အခန်း ၅၇၄
Vol. 58 Ch. 574
အခန်း (၅၇၄)
“ကျွန်မတို့လက်ထဲမှာ နှစ်ချောင်းရှိတယ်။ ကျန်တဲ့ငါးချောင်းကို ဘယ်သူ ကိုင်ထားလဲဆိုတာတော့ ကျွန်မတို့ မသိဘူး”
ကျင်းရှီ သူမ ပိုင်ဆိုင်ထားသော လျှို့ဝှက်သော့အရေအတွက်ကို ဖုံးကွယ်မထားပေ။
သူမရှေ့က လူ သော့များကို ကြံစည်ချင်လျှင်တောင် သူ့ကို အနိုင်ယူရန် နည်းလမ်းတစ်ခု သူတို့၌ ရှိသည်။
၎င်းကိုကြားတော့ ချန်ကျွင်းတောက် ကောက်ကျစ်သော အတွေးများ ဆက်မတွေးတော့ပေ။
ယင်းအစား သူ ဂူအတွင်းပိုင်းဆီသို့ မေးလိုက်သည်။ “အတွင်းက မိတ်ဆွေနှစ်ယောက်မှာ လျှို့ဝှက်သော့ ဘယ်နှစ်ချောင်း ပိုင်ဆိုင်ထားလဲဆိုတာ သိချင်ပါတယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကျင်းရှီတို့အုပ်စု၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြ၏။
ဂူထဲတွင် ပုန်းအောင်းနေမည့်သူ ရှိနေဦးမည်ဟု သူတို့ မမျှော်လင့်ထားပေ။
အကယ်၍ တစ်ဖက်လူသာ ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်လာပါက သူတို့ ဆုံးရှုံးမှုကြီးတစ်ခုကြုံရပေလိမ့်မည်။
ဂူအတွင်း၌ ရှီးရွှမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“ငါတို့လက်ထဲမှာ လျှို့ဝှက်သော့တစ်ချောင်း ရှိတယ်”
၎င်းကိုကြားတော့ ဂူအပြင်ဘက်မှ အဖွဲ့နှစ်ဖွဲ့၏ မျက်နှာများပေါ်တွင် ကွဲပြားသော အမူအရာများ ပေါ်လာကြသည်။
ကျင်းရှီတို့ ဂူထဲမှ အသံသည် သူတို့ကို ရင်းနှီးနေသည့် ခံစားချက်တစ်ခု ပေးစွမ်းကြောင်း ခံစားလိုက်ရ၏။
သို့သော် သူတို့ ဤအသံကို ဘယ်နေရာတွင် ကြားဖူးသနည်းဆိုသည်ကို မပြောနိုင်ကြချေ။
အခြားတစ်ဖက်တွင်မူ ချန်ကျွင်းတောက်၏ မျက်နှာသည် နောင်တရမှုကို သယ်ဆောင်ထားသည်။
ထိုလူနှစ်ဦး၌ သော့တစ်ချောင်းသာ ရှိသဖြင့် ၎င်းက ပေါ်မလာသေးသော သော့လေးချောင်း ရှိနေသေးသည်ဟု အဓိပ္ပာယ်ရ၏။
အခြားသော့လေးချောင်း ပေါ်လာရန် သူတို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမည်နည်း။
လေထုက ချက်ချင်း တိတ်ဆိတ်သွား၏။
မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်များ ကျင်းရှီကို ကြည့်လိုက်သည်။
တပည့်တစ်ဦး မေးလိုက်၏။
“စီနီယာအစ်မ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ကျင်းရှီ ပြောလိုက်သည်။
“ငါတို့ ဒီနေရာမှာပဲ စခန်းချပြီး သော့လေးချောင်း ပေါ်လာဖို့ စောင့်ကြမယ်”
“ဟုတ်ကဲ့ပါ”
