အခန်း ၈၅၉
Vol. 58 Ch. 859
အခန်း (၈၅၉) : အလောင်းအစား
ကျိုးဟောင်၏ ပုံရိပ်သည် လူအစုအဝေးရှေ့တွင်ပေါ်လာခဲ့လေသည်။ သူ့စကားကိုကြားသောအခါ ထိုအဖွဲ့သုံးဖွဲ့လုံးကလှောင်ပြောင်ရယ်မောကြလေသည်။
“ငါတို့မှာ အရည်အချင်းမရှိဘူးဟုတ်လား။ ကျိုးဟောင် လေကြီးလွန်းလို့ လေဖြတ်သွားမှာ မကြောက်ဘူးလား”
ချာလီကူရိုက လှောင်ပြောင်သည့်အသံဖြင့် ပြောလိုက်လေသည်။
သူတို့ သုံးယောက်လုံးမှာ ၅ ဆင့်မြောက် သူတော်ဘုံအဆင့်များ ဖြစ်ကြပြီး ကျိုးဟောင်တစ်ယောက် တည်းဖြင့် သူတို့သုံးယောက်လုကို တားဆီးနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူတို့အဖွဲ့သားများလည်း ရှိနေသေးလေသည်။ တကယ်လို့ တိုက်ပွဲ ဖြစ်လာခဲ့ပါက ငွေရောင်ဘုရင်ဂိုဏ်းမှာ တခဏအတွင်း ပျက်စီးသွားမည်မှာ သေချာပေသည်။
ဒီအချက်ကို ငွေရောင်ဘုရင်ဂိုဏ်း၏ လူအားလုံးလည်း သိနေကြပေသည်။ လင်းထျန်းနှင့် ကျိယောင်ယွဲ့သာမက အဖွဲ့သားအားလုံးက ကျိုးဟောင်ကို စိုးရိမ်ပူပန်စွာဖြင့် စိုက်ကြည့်နေကြလေသည်။
“မင်းတို့ သုံးဖွဲ့ပေါင်းပြီး အသစ်တည်ထောင်ထားတဲ့ တတိယအဆင့်အဖွဲ့လေးတစ်ဖွဲ့ကို လာပြီး ဖိအားပေးနေတာ အနည်းငယ် ရှက်စရာလို့ မထင်ဘူးလား။တကယ်လို့ ထိပ်တိုက်ရင်ဆိုင်ရလည်း ငါတို့ကကြောက်မနေဘူး။ ဒါပေမယ့် ဒီကိစ္စသတင်းပေါက် ကြားသွားရင် မင်းတို့ မျက်နှာကို ဘယ်မှာထားမလဲ”
ကျိုးဟောင်က အေးဆေးစွာ ရယ်မောရင်း ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ အဖွဲ့သုံးဖွဲ့လုံး၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြလေသည်။
“ဒါ့အပြင် မင်းတို့လို အဖွဲ့ကြီးတွေက ငွေပြတ်နေလို့လား။ ကိစ္စမရှိပါဘူး ငါတို့က စီးပွားရေးလုပ်နေတာပဲ မင်းတို့ကိုလျှော့စျေးတောင် ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီလို တဲ့တိုးကြီး လာတောင်းတာကတော့ တကယ့်ကို အကျည်းတန်တာပဲ"
ကျိုးဟောင်၏ အမူအရာမှာ အေးဆေးသလိုပင် ဖြစ်နေသေးသည်။
အနားရှိ လူများက ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားကြလေသည်။ ငွေရောင်ဘုရင်ဂိုဏ်း၏ လူများကတော့ ရယ်မောလိုက်ကြပြီး စကားသံများ ထွက်ပေါ်လာခဲ့လေသည်။
“ဟုတ်တယ်နော်… အဖွဲ့ဟောင်းကြီးဆိုပြီး အသစ်လေးတွေကို လာပြီး ဖိအားပေးနေတာပဲ"
“တစ်ဖွဲ့တည်းဆိုရင်တော့ ထားလိုက်ပါဦး။ အခုကသုံးဖွဲ့ပေါင်းပြီး လုပ်တာကတော့ တကယ် မရှက်ကြဘူးလား"
“တကယ်ပါပဲ။ ဒီလိုလုပ်ရဲတဲ့သူတွေကတော့ မျက်နှာပြောင်တိုက်တဲ့သူတွေပဲဖြစ်မယ်"
ငွေရောင်ဘုရင်ဂိုဏ်းဘက်က လူများက လှောင်ပြောင်သလိုပြောဆိုလာကြလေသည်။
