← Chapters

အခန်း ၈၆၈

Vol. 58 Ch. 868

အခန်း ၈၆၈

Vol. 58 Ch. 868

အခန်း (၈၆၈) : အာကာသသားရဲ ပေါ်ထွက်လာခြင်း

ကျိုးဟောင်၏ စကားအဆုံးတွင် လူတိုင်းမှာ အံ့ဩသွားကြလေသည်။ သူက ဘဲလ်ရေးနိုးလ်စ်ကို ထိုသို့ ပြောရဲမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ ထိုအပြုအမူသည် သေမင်းကို စိန်ခေါ်လိုက်ခြင်းနှင့် မကွာသကဲ့သို့ပင် ဖြစ်သည်။

မျှော်လင့်ထားသကဲ့သို့ပင် ဘဲလ်ရေးနိုးလ်စ်၏ မျက်နှာသည် ချက်ချင်း မဲမှောင်သွားခဲ့လေသည်။ ကျိုးဟောင်က သူ့အား ထိုသို့ မလေးမစား ပြောရဲလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့ပေ။ ကြေးစားတပ်သား လေ့ကျင့်ရေးစခန်းတွင် သူ့အား ထိုသို့ ပြောရဲသူကို ယခုအချိန်ထိတစ်ယောက်မှ မတွေ့ဖူးခဲ့ပေ။

“မင်းက တကယ့်ကို ပြဿနာရှာတတ်တဲ့ကောင်ပဲ။ ကျိုးဟောင်… ငါ့ကို ဆန့်ကျင်မိရင် ဘာဖြစ်မလဲ ဆိုတာ သိထားသင့်တယ်"

ဘဲလ်ရေးနိုးလ်စ်၏ အသံမှာ အလွန်အေးစက်လှသည်။ ယခုအချိန်တွင် သူသည် ကျိုး‌ ဟောင်အားတကယ်တိုက်ခိုက်ချင်နေလေသည်။ သို့သော် သူ့ကိုယ်သူ ထိန်းချုပ်နေဆဲဖြစ်သည်။ ထိုသို့ထိန်းချုပ်နေရခြင်းမှာ သူ့ဂုဏ်သိက္ခာအတွက် ငဲ့ညှာနေရခြင်းသာ ဖြစ်လေသည်။

သူသည် အဆင့်ဇယားတွင် အဆင့် (၅၁)၌ ရှိသူဖြစ်ပြီး ဇယားထဲတောင် မဝင်သေးသော လူတစ်ယောက်ကို တိုက်ခိုက်မည်ဆိုလျှင် မိုက်မဲလွန်းရာကျပေသည်။ ထိုသတင်း ပြန့်ပွားသွားပါက အပြောအဆိုခံရမည်ကို သူ မလိုလားခဲ့ပေ။

ထို့ကြောင့် ကျိုးဟောင်အား ကိုယ်တိုင် လက်နှစ်ဖက် ဖြတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကျိုးဟောင်က ကျောက်ခဲတစ်လုံးကဲ့သို့ ခေါင်းမာလွန်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ငါ သိပါတယ် ဒါပေမဲ့ ငါ မကြောက်ဘူး။ မင်းက စွမ်းအားကြီးတယ်။ အခုလက်ရှိအဆင့်နဲ့တော့ ငါ မင်းကိုမနိုင်နိုင်ဘူး။ ဒါပေမဲ့ မင်းသာငါနဲ့ကျင့်ကြံဆင့်ခြင်းတူသွားရင်တော့ မင်းငါ့ကိုအနိုင်တိုက်နိုင်မှာမဟုတ်ဘူး"

ကျိုးဟောင်၏ အသံမှာ ဂုဏ်သိက္ခာနှင့် ယုံကြည်မှု တို့ပြည့်နှက်နေလေသည်။

“မင်း ဘာပြောလိုက်တာလဲ"

ဘဲလ်ရေးနိုးလ်စ်သည် ချက်ချင်း ဒေါသပေါက်ကွဲသွားခဲ့လေသည်။

“ ကျင့်ကြံဆင့်ချင်းအတူတူဆို ငါကမင်းကိုမနိုင်ဘူးဟုတ်လား။ ကျိုးဟောင် မင်းကဘယ်လိုအစွမ်းအစရှိလို့ ဒီလိုစကားမျိုးပြောရဲတာလဲ"

ဘဲလ်ရေးနိုးလ်စ်သည်ဒေါသတကြီးပြောလာလေသည်။

“စမ်းကြည့်လိုက်ပါလေ။ ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲမှာ ငါနဲ့ယှဉ်တိုက်ပြီး လောင်းကြေးထပ်ရဲလား"

ကျိုးဟောင်က ပြောနေသော်လည်း စိတ်အတွင်း၌တော့ ဝမ်းသာနေလေသည်။ ဘဲလ်ရေးနိုးလ်စ်က မာနကြီးသူဖြစ်သဖြင့် သူ၏ မာနကို ထိခိုက်စေခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။