လူအုပ်ကြီး ပြန်ဖြေကြားပြီးနောက် သူတို့ စခန်းချလိုက်ကြ၏။
၎င်းကိုမြင်တော့ ချန်ကျွင်းတောက်သည်လည်း မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်များနှင့် သိပ်မဝေးသည့် နေရာလွတ်တွင် တဲတစ်လုံးကို ဆောက်လုပ်လိုက်သည်။
ညဉ့်နက်လာ၏။
တျန်းချန်တောင်တန်းပေါ်တွင် သာယာသော လေညင်းတိုက်ခတ်သွားသောကြောင့် သစ်ကိုင်းများ တရှဲရှဲ မြည်လာသည်။
စခန်းနှစ်ခုဘေးတွင် မီးပုံများ လင်းလက်နေ၏။
မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်နှစ်ဦး ညကင်းစောင့်နေစဉ် ရုတ်တရက် တောင်ပေါ်ရှိ လေသည် ပို၍ ပြင်းထန်လာသည်။
ထိုသိမ်မွေ့သော အပြောင်းအလဲလေးသည် တဲအတွင်းရှိ ချန်ကျွင်းတောက်မျက်လုံးများကို ချက်ချင်း ပွင့်သွားစေ၏။
သူ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
“ဟီးဟီးဟီး...”
မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံတစ်ချက် လေပြင်းများနှင့်အတူ လူတိုင်း၏နားထဲသို့ ဝင်ရောက်လာ၏။
ထို့နောက် အိုမင်းနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“လျှို့ဝှက်သော့ပိုင်ရှင်တွေ အားလုံး ဒီမှာ စုနေကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတို့ စောင့်ရမဲ့ ဒုက္ခ သက်သာသွားပြီ”
“ဘယ်သူလဲ”
ကျင်းရှီ ဒေါသတကြီး အော်ဟစ်ကာ မေးမြန်းလိုက်၏။
“ငါတို့က တောင်ပိုင်းတောင်တန်းက တစ္ဆေလေးကောင်ပဲ”
အသံ အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် ပုံရိပ်လေးခု ကောင်းကင်ယံမှ ဆင်းသက်လာသည်။
သူတို့သည် အစိမ်း၊ အဝါ၊ ခရမ်းနှင့်အနီဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။
ဝတ်ရုံများ၏ အရှေ့တွင် စာလုံးများ ရိုက်နှိပ်ထားသည်။
ကံကြမ္မာ၊ ချမ်းသာကြွယ်ဝမှု၊ သက်ရှည်မှုနှင့် ပျော်ရွှင်မှု ဟူသော စာလုံးလေးလုံး ဖြစ်၏။
“တောင်ပိုင်းတောင်တန်းက တစ္ဆေလေးကောင်လား။တောင်ပိုင်းလူရိုင်းတွေထဲက နတ်ဆိုးကျင့်ကြံသူလေးယောက်ပဲ”
ချန်ကျွင်းတောက် ရေရွတ်လိုက်သည်။ ထိုလေးဦးသည် တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း တစ်ယောက်ချင်းစီတိုင်းသည် နီဗားနားရှင်သန်ခြင်းတစ်ပိုင်းအဆင့် ဖြစ်သည်။
မြောက်ပင်လယ်ကို တုန်လှုပ်စေသော ချန်ကျွင်းတောက်နှင့် နှိုင်းယှဉ်ပါက သူတို့သည် အများကြီး ပို၍ ကြောက်မက်ဖွယ် ကောင်းပေသည်။
‘ဒီနေ့တော့ ပြဿနာကြီးပြီ’
