အခန်း ၈၇၀
Vol. 58 Ch. 870
အခန်း (၈၇၀) : မြင့်မြတ်သောမီးပုလဲ
ကျိုးဟောင်သည် ဈေးတန်းသို့ သွားကာ မီးအဆိပ်အားဖယ်ရှားနိုင်မည့် ရတနာပစ္စည်းတစ်ခုခုကို စတင်ရှာဖွေလေသည်။ သူသည် ဈေးတန်း၏ ကုန်တိုက်တစ်ခုထဲသို့၀င်ကာ ပထမထပ်ရှိ အလိုအလျောက် ရောင်းချသည့်စက်တစ်ခုထံ ဦးတည်သွားခဲ့လေသည်။
ထို့နောက် ဝယ်ယူရန် ရွေးချယ်စရာပစ္စည်းကဏ္ဍကို နှိပ်ကာ စစ်ဆေးကြည့်သော်လည်း သင့်တော်သည့်အရာတစ်ခုမှ မတွေ့ခဲ့ပေ။
စက်ပေါ်ရှိ မျက်နှာပြင်ကို တစ်ချက်ကြည့်ပြီးနောက် လူကိုယ်တိုင်ဝန်ဆောင်မှုဆိုသည့်နေရာကို နှိပ်လိုက် လေသည်။
ချက်ချင်းပင် စက်ပေါ်တွင် စက်ရုပ်မျက်နှာတစ်ခု ပေါ်လာခဲ့လေသည်။ ထိုစက်ရုပ်က ကျိုးဟောင်အား သာယာသောအသံဖြင့် မေးလိုက်လေသည်။
“မင်္ဂလာပါ ခင်ဗျာ။ ဘာများကူညီပေးရမလဲ”
“အဆိပ်တွေကိုဖယ်ရှားနိုင်တဲ့ ဆေးရည်တစ်မျိုး ဝယ်ချင်လို့ပါ။ ဒီမှာ အဲ့လိုအရာမျိုးရှိလား"
“ခဏစောင့်ပါ။ ချက်ချင်း စစ်ဆေးပေးပါမယ်။ ရှာဖွေနေပါသည်…”
.......
“အဆိပ်ကိုဖယ်ရှားနိုင်တဲ့ ရွေးချယ်စရာ ပစ္စည်းခြောက်မျိုး တွေ့ရှိထားပါတယ်။ အသင့်တော်ဆုံးကို ရွေးချယ်ပါ”
ဝန်ဆောင်မှုစက်ရုပ်က ပြောပြီးနောက် ရွေးချယ်စရာ ပစ္စည်းခြောက်မျိုး ပေါ်လာခဲ့လေသည်။
ကျိုးဟောင်က တစ်ခုချင်း ဖွင့်ကြည့်ကာ စစ်ဆေးကြည့်လေသည်။ ထို့နောက်မီးအဆိပ် ဖယ်ရှားနိုင်သည့် ဆေးရည်တစ်မျိုးကို တွေ့ခဲ့လေသည်။
သို့သော် အသေးစိတ် ဖော်ပြချက်ကို ဖတ်ကြည့်သောအခါ အဆိပ်ဖယ်ရှားသည့် အကျိုးသက်ရောက်မှုမှာ နှေးကွေးလွန်းပြီး အချိန်ကြာမြင့်လှသဖြင့် ကျိုးဟောင်သဘောမကျခဲ့ပေ။
ထို့ကြောင့် ပင်မစာမျက်နှာသို့ ပြန်ထွက်ကာ ထပ်မံမေးလိုက်သည်။
“မီးအဆိပ်ကို ဖယ်ရှားနိုင်တဲ့ အခြားဆေးရည်ရော မရှိဘူးလား”
စက်ရုပ်မျက်နှာ ပြန်ပေါ်လာပြီး အံ့ဩသည့်အမူအရာဖြင့်မေးလာသည်။
“ဖောက်သည်ခင်ဗျာ... သင်သည် မီးဓာတ်ကို မကျင့်ကြံသူမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိပါသည်။ မီးအဆိပ်ဖယ်ရှားသည့်ဆေးကို ဘာကြောင့် ဝယ်လိုပါသနည်း”
“သင့်ကျင့်ကြံမှုနှင့် ကိုက်ညီသည့် ပစ္စည်းများစွာ ရှိပါတယ်။ အခြားရွေးချယ်စရာများကို ကြည့်ရှုနိုင်ပါတယ်"
ထိုစကားကြောင့် ကျိုးဟောင်မှာ စကားမပြောနိုင် အောင်ဖြစ်သွားခဲ့လေသည်။