“အစ်ကိုကြီး… ဘာကြောင့် ဒီလိုလူနဲ့ စကားတွေအရှည်ကြီး ပြောနေတာလဲ။ ချက်ချင်းသာတိုက်လိုက်စမ်းပါ"

လီလီယာက မနေနိုင်ဘဲ ပြောလိုက်လေသည်။

“အဆင့်ဇယားထဲတောင် မဝင်သေးတဲ့ လူတစ်ယောက်ကို ငါက စတိုက်ရမှာလား။ ဒီသတင်းသာပြန့်သွားရင် ငါ့မျက်နှာ ဘယ်မှာထားမလဲ။ မိုရိုအိုလီတောင်မှ သူ့ဂုဏ်သိက္ခာကို စောင့်ထိန်းပြီး ၃လပြည့်တဲ့အထိစောင့်နေသေးတာပဲ။ ငါကရော မစောင့်ထိန်းရဘူးလား"

ဘဲလ်ရေးနိုးလ်စ်၏စကားကိုကြားသောအခါ ပတ်၀န်းကျင်ရှိလူတိုင်းမှာ ခေါင်းညိတ်ထောက်ခံကြလေသည်။

“ကျိုးဟောင်… ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းထဲမှာတော့ မင်းနဲ့ကစားဖို့အချိန်မရှိဘူး။ ဒါပေမဲ့ ဒီကိစ္စကိုတော့လွယ်လွယ်နဲ့ခွင့်မလွှတ်ပေးနိုင်ဘူး။ မင်းငါ့ရဲ့တိုက်ခိုက်မှုတစ်ချက်ကိုတော့ လက်ခံရမယ်။ ကာကွယ်နိုင်မလား သေမလားဆိုတာကတော့ မင်းကံတရားပဲ"

စကားဆုံးသည်နှင့် ဘဲလ်ရေးနိုးလ်စ်သည် သူ၏အဆုံးမဲ့သောစွမ်းအားများကိုထုတ်လွှတ်ကာ ကျိုးဟောင်ပေါ်သို့ ဖိချလိုက်လေသည်။ ထိုစွမ်းအင်လှိုင်းများမှာ တောင်တစ်လုံးသကဲ့သို့လေးလံလှပေသည်။ ထို့အပြင် တာအိုဘုံအဆင့်စွမ်းအင်လှိုင်းများလည်းဖြာထွက်လာခဲ့လေသည်။

ထိုဖိအားဒဏ်ကြောင့်ကျိုးဟောင်တစ်ယောက် ခေါင်းကြိမ်းသွားခဲ့‌ရလေသည်။

“အရမ်းစွမ်းအားကြီးတာပဲ။ တာအိုဘုံအဆင့်တ၀က်စွမ်းအားဆိုတာဒါမျိုးလား"

ကျိုးဟောင်မှာရေရွတ်မိလိုက်လေသည်။

ဘဲလ်ရေးနိုးလ်စ်၏ လက်ဖဝါးတစ်ချက်သည် ကောင်းကင်ကို ဖုံးလွှမ်းသွားသကဲ့သို့ ထင်ရပေသည်။ ကျိုးဟောင်မှာ လှုပ်ရှားမရ၊ရှောင်တိမ်းမရ ဖြစ်နေလေသည်။

“ငါ့ရဲ့ ကျင့်ကြံရေးစွမ်းအားအောက်မှာ မင်း လွယ်လွယ်လှုပ်ရှားလို့ မရဘူး။ ဒါက မင်းနဲ့ငါ့ကြားကကွာခြားချက်ပဲ"

“ငါက တာအိုဘုံအဆင့်ကို မရောက်သေးပေမဲ့ တာအိုဘုံအဆင့်ကနိယာမတစ်ချို့ကို နားလည်ထားပြီးသား။ အဲ့ဒီစွမ်းအားနိယာမရှေ့မှာ မင်း ဘယ်လောက်ပဲ စကားပြောကောင်းပါစေ၊ အင်အားဘယ်လောက်ပဲကြီးပါစေ အလကားပဲ။ မင်းအတွက်သေခြင်းတရားပဲရှိတယ်"

ထိုစကားနှင့်အတူ လက်ဖဝါးသည် ကျိုးဟောင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ကျိုးဟောင်သည် ဟစ်အော်လိုက်ပြီး ရှေးဟောင်းခန္ဓာသိုင်း၊ ပြောင်းလဲခြင်းကိုးသွယ်သိုင်းနှင့် နတ်ဘုရားသတ်သိုင်းတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်လေသည်။ သူ၏ ကျင့်ကြံအဆင့်သည် ချက်ချင်း ၆ဆင့်မြောက် သူတော်ဘုံအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

