အခန်း ၈၆၀
Vol. 58 Ch. 860
အခန်း (၈၆၀) : ကြယ်တာရာစွမ်းအား
ကျိုးဟောင်က ခေါင်းညိတ်လိုက်ပြီး ထိုစည်းမျဉ်းအပေါ် စောဒကတက်စရာဘာမှမရှိပေ။
“ကောင်လေး… ငါ့နာမည်ကို မှတ်ထား။ ငါက ကြယ်တာရာအစုအဝေးအဖွဲ့က မိုရိုအိုရာပဲ”
ထိုသို့ ပြောပြီးနောက် ကြယ်တာရာအစုအဝေးမှ ယုတ်မာသောလူ မိုရိုအိုရာသည် တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့လေသည်။
သူမှာ သုံးဆင့်မြောက် သူတော်ဘုံအဆင့်သာ ဖြစ်သော်လည်း အင်အားအလွန်ကောင်းသူဖြစ်ပေသည်။ သုံးဆင့်မြောက် သူတော်ဘုံအဆင့်အချင်းချင်းတိုက်ခိုက်ပါက သူ့အတွက် လွယ်ကူလွန်းလှလေသည်။
“မိုရိုအိုရာ… ဒီကောင်လေးက နည်းနည်း ထူးဆန်းတယ်။ မင်း လျှော့မတွက်နဲ့။ အဲဒီနေ့က ငါ အင်အားအပြည့် မသုံးခဲ့ပေမယ့် တစ်ချက်တည်းနဲ့ သူ့ကိုအဆုံးမသတ်နိုင်ခဲ့ဘူး"
ထိုအချိန်တွင် ချာလီကူရိုက သတိပေးပြောလိုက်လေသည်။ သူက မိုရိုအိုရာက ရန်သူကို လျှော့တွက်ပြီး ရှုံးနိမ့်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်လေသည်။
“စိတ်မပူနဲ့။ ဒီလို ကောင်လေးကို ငါ လွယ်လွယ်နဲ့ အလဲထိုးနိုင်ပါတယ်"
မိုရိုအိုရာက အလေးမထားဘဲ ပြောလိုက်လေသည်။ သုံးဆင့်မြောက် သူတော်ဘုံအဆင့်တစ်ယောက်က သူ့မျက်စိထဲတွင် ဘာမှ မဟုတ်ပေ။
“ကျိုးဟောင်… သတိထားနော်”
လင်းထျန်နှင့် အခြားသူများက စိုးရိမ်စိတ်ဖြင့် အော်ပြောလိုက်ကြလေသည်။
ကျိုးဟောင်ကသူတို့အား ပြန်ပြုံးပြလိုက်လေသည်။ သူ့အတွက်တော့ ၅ဆင့်မြောက်ကျင့်ကြံရေး သာရှိသည့်သူကို အနိုင်ယူခြင်းမှာ အခက်အခဲ မရှိလှပေ။
“စိတ်မပူပါနဲ့… အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပါတယ်"
ထိုသို့ ပြောပြီး ကျိုးဟောင်သည် စင်မြင့်ပေါ်သို့ တက်လာကာ မိုရိုအိုရာကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။ သူသည် အနိုင်ရချင်ရုံသာမက ဒီယုတ်မာသောလူကို သင်ခန်းစာတစ်ခု ပေးချင်နေခြင်း ဖြစ်လေသည်။
“ကောင်လေး… သေဖို့ အဆင်သင့် ဖြစ်ပြီလား”
မိုရိုအိုရာက မထီမဲ့မြင် ပြုံးရယ်ရင်း ပြောလိုက်လေသည်။
“စကားများလွန်းတယ်”
ကျိုးဟောင်က နှုတ်ခမ်းတွန့်ကာ လှောင်ပြောင်လိုက်လေသည်။