ဒီစက်ရုပ်ဝန်ဆောင်မှုက စကားလုံးလှလှသုံးပြီး သူ့အားလိမ်လည်နေသလို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ထပ်မမေးတော့ဘဲ လှည့်ထွက်လာခဲ့သည်။
ထို့နောက် တပတ်ရစ်စျေးကွက်သို့ သွားကာ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တပတ်ရစ်စျေးကွက်မှာ ယနေ့တွင် အလွန်စည်ကားနေသည်ကို တွေ့ရလိုက်သည်။
ဆိုင်တစ်ဆိုင်၏ အဝင်ပေါက်တွင် လူအုပ်ကြီးမှာ ကြိတ်ကြိတ်တိုးနေပြီး ဖြတ်သန်းသွားလာဖို့တောင်မလွယ်သည့် အနေအထားဖြစ်နေလေသည်။
“မတိုးပါနဲ့၊ မတိုးကြပါနဲ့၊ လူတိုင်းအတွက်ပစ္စည်းလုံလုံလောက်လောက်ရှိပါတယ်"
ဆိုင်ရှင်၏ အော်ဟစ်နေသံကိုလည်း ကြားနေရလေသည်။
အနည်းငယ် ရှေ့ဆက်သွားသောအခါ ဆိုင်တစ်ဆိုင်၌ အလွန်အဆင့်မြင့်သည့် လက်နက်တစ်မျိုးကို စျေးကြီးကြီးဖြင့် ရောင်းချနေလေသည်။ ထိုလက်နက်မှာ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့်ဓားပျံ ဖြစ်လေသည်။
ထိုဓားပျံ၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန်မြင့်မားသလို မူရင်းစျေးနှုန်းသည်လည်း အလွန် ဈေးကြီးမည်ဖြစ်ပေသည်။ သို့သော်လည်း တပတ်ရစ် ဈေးတွင် ရောင်းချနေသောကြောင့် ပုံမှန်ထက်တော့ ဈေးသက်သာပေသည်။ ထို့ကြောင့် လူအများသည် ထိုဓားပျံအား စိတ်ဝင်စား နေကြလေသည်။
ထိုဆိုင်ရှေ့တွင် လူအများအပြား တန်းစီကာ ကြည့်ရှုနေကြလေသည်။ အနီးကပ်ကြည့်လိုကြသဖြင့် တစ်ဦးနှင့်တစ်ဦးတိုးဝှေ့နေကြလေသည်။ ကျိုးဟောင်ကတော့ ပစ္စည်းကောင်းလို့ ထင်သော်လည်း စိတ်မဝင်စားသဖြင့် ဆက်လျှောက်သွားခဲ့လေသည်။
အချို့ဆိုင်များတွင် ကာကွယ်မှုအားကောင်းသော အဆင့်မြင့်ချပ်၀တ်များ ရောင်းချနေကြသည်။ အချို့ကတော့အားပြန်ဖြည့်ပေးသည့် ဆေးလုံးများနှင့် ဆေးရည်များ ရောင်းချနေကြလေသည်။ ဒီတပတ်ရစ်ဈေးတွင် ပစ္စည်းအမျိုးအစားစုံလင်စွာ ရှိပေသည်။
ကျိုးဟောင်ကတော့ သက်ပြင်းသာချ နေမိသည်။ ပစ္စည်းကောင်းများ များစွာရှိသော်လည်း သူလိုချင်သည့်အရာကိုတော့ မတွေ့ရသေးပေ။ မီးခိုးဝံပုလွေအဖွဲ့၏ တပတ်ရစ်စျေးကွက်တွင် ထိပ်တန်းအဆင့်ပစ္စည်းများအမျိုးအစားစုံလင်လှပေသည်။
ကျိုးဟောင်၏ဆိုင်သည်လည်း ဒီနေရာတွင် ရှိသော်လည်း အရင်က အထူးတလည် လှည့်ပတ်မကြည့်ရှုဖူးခဲ့ပေ။ ယနေ့ သေချာကြည့်ကြည့်လိုက်သောအခါ အရည်အသွေးကောင်းသည့်ပစ္စည်းများရှိကြောင်း သိလိုက်ရသည်။
ထိုအချိန်တွင် အသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကျိုးဟောင်..."