ထိုစကားများကြောင့် ချာလီကူရိုနှင့် အခြားသူများမှာ ဒေါသထွက်လွန်း၍ မီးခိုးထွက်တော့မတတ် ဖြစ်သွားကြလေသည်။
ကျိုးဟောင် ပြောသည့် စကားများမှာ မှားယွင်းခြင်း မရှိပေ။ ဒီလိုလုပ်ရပ်မျိုးက တကယ့်ကို မျက်နှာပျက်စရာ ဖြစ်နေပေသည်။
“အဓိပ္ပာယ်မရှိတဲ့စကားတွေမပြောနဲ့။ ငါတို့က ပိုက်ဆံမပေးဘူးလို့ ဘယ်သူက ပြောလဲ။ ပိုက်ဆံတော့ပေးမယ် ဒါပေမယ့် မင်းက ငါတို့ကိုသေချာပေါက် ရောင်းချပေးရမယ်"
ချာလီကူရိုက ခေါင်းစဉ်ကို ချက်ချင်း ပြောင်းပြီး ပြောလိုက်လေသည်။
“အို… ချာလီကူရိုရယ်… ဘာပြောရမှန်းတောင် မသိတော့ဘူး။ ငါတို့ ထုတ်နိုင်တာ ဒီလောက်ပဲရှိတာ။ လူတိုင်းက ကြိုတင်မှာထားပြီးသား ဖြစ်နေပြီ။ မထုတ်လုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် တရားမျှတအောင် ပုလင်းတစ်ရာချင်းစီပဲ ရောင်းနိုင်တာပါ။ နည်းနည်းတော့ သည်းခံပေးပါဦး”
ကျိုးဟောင်က ချောင်းဟန့်ကာ ပြောလိုက်လေသည်။
အမှန်အားဖြင့် ကျိုးဟောင်သည် မရောင်းချချင်၍ မဟုတ်ပေ။ အရေအတွက်ကို ထိန်းချုပ်ထားချင်ခြင်းမျိုးသာ ဖြစ်လေသည်။ အရေအတွက်ကို ထိန်းနိုင်မှ စျေးကောင်းကောင်းဖြင့် ရောင်းနိုင်မည် ဖြစ်ပေသည်။
“မင်း… မင်းက ငါပြောသလို မလုပ်ဘူးလို့ ဆိုလိုတာလား"
ချာလီကူရိုက ဒေါသထွက်သွားလေသည်။
“မလုပ်ချင်တာ မဟုတ်ပါဘူး။ လုပ်လို့ မရတာပါ”
ကျိုးဟောင်က လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်လေသည်။
ချာလီကူရိုက အေးစက်စွာ နှာခေါင်းရှူလိုက်ပြီး ကျိုးဟောင်ကို စိုက်ကြည့်ကာ ပြောလာခဲ့သည်။
“ဒီလိုဆိုရင်လည်း ကိစ္စမရှိဘူး။ ငါ့မှာ နောက်တစ်ခု ရှိသေးတယ်။ မင်းတို့ ငွေရောင်ဘုရင်ဂိုဏ်း တည်ထောင်ပြီးကတည်းက လူသစ်တွေ အများကြီးကို ဆွဲယူသွားတယ်။ ဒီလိုလုပ် လူသစ် သုံးဆယ်ကို ငါတို့ဆီ လွှဲပေးလိုက်။ အဲ့လိုဆို ဒီနေ့တော့ မင်းတို့ကို လွတ်ပေးလိုက်မယ်”
ထိုစကားကြောင့် ကျိုးဟောင်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားလေသည်။
မန်လီယာ ပြောခဲ့သည့် စကားများက တကယ်ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ ငွေရောင်ဘုရင်ဂိုဏ်း တည်ထောင်ပြီးနောက် လူသစ် အများစုကို ဆွဲဆောင်နိုင်ခဲ့သဖြင့် သူတို့အဖွဲ့အား သဘောမကျဖြစ်နေကြမည်ကိုသဘောပေါက်သွားလေသည်။
ကျိုးဟောင် စကားပြောဖို့ စဉ်းစားနေစဉ်မှာပင် ကြယ်တာရာအစုအဝေးမှ လူတစ်ယောက် ထွက်လာခဲ့လေသည်။
“ငါတို့ ကြယ်တာရာအစုအဝေးအဖွဲ့က ဒီလောက် လောဘမကြီးဘူး။ ငါတို့လိုချင်တာ တစ်ယောက်ပဲရှိတယ်။ အဲ့တာ ဒီမိန်းမပဲ”