ပြိုင်ဘက်များ သန်မာသော်လည်း သူ ဤနေရာသို့ ရောက်လာခဲ့ပြီ ဖြစ်၏။
သဘာဝကျကျပင် သူ ဤကဲ့သို့ကြီးမားသည့် အခွင့်အရေးကို အရှုံးမပေးချင်ပေ။
ချန်ကျွင်းတောက် သူ့ဓားကြီးကို ကိုင်ဆောင်ကာ တဲထဲမှ ထွက်လာသည်။ ကျင်းရှီတို့သည်လည်း သူတို့တဲများထဲမှ အလျှိုလျှို ထွက်လာကြသည်။
တောင်ပိုင်းတောင်တန်း တစ္ဆေလေးကောင်ထံမှ ကြောက်မက်ဖွယ် ဖိအားကို ခံစားလိုက်ရပြီး လူတိုင်း၏မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွားကြ၏။
တစ္ဆေအိုကြီးဖူ လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဟန် ပြောလိုက်သည်။
“လျှို့ဝှက်သော့လေးချောင်းစလုံး ဒီမှာရှိတယ်။ ကျန်တဲ့ တစ်ချောင်းက ဂူထဲမှာပဲ။ အထဲက ကောင်စုတ်လေးနှစ်ကောင် မြန်မြန် ထွက်လာခဲ့စမ်း”
“ဟမ့်”
အေးစက်စက် နှာမှုတ်သံတစ်ခုနှင့်အတူ အနက်ရောင်မျက်နှာဖုံးတပ်ထားသော လူငယ်လေးတစ်ဦး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ဂူထဲမှ ထွက်လာ၏။
သူ တစ္ဆေလေးကောင်ကို ကြည့်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။
“ဘာ တောင်ပိုင်းတောင်တန်းက တစ္ဆေလေးကောင်လဲ။ ဒီသခင်လေး မင်းတို့အကြောင်း တစ်ခါမှ မကြားဖူးဘူး။ မင်းတို့ ငါ့ဆရာအနားယူတာကို အနှောင့်အယှက်ပေးနေကြတယ်။ ဘယ်လိုလျော်ပေးဖို့ ရည်ရွယ်ထားလဲ”
ထိုစကားများ ထွက်ပေါ်လာချိန်တွင် တစ်နေရာလုံး တိတ်ဆိတ်သွားခဲ့၏။
ချန်ကျွင်းတောက် သူ့ရှေ့က ကောင်လေးကို ကြည့်ရင်း သူ့မျက်လုံးများသည် ကြေးခေါင်းလောင်းများအလား ပြူးကျယ်သွားသည်။
‘ဒီကောင်လေး အတင့်ရဲလှချည်လား’
သူသည် နီဗားနားရှင်သန်ခြင်းတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်စုကို အထင်တသေးပြောနေသည့် စစ်မှန်ကံကြမ္မာနဝမအဆင့်မှ သေးငယ်သော ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်၏။
မြင့်မြတ်တာအိုကျောင်းတော်မှ လူများသည်လည်း သူတို့ရှေ့က လူငယ်လေးကို မှတ်မိသွားကြပြီး သူတို့စိတ်ထဲတွင်အတွေးတစ်ခု ဖြတ်ပြေးသွားသည်။
‘အဲဒါ သူပဲ’
“ကောင်လေး မင်း အရမ်း မောက်မာတာပဲ”
တစ္ဆေအိုကြီးရှီး သူ့ရှေ့က လူငယ်လေးကို ကြည့်ကာ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လျန်ယီကို ဖိအားပေးလိုက်၏။
လျန်ယီ ပြုံးကာ ပြောလိုက်သည်။
“ငါ မင်းကို မကြောက်ဘူး”
“ကောင်းတယ်။ အရမ်းကောင်းတယ်”
တစ္ဆေအိုကြီးရှီး အံကြိတ်ကာ ပြောလိုက်၏။
