အခန်း ၅၇၁
Vol. 58 Ch. 571
အခန်း (၅၇၁)
“တင်း”
“လက်ခံသူတပည့် ရှီးရွှမ် တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်သွားပါပြီ။ ကံကြမ္မာစစ်မှန်ဆန္ဒကို အလုံးစုံပြီးပြည့်စုံခြင်းအဆင့်အထိ နားလည်သွားပါပြီ။ လက်ခံသူကို နှစ်(၈၀)ကျင့်ကြံမှုနှင့် တာအိုအနှစ်သာရရှစ်ခု ဆုချီးမြှင့်ပါတယ်”
ဝမ်တောက်ကျောင်းတော်တွင်၊
ချူဖုန်း စနစ်၏ အသိပေးချက်ကို ကြားပြီး သူ့နှုတ်ခမ်းပေါ်တွင် သေးငယ်သောအပြုံးတစ်ခု ပေါ်လာ၏။
ရှီးရွှမ် နောက်ထပ်တစ်ကြိမ် အဆင့်တက်သွားပြန်ပြီ ဖြစ်သည်။ ယခု သူ့တပည့်များထဲတွင် ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့မှလွဲ၍ အခြားတပည့်များ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်နေပြီဖြစ်၏။
ချင်းချင်းသည် တာအိုပေါင်းစည်းခြင်းအဋ္ဌမအဆင့်၊ ဝမ်ပေါင်လဲ့သည် ပဉ္စမအဆင့်၊ ယဲ့ပေရွှမ်သည် ပဉ္စမအဆင့်၊ ရွှီချိုက်ချန် စတုတ္ထအဆင့်၊ ဟန်ပင်း ဒုတိယအဆင့်နှင့် ချူချိုက်ယီ တာအိုပေါင်းစည်းခြင်းပထမအဆင့်၌ပင်။
ဆယ်နှစ်တာအတွင်း မြောင်တောင်မှ သတင်းကောင်းများ ဆက်တိုက် ထွက်ပေါ်လာ၏။ ရှောင်ချန်း၊ ချောင်ရို့ချန်၊ နျဲ့ရှို့ယွမ်၊ ချင်းချင်း၊ ဝမ်ပေါင်လဲ့နှင့် ယဲ့ပေရွှမ်တို့ တာအိုအနှစ်သာရတစ်ခုစီ နားလည်သဘောပေါက်ခဲ့ကြသည်။
မဟာပဏ္ဍိတကျန်းယန်၊ ရီရှန်း၊ ကျင်းချီနှင့် မိုးကြိုးတို့သည်လည်း တာအိုအနှစ်သာရတစ်ခုစီ နားလည်သဘောပေါက်ခဲ့ကြ၏။
ထို့အပြင် ချူဖုန်း၏ တာအိုလက်တွဲဖော် ပင်းယန်နှင့် မင်းသမီးမြောင်ယွီတို့သည် တာအိုအနှစ်သာရ တစ်ခုစီနားလည်သဘောပေါက်ခဲ့ကြသည့်အပြင် ချူဖုန်းအတွက် သမီးလေးနှစ်ဦး မွေးဖွားပေးလာသောကြောင့် ၎င်းသည် ချူဖုန်းကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သည်။
သူ့သမီးကြီး မွေးဖွားလာသည့်နေ့တွင် မြောင်တောင်တစ်ခွင်၌ ချူဖုန်း၏ ကျယ်လောင်သော အသံကို ကြားနိုင်ပေ၏။
“ငါ အဖေ ဖြစ်ပြီကွ။ ငါ အဖေ ဖြစ်ပြီ”
ချူဖုန် သမီးလေးနှစ်ဦးကို ချူယွီကျစ်နှင့် ချူယင်းကျင်ဟု အမည်ပေးခဲ့သည်။
သမီးကြီး ချူယွီကျစ်ကို ပင်းယန် မွေးဖွားခဲ့ပြီး သမီးငယ် ချူယင်းကျင်သည် မင်းသမီးမြောင်ယွီ၏ သမီးပင်။
