← Chapters

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း (၈၆၅) : ရိုင်းစိုင်းသော မင်းသမီး လီလီယာ

ကျိုးဟောင်မှာ ထိတ်လန့်သွားသော်လည်း တစ်ချိန်တည်းတွင် စိတ်လည်း အလွန်အမင်း လှုပ်ရှားသွားလေသည်။

“ရှေးဟောင်းခန္ဓာသိုင်းဆိုတာ ခန္ဓာသိုင်းအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါကြောင့် လေ့ကျင့်ဖို့ အလွန်ခက်ခဲတယ်။ အဆုံးသတ်မှာတော့ သဘောတရားဥပဒေတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်လာမှာပဲ"

“ရှေးဟောင်းခန္ဓာသိုင်းက အသက်စွမ်းအားနဲ့ သွေးအနှစ်သာရကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားတာပဲဖြစ်တယ်။ အပြည့်အဝ ထိန်းချုပ်နိုင်ချင်ရင်တော့ သွေးအနှစ်သာရကို အဆက်မပြတ် ဖိအားပေးပြီး သန့်စင်ရမယ်”

“သံကို မီးထဲမှာ ဖိသိပ်လေ အားကောင်းလေ ဆိုတဲ့ စကားကို ကြားဖူးမယ်ထင်တယ်။ အဓိပ္ပာယ်က အဲ့လိုပဲ။ သွေးအနှစ်သာရကို အပြည့်အဝ ထိန်းချုပ်ချင်ရင် ၎င်းရဲ့ ကျစ်လစ်သိပ်သည်းမှုနဲ့ အရည်အသွေးကို မြှင့်တင်ရမယ်။ အဲ့နှစ်ခုမှာ မတိုးတက်ခဲ့ရင်တော့ ရှေးဟောင်းခန္ဓာသိုင်းရဲ့ လိုအပ်တဲ့အဆင့်ကို မရောက်နိုင်ဘူး"

“အတိုချုပ်ပြောရရင် သွေးအနှစ်သာရထဲက အညစ်အကြေးတွေကို ဖယ်ရှားပစ်ရမယ်။ ဒါက ကိုယ်ခန္ဓာကို ပြုပြင်သန့်စင်တာနဲ့ နည်းလမ်းအတူတူပဲ"

ဖား၏ စကားများကြောင့် ကျိုးဟောင်မှာ အကူအညီမဲ့သွားသလို ခံစားလိုကိရလေသည်။ ကိုယ်ခန္ဓာကို ပြုပြင်သန့်စင်ခြင်းဆိုသည့်အချက်ကို နားလည်နိုင်သေးသော်လည်း သွေးအနှစ်သာရကို ပြုပြင်သန့်စင်ရမည်ဆိုသည့်အချက်ကိုတော့ ကျိုးဟောင်တစ်ခါမှ မလုပ်ဖူးခဲ့ပေ။

“ငါခန့်မှန်းထားပြီးသားပါ။ မင်း ဘာလုပ်ရမှန်း မသိဘူးမဟုတ်လား။ ကိုယ်ခန္ဓာပြုပြင်သန့်စင်ခြင်းနဲ့ သွေးအနှစ်သာရပြုပြင်သန့်စင်ခြင်းဆိုတာ စကားတစ်လုံးပဲ ကွာပေမယ့် ကွာခြားချက်က အရမ်းကြီးမားတယ်။”

“ပထမဆုံးအနေနဲ့ မင်းရဲ့ မူလစွမ်းအင်ကိုနားလည်ဖို့လိုတယ်။ ဒါကို မြှင့်ဖို့ဆိုရင် အရမ်းခက်ခဲပြီး အချိန်ကြာကြာ လိုအပ်တယ်။ အချိန်တိုအတွင်း အကျိုးရလဒ်ရချင်ရင်တော့ ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။”

ဖားက သူ့မှေးစေ့ကိုလက်ဖြင့်ပွတ်နေရင်း ပြောလိုက်လေသည်။

“ဘာလုပ်ရမလဲ”

