အခန်း ၈၆၂
Vol. 58 Ch. 862
အခန်း (၈၆၂) : မိုရိုအိုလီ
“အဆင့်သတ်မှတ်ဇယားက အရမ်းအရေးကြီးတယ်။ ထိပ်ဆုံးအဆင့်တွေကို ကိုင်ထားတဲ့ အင်အားကြီးသူတွေဆို ဘယ်အဖွဲ့အစည်းကိုမှ မဝင်ဘဲ အေးဆေးနေရုံပဲ။ ပြောရရင် အဖွဲ့အစည်းတွေထဲကိုဝင်တဲ့သူတွေက ကျုပ်တို့လို အားနည်းတဲ့သူတွေပဲ။ ထိပ်ဆုံးအဆင့်၅၀ ထဲက လူတွေဆိုရင် အဖွဲ့အစည်းတွေထဲဝင်ဖို့ကိုတောင် စိတ်မဝင်စားကြဘူး”
“အမှတ်တွေလည်း ရှိမယ်။ ပြီးတော့စွမ်းအားလည်း ရှိသွားမယ်ဆိုရင် ဘယ်သူမှ မိုက်မဲပြီး လာစော်ကားရဲတော့မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းသာ အဆင့် ၁၀၀ အတွင်း ဝင်နိုင်ရင် ငွေရောင်ဘုရင်ဂိုဏ်းက ချက်ချင်း ဒုတိယအဆင့်အဖွဲ့ ဖြစ်သွားမှာပဲ"
လင်းထျန်က အခြေအနေကို အရမ်းရှင်းလင်းစွာ နားလည်ထားသူ ဖြစ်လေသည်။ သို့သော် ကျိုးဟောင်ကတော့ အနည်းငယ် အားမရသလို ဖြစ်နေခဲ့လေသည်။
အဆင့် ၂၀၀ ထဲရှိ အားနည်းဆုံးတောင်မှ ခြောက်ဆင့်မြောက် သူတော်ဘုံအဆင့် ဖြစ်နေပြီး သူ့လက်ရှိ အင်အားနဲ့တော့ မလုံလောက်သေးပေ။
ကျိုးဟောင်သည် လေးဆင့်မြောက် သူတော်ဘုံကို ထိုးဖောက်နိုင်ခဲ့ပြီး နတ်ဘုရားသတ်သိုင်း၊ ပြောင်းလဲခြင်းကိုးသွယ်သိုင်းနှင့် ရှေးဟောင်းခန္ဓာသိုင်းတို့ကို ပေါင်းစပ်နိုင်ခဲ့ပါက ခုနှစ်ဆင့်မြောက် သူတော်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းရည်ကိုရရှိလာမည် ဖြစ်လေသည်။ အဲ့ဒီအချိန်ရောက်မှသာ အဆင့် ၂၀၀ အတွင်း ဝင်နိုင်မည်ဖြစ်ပေသည်။
“အခုအချိန်မှာတော့ အဲ့ဒီအဆင့်ထိ မရောက်နိုင်သေးဘူး။ အရေးကြီးဆုံးကတော့ အရင်ဆုံး အဆင့်တက်ဖို့အတွက်ကြိုးစားကျင့်ကြံရမယ်”
ကျိုးဟောင်က သက်ပြင်းချရင်း အနည်းငယ် စိတ်မသက်မသာဖြင့် ပြောလိုက်လေသည်။
တချိန်တည်းမှာပင် ကြယ်တာရာအစုအဝေးအဖွဲ့၏ အခြေစိုက်စခန်းအတွင်းတွင် မိုရိုအိုရာသည် ထိုင်ခုံကြီးပေါ်တွင် လဲလျောင်းနေခဲ့ပြီး မျက်နှာမှာ ဖြူဖျော့နေခဲ့လေသည်။
ယခင်နေ့က လက်သီးချက်ကြောင့် သူ၏အရိုးအများစုမှာ ကျိုးပဲ့သွားခဲ့ပြီး သူတော်ဘုံအဆင့်ရှိသူအတွက်တော့ သေလောက်သည့်အခြေအနေမဟုတ်သော်လည်း အပြည့်အဝ ပြန်ကောင်းဖို့အတွက် တစ်လခန့်တော့ အနားယူရမည်ဖြစ်သည်။
ကြယ်တာရာအစုအဝေးအဖွဲ့သားများမှာ ပလ္လင်ပေါ်တွင် ထိုင်နေသူကို ကြည့်ကာ မျက်နှာအမူအရာများ အေးစက်စွာဖြင့် ရပ်နေကြလေသည်။ ထိုသူမှာ ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားပြီးထိုချပ်၀တ်ပေါ်တွင် အနီရောင်ဂြိုလ်ကြီးတစ်လုံးကို သင်္ကေတအဖြစ် ရေးဆွဲထားလေသည်။
“ခေါင်းဆောင်... ဒုခေါင်းဆောင်ကို ဒီလောက်ထိ ရိုက်နှက်ထားတာကို ကျွန်တော်တို့ ခွင့်မလွှတ်နိုင်ဘူး”
“ဟုတ်တယ် ခေါင်းဆောင်။ ငွေရောင်ဘုရင်ဂိုဏ်းကို ခြေထောက်နဲ့ နင်းချေလိုက်ရအောင်”
“အဲ့ဒီကျိုးဟောင်က သန်မာတယ်ဆိုပေမယ့် ခေါင်းဆောင်သာ လှုပ်ရှားရင် သူ့ကို သတ်ဖို့က လွယ်ကူပါတယ်”
ပုလ္လင်အောက်ရှိ လူများမှာဒေါသအပြည့်နဲ့ ပြောနေကြသော်လည်း ထိုပုလ္လင်ပေါ်တွင်ထိုင်နေသူက ရုတ်တရက် အေးစက်စွာဖြင့် အော်ပြောလိုက်လေသည်။
“တိတ်ကြစမ်း....”
