ်သားတွေကိုလည်း အရမ်းကြင်နာတယ်ကြားတယ်။ ရက်အနည်းငယ်အတွင်း အမှတ် တစ်သောင်းကျော်တွေအထိတောင် ပေးခဲ့တယ်။ ဒါကြောင့် လူသစ်တွေတင်မကဘဲ လူဟောင်းတွေကပါ မင်းအဖွဲ့ထဲ ဝင်ချင်လာကြတယ်”
“ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေက ဒီကိစ္စကို မကျေနပ်ကြဘူး။ လေ့ကျင့်ရေးစခန်းထဲမှာ လူအရေအတွက်က ကန့်သတ်ထားတာမို့ လူတိုင်းက မင်းဆီပဲ သွားနေမယ်ဆိုရင် သူတို့ အတွက် ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်မဟုတ်ဘူးလား"
ဒီအချိန်မှပင် မန်လီယာက ဘာကို ဆိုလိုနေသလဲဆိုတာ ကျိုးဟောင် နားလည်သွားခဲ့လေသည်။ မကြာသေးခင်ရက်တွေတအတွင်း လူသစ်တွေ အများကြီး ဝင်လာခဲ့ပြီး သူတို့၏ ငွေရောင်ဘုရင်ဂိုဏ်းမှာ လူဦးရေ တစ်ရာကျော်အထိ ရှိလာပြီဖြစ်လေသည်။ ထို့ကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်လာခြင်းမှာ သဘာဝကျပေသည်။
“နားလည်ပါပြီ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျိုးဟောင်က ပြုံးပြီး ပြောလိုက်လေသည်။
“ရပါတယ်။ အော်.. ဒါနဲ့ ကြေးစားတပ်ဖွဲ့ထဲမှာ စိတ်ဝိညာဉ်ဖတ်ရှုသူတွေက နည်းပါးတယ်။ ငါလည်း လက်တွေ့ လေ့ကျင့်ဖို့အတွက် လူမရှိဘူးဖြစ်နေတယ်။ မင်းကလည်း စိတ်စွမ်းအားကောင်းတယ်ဆိုတော့ အချိန်ရရင် အတူလေ့ကျင့်ကြည့်ရအောင်"
မန်လီယာက ပြောလိုက်လေသည်။ သူမသည် ကျင့်ကြံရေးကို စွဲလမ်းသူတစ်ယောက်ဖြစ်ပြီး ကျိုးဟောင်၏ စိတ်စွမ်းအားကို မြင်လိုက်ရသောအခါ သင်ယူဖလှယ်ချင်စိတ် ဖြစ်ပေါ်လာခဲ့လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဖရစ်ဂ်မှာတော့ မနာလိုစိတ်ကြောင့်ဒေါသမီးတောက်မတတ် ဖြစ်သွားခဲ့လေသည်။ မန်လီယာက သူ့ကိုတောင် ဒီလို မပြောခဲ့ဖူးပေ။
ကျိုးဟောင်ကတော့ မငြင်းဆန်ခဲ့ပေ။ သူလည်း အခြား စိတ်ဝိညာဉ်ဖတ်ရှုသူများ၏ အားသာချက်ကို သိချင်နေခဲ့လေသည်။
“ရပါတယ်… ကျွန်တော်လည်း ဝမ်းမြောက်၀မ်းသာလက်ခံပါတယ်"
ထိုအဖြေကြောင့် မန်လီယာမှာ အလွန်စိတ်ကျေနပ်သွားပြီး ကျိုးဟောင် ထွက်လာသော လေ့ကျင့်ရေးအခန်းထဲသို့ဝင်ကာ ဆက်လက် ကျင့်ကြံနေလေသည်။
ထိုအချိန်တွင် ဖရစ်ဂ်ကတော့ ကျိုးဟောင်ကို မနာလိုမှုများဖြင့်စိုက်ကြည့်နေလေသည်။