ကလေးမလေးနှစ်ဦးသည် သုံးရက်သာ ကွာခြား၍ မွေးဖွားလာပြီး ယခုအခါ အသက် ခြောက်နှစ်အရွယ်သို့ပင် ရောက်နေပါ၏။
ချူဖုန်း၏ကျင့်ကြံမှုသည် ယခုအခါ သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တာအိုအနှစ်သာရ (၉၅၉)ခုကို နားလည်သဘောပေါက်ထားကာ (၉၉၉)ခုပြည့်ရန် အခုလေးဆယ်သာ လိုတော့သည်။
သို့သော် ချူဖုန်း သူတော်စင်တစ်ပါး ဖြစ်လာမည့်အရေးကို တွေးပူ၍ မနေပေ။ သူ့နေ့ရက်များကို သာမန်အတိုင်း ကုန်ဆုံးသည်။
ယနေ့တွင် သူယခင်ကဲ့သို့ပင် ရှစ်ပေကျော် မြင့်နေပြီဖြစ်သော သစ်ပင်ငယ်လေးကို တရားဟောရန် ဗောဓိပင်ဆီသို့ လာ၏။
ဗောဓိပင်လေးသည် ယခုအခါ စိတ်ဝိညာဉ်ဖွံ့ဖြိုးလာသည့်အပြင် နတ်ဘုရားအာရုံမှတစ်ဆင့် ချူဖုန်းနှင့်ပါ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ သူ့အားလပ်ချိန်များတွင် ချူဖုန်း သစ်ပင်ငယ်လေးနှင့်လည်း စကားပြောလေ့ရှိ၏။
သူ့တရားဟောပြောပြီးနောက် ချူဖုန်း မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်ချိန် ချိုမြိန်သော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။
“ဖေဖေ”
သူ လှည့်ကြည့်လိုက်တော့ ဆံထုံးလေးနှင့် ပန်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော နူးညံ့သည့် ကောင်မလေးတစ်ဦး သူ့ဆီသို့ ခုန်ပေါက်ကာ လာနေသည်ကို မြင်တွေ့လိုက်ရ၏။
ချူဖုန်း အလျင်အမြန် ရှေ့သို့ လှမ်းသွားကာ ကောင်မလေးကို ပွေ့ချီလိုက်သည်။
“ယွီကျစ်လေး သမီး ဘာလို့ ဖေဖေ့ကို တစ်ယောက်တည်း လာရှာတာလဲ”
ရွှတ်
ချူယွီကျစ် ချူဖုန်း၏မျက်နှာကို နမ်းလိုက်ပြီး ချိုမြိန်စွာ ပြောလိုက်၏။ “ယွီကျစ် ဖေဖေ့ကို လွမ်းလို့ပါ”
ချူဖုန်း သူ့သမီးကြီး၏ ချစ်စရာကောင်းသော နှာခေါင်းလေးကို သူ့နှာခေါင်းဖြင့် ချစ်ခင်ယုယစွာ ပွတ်သပ်လိုက်သည်။
“ဒါဆို ဖေဖေက ယွီကျစ်ကို ငါးမျှားဖို့ ခေါ်သွားမယ်”
“ရေး”
ချူယွီကျစ် ဆော့ကစားရခြင်းကို နှစ်သက်ပြီး အရာရာက်ို သိချင်စိတ်များ ဖြစ်နေသည့် အရွယ်ရောက်နေပြီ ဖြစ်၏။
ချူဖုန်း ကောင်မလေးကို ကျင့်ကြံရန် အလျင်စလိုမလုပ်ပေ။ သူမ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြင့်သာ ပျိုးထောင်ပေးသည်။
