အခန်း ၈၆၇
Vol. 58 Ch. 867
အခန်း (၈၆၇) : တံခါး၀သို့ ရောက်လာခြင်း
ကျိုးဟောင်သည် လေ့ကျင့်ခန်းအခန်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် အပူလှိုင်းတစ်လှိုင်းကို ခံစားလိုက်ရသည်။ သူသည် အံ့ဩသွားပြီး ချက်ချင်းပင် အခန်းအလယ်တွင် ရေအိုင်တစ်ခုကဲ့သို့သော အရာတစ်ခုကို မြင်လိုက်ရလေသည်။ ထိုရေအိုင်အတွင်းတွင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေလေသည်။
မီးတောက်များမှာ အလွန်ပြင်းထန်သော်လည်း ကျိုးဟောင်အတွက်တော့ ထိုအဆင့်မီးတောက်များက ထိခိုက်စေနိုင်ခြင်း မရှိနိုင်ကြောင်း သူ ခံစားမိနေသည်။
ကျိုးဟောင်သည် မီးရေအိုင်၏ အလယ်ဗဟိုသို့ လျှောက်သွားကာ တင်ပလ္လင်ချိတ်ထိုင်ပြီး လေ့ကျင့်ရန် စတင်လိုက်လေသည်။
သူ့ပတ်ဝန်းကျင်ရှိ မီးတောက်များသည် ရုတ်တရက် ပိုမိုပြင်းထန်လာခဲ့သော်လည်း ရှေးဟောင်းခန္ဓာသိုင်းရှိသူဖြစ်သော ကျိုးဟောင်အတွက်တော့ ထိုမီးတောက်များသည် ဘာမှမဖြစ်စေနိုင်ပေ။
သူသည် မီးတောက်များကို ကိုယ်ခန္ဓာပေါ်တွင် အပူပေးစေခွင့်ပြုထားသော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
“မီးကို ကိုယ်ထဲသို့ ဆွဲသွင်းပြီး သွေးအနှစ်သာရကို သန့်စင်စေမယ်…”
ကျိုးဟောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကိုပိတ်လိုက်လေသည်။ ထို့နောက် အသက်ရှူတစ်ချက်နှင့်အတူ မီးတောက်တစ်စင်းကို ကိုယ်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
ချက်ချင်းပင် ခန္ဓာကိုယ်တွင်းရှိယွမ်ချီစွမ်းအားဖြင့် ထိုမီးတောက်ကို ဖုံးအုပ်ထိန်းချုပ်ကာ စွမ်းအင်သွေးကြောငယ်လေးတစ်ခုဆီသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် မီး၏ အပူစွမ်းအားကို တဖြည်းဖြည်း ဖြန့်ထုတ်ကာ သွေးအနှစ်သာရကို မီးမှတစ်ဆင့် ဖြတ်သန်းစီးဆင်းစေလိုက်သည်။
“ရှဲ..."