ကျိုးဟောင်က ချက်ချင်း မေးလိုက်လေသည်။

“ပြင်ပစွမ်းအားကို သုံးပြီး သွေးအနှစ်သာရကို ပြုပြင်သန့်စင်ရမယ်"

ဖား၏စကားဆုံးသွားသည်နှင့် ကျိုးဟောင်မှာ ခဏတာ မှင်တက်သွားသော်လည်း ဘာကိုဆိုလိုမှန်း နားလည်သွားခဲ့လေသည်။

“နားလည်ပြီ…”

ကျိုးဟောင်က ပုံရိပ်ယောင်လေ့ကျင့်ခန်းမမှ ထွက်ကာ ကြေးစားစစ်သားများလေ့ကျင့်သည့် လေ့ကျင့်ရေးကွင်းဆီသို့ အမြန်သွားခဲ့လေသည်။ ထိုနေရာသို့ရောက်သောအခါ ပတ်ဝန်းကျင်ကို တချက်လှည့်ပတ်ကြည့်ရှုပြီးနောက် နေရာတစ်ခုဆီသို့ စူးစိုက်ကြည့်လိုက်လေသည်။

“ကောင်းကင်မီးရေအိုင်"

ထိုစာလုံးသုံးလုံးကို မြင်လိုက်ချိန်တွင် ကျိုးဟောင်က ပြုံးလိုက်လေသည်။

“ဒီနေရာပဲ.."

ဖားကလည်း ထိုစာတန်းကိုမြင်သောအခါရယ်ပြီး ပြောလာလေသည်။

“မီးနဲ့ ပြုပြင်သန့်စင်တာက မဆိုးပါဘူး။ ဒါပေမယ့် ဒီနာကျင်မှုကို သာမန်လူတွေ မခံနိုင်ဘူးနော်"

“နာကျင်‌ရလည်း ကိစ္စမရှိဘူး"

ကျိုးဟောင်က ပြန်ပြောလိုက်ပြီး ကောင်းကင်မီး‌ရေအိုင်ဘက်သို့ တည့်တည့် လျှောက်သွားလေသည်။

ကောင်းကင်မီးရေအိုင်သည် ကြေးစားစစ်တပ်၏ လေ့ကျင့်ရေးအခြေစိုက်စခန်းအတွင်း၌ အလွန်အရေးကြီးသော နေရာတစ်ခု ဖြစ်လေသည်။ မီးဓာတ်ရှိသည့် သိုင်းပညာရှင်များ အကြိုက်ဆုံး လေ့ကျင့်ရေးနေရာလည်း ဖြစ်ပေသည်။

မီးဓာတ်ထဲတွင် ကိုယ်ကို မြုပ်နှံကာ လေ့ကျင့်ခြင်းဖြင့် စုပ်ယူနှုန်းကို အလွန်အမင်း မြန်ဆန်စေနိုင်လေသည်။ သိုင်းပညာရှင်တစ်ဦးအတွက် ကိုယ့်အဓိကစွမ်းအင်ဓာတ်နဲ့ ကိုက်ညီသည့် လေ့ကျင့်ရေးနေရာကို ရှာတွေ့နိုင်ခြင်းက အလွန်ပင်အရေးကြီးလေသည်။

ကျိုးဟောင်က အလျင်အမြန် ဝင်သွားလိုက်ချိန်တွင် အတွင်းဘက်မှ ဆူညံသံတစ်ခု ကြားလိုက်ရလေသည်။

“ဒီမီးအနှစ်သာရကို ငါရခဲ့တာ။ မင်းမှာ ဘာအခွင့်အရေးရှိလို့ လုယူတာလဲ"