သူတို့လေးဦး နာမည်များကို ကြေညာပြီးသည့်နောက်၌ပင် ဤကောင်လေး မောက်မာနေလိမ့်မည်ဟု မမျှော်လင့်ထားချေ။
အခြားသူများ သူတို့၌ရှိသမျှ အရာအားလုံးကို နာခံစွာ ပေးအပ်လာစေရန် သူ မျောက်ကို ခြောက်ဖို့ ကြက်ကို အရင်ဆုံး သတ်ရမည် ဖြစ်သည်။
သူ လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် ဘေးရှိ တစ္ဆေအိုကြီးရှို၏ တားဆီးခြင်းကို ခံလိုက်ရ၏။
“တတိယအစ်ကို ဘာလို့ ငါ့ကို တားနေတာလဲ”
တစ္ဆေအိုကြီးရှီး သံသယများ ပြည့်နှက်နေသော မျက်နှာဖြင့် မေးမြန်းလိုက်သည်။
တစ္ဆေအိုကြီးရှို သူ့မေးခွန်းကို မဖြေပေ။ ယင်းအစား လျန်ယီကို မေးလိုက်၏။
“ကောင်လေး မင်း စကားကို တအားမောက်မောက်မာမာပြောနေတာပဲ။ မင်းဆရာက ဘယ်သူလဲဆိုတာ ငါ သိချင်တယ်”
“မင်းက မအဘူးပဲ။ မင်း ငါတို့နောက်ခံကို မေးရမယ်ဆိုတာ သိနေသေးတယ်”
လျန်ယီ ပြုံးကာ ပြောလိုက်သည်။
“ဒါကို ပြောလိုက်လို့ မင်းတို့ကို သေတဲ့အထိ လန့်မသွားနဲ့ဦး။ ငါက ဝမ်တောက်ကျောင်းတော်ရဲ့ တပည့်တစ်ယောက်။ ငါ့ဆရာဘိုးဘိုးက လောကနံပါတ်တစ် မဟာပဏ္ဍိတ မဟာပဏ္ဍိတမိုးမြေပဲ။ ပြီးတော့ ဂူထဲမှာ ရှိနေတဲ့သူက ငါ့ဆရာပဲ”
ထိုစကားများကိုကြားတော့ လူများ အလိုအလျောက် သက်ပြင်းချလိုက်မိကြ၏။
မဟာပဏ္ဍိတမိုးမြေသည် လက်ရှိခေတ်၏ ပြိုင်ဘက်ကင်း မဟာပဏ္ဍိတ ဖြစ်သည်။ သူတို့လို ပိုးမွှားလေးများ မစော်ကားနိုင်ပေ။ သူတော်စင်များပင် သူ့ကို သတိထား၍ ဆက်ဆံရမည် ဖြစ်၏။
တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်၏ မျက်နှာများသည် အစိမ်းရောင်နှင့်ခရမ်းရောင် တစ်လှည့်စီ ပြောင်းလဲသွားပြီး အရုပ်ဆိုးနေတော့သည်။
သူတို့ရှေ့မှ ကောင်လေးသည် ဝမ်တောက်ကျောင်းတော်၏ သာမန်တပည့်တစ်ဦးသာ ဖြစ်ပါက သူတို့ ပြဿနာကင်းစွာ သတ်ပစ်နိုင်မည် ဖြစ်၏။ သို့သော် သူသည် မဟာပဏ္ဍိတမိုးမြေ၏ မြေးတပည့်ဖြစ်နေသဖြင့် သူ့ကို မတိုက်ခိုက်ရဲတော့ပေ။
မဟာပဏ္ဍိတမိုးမြေထက် သူတို့သာ နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ခဲ့လျှင်ပင် ဝမ်တောက်ကျောင်းတော် အမြွှာမြင့်မြတ်သားတော်များ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
လတ်တလောဂူထဲတွင် မဟာပဏ္ဍိတမိုးမြေ၏ တိုက်ရိုက်တပည့် ရှိနေသည်။ သူတို့ တကယ်ကို မလှုပ်ရှားရဲကြပေ။
တစ္ဆေအိုကြီးဖူ လျန်ယီကို အလျင်အမြန် လက်သီးဆုပ်ကာ ပြောလိုက်၏။