“ကျိုးဟောင်… မင်းဘက်မှာ မိန်းကလေးတွေ ရှိနေပြီသားပဲ။ မန်လီရီယာကို စိတ်ဝင်မစားနေနဲ့"
ဖရစ်ဂ်က မာမာထန်ထန် ပြောလိုက်လေသည်။
ထိုစကားကြောင့် ကျိုးဟောင်မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ပြီး ခဏလောက် စဉ်းစားပြီးမှ နားလည်သွားခဲ့လေသည်။
“ပဉ္စမတပ်မှူး… စိတ်ချပါ။ ကျွန်တော်က အိမ်ထောင်ရှိပြီးသားပါ။ တခြားအမျိုးသမီးတွေကို စိတ်မဝင်စားပါဘူး။ အထူးသဖြင့် ကျွန်တော်နဲ့ မျိုးနွယ်မတူတဲ့သူတွေကို မကြိုက်ပါဘူး”
ဒီအချက်သည် အမှန်တရားပင် ဖြစ်လေသည်။ နှိုင်းယှဉ်ကြည့်လျှင် လူသားအမျိုးသမီးများက ပို၍ပင်လှပသည်ဟု သူ ထင်နေဆဲဖြစ်သည်။
“ဒီလိုဆိုရင် စိတ်ချလို့ရပြီ။ ကျိုးဟောင်... မင်း ဒီမှာ ရှိနေတုန်း ငါ တစ်ခုပြောစရာရှိတယ်”
“နောက်အပတ်ကစပြီး မင်း တစ်ပတ်ကို ခန္ဓာကိုယ်ပုံသွင်းရည် ဘယ်လောက်ပဲ ထုတ်နိုင်ပါစေ ငါတို့ မီးခိုးဝံပုလွေအဖွဲ့က ပုလင်း နှစ်ဆယ်ကို အမြဲယူမယ်။ ဘယ်လိုသဘောရလဲ"
ဖရစ်ဂ်က အရေးကြီးသည့်ကိစ္စကို ပြောလိုက်လေသည်။
“ရပါတယ်… ဒါပေမယ့်… တခြားသူတွေကိုတော့ ဒီအကြောင်းမပြောပါနဲ့နော်"
ကျိုးဟောင်က ရယ်ကာ ပြောလိုက်လေသည်။
“ ဉာဏ်ကောင်းတဲ့ကောင်လေးပဲ။ မင်းကို ငါတို့ အရမ်းမျှော်လင့်ထားတယ်။ ဘာကိစ္စရှိရှိ ပြောလိုက် ဒီလေ့ကျင့်ရေးစခန်းထဲမှာ ငါ့ကို မျက်နှာသာမပေးရဲတဲ့လူ သိပ်မရှိဘူး"
ဖရစ်ဂ်က အလွန်ကျေနပ်သွားပြီး ကျိုးဟောင်၏ ပခုံးကို ပုတ်ကာ ထွက်သွားခဲ့လေသည်။
ထိုအချိန်မှာပင် ငွေရောင်ဘုရင်ဂိုဏ်း၏ တံခါးရှေ့တွင် အဖွဲ့ သုံးဖွဲ့ ရပ်နေကြလေသည်။ တစ်ဖွဲ့မှာ ချာလီကူရို၏အဖွဲ့ဖြစ်ပြီး နောက်နှစ်ဖွဲ့မှာ ကြယ်တာရာအစုအဝေးနှင့် တိုက်တန်မဟာမိတ်တို့ ဖြစ်လေသည်။
အဖွဲ့သုံးဖွဲ့လုံး ငွေရောင်ဘုရင်ဂိုဏ်းတံခါးရှေ့တွင် ရပ်ကာ ကျိယောင်ယွဲ့တို့ကို အထင်မြင်သေးသည့်အကြည့်ဖြင့် ကြည့်နေကြလေသည်။
“ကျိယောင်ယွဲ့… မင်းတို့ ငွေရောင်ဘုရင်ဂိုဏ်းရဲ့ လူသစ်တွေက ငါတို့နဲ့ မယှဉ်နိုင်ဘူး။ ဒီနေ့ ငါတို့ လာတာ အကြောင်းအရင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက မင်းတို့ တစ်ပတ်ကို ခန္ဓာကိုယ်ပုံသွင်းရည် ပုလင်း သုံးဆယ်ကို အခမဲ့ ပေးရမယ်။ မဟုတ်ရင်… ဒီနေ့ပဲ မင်းတို့ ဂိုဏ်းကို ဖျက်စီးပြီး အဖွဲ့ကို ချေဖျက်မယ်”