ထိုအသံပိုင်ရှင်မှာ ကျိယောင်ယွဲ့ ဖြစ်လေသည်။

ယခုချိန်တွင် သူမ၏မျက်နှာမှာ ဒေါသများဖြင့်ပြည့်နှက်နေပြီး သူမရှေ့ရှိ ခန္ဓာကိုယ်အချိုးအစားလှပသည့် မိန်းမတစ်ဦးအား စူးစိုက်ကြည့်နေလေသည်။

ထိုအမျိုးသမီးသည် မီးကဲ့သို့ ရဲတောက်နေသော အနီရောင်ဆံပင်ရှည်ရှိပြီး ခန္ဓာကိုယ်လုံးတစ်ခုလုံးမှာလည်း ကြေးနီရောင်လင်းလက်နေကာ အလွန်လှပပေသည်။ ထို့အပြင် အနီရောင် အမြှီးတစ်ချောင်းပါရှိပြီးထိုအရာကပင် သူမအားပိုမို ဆွဲဆောင်မှုရှိစေလေသည်။

သူမ၏ လက်ထဲတွင် ကြည်လင်သော သလင်းကျောက်အပိုင်းအစတစ်ခုကို ကိုင်ထားပြီး ထိုသလင်းကျောက်အတွင်း၌ ထူးဆန်းသည့် မီးတောက်လေးတစ်ခု လောင်ကျွမ်းနေလေသည်။

“ဘယ်အချက်ကိုကြည့်ပြီးပြောတာလဲ။ ဒီမီးအနှစ်သာရကို မင်းရခဲ့တာမှန်ပေမယ့် လောကရဲ့ အဖိုးတန်ပစ္စည်းတွေဆိုတာ စွမ်းအားကြီးသူတွေနဲ့ပဲသက်ဆိုင်တာလေ။ မင်းမှာ ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်မရှိရင် အဲ့အရာကငါ့ဟာ ဖြစ်သွားတာ သဘာဝပဲလေ"

ထိုအမျိုးသမီးက မညှာမတာ ပြောလိုက်လေသည်။

“မင်း… မင်း တကယ်ကို အရှက်မရှိဘူးပဲ။ ငါရခဲ့တာကို မင်းက အလစ်အငိုက် လုယူခဲ့တာပဲ။ အရမ်း ယုတ်မာတယ်။ အမြန် မီးအနှစ်သာရကို ပြန်ပေးလိုက် မဟုတ်ရင် ငါ ယဉ်ကျေးနေမှာမဟုတ်တော့ဘူးနော်"

ကျိယောင်ယွဲ့မှာ အလွန်ဒေါသထွက်သွားခဲ့လေသည်။

"ဟားဟား.. ယဉ်ကျေးနေမှာမဟုတ်ဘူးပေါ့လေ။ လေကြီးလွန်းပြီး မင်း လျှာကို ပြန်ကိုက်မိမှာမကြောက်ဘူးလား။ ငါ မင်းကို အနာဂတ်မှာ ဒီကောင်းကင်မီးရေအိုင်ထဲကို ခြေတစ်လှမ်းတောင်လှမ်းခွင့်မရှိအောင် လုပ်ပစ်လို့ရတယ်"

ထိုအမျိုးသမီးက အေးစက်စွာ ပြန်ပြောလာလေသည်။

“ဒီနေရာက လေ့ကျင့်ရေးအခြေစိုက်စခန်းပဲ။ လူတိုင်း မှာ လွတ်လွတ်လပ်လပ်ဝင်ခွင့်ရှိတယ်။ မင်းမှာ ငါ့ကို တားဆီးနိုင်တဲ့ အရည်အချင်း ဘယ်မှာရှိလို့လဲ"

ကျိယောင်ယွဲ့က ဂရုမစိုက်သည့်အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

“အရည်အချင်း ဟုတ်လား။ ဒါဆို ငါ့အရည်အချင်းကို ပြမယ်။ လာကြစမ်း... ဒီမိန်းကလေးကို ပြင်းပြင်းထန်ထန် သင်ခန်းစာပေးလိုက်။ နောက်ပြီး ရှေ့လျှောက် ဒီကောင်းကင်မီးရေအိုင်ထဲကို တစ်ခါ၀င်လာတိုင်း တစ်ခါရိုက်နှက်ပစ် ဒါမှ ဒီနေရာကိုခြေမချရဲမှာ"