“မင်းရဲ့ အင်အားက မင်းရဲ့ ပါးစပ်ထက် ပိုအားကောင်းမယ်လို့ မျှော်လင့်ပါတယ်”
မိုရိုအိုရာက အေးစက်စွာ ပြောလိုက်လေသည်။
“နှစ်ဖက်စလုံး အဆင်သင့် ဖြစ်ပြီဆိုရင် စတင်ပါ"
ထိုနေရာအား ကြီးကြပ်နေသည့် ကြေးစားအရာရှိက ပြောကြားလိုက်လေသည်။
နောက်တစ်စက္ကန့်အတွင်း မိုရိုအိုရာ၏ ခန္ဓာကိုယ်မှာလှုပ်ရှားလာခဲ့ပြီး သူ့ခန္ဓာကိုယ်ဆီမှ ကျင့်ကြံရေးစွမ်းအားများပြင်းထန်စွာ ထွက်ပေါ်လာလေသည်။ ထို့နောက် လေထဲသို့ ခုန်တက်ကာ ကျိုးဟောင်ဆီသို့ တန်းတန်းမတ်မတ် တိုက်ခိုက်လာခဲ့လေသည်။
ကျိုးဟောင်မှာ မျက်မှောင်ကြုတ်မိလိုက်လေသည်။
ဒီမိုရိုအိုရာသည် မနှစ်သက်ဖွယ်ကောင်းသော်လည်း အင်အားအရတော့ ချာလီကူရိုထက်တောင် ပိုအားကောင်းနေသည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ သို့သော်လည်း သူ့အတွက်တော့ ပြဿနာ မဟုတ်ပေ။
ကျိုးဟောင်မှာ ရှေးဟောင်းခန္ဓာသိုင်းကိုအသက်သွင်းလိုက်ပြီး သူ့ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုးလိုက်လေသည်။
ဒီထိုးချက်သည် မိုရိုအိုရာကို တိုက်ရိုက်ထိရန် မလိုအပ်ခဲ့ပေ။ လက်သီးချက်မှ ဖြစ်ပေါ်လာသော အင်အားလှိုင်းနှင့် လေမုန်တိုင်းများက မိုရိုအိုရာကို တိုက်ရိုက်ထိမှန်သွားခဲ့လေသည်။
"တကယ့်ကိုသန်မာတဲ့ ခန္ဓာကိုယ်ပဲ"
မိုရိုအိုရာ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သော်လည်း မထီမဲ့မြင်အပြုံးကို မဖယ်ရှားသေးပေ။
“ဒီလို ကိုယ်ခန္ဓာအင်အားရှိတဲ့သူနဲ့ တွေ့ရလည်း ငါ မကြောက်တတ်ဘူး"
ထိုသို့ ပြောပြီး မိုရိုအိုရာက လေထဲတွင် ရပ်တန့်ကာ လက်နှစ်ဖက်ကို ပေါင်းစည်းလိုက်လေသည်။ အာကာသအတွင်းမှ ကြယ်တာရာစွမ်းအာများ စုစည်းလာပြီး အလွန်ထူးခြားသည့် အင်အားတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ကျိုးဟောင်သည် ထိုအင်အားထဲမှ ပြင်းထန်သောအငွေ့အသက်ကို ခံစားလိုက်မိသည်။
“ကြယ်တာရာစွမ်းအားဆိုတာ စကြ၀ဠာထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ စွမ်းအားတစ်မျိုးပဲ။ မိုရိုအိုရာက လူကောင်းမဟုတ်ပေမယ့် အရည်အချင်းတော့ တကယ်ရှိတယ်”
လင်းထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