ထိုလူ၏ အသွင်အပြင်မှာ အလွန်အမင်း မနှစ်မြို့ဖွယ်ကောင်းနေလေသည်။ ကြယ်တာရာအစုအဝေးဟု နာမည်ကြီးသော်လည်း အမှန်အားဖြင့် လူကောင်းများယောင်ဆောင်နေသည့် အလွန်ယုတ်မာသော လူအုပ်တစ်စုသာ ဖြစ်ပေသည်။
“ကျိုးဟောင်… မင်း ဒီမိန်းမကို လွှဲပေးလိုက်ရင် ငါတို့ ချက်ချင်း ပြန်သွားမယ်။ နောက်ထပ် ဘာဒုက္ခမှ မပေးတော့ဘူး”
ဒီစကားကို ကြားလိုက်ရသောအခါ ကျိုးဟောင်၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားလေသည်။ကျိယောင်ယွဲ့ကို လွှဲပေးလိုက်ပါက ဘာတွေ ဖြစ်လာမလဲဆိုတာ သူ သိနေလေသည်။
“မလက်ခံရင် ဘာဆက်ဖြစ်မလဲ"
ကျိုးဟောင်က ရှေ့သို့တစ်လှမ်း တိုးကာပြောလိုက် လေသည်။ သူ၏ အငွေ့အသက်မှာ အားကောင်းလာပြီး ပိုမိုအေးစက်ကြမ်းတမ်းလာခဲ့လေသည်။
ကျိယောင်ယွဲ့သည် သူ့အတွက် အရေးကြီးဆုံး မိတ်ဆွေဖြစ်လေသည်။ မိတ်ဆွေကိုတောင် မကာကွယ်မနိုင်ပါက ငွေရောင်ဘုရင်ဂိုဏ်းကို ဘယ်လို တည်ထောင်မည်နည်း။ ကြေးစားစစ်တပ် လေ့ကျင့်ရေးစခန်းတွက် ဘယ်လို ရပ်တည်မည်နည်း။
“မလက်ခံဘူးလား ဒါဆို မင်း လက်ခံလာအောင် ထိုးနှက်ပစ်မယ်”
ကြယ်တာရာအစုအဝေးအဖွဲ့မှ ယုတ်မာသောလူက အေးစက်စွာ ပြောလိုက်လေသည်။
ကျိုးဟောင်မျက်မှောင်ကြုတ်က။ လှောင်ရယ်လိုက်သည်။
“ကောင်းပြီ ဒါဆို အလောင်းအစားတစ်ခုလုပ်ရအောင်။ တစ်ဦးချင်း တိုက်ခိုက်မယ်။ မင်း ရှုံးရင် သုံးလအတွင်း ငါ့ကို မနှောင့်ယှက်ရဘူး။ ငါ ရှုံးရင် ခန္ဓာကိုယ်ပုံသွင်းရည် ပုလင်း တစ်ရာပေးမယ်။ ဒါ့အပြင် ငွေရောင်ဘုရင်ဂိုဏ်းကိုပါ ဖျက်သိမ်းပေးမယ်”
ကျိုးဟောင်က ကျိယောင်ယွဲ့ကို အလောင်းအစားထဲ မထည့်ခဲ့ပေ။ နိုင်နိုင်ရှုံးရှုံး သူမကို အပေါင်ပစ္စည်းအဖြစ် သဘောမထားချင်ခဲ့ခြင်း ဖြစ်သည်။
“မင်း အဓိပ္ပါယ်ကို မနားလည်သေးဘူးထင်တယ်။ ခန္ဓာကိုယ်ပုံသွင်းရည်လည်း မလိုဘူး။ ငွေရောင်ဘုရင်ဂိုဏ်းလည်း မလိုဘူး။ ငါလိုချင်တာ ဒီမိန်းမပဲ။ မင်း နိုင်ရင် ငါ ပြန်သွားမယ်။ မင်း ရှုံးရင် ဒီမိန်းမကို လွှဲပေးရမယ်”
ယုတ်မာသောလူက ထပ်ပြောလိုက်လေသည်။
ကျိုးဟောင်၏ မျက်နှာမှာ ပို၍ပင်ခက်ထန်သွားခဲ့လေသည်။ ဒီကောင်က တကယ့်ကို ကျိယောင်ယွဲ့အား ပစ်မှတ်ထားနေခြင်း ဖြစ်ပေသည်။
ဒီအချိန်မှာပင် ကျိယောင်ယွဲ့က စကားပြောလာခဲ့လေသည်။
“ရပါတယ်… လောင်းကြရအောင်။ ကျိုးဟောင်... ကျွန်မ ရှင့်ကို ယုံတယ်”
သူမက ရှေ့သို့ လျှောက်လာပြီး အေးဆေးစွာ ပြောလိုက်လေသည်။ သူမ၏ မျက်နှာအမူအရာမှာ လုံးဝ မပြောင်းလဲခဲ့ပေ။ ကျိုးဟောင် ရှုံးမည်ဟု မထင်သလိုပင် ဖြစ်နေသည်။
“ယောင်ယွဲ့… ဒါ…ဒါက.."