ရေကို မီးထဲသို့ လောင်းချလိုက်သကဲ့သို့ အသံထွက်လာခဲ့လေသည်။ ကျိုးဟောင်သည် မိမိ၏ သွေးအနှစ်သာရမှာ အငွေ့ပျံသွားသလို ခံစားလိုက်ရသည်။ သို့သော် သူ၏ သွေးအနှစ်သာရတွင် ရှေးဟောင်းခန္ဓာစွမ်းအားသာမက အာကာသသားရဲ၏ ဆဲလ်များပါ ပါဝင်နေသောကြောင့် ပြဿနာမရှိပေ။
ကျိုးဟောင်သည် ဖြည်းဖြည်းချင်း သွေးအနှစ်သာရကို သန့်စင်လာခဲ့ပြီး ထိုအိုင်ထဲမှမီးတောက်များမှာအလွန်အကျိုးရှိကြောင်း အံ့ဩစရာကောင်းစွာ တွေ့ရှိလိုက်ရသည်။ သွေးအနှစ်သာရထဲရှိ အညစ်အကြေးများ လျော့နည်းလာနေလေသည်။
“တကယ်အကျိုးရှိတာပဲ"
ကျိုးဟောင်က ပြုံးလိုက်လေသည်။ အကျိုးရှိနေသရွေ့ သူ့အတွက် အခွင့်အရေး ရှိနေဆဲပင် ဖြစ်သည်။
“ဒီအဆင့်မီးတောက်တွေက ငါ့အတွက်တော့ မလုံလောက်သေးဘူးထင်တယ်"
ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည် ဒုတိယအဆင့်သို့ တက်သွားလိုက်လေသည်။ လေ့ကျင့်ရန်အခန်းတစ်ခန်းရွေးကာ ဝင်သွားပြီး လေ့ကျင့်မှုကို ပြန်စတင်လိုက်သည်။
ဒုတိယအဆင့်မီးတောက်များသည် ပထမအဆင့်ထက် နှစ်ဆပိုပြင်းထန်နေလေသည်။ ထိရောက်မှုလည်း သိသာစွာ တိုးတက်လာခဲ့သောကြောင့် ကျိုးဟောင်တစ်ယောက် စိတ်လှုပ်ရှားလာခဲ့လေသည်။
သို့သော် မီးတောက်အတွင်းတွင် လျှို့ဝှက်စွာ ပုန်းကွယ်နေသော မီးအဆိပ်တစ်မျိုးကို သူ ခံစားမိလိုက်သည်။ ထိုအဆိပ် ပေါ်ပေါက်လာသည်ကို ခံစားမိလိုက်သည်နှင့်တပြိုင်နက် ယွမ်ချီစွမ်းအားဖြင့် ချက်ချင်း တားဆီးလိုက်လေသည်။
“ဒါက မီးအဆိပ်လား…”
ကျိုးဟောင်သည် အနက်ရောင် စေးကပ်ကပ် အရာလေးတစ်ခုကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်လေသည်။ ကျိယောင်ယွဲ့က ထိုအရာကို သတိထားရခြင်းမှာ အကြောင်းရှိကြောင်း သူ နားလည်သွားခဲ့လေသည်။
ထိုအရာသည် အလွန်အမင်း အဆိပ်ပြင်းလှပေသည်။ ကိုယ်ခန္ဓာတွင် ကပ်ငြိသွားခဲ့ပါက အချိန်ကြာလာသည်နှင့်အမျှ မီးအဆိပ်က လောင်ကျွမ်းစားသောက်သွားပြီး သေဆုံးနိုင်လေသည်။
“ဒီလိုဆိုရင်တော့ တတိယအဆင့်ကို တက်ဖို့ မဖြစ်နိုင်သေးဘူး"
ဒုတိယအဆင့်တွင်ပင် မီးအဆိပ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး တတိယအဆင့်တွင်တော့ ပိုမိုခက်ခဲမည်ကို သူ သိနေခဲ့သည်။
တစ်နေ့လုံး လေ့ကျင့်ပြီးနောက် သူသည် အမှတ်ပေါင်း နှစ်ထောင်နီးပါး အသုံးပြုခဲ့သော်လည်း သွေးအနှစ်သာရ အနည်းငယ်သာ သန့်စင်နိုင်ခဲ့လေသည်။ သို့သော် သန့်စင်ပြီးသော သွေးအနှစ်သာရ၏ တည်ငြိမ်သိပ်သည်းမှုကို ကြည့်ရင်း သူ စိတ်လှုပ်ရှား နေမိလေသည်။