စကြာ၀ဠာထဲတွင်ကျင်လည်လာသည်မှာအချိန်တစ်ခုရှိနေပြီဖြစ်သောကြောင့် လင်းထျန်တို့သည်လည်း ဗဟုသုတများကြွယ်၀လာကြလေသည်။
စကြာ၀ဠာထဲရှိစွမ်းအင် အားလုံးမှာ ယွမ်ချီစွမ်းအားပေါ်တွင် အခြေခံထားကြပြီး ထိုမှတဆင့် ဒြပ်စင်ငါးခုဖြစ်သော ရေ၊မီး၊လေ၊သစ်သားနှင့် မြေကြီးစွမ်းအင်ဟူ၍ထပ်မံခွဲသွားလေသည်။
ကျိယောင်ယွဲ့အသုံးပြုနေသော မီးစွမ်းအားသည်လည်း ယွမ်ချီစွမ်းအားပင်ဖြစ်လေသည်။ ထိုစွမ်းအားများကို ကျွမ်းကျင်အဆင့်ရောက်အောင်လေ့ကျင့်ထားသူသည်တကယ့်ကိုကြောက်မက်ဖွယ်ကောင်းလှပေသည်။
ယွမ်ချီစွမ်းအားများထဲတွင် အထူးစွမ်းအင်များဖြစ်သည့် မိုးကြိုးစွမ်းအား ၊ ကြယ်တာရာစွမ်းအား နှင့် စုပ်ယူခြင်းစွမ်းအားများလည်းရှိသေးပေသည်။ ထိုစွမ်းအားများမှာ အလွန်ရှားပါးရုံသာမက ကျင့်ကြံဖို့အတွက် လုံလောက်သောပါရမီနှင့် ကျင့်ကြံအားလည်းလိုအပ်ပေသည်။
မိုရိုအိုရာ အသုံးပြုနေသည့် ကြယ်တာရာစွမ်းအားမှာ ထိုထဲမှ တစ်ခုဖြစ်ပြီး စွမ်းအားအရည်အသွေးမှာ သာမန်ယွမ်ချီစွမ်းအားများနှင့် လုံးဝ မတူပေ။စွမ်းအားထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြင်းထန်သော ဖိအားကြီးတစ်ခု ဖုံးလွှမ်းသွားခဲ့လေသည်။
"သန်မာသားပဲ.."
ကျိုးဟောင်က မျက်လုံးများကို မှေးကာတွေးလိုက်ပြီး ငှက်မွှေးတစ်ထောင်ချပ်၀တ်ကို ဝတ်ဆင်လိုက်လေသည်။
ငှက်မွှေးတစ်ထောင်ချပ်၀တ်ဆီမှ အေးစက်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်ခန္ဓာကိုယ်ပေါ်ရှိ ဖိအားအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
“ဒီလောက်ပဲလား… အခုတော့ ငါ့အလှည့်ပဲ"
ကျိုးဟောင်က အေးစက်စွာ ကြုံးဝါးလိုက်ပြီး ချက်ချင်း လှုပ်ရှားလိုက်လေသည်။ မုန်တိုင်းကြီးတစ်ခုကဲ့သို့ ပြင်းထန်သော စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့ပြီး သူ၏ ပုံရိပ်သည်နေရာမှပျောက်ကွယ်သွားကာ မိုရိုအိုရာရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။
ကျိုးဟောင်သည် အနီးကပ်တိုက်ခိုက်မှုကို အထူးကျွမ်းကျင်သူဖြစ်ပြီး ရှေးဟောင်းခန္ဓာသိုင်းနှင့် အာကာသသားရဲ၏ဆဲလ်များ ပါဝင်နေသော ကိုယ်ခန္ဓာကြောင့် သာမန်လူများမှာ သူနှင့်ယှဉ်တိုက်ဖို့မလွယ်ကူပေ။
“သေချင်နေတာပဲ။ ကြယ်တာရာပင်လယ်..."