“ရပါတယ်… ကျွန်မ ရှင့်ကို ယုံတယ်”
ကျိုးဟောင်က အသက်ပြင်းပြင်းရှူသွင်းကာ ခေါင်းညိတ်လိုက်လေသည်။
“ငါ မရှုံးစေရဘူး။ မရှုံးရုံတင်မက ဒီနေ့ ဖြစ်ခဲ့တာအတွက် ကြယ်တာရာအစုအဝေးအဖွဲ့ တစ်ခုလုံးကို ပြန်ပေးဆပ်ရအောင် လုပ်မယ်”
ကျိုးဟောင်၏ အသံမှာမကျယ်သော်လည်း ကျိယောင်ယွဲ့၊ လင်းထျန်းနှင့် အခြားသူများကတော့ ထိုအသံထဲမှ အေးစက်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားနိုင်ခဲ့ကြလေသည်။
“ဟုတ်တယ်”
ကျိယောင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ… လောင်းကြေးကို လက်ခံတယ်”
ကျိုးဟောင်က နောက်ပြန်လှည့်ကာ ကြယ်တာရာအစုအဝေးမှ ယုတ်မာသောလူကို ကြည့်လိုက်သည်။
“ဒါဆို တိုက်ပွဲစင်မြင့်ကို သွားကြမယ်။ မင်းကို မသတ်နိုင်ပေမယ့် သုံးလကနေ ငါးလလောက် အိပ်ရာပေါ် လှဲနေအောင် လုပ်ရတာကတော့ လွယ်ပါတယ်။ အဲဒီမှာ စောင့်နေမယ်”
ယုတ်မာသောလူက ရယ်မောပြီး ကျိယောင်ယွဲ့ကို စိုက်ကြည့်လိုက်သည်။
“မင်းလည်း… ဒီည ငါ့အပိုင်ဖြစ်စေရမယ်။ စောင့်မျှော်နေလိုက်"
ထိုသို့ ပြောပြီးနောက် သူတို့လူအုပ်ကို ဦးဆောင်ကာ တိုက်ပွဲစင်မြင့်ဆီသို့ ထွက်သွားကြလေသည်။
ကျိုးဟောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်မှလိုက်သွားခဲ့သည်။
ကြေးစားလေ့ကျင့်ရေးစခန်း၏ တိုက်ပွဲစင်မြင့်သည် လေ့ကျင့်ခြင်းအတွက် အသုံးပြုသည့် နေရာဖြစ်ပြီး ပုံရိပ်ယောင်အခန်းများနှင့် မတူပေ။
ဒီနေရာမှာတော့ အမှန်တကယ် တိုက်ခိုက်ရမည်ဖြစ်ပေသည်။ လူမသတ်ဖို့ကိုသာ တားမြစ်ထားပြီး တစ်ဖက်ကို အလွန်အမင်း ထိုးနှက်ခြင်းကိုတော့ ခွင့်ပြုထားလေသည်။
တိုက်ပွဲစင်မြင့်ကို တရား၀င်ကြေးစားစစ်သားများက စောင့်ကြပ်နေကြပြီး လူသတ်မှု မဖြစ်ပွားစေရန် ထိန်းချုပ်ကန့်သတ်ထားလေသည်။
“စည်းကမ်းတွေကတော့ ရိုးရှင်းပါတယ်။ လူမသတ်ရဘူး။ တစ်ဖက်က အရှုံးပေးလိုက်ရင် ဒါမှမဟုတ် သတိလစ်သွားခဲ့ရင် ပြိုင်ပွဲကို ရပ်မယ်”
တိုက်ပွဲစင်မြင့်ကို ကြီးကြပ်နေသော အရာရှိက ကြေညာလိုက်လေသည်။
....................................................................................
အခန်း (၈၅၉) ပြီးပါပြီ။
--