သို့သော် မလုံလောက်သေး‌ပေ။ သူသည် ငှက်မွှေးတစ်ထောင်ချပ်၀တ်ကို၀တ်ဆင်ကာ အတောင်ပံများဖြင့် အကာအကွယ်တံတိုင်းတစ်ခုလည်းဖန်တီးလိုက်လေသည်။ ထို့နောက် အရိပ်ဓား၇ချောင်းသိုင်းကိုသုံးကာ ကောင်းကင်ယံတွင် ဓားရောင်ခြည်အများအပြားဖြန့်ကျက်လိုက်လေသည်။

သို့သော်မလုံလောက်ခဲ့ပေ။ ပြင်းထန်လွန်း‌သော ဖိအားကြောင့် သူ၏ အကာအကွယ်များ ချက်ချင်း ဖျက်ဆီးခံလိုက်ရလေသည်။ ငှက်မွှေးအကာအရံများပြိုကွဲသွားပြီး ဓားရောင်ခြည်များမှာလည်းဖျက်ဆီးခံလိုက်ရလေသည်။

“ဒီလိုဆိုရင်တော့… အာကာသသားရဲကို အသုံးပြုမှရတော့မယ်"

ထိုသို့တွေးပြီးနောက် ကျိုးဟောင်၏ စိတ်အာရုံသည် နတ်သစ်သီးအပင်ဘေးရှိ အာကာသသားရဲထံသို့ ရောက်ရှိသွားခဲ့လေသည်။ ထိုသားရဲသည် မျက်လုံးများကိုဖွင့်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်မှ ရှေးဟောင်းစွမ်းအင်အနှစ်သာရများပေါက်ကွဲထွက်လာခဲ့လေသည်။

၎င်းသည် လက်သည်းကြီးတစ်ဖက်ဖြင့် လေဟာနယ်ကို ခုတ်ဖြဲလိုက်ပြီး အာကာသအက်ကွဲကြောင်းကြီးတစ်ခုဖန်တီးလိုက်လေသည်။ ထို့နောက် ထိုလက်သဲကြီးမှာ ကျိုးဟောင်၏ရှေ့တွင် ချက်ချင်းပေါ်လာခဲ့လေသည်။

အာကာသသားရဲ၏ လက်သည်းကြီးတဖက်မှာ အာကာသအက်ကွဲကြောင်းမှတဆင့်ပေါ်ထွက်လာခဲ့ပြီး ထိုလက်သည်းကြီးတွင် အလွန်စွမ်းအားကြီးသော စကြ၀ဠာစွမ်းအာများပါ၀င်နေခဲ့လေသည်။

ဘုံး....

ကြီးမားသောလက်ဖဝါးကြီးနှင့် အာကာသသားရဲ၏ လက်တစ်ဖက်တို့ ရင်ဆိုင်တွေ့သွားချိန်တွင် ကြီးမား‌ပြင်းထန်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့လေသည်။

ဘဲလ်ရေးနိုးလ်စ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။ သူ၏ လက်ဖဝါးကြီးနှင့် သားရဲကြီး၏လက်သည်းကြားတွင် ထောင်ပေါင်းများစွာသော အာကာသနယ်မြေများ ခြားနားနေသကဲ့သို့ ခံစားမိလိုက်လေသည်။ ဒါသည် အာကာသသားရဲ၏ မွေးရာပါ အရည်အချင်းတစ်ခု ဖြစ်သည့် အာကာသနယ်နမိတ်စွမ်းအား ဖြစ်လေသည်။

အာကာသသားရဲကြီးမှာ အာကာသနယ်မြေ ရာပေါင်းများစွာကို ချက်ချင်း ဖန်တီးလိုက်ခြင်းကြောင့်ဘဲလ်ရေးနိုးလ်စ်၏ စွမ်းအား ၇၀–၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့လေသည်။

နောက်ဆုံး ကျိုးဟောင်ထံ သက်ရောက်လာသည့် စွမ်းအားမှာ သုံးပုံတစ်ပုံလောက်သာ ကျန်ခဲ့လေသည်။

ထိုပေါက်ကွဲသံကြီးပြီးနောက် သားရဲကြီး၏ လက်သည်းမှာ ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။ အာကာသသားရဲကြီးမှာ စွမ်းအားကြီးမားသော်လည်း ဒီတိုက်ပွဲကြောင့် ဒဏ်ရာ ရရှိသွားခဲ့လေသည်။ ကျိုးဟောင်သည်လည်း သွေးအန်မိတော့မည်အ‌ခြေအနေကို အတင်း ထိန်းထားရလေသည်။ ထိုမြင်ကွင်းကို မြင်ကြသော လူအပေါင်းတို့မှာ မှင်တက်သွားခဲ့ကြလေသည်။

....................................................................................

အခန်း (၈၆၈) ပြီးပါပြီ။

--

All Chapters