မိုရိုအိုရာက အော်ဟစ်လိုက်လေသည်။
အဆုံးမဲ့သော ကြယ်တာရာစွမ်းအားများသည် အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျိုးဟောင်ဆီသို့ရေလှိုင်းကြီးတစ်ခုပမာ ပြေး၀င်လာခဲ့လေသည်။
ကျိုးဟောင်ကလည်း ကြုံးဝါးလိုက်ပြီး အရိပ်ဓားခုနှစ်ချောင်းသိုင်းကို အသုံးပြုလိုက်လေသည်။ ကျိုးဟောင်၏လက်ထဲတွင် ဓားမရှိသော်လည်း ဓားရောင်ခြည်တန်းများမှာ လေထုထဲတွင် ပြည့်နှက်သွားခဲ့လေသည်။
ဓားရောင်ခြည်တန်းများနှင့် ကြယ်တာရာစွမ်းအားတို့ ထိတွေ့သေယအခါ မိုးချိန်းသံကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ဓားရောင်ခြည်တန်းများသည် ကြယ်တာရာစွမ်းအားကို မတားဆီးနိုင်သော်လည်း ကျိုးဟောင်၏ရည်မှန်းချက်ကတော့ အချိန်တစ်စက္ကန့်သာ အချိန်ဆွဲထားဖို့ ဖြစ်လေသည်။
“အာကာသနေရာကူးပြောင်းခြင်း"
ငှက်မွှေးတစ်ထောင်ချပ်၀တ်၏ စွမ်းအားဖြင့် ကျိုးဟောင်၏ ကိုယ်ခန္ဓာသည် အရိပ်တစ်ခုလို ပျောက်ကွယ်သွားပြီး မိုရိုအိုရာ၏ နောက်တွင် ပြန်လည် ပေါ်လာခဲ့လေသည်။ ကျိုးဟောင်မှာ ဘာကျင့်ကြံရေးနည်းစနစ်မှာ အသုံးမပြုဘဲ သူ့လက်ကိုမြှောက်ကာ မိုရိုအိုရာအားထိုးလိုက်လေသည်။
“မြန်တော့ မြန်သားပဲ။ ဒါပေမယ့် ငါ့ရဲ့ ကြယ်တာရာပိုင်နက်အတွင်းမှာ မင်းဘယ်နေရာကိုပဲ သွားသွား ငါ ခံစားနိုင်တယ်"
မိုရိုအိုရာက အထင်သေးသောအမူအရာဖြင့် ပြောလိုက်သည်။
သူ့ခြေထောက်အောက်တွင် ကြယ်တာရာအစုအဝေးကဲ့သို့ ပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့ပြီး ကြယ်ကြီးတစ်လုံးကို အလယ်ဗဟိုပြုကာ ဂြိုလ်ငယ်လေးများကလှည့်ပတ်နေကြလေသည်။
"ငါ့ရဲ့ ကြယ်တာရာအစုအဝေးပိုင်နက်ထဲမှာဆိုရင် မင်းဘယ်နေရာကိုပဲရောက်ရောက် ငါ့လက်ကပြေးမလွတ်ဘူး"
ထိုသို့ ပြောပြီးနောက် မိုရိုအိုရာက ကြယ်တာရာစွမ်းအားများကို စုစည်းကာ စွမ်းအင်လုံးကြီးတစ်ခု အဖြစ်ဖန်တီးလိုက်ပြီး ကျိုးဟောင်ဆီသို့ ဦးတည်ပစ်လွှတ်လိုက်လေသည်။
“ပေါက်ကွဲစမ်း.."
ကျိုးဟောင်က ကြုံးဝါးလိုက်ပြီး ရှောင်တိမ်းရန်မဖြစ်နိုင်တော့သောကြောင့် လက်သီးဖြင့်ထိုးခွဲရန်ကြံစည်လိုက်လေသည်။
“သေချင်နေတဲ့ ကောင်ပဲ”
မိုရိုအိုရာက လှောင်ပြောင်ရယ်မောနေခဲ့သော်လည်း နောက်တစ်စက္ကန့်အတွင်း သူ၏ မျက်လုံးများ ပြူးသွားခဲ့လေသည်။
ကျိုးဟောင်၏ အငွေ့အသက်သည် ချက်ချင်း မြင့်တက်သွားပြီး သူ၏ ကျင့်ကြံရေးအဆင့်မှာ ခြောက်ဆင့်မြောက် သူတော်ဘုံအဆင့်သို့ တိုက်ရိုက် မြင့်တက်သွားခဲ့လေသည်။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်ပြင်းထန်သော ဖိအားတစ်ခု ဖုံးလွှမ်းသွားပြီး မိုရိုအိုရာ၏ ကြယ်တာရာအင်အားနှင့် ကိုယ်ခန္ဓာ လှုပ်ရှားမှုတို့ပါ နှေးကွေးသွားခဲ့လေသည်။
....................................................................................
အခန်း (၈၆၀) ပြီးပါပြီ။
--