ပင်းယန် ၎င်းကို ကန့်ကွက်ခြင်း မပြုချေ။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် ဝမ်တောက်ကျောင်းတော်တစ်ခုလုံး သို့မဟုတ် ဆန်းကြယ်ကောင်းကင်ဒေသ တစ်ခုလုံးတွင် ချူဖုန်းထက် ပို၍ နားလည်သောသူ မရှိတော့ပေ။
သားအဖနှစ်ယောက် လမ်းလျှောက်သွားချိန်တွင် ကျစ်ဆံမြီးလေးများနှင့် ဒေါင်းပုံစံဂါဝန်ကို ဝတ်ဆင်ထားသော ကောင်မလေးတစ်ဦး သူတို့ဆီသို့ ပြေးလာသည်ကို မြင်တွေ့လိုက်ရသည်။
ကောင်မလေး ချူဖုန်းကို မြင်သည်နှင့်တစ်ပြိုင်နက် သူမလက်များကို ချက်ချင်း ဆန့်ထုတ်ပြီး တိုးညှင်းစွာ ပြောလိုက်၏။
“အဖေ ယင်းကျင်လည်း အချီခံချင်တယ်”
“ဟုတ်ပြီဗျာ”
သူ့သမီးငယ်လေး အသံကိုကြားတော့ ချူဖုန်း၏ နှလုံးသားလေး အရည်ပျော်သွားပြီး ကောင်မလေးကို ချီရန် ငုံ့ကိုင်းလိုက်သည်။
ချူယင်းကျင် သူမလက်များဖြင့် ချူဖုန်းလည်ပင်းကို ဖက်လိုက်ပြီး သူမ အစ်မကို ချိုမြိန်စွာ ပြလိုက်၏။ “ညီမ မမကို ရှာတွေ့သွားပြီ”
“ဟွန့်”
ချူယွီကျစ် ဂုဏ်ယူဝင့်ကြွားသည့် အသံလေးတစ်ခု ထုတ်လွှတ်လိုက်သည်။ ခုနလေးတင် သူမ အဖေဖြစ်သူကို တွေ့လိုက်ရသဖြင့် အရမ်းပျော်သွားပြီး သူမ ညီမလေးနှင့် တူတူပုန်းတမ်း ကစားနေသည်ကို မေ့သွားခြင်း ဖြစ်၏။
၎င်းကိုမြင်တော့ ချူဖုန်း ပြုံးလိုက်သည်။
မကြာမီ သားအဖသုံးယောက် ရေတံခွန်အောက်သို့ ရောက်လာကြပြီး ငါးစတင် မျှားကြသည်။
ကောင်မလေးနှစ်ဦးသည် သဘာဝအတိုင်းပင် ငြိမ်ငြိမ်မထိုင်နိုင်ကြပေ။ သူတို့ငါးမျှားတံများကို ချပြီးနောက် မြေကြီးထဲတွင် စိုက်ထားကာ ချူဖုန်း ပတ်လည်တွင် လျှောက်သွားနေကြပြီး ရေကန်ထဲရှိ ငါးများကို တစ်ခါတစ်ရံ လှမ်းကြည့်နေကြ၏။
အကယ်၍ သူတို့ဂါဝန်များ စိုသွားမည်နှင့် အိမ်ပြန်ရောက်ပါက မိခင်များ ဆူပူမည်ကို မကြောက်ရွံ့ပါက ကောင်မလေးနှစ်ဦး ငါးဖမ်းရန် ရေထဲသို့ ခုန်ချပေလိမ့်မည်။
နေဝင်ချိန်၌ ချူဖုန်း ခြင်းတောင်းအပြည့်ဖမ်းပြီး သူ့သမီးနှစ်ဦးကို ချီကာ ဌာနမှူးခြံဝင်းသို့ ပြန်လာခဲ့၏။
သူ ဝင်သွားသည်နှင့် သူ့ဇနီးနှစ်ဦး ခြံဝင်းထဲတွင် အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းမြင်ကွင်းသည် သူ့ကို အိမ်ဟူသော ခံစားချက်တစ်ခု ပေးစွမ်းနေ၍ သူ့စိတ်အခြေအနေက အလိုအလျောက် တည်ငြိမ်သွား၏။
“မေမေ”
ကောင်မလေးနှစ်ဦး သူတို့မိခင်များကို မြင်တော့ ချက်ချင်း အော်ခေါ်လိုက်ကြသည်။
၎င်းကိုကြားတော့ ပင်းယန်နှင့် မင်းသမီးမြောင်ယွီတို့ ရှေ့သို့ အလျင်အမြန် တက်လာကြပြီး ချူဖုန်း၏လက်ထဲမှ သူတို့ကိုယ်ပိုင်သမီးလေးများကို ခေါ်ယူလိုက်ကြ၏။
ပင်းယန် မေးလိုက်သည်။ “ဒီနေ့ သမီးတို့ အဖေနဲ့ ဘယ်မှာ သွားကစားကြလဲ”
“သမီးတို့ ငါးသွားမျှားကြတယ်”
ချူယွီကျစ် ပထမဆုံး ဖြေကြားလိုက်၏။
“ရေရော ဆော့ကြသေးလား”
မင်းသမီးမြောင်ယွီ သူမသမီးကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ဟင့်အင်း မဆော့ဘူး။ သမီးတို့ အရမ်း လိမ္မာတယ်”
သူမ မိခင်ကို ကြောက်ရွံ့သဖြင့် ချူယင်းကျင် ရိုးသားစွာ ဖြေကြားလိုက်၏။
ရွှတ်
မင်းသမီးမြောင်ယွီ သူမသမီး၏ ပါးကို နမ်းလိုက်သည်။ “အမေ့ရဲ့ အချစ်လေးတွေက အကောင်းဆုံးပဲ။ ဒီည သမီးတို့အတွက် အရသာရှိတာလေးတစ်ခု အမေတို့ လုပ်ထားတယ်”
“ရေး”
အရသာရှိသောအစားအစာများအကြောင်း ကြားပြီးနောက် ကောင်မလေးနှစ်ဦး ချက်ချင်းပင် ရွှင်လန်းတက်ကြွသွားကြ၏။
မိုင်တစ်သောင်းအကွာတွင်
ရှီးရွှမ် သူ့တပည့် လျန်ယီနှင့်အတူ ဓားပျံစီးနေ၏။
“ဆရာ ဘာလို့ ကျွန်တော်တို့ ကျောင်းတော်ကို ပြန်ဖို့ နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မသုံးတာလဲ”
လျန်ယီ သိချင်စိတ်ဖြင့် မေးလိုက်သည်။
ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။
“ငါတို့ ပြန်ဖို့ အလျင််မလိုဘူး။ အပြန်ခရီးမှာ အခွင့်အရေးတစ်ခုခု ရှာတွေ့နိုင်တယ်”
လျန်ယီ ခေါင်းညိတ်လိုက်ပြီး စကားထပ်မပြောတော့ချေ။ အကယ်၍ သူ့ဆရာ အခွင့်အရေးတစ်ခု ရှိသည်ဟု ပြောလျှင် သေချာပေါက် ရှိရမည် ဖြစ်ပြီး သူ့ကို ဘယ်တော့မှ လှည့်စားမည် မဟုတ်ပေ။
သုံးရက်အကြာတွင်၊
ရှီးရွှမ်တို့ ရှေ့တွင် လူအများ တိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ သာမန်အားဖြင့် သူတို့နှစ်ဦး တိုက်ပွဲတစ်ခုအတွက် ရပ်တန့်မည် မဟုတ်သော်လည်း ဤတစ်ကြိမ်တွင် ရှီးရွှမ် လေထဲ၌ ရပ်တန့်ကာ အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေ၏။
ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူများကြားမှ တိုက်ပွဲကို ကြည့်ရင်း လျန်ယီ မျက်နှာတွင် နားမလည်နိုင်မှုများ ပေါ်လာသည်။
“ဆရာ သူတို့က ကျွန်တော်တို့ ဝမ်တောက်ကျောင်းတော်က ဂိုဏ်းတူညီအစ်ကိုတွေ မဟုတ်ဘူး။ သူတို့ဝတ်စုံတွေအရဆိုရင် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်က ဖြစ်ရမယ်။ သူတို့ထဲမှာ ဆရာ့အသိဟောင်းများ ပါနေလို့လား”
ရှီးရွှမ်သည် ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူ အချို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသော လူအုပ်ထဲမှ အဝါရောင်ဝတ်အမျိုးသမီးကို ကြည့်ကာ ခေါင်းအသာ ညိတ်လိုက်၏။ သို့သော် သူ ဝင်ရောက် စွက်ဖက်ရန် မရွေးချယ်ခဲ့ချေ။
အဝါရောင်ဝတ်အမျိုးသမီးသည် အစောပိုင်း ကောင်းကင်ဇာစ်မြစ်အဆင့်တွင်သာ ရှိနေသော်လည်း သူမသည် နှောင်းပိုင်းအဆင့် ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူအချို့ကို ခုခံထားနိုင်ဆဲ ဖြစ်သည်။
သို့သော် သူမ အဖော်များမှာမူ ထိုမျှ ကံမကောင်းကြပေ။ သူတို့ ဆက်တိုက် နောက်ဆုတ်နေရ၏။
အဝါရောင်ဝတ်အမျိုးသမီးသည် အာရုံလွင့်ကာ ပေါ့ဆသွားသည့်အခိုက် ချက်ချင်း ဒဏ်ရာရသွားသည်။
ဓားတစ်ချက်ဖြင့် လူအုပ်ကို နောက်ဆုတ်သွားအောင် အတင်းအကျပ် လုပ်ဆောင်ပြီးနောက် သူမ အော်ဟစ်လိုက်၏။
“ကျွန်မတို့က မြောက်ပိုင်းချောက်နက်မြင့်မြတ်တာအိုကျောင်းတော်က တပည့်တွေပဲ။ ကျွန်မတို့သာ ဒီမှာ သေသွားရင် ရှင်တို့ ဆယ့်ရှစ်ယောက်လည်း သေမင်းဆီကနေ လွတ်မှာ မဟုတ်ဘူး”
သိပ်မဝေးသည့်နေရာတွင် အနက်ရောင်ဝတ်ရုံနှင့် အရိုးဖြူမျက်နှာဖုံးကို တပ်ဆင်ထားသော အမျိုးသားတစ်ဦး အေးစက်စွာ ပြောလိုက်သည်။
“မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ နယ်မြေထဲမှာဆိုရင် ငါတို့နတ်ဆိုးနက်ဓားပြဆယ့်ရှစ်ယောက်က မြင့်မြတ်တာအိုကျောင်းတော်ကို ကြောက်လောက်တယ်”
“ကံမကောင်းစွာနဲ့ ဒီနေရာက မင်းတို့ပိုင်နက် မဟုတ်ဘူး။ အခု ဒီသခင်ကြီး မင်းကို နောက်ထပ်အခွင့်အရေးတစ်ကြိမ် ပေးမယ်။ မင်းတို့မှာရှိတဲ့ ရတနာကို ပေးမလား။ ဒါမှမဟုတ် သေမင်းနဲ့ ရင်ဆိုင်မလား”
၎င်းကို ကြားတော့ အဝါရောင်ဝတ်အမျိုးသမီး ချက်ချင်း တုံ့ပြန်လိုက်၏။
“ရတနာကို လိုချင်ရင် ကျွန်မအလောင်းကို ကျော်သွားရလိမ့်မယ်”