ကျိုးဟောင် လှည့်ကြည့်လိုက်သောအခါ မန်လီယာ ဖြစ်နေခဲ့သည်။
“သက်သာသွားပြီလား"
သူမက အံ့ဩသလို ကြည့်ကာ မေးလာခဲ့သည်။
"သတင်းလာမေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်သက်သာသွားပါပြီ"
ကျိုးဟောင်ကလည်းပြုံးပြီးပြန်ဖြေလိုက်လေသည်။
ထိုစကားကိုကြားတော့မှ မန်လီယာလည်းသက်ပြင်းချကာ ဆက်ပြောလာလေသည်။
“ရှင်တော်တော် သတ္တိရှိတာပဲ။ ဘဲလ်ရေးနိုးလ်စ်ကိုတောင် စိန်ခေါ်ရဲတယ်။ ငါ့ရဲ့ဒုတိယအစ်မတောင်မှ သူ့ကိုမနိုင်ဘူး။ ငါ့အစ်မကြီးတစ်ယောက်တည်းပဲ သူ့ကိုအနိုင်တိုက်နိုင်တာ”
“မင်းရဲ့အစ်မကြီးက တော်တော် အစွမ်းထက်မယ်ထင်တယ်”
ကျိုးဟောင်ကပြုံးကာပြောလိုက်လေသည်။
“အမှန်ပဲ။ ငါ့အစ်မကြီးကအဆင့်ဇယားမှာ တတိယနေရာမှာရှိတယ်။ နှစ်တစ်ရာမှတစ်ခါတွေ့ရတဲ့ စိတ်စွမ်းအားပါရမီရှင်တစ်ယောက်ပဲ"
ထိုစကားကြောင့်ကျိုးဟောင်မှာ အံ့ဩသွားခဲ့လေသည်။ အဆင့်ဇယား၌အဆင့်သုံး နေရာတွင်ရှိသူဆိုလျှင် အလွန့်ကိုအင်အားကြီးသူ ဖြစ်မှရပေမည်။ သူမသည်ကျိန်းသေပေါက် တာအိုဘုံအဆင့်ပညာရှင်ဖြစ်ပေမည်။
“ဒါနဲ့ ရှင်ဘာ၀ယ်ဖို့လာတာလဲ"
မန်လီယာကမေးလာခဲ့လေသည်။
“မီးအဆိပ် ဖယ်ရှားနိုင်မယ့် ပစ္စည်းကိုရှာနေတာပါ"
“ဘာလဲအဲဒီ မိန်းမလှလေးအတွက်လား။ ရှင်က နွေးထွေးတတ်တဲ့လူမှန်းမသိခဲ့ဘူး"
မန်လီယာက ရယ်မောကာ ပြန်ပြောလာခဲ့သည်။
ကျိုးဟောင် ရှင်းပြလိုသော်လည်း ဘာမှထပ်မပြောနိုင်ခဲ့ပေ။
"ဒါဆိုလည်း ကျွန်မတို့အတူဈေး၀ယ်ထွက်ကြတာပေါ့"
မန်လီယာကပြုံးပြီး ကျိုးဟောင်အားသူမနှင့်အတူလိုက်ရန်ဖိတ်ခေါ်လိုက်လေသည်။ ကျိုးဟောင်လည်းပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့နှစ်ယောက် အတူ တပတ်ရစ်ဈေး၌လှည့်ပတ်ကြည့်ရှုကြ လေသည်။ မန်လီယာ ဝယ်လိုသည့် ပစ္စည်းများမှာ စိတ်စွမ်းအားနှင့် ပတ်သက်သည့်အရာများဖြစ်လေသည်။