သူ့မျက်လုံးထဲတွင် ဒေါသနဲ့ အေးစက်မှုတို့ ပြည့်နှက်နေခဲ့လေသည်။
“ရှုံးနိမ့်ပြီးသား ဖြစ်နေတာကိုတောင် မင်းတို့က မရှက်ကြဘူးလား။ မင်းတို့က အရှက်တကွဲမျက်နှာပျက်အောင်ဖြစ်ခဲ့တာကို ငါ့အားကိုးပြီး ပြန်အနိုင်ယူချင်တာလား"
ဒီစကားကြောင့် အောက်ကလူတွေအားလုံး၏ မျက်နှာမှာပြောင်းလဲသွားခဲ့ကြလေသည်။ မိုရိုအိုရာမှာ စိတ်မထိန်းနိုင်တော့ဘဲ ၀င်ပြောလာခဲ့လေသည်။
“အစ်ကိုကြီး… အစ်ကိုကြီးက ကိုယ့်ညီလေး ဒီလို ရိုက်နှက်ခံရတာကို ကြည့်ပဲနေတော့မှာလား"
ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ဖြစ်သူမှာ သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ပြောလိုက်လေသည်။
“အခြားအချိန်ဆိုရင် ငါ ကိုယ်တိုင် သွားပြီး သူ့ကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီးသားပဲ။ ဒါပေမယ့် အခုတော့ မဖြစ်ဘူး။ ပထမအချက်က မင်းကိုယ်တိုင် အလောင်းအစားလုပ်ပြီး ရှုံးခဲ့တာပဲ။ အဲ့ဒါကို ငါတို့က အင်အားအပြည့်နဲ့ သွားပြီးရန်ရှာရင် တခြားလူတွေအမြင်မှာ ရယ်စရာကြီး ဖြစ်သွားလိမ့်မယ်”
“ကြယ်တာရာအစုအဝေးအဖွဲ့က ဒုတိယအဆင့်အဖွဲ့တွေထဲမှာ ထိပ်ဆုံးစာရင်းဝင်ပေမယ့် ဒီလို အရှက်ရစရာ လုပ်ရပ်မျိုးကိုတော့ ငါ မလုပ်နိုင်ဘူး”
သူက ခေါင်းကို ရမ်းကာ ဆက်ပြောလာခဲ့သည်။
“အခုတော့အချိန်မကျသေးဘူး။ ကတိအတိုင်း အနည်းဆုံးသုံးလတော့ စောင့်ရမယ်”
လောင်းကြေးအရ ရှုံးနိမ့်သူမှာသုံးလတိတိ မနှောင့်ယှက်ရန်ဖြစ်သောကြောင့် မိုရိုအိုရာမှာ စိတ်မကျေနပ်မှုအပြည့်ဖြင့် တိတ်ဆိတ်သွားခဲ့လေသည်။
“မင်းရဲ့ ကျင့်ကြံရေးအဆင့်က ငါးဆင့်မြောက်မှာ ရပ်နေတာ ကြာပြီ။ အဲ့ဒီအချိန်ကို အသုံးချပြီး အဆင့်တက်လို့လုပ်လိုက်"
“ပြီးတော့ မကြာခင် ငါ လောင်ဘိုင်ချွန်းကို စိန်ခေါ်ပြီး အဆင့် ၁၅၀အတွင်း ဝင်ရမယ်။ ကျိုးဟောင်နဲ့ အချိန် မဖြုန်းမနေနိုင်ဘူး"
ထိုစကားကို ကြားလိုက်ရချိန်တွင် မိုရိုအိုရာ၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။
“အစ်ကိုကြီး… အစ်ကိုက ရှစ်ဆင့်အထိ ရောက်သွားပြီလား”
အဆင့် ၂၀၀အတွင်းရှိသူများမှာ ခြောက်ဆင့်မြောက်ကျင့်ကြံရေးစွမ်းအားရှိပြီး အဆင့် ၁၅၀အတွင်း ဝင်ချင်ပါက အနည်းဆုံး ရှစ်ဆင့်မြောက်ကျင့်ကြံရေးစွမ်းအားလိုအပ်ပေသည်။ ထိပ်ဆုံး ၅၀ အတွင်းရှိ လူများကတော့ တာအိုအဆင့် ရောက်ရန်တစ်ခြေလှမ်းအကွာသို့ ရောက်နေကြပြီးသား ဖြစ်ကြသည်။
“ဟုတ်တယ် မကြာခင်အဆင့်တက်နိုင်တော့မယ်။ အဆင့် ၁၅၀အတွင်း ရောက်ပြီးတာနဲ့ ငွေရောင်ဘုရင်ဂိုဏ်းကို ဖျက်သိမ်းပစ်မယ်”