စကားဆုံးသည်နှင့် ထိုအမျိုးသမီး၏ အနောက်ဘက်မှ ၄ဆင့်မြောက် သူတော်ဘုံအဆင့်ပညာရှင်လေးဦး ထွက်လာကာ ကျိယောင်ယွဲ့အား ဝိုင်းထားလိုက်လေသည်။ထိုအမျိုးသမီးကတော့ အေးစက်စွာကြည့်ရင်း ပြုံးနေ‌လေသည်။

ထိုအချိန်တွင် ကျိုးဟောင်၏ ခန္ဓာကိုယ်မှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ထိုအမျိုးသမီးရှေ့သို့ ရောက်ရှိသွားလေသည်။

ထိုအဖြစ်အပျက်ကြောင့် သူမ၏ မျက်နှာအမူအရာမှာချက်ချင်းပြောင်းလဲသွားလေသည်။ သို့သော်သူမပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် ကျိုးဟောင်ဆီမှ ထူးဆန်းသည့် စိတ်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုစိတ်စွမ်းအားတိုက်ခိုက်မှုကြောင့် ထိုအမျိုးသမီးမှာ ခဏတာ သတိလွတ်သွားခဲ့လေသည်။

ထိုအချိန်တွင် ကျိုးဟောင်က သူမလက်ထဲရှိ မီးအနှစ်သာရကို ယူလိုက်ပြီး ချက်ချင်း ကျိယောင်ယွဲ့ရှေ့၌ ပြန်ပေါ်လာခဲ့လေသည်။ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့လေသည်။ ထိုအမျိုးသမီး သတိပြန်ရလာချိန်တွင် သူမ၏ လက်ထဲတွင်ဘာမှမရှိတော့ပေ။

“ဘယ်က ခွေးမျိုးလဲ.... ငါ့မီးအနှစ်သာရကို လုရဲတယ်ပေါ့"

ထိုအမျိုးသမီးမှာ ချက်ချင်း ဒေါသပေါက်ကွဲသွားလေသည်။

သူမနောက်ရှိ လူလေးဦးမှာလည်း ကျိုးဟောင်ကို ကြည့်ရင်း အံ့ဩကြောက်ရွံ့နေကြလေသည်။ ကျိယောင်ယွဲ့ကတော့ ကျိုးဟောင်ကို မြင်လိုက်ရချိန်တွင် ရင်ဘတ်ထဲကအလုံးကြီးကျသွားခဲ့လေသည်။ ကျိုးဟောင်က ဘာမှမပြောဘဲ မီးအနှစ်သာရကို သူမလက်ထဲ ထည့်ပေးလိုက်လေသည်။

“ စိတ်မပူနဲ့ ဒီကိစ္စကို ငါ့လက်ထဲအပ်ထားလိုက်"

စကာဆုံးသောအခါ ကျိုးဟောင်က လက်များကို နောက်သို့ပစ်ကာဂရုမစိုက်သည့်ပုံဖြင့် သူတို့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“ ငွေရောင်ဘုရင်ဂိုဏ်းက ကျိုးဟောင်မှတ်လား။ မာနထောင်လွှားနေလိုက်တာ။ ကြယ်တာရာအစုအဝေးအဖွဲ့က မိုရိုအိုရာကို နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို မရှုံးနိမ့်နိုင်တော့ဘူးလို့ ထင်နေတာလား။ ငါ့ပစ္စည်းကို လုရဲတယ်ပေါ့။ နင့်ရဲ့ ငွေရောင်ဘုရင်ဂိုဏ်း ကို ဖျက်စီးပစ်နိုင်တယ်ဆိုတာ ယုံထားလိုက်"