“ဒီလိုသာသန့်စင်နိုင်ရင် ငါ့ရှေးဟောင်းခန္ဓာက အရည်အသွေးတိုးတက်မှု အများအပြားဖြစ်လာနိုင်တယ်"
သို့သော် လက်ရှိ သွေးအနှစ်သာရသန့်စင်မှုအမြန်နှုန်းဖြင့်ဆိုလျှင် ခန္ဓာကိုယ်ထဲရှိ သွေးအနှစ်သာရအားလုံးကို သန့်စင်ဖို့ အချိနိဆယ်နှစ်ခန့် လိုအပ်မည်ဖြစ်သည်။
မီးမျှော်စင်မှ ထွက်လာသောအခါ ကျိယောင်ယွဲ့သည် အပြင်တွင် စောင့်နေပြီး မျက်နှာအမူအရာ သိပ်မကောင်းပေ။
“ကျိုးဟောင်… ဘဲလ်ရေးနိုးလ်စ် ရောက်လာပြီ"
ထိုစကားကိုကြားလိုက်သည်နှင့်တပြိုင်နက်ကျိုးဟောင်မှာ မှင်တက်သွားခဲ့လေသည်။
“တကယ်ရောက်လာတာလား"
သူသည် ကျိယောင်ယွဲ့နှင့်အတူ အပြင်သို့ ထွက်သွားလိုက်သည်။ အပြင်တွင် လူဆယ်ယောက်ကျော် ရပ်နေပြီးထိုလူများအား ဦးဆောင်လာသူမှာ ကိုယ်ခန္ဓာပိန်ပိန်ပါးပါးရှိပြီး ကြေးရောင်အသားအရေ ၊ အနီရောင်ဆံပင်နှင့် အနီရောင်အမြီးရှည်ရှိသူ ဖြစ်သည်။ ထိုသူသည် ဒေါသထွက်နေသည့်အမူအရာမျိုးမရှိသော်လည်း အလွန်ပြင်းထန်သောအရှိန်အဝါအငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။
လီလီယာလည်း ဘေးတွင် ရပ်နေပြီး မာနတံခွန်ထောင်လွှားရင်း ခေါင်းကိုမော်ထားလေသည်။ပတ်ဝန်းကျင်တွင်လည်း လူအများ စုရုံးကြည့်ရူနေကြသည်။
“ဘဲလ်ရေးနိုးလ်စ်က အဆင့် (၅၁)မှာ ရှိတယ်။ သူ့ကို မလေးမစားလုပ်ရဲတဲ့သူ များများစားစားမရှိဘူး"
ထိုလူများက တီးတိုးပြောနေကြလေသည်။
ဘဲလ်ရေးနိုးလ်စ်၏ မျက်လုံးများသည် ကျိုးဟောင်ကို တစ်ချက်စိုက်ကြည့်လိုက်ပြ မမြင်သာသော်လည်း ပြင်းထန်သောဖိအားတစ်ခု လှုပ်ရှားလာခဲ့လေသည်။
“မင်းက ကျိုးဟောင်လား။ အတော်သတ္တိရှိတာပဲ ငါ့ကိုတွေ့တာတောင် မထိတ်လန့်ဘူးပဲ"
"အနည်းငယ်တော့ လန့်သွားပေမဲ့ ထုတ်မပြခဲ့တာပါ"
ကျိုးဟောင်က ပြန်လည်ပြောလိုက်လေသည်။
“ငါ့ညီမကို အနိုင်ကျင့်တုန်းကရော အဲ့လို မခံစားခဲ့ရဘူးလား"
ဘဲလ်ရေးနိုးလ်စ်က အေးစက်စွာ ပြောလိုက်သည်။
“မင်းဘာလိုချင်လဲ ပြောပါ"
ကျိုးဟောင်ကလည်းတဲ့တိုးမေးလိုက်လေသည်။
“လက်နှစ်ဖက်ကို ကိုယ်တိုင် ဖြတ်ပြီး ငါ့ညီမကို တောင်းပန်ရမယ်။ ဒါဆိုရင် မင်းကိုငါ ခွင့်လွှတ်ပေးမယ်"
ထိုစကားကြားသည်နှင့် လူအများမှာ အံ့ဩသွားခဲ့ကြသည်။
ကျိုးဟောင်သည် မျက်လုံးများကိုမှေးကာ တချက်ကြည့်လိုက်ပြီးဂရုမစိုက်သောလေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ငါ မလုပ်ဘူးဆိုရင်ကော..."
....................................................................................
အခန်း (၈၆၇) ပြီးပါပြီ။
--