ချာလီကူရိုက အေးစက်စွာရယ်မောပြီး ပြောလိုက်လေသည်။
ကြေးစားလေ့ကျင့်ရေးစခန်းတစ်ခုလုံးတွင် ဥပဒေဆိုတာမျိုး မရှိပေ။ လူသတ်ခြင်း မဟုတ်ပါက ဘာပဲလုပ်လုပ် အရေးမယူကြပေ။ ထို့ကြောင့် လုယက်လာတာတောင် ဘယ်သူမှ ၀င်ပြောကြမည်မဟုတ်ပေ။
“ရှင် အိပ်မက်မက်နေတာလား ချာလီကူရို။ တကယ့်ကိုမျက်နှာပြောင်တိုက်တဲ့လူပဲ"
ကျိယောင်ယွဲ့က ခက်ထန်စွာပြောလိုက်လေသည်။
"ဟားဟား.... ဒါဆို ငါတို့ကိုအပြစ်မတင်နဲ့နော်။ အင်အားနည်းတဲ့ မင်းတို့ဂိုဏ်းကိုသာ အပြစ်တင်လိုက်တော့။ ဒီလောကကြီးမှာ အင်အားကြီးသူ အင်အားနည်းသူကို ဝါးမြိုတတ်တာ သဘာ၀ပဲ"
“ငါတို့ သုံးယောက်လုံးက ၅ဆင့်မြောက် သူတော်ဘုံအဆင့်ပဲ။ မင်းတို့ တတိယအဆင့်လောက်နဲ့ ဘယ်လို ယှဉ်မလဲ"
ချာလီကူရို၏ မျက်လုံးထဲတွင် လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေခဲ့သည်။
“ဒါဆို စမ်းကြည့်လိုက်ရအောင်"
ကျိယောင်ယွဲ့ကလည်း ဒေါသကြီးသူဖြစ်သဖြင့် ချက်ချင်း မီးတောက်မတတ် ဒေါသထွက်သွားခဲ့လေသည်။ သူမ၏ ကိုယ်ထဲမှ ချီဓာတ်သည် မီးစွမ်းအားအဖြစ် ပေါက်ကွဲထွက်လာခဲ့လေသည်။
“အရမ်းဒေါသကြီးတဲ့ မိန်းမပဲ။ ဒီလို မောက်မာခက်ထန်တဲ့ မိန်းမမျိုးကို အချိန်အတော်ကြာမှ တွေ့ဖူးတာပဲ"
ထိုအချိန်မှာပင် ကြယ်တာရာအစုအဝေးမှ လူတစ်ယောက် ထွက်လာပြီး ပြောလာခဲ့လေသည်။ သူသည် ကျိယောင်ယွဲ့ကို ဒေါသမီးတောက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ တစ်လှမ်းတိုးလာပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။
သို့သော် အဲ့ဒီအချိန်မှာပင် အေးစက်သော အသံတစ်ခု ကြားလိုက်ရလေသည်။
“အင်အားကြီးသူက ဝါးမြိုတဲ့နိယာမတဲ့လား။ အပြောကတော့ကောင်းတယ်။ ဒါပေမယ့် ငါ့ရဲ့ ငွေရောင်ဘုရင်ဂိုဏ်းကို ထိပါးဖို့အတွက် မင်းတို့ကအရည်အချင်းမပြည့်မီဘူး"
စကားဆုံးသည်နှင့်အတူ ကျိုးဟောင်၏အသွင်အပြင်မှာ လျှပ်စီးကဲ့သို့ ထိုအဖွဲ့သုံးဖွဲ့ရှေ့၌ပေါ်လာခဲ့လေသည်။
....................................................................................
အခန်း (၈၅၈) ပြီးပါပြီ။
--