← Chapters

အခန်း ၅၇၅

Vol. 58 Ch. 575

အခန်း ၅၇၅

Vol. 58 Ch. 575

အခန်း (၅၇၅)

ပိန်းပိတ်အောင်နက်မှောင်သည့် ညကောင်းကင်တွင်

ကြေးဝါမျက်နှာဖုံးကိုတပ်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး လရောင်အောက်တွင် လူတိုင်းအရှေ့၌ ဖြည်းညှင်းစွာ ပေါ်လာသည်။

သူ့တစ်ကိုယ်လုံး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် သွေးစွမ်းအင်တို့ဖြင့် ဖုံးလွှမ်းနေ၏။ သူ့ပုံစံသည် အထွတ်အထိပ်သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးအလား။ သူ အလျင်အမြန် မလျှောက်နေသော်လည်း သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ကြည့်နေသူများကို နှလုံးခုန်တစ်ချက် လွတ်သွားစေ၏။

လူအုပ်ကြီး သူ့ကို တစ်ချက်ကြည့်ရုံဖြင့်ပင် အသက်ရှူမဝတော့မည့်အလား ခံစားလိုက်ကြရသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြသော တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်ပင် ထိုအမျိုးသားကို မြင်ပြီးနောက် ကြက်သီးမွေးညင်းများထကာ မသက်မသာဖြင့် တုန်ယင်သွားကြ၏။

လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခု အလိုအလျောက် ပေါ်လာသည်။

‘ဒီလူက တကယ်ပဲ မဟာပဏ္ဍိတမိုးမြေရဲ့ တပည့်လား။ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါကို ပိုင်ဆိုင်ထားရတာလဲ’

ထိုသူသည် ရှီးရွှမ်ပင်။ လောကကြီးတွင် လူတစ်ဦး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ထိုလူကိုယ်တိုင် သတ်မှတ်ခြင်း ဖြစ်သည်။ ဆရာဖြစ်သူ မဟာပဏ္ဍိတမိုးမြေ၏ နာမည်ဂုဏ်သတင်းသည် ကြီးမားလှသော်လည်း ရှီးရွှမ်သည် သူ့ဆရာကို အားမကိုးလိုပေ။ သူ့ကိုယ်ပိုင်ခွန်အားဖြင့်သာ သက်သေပြချင်၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်းအရှိန်အဝါသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း သတ်ဖြတ်ခြင်းနယ်မြေတွင် သူ စုဆောင်းထားခြင်းဖြစ်သည်။

အစပိုင်းတွင် ရှီးရွှမ် သတ်ဖြတ်ခြင်းအရှိန်အဝါကို ပျောက်ကွယ်သွားစေရန် ဗုဒ္ဓကျမ်းစာများကို အသုံးပြုခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရှီးရွှမ် သတ်