သို့သော် ထိုပစ္စည်းများမှာ အလွန်ရှားပါးလှပေသည်။ အဘယ့်ကြောင့်ဆိုသော် စိတ်စွမ်းအင်ထိန်းချုပ်စေခိုင်းနိုင်သူများမှာ ထူးခြားရှားပါးသည့်လူနည်းစုဖြစ်ပြီး သူတို့အသုံးပြုသည့်ပစ္စည်းများမှာ တခြားသူများအတွက် အသုံးချ၍မရပေ။
မန်လီယာက စိတ်စွမ်းအင်ဖြင့်စေခိုင်းနိုင်သည့်ဓားပျံကိုမျက်စိကျနေလေသည်။ထိုဓားပျံမှာ အနည်းငယ်ထိခိုက်ထားသော်လည်း ပစ္စည်းကောင်းတစ်ခုဖြစ်နေဆဲဖြစ်ပေသည်။
"ဒီဓားပျံကမဆိုးဘူး။ အနည်းငယ်ပျက်စီးနေပေမဲ့ လက်နက်ထုတ်လုပ်ပြုပြင်သူတွေဆီမှာတော့ ပြင်လို့ရမယ်ထင်တယ်"
ကျိုးဟောင်ကသူ့ထင်မြင်ချက်ကိုပြောလိုက်လေသည်။ စကြ၀ဠာထဲတွင် လက်နက်များကို ဖန်တီးထုတ်လုပ်နိုင်သည့် လက်နက်ဝိဇ္ဇာများရှိကြလေသည်။ ထိုသူများမှာ အလွန်ရှားပါးပြီး သူတို့ဖန်တီးလိုက်သောလက်နက်များမှာလည်း ထူးခြားအံဖွယ်ဖြစ်ပေသည်။
“အဲ့လက်နက်၀ိဇ္ဇာတွေကိုရှာတွေ့ရင်တောင် ပြုပြင်စရိတ်ကိုမတတ်နိုင် လောက်ဘူး”
မန်လီယာ ပြန်ပြောလာခဲ့သည်။
ထို့နောက်သူတို့ နှစ်ယောက်ထွက်သွားဖို့လုပ်နေချိန်တွင် ကျိုးဟောင်၏ မျက်လုံးများ ၀င်းလက်သွားခဲ့လေသည်။
ထောင့်တစ်နေရာတွင် အနီရောင် ပုလဲတစ်လုံး တင်ထားသည်ကို သူတွေ့လိုက်လေသည်။ ၎င်းဆီမှ သန့်ရှင်းစင်ကြယ်သော မြင့်မြတ်သည့်မီးဓာတ်စွမ်းအင်တစ်မျိုးကို ကျိုးဟောင်ခံစားမိလိုက်သည်။
ကျိုးဟောင် အံ့ဩသွားကာ အမြန် ယူကြည့်လိုက်လေသည်။
“ဒါ....ဒါက"
ကျိုးဟောင်မှာ အလွန်စိတ်လှုပ်ရှားသွားခဲ့လေသည်။
၎င်းပုလဲသည် မီးအဆိပ်ကို တားဆီးနိုင်သည့် စွမ်းအား ရှိနေသည်ကို ခံစားမိလေသည်။ ၎င်း၏ နာမည်မှာ မြင့်မြတ်သောမီးပုလဲ ဖြစ်လေသည်။
....................................................................................
အခန်း (၈၇၀) ပြီးပါပြီ။