ထိုအမျိုးသမီးမှာ ဒေါသတကြီး ကြိမ်းဝါးနေခဲ့လေသည်။

“မင်းက တကယ့်ကို ရိုင်းစိုင်းတဲ့ မိန်းကလေးပဲ။ ဒီလူတွေလောက်နဲ့ ငါ့ကိုအနိုင်မယူနိုင်ဘူး။ တကယ်လို့ ငွေရောင်ဘုရင်ဂိုဏ်းကို ထိပါးချင်ရင်တော့ ငါ့ကိုအနိုင်တိုက်နိုင်မယ့်သူကိုခေါ်လာခဲ့"

ကျိုးဟောင်က အေးစက်စွာပင် ပြန်ပြောလိုက်လေသည်။

ကျိုးဟောင်မှာ ရန်မရှာတတ်သော်လည်း အခြားသူများက အနိုင်ကျင့်လာလျှင်တော့ လုံးဝ သည်းမခံတတ်ပေ။

“ဟမ့် ကြီးကြီးကျယ်ကျယ်‌တွေပြောနေလိုက်တာ။ မနင်တို့ ဘာစောင့်နေတာလဲ။ သူတို့နှစ်ယောက်ကို ချက်ချင်း အမှောက်ရိုက်နှက်ပစ်လေ"

ထိုအမျိုးသမီးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“မစ္စလီလီယာ ဒီကျိုးဟောင်က‌ တော်ရုံလူမဟုတ်ပါဘူး။ ကျွန်တော်တို့ လေးယောက်ပေါင်းတိုက်ရင်တောင် မနိုင်နိုင်ပါဘူး”

ထိုလူများကပြန်ပြောလာလေသည်။မိုရိုအိုရာကိုတောင် အလွယ်တကူအနိုင်ယူခဲ့သူအား သူတို့ဘယ်လိုနည်းဖြင့် အနိုင်တိုက်နိုင်မည်နည်း။

“အလကား အမှိုက်ကောင်တွေ.. ငါ့အစ်ကိုကြီးက မင်းတို့ကို ငါ့ကို ကာကွယ်ဖို့ ခန့်ထားတာ မဟုတ်ဘူးလား။ ဒီမီးအနှစ်သာရကို ပြန်ယူပြီး သူတို့ကို သင်ခန်းစာပေး မဟုတ်ရင် ငါ့အစ်ကိုကြီးနဲ့တိုင်ပြောပြီး မင်းတို့ခြေထောက်တွေကို ချိုးခိုင်းပစ်မယ်"

လီလီယာ၏ မျက်နှာပေါ်တွင်ရိုင်းစိုင်းပြီး မာနထောင်လွှားသည့်အမူအရာများ ပြည့်နှက်နေခဲ့‌လေသည်။ သူမသည် အမြဲတမ်း အနိုင်ကျင့်နေတတ်သူ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ကျိုးဟောင်မှာ ခေါင်းခါရင်း သက်ပြင်းချလိုက်မိလေသည်။ မိန်းမတစ်ဦးနဲ့ အခြေအတင် ရန်မဖြစ်ချင်သောကြောင့် မီးအနှစ်သာရကို ပြန်ရပြီးနောက် ကျိယောင်ယွဲ့နှင့်အတူ လှည့်ထွက်သွားခဲ့လေသည်။

သို့သော် လီလီယာက ဒေါသတကြီး အော်ပြောလိုက်လေသည်။

“နင်တို့က မတိုက်ချင်ဘူး‌ပေါ့။ ကောင်းပြီလေ ငါကိုယ်တိုင် လုပ်ပြမယ်။ ကျိုးဟောင်.... နင် အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"

စကားဆုံးသည်နှင့် သူမ၏ လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး အားကောင်းသောမီးစွမ်းအားလှိုင်းတစ်ခုထွက်ပေါ်လာခဲ့လေသည်။

....................................................................................

အခန်း (၈၆၅) ပြီးပါပြီ။

--

All Chapters