“ကျိယောင်ယွဲ့ဆိုတာလည်း မိန်းမတစ်ယောက်ပဲ။ မင်းသဘောကျရင် မင်းအိပ်ရာကို နွေးအောင်လုပ်ပေးဖို့ ငါရယူပေးမယ်"
မိုရိုအိုရာက အဲ့ဒီစကားကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့လေသည်။
“အစ်ကိုကြီး… အရမ်းကောင်းတယ်။ ကျွန်တော် အမြန်ဆုံး ဒဏ်ရာသက်သာအောင်ကုမယ်။ အဲ့ဒီအချိန်ကျ ကျိယောင်ယွဲ့ကို ကျွန်တော့်ဆီ ပို့ပေးရမယ်နော်”
ခေါင်းဆောင်က ခေါင်းခါရင်း အားမရသလို ပြောလိုက်လေသည်။
“မင်းက မိန်းမတွေကို စိတ်ဝင်စားသလို ကျင့်ကြံရေးကိုလည်း စိတ်၀င်စားခဲ့ရင် အခုထိ ငါးဆင့်မြောက်မှာ ရပ်နေမှာမဟုတ်ဘူး"
နောက်တနေ့မနက်တွင် ကျိုးဟောင်နှင့် ငွေရောင်ဘုရင်ဂိုဏ်းသားများအားလုံး စုစည်းကာ သတ်ဖြတ်ရေးကွင်းဆီသို့ ထွက်ခွာလာကြလေသည်။
ယနေ့မှစ၍ အပြင်းအထန် လေ့ကျင့်ကြမည်ဖြစ်ပြီး ဤသည်မှာ ကျိုးဟောင် သတ်မှတ်ထားသော စည်းမျဉ်းတစ်ရပ်လည်း ဖြစ်ပေသည်။ လမ်းတစ်လျှောက်တွင် လူတိုင်းက သူတို့ကို မြင်သည်နှင့် အံ့အားသင့်စွာ တီးတိုးပြောဆိုနေကြလေသည်။
“ဒါက ငွေရောင်ဘုရင်ဂိုဏ်းပဲ ထင်တယ်။ မိုရိုအိုရာကိုတောင် အနိုင်ယူလိုက်တယ်ဆိုတာ မယုံနိုင်စရာပဲ”
“ဟုတ်တယ်… မိုရိုအိုလီ မလာတာက ပိုပြီးတောင် အံ့သြစရာ”
“သူက သူ့နာမည်ကို အရမ်းတန်ဖိုးထားတာ။ အချိန်မကျသေးလို့ပဲဖြစ်မယ်"
ထိုစကားများကိုကြားသောအခါ လင်းထျန်က ခပ်တိုးတိုး ပြောလာလေသည်။
“မိုရိုအိုရာရဲ့ အစ်ကိုကြီး မိုရိုအိုလီက ကြယ်တာရာအစုအဝေးအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ ခုနှစ်ဆင့်မြောက် သူတော်ဘုံအဆင့်ကို ရောက်နေပြီး အဆင့်သတ်မှတ်ဇယားမှာလည်း ၁၆၃ယောက်မြောက်နေရာမှာ ရှိတယ်”
လင်းထျန်၏ စကားကိုကြားသောအခါ ကျိုးဟောင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
“အခုတော့ ပြဿနာမရှိသေးပေမယ့် သတိတော့ထားရမယ်”
ထိုအချိန်တွင် သတ်ဖြတ်ရေးကွင်းဝင်ပေါက်သို့ ရောက်လာခဲ့ပြီး မကြာခင်မှာပင် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့လည်း ရောက်လာခဲ့လေသည်။
ဦးဆောင်သူမှာ မိုရိုအိုလီ ဖြစ်ပြီး နှစ်ဖက်အဖွဲ့များ ဆုံတွေ့ချိန်တွင် ပေါက်ကွဲတော့မည့် ယမ်းမှုန့်ကဲ့သို့အရှိန်အဝါများ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့လေသည်။
....................................................................................
အခန်း (၈၆၂) ပြီးပါပြီ။
--