“ရောင်းရင်း ငါတို့ ခုနကမျက်စိကန်းသွားပြီး ထိုက်တောင်ကြီးကို မမှတ်မိလိုက်ဘူူး။ ညီလေးနဲ့ ညီလေးဆရာက ငါတို့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
လျန်ယီ ပြုံးကာ ပြောလိုက်သည်။
“အဘိုးကြီး ငါ မင်းရဲ့ အရင်က ရိုင်းစိုင်းတဲ့ ပုံစံကို ပိုသဘောကျတယ်”
“ရောင်းရင်း ကျေးဇူးပြုပြီး ဒီအဘိုးကြီးကို မလှောင်ပါနဲ့။ မင်းရဲ့ဆရာ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ သိချင်ပါတယ်”
တစ္ဆေအိုကြီးဖူ နာခံစွာ မေးမြန်းလိုက်၏။
ထိုစဉ် အေးစက်သော အသံတစ်သံ ဂူအတွင်းမှ ထွက်ပေါ်လာသည်။
“လူစုံပြီဆိုမှတော့ လျှို့ဝှက်ရတနာတိုက်ကို အတူတူ ဖွင့်ဖို့ လျှို့ဝှက်သော့တွေကို သုံးကြတာပေါ့။လျှို့ဝှက်ရတနာတိုက်ကို ဘယ်သူရနိုင်မလဲဆိုတာကတော့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာ မူတည်လိမ့်မယ်”
ထိုတိုတောင်းသော စကားတစ်ခွန်းသည် တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်ကို တုန်လှုပ်သွားစေ၏။ ယခု သူတို့လက်ထဲရှိ လျှို့ဝှက်သော့များကို နေရာတွင်ပင် လွှင့်ပစ်ချင်နေကြသော်လည်း လျှို့ဝှက်ရတနာတိုက်သည် ဆွဲဆောင်မှုအားကောင်းလွန်းနေသဖြင့် သူတို့ ထွက်မသွားနိုင်ကြပေ။
တစ္ဆေလေးကောင် အချင်းချင်း ကြည့်လိုက်ပြီးနောက် သူတို့ ချက်ချင်း ပြောလိုက်ကြသည်။
“စီနီယာအမိန့်ကို ကျုပ်တို့ နားထောင်ပါမယ်”
လျန်ယီ သူ့ပတ်ဝန်းကျင်ရှိ အခြားသူများကို ထပ်မံ ကြည့်လိုက်၏။
“မင်းတို့ရော ဘယ်လိုလဲ”
ကျင်းရှီ လက်သီးဆုပ်ကာ ပြောလိုက်သည်။
“စီနီယာက ကျွန်မတို့အပေါ်မှာ ကျေးဇူးရှိပါတယ်။ စီနီယာရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ ဆန္ဒရှိပါတယ်”
ချန်ကျွင်းတောက် မှင်တက်သွားပြီး သဘောထားကို ထုတ်မပြောရသေးသူသည် သူ တစ်ဦးတည်းသာ ကျန်တော့ကြောင်း တွေ့လိုက်ရ၏။ သူ့လက်ထဲရှိ ဓားကြီးကို ဓားအိမ်ထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်သည်။
“ကျုပ်လည်း စီနီယာရဲ့ အမိန့်တွေကို နားထောင်ဖို့ ဆန္ဒရှိပါတယ်”
လျန်ယီ ခေါင်းအသာညိတ်လိုက်ပြီး ဂူထဲသို့ ခေါင်းလှည့်ကာ ပြောလိုက်၏။
“ဆရာ သူတို့အားလုံး သဘောတူကြပြီ”
“အင်း”
ဂူအတွင်းမှ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာပြီး အချိန်ခဏအကြာတွင် ပုံရိပ်တစ်ခု ထွက်လာသည်။ လူတိုင်း ထွက်ပေါ်လာသူကို အလိုလို လှမ်းကြည့်လိုက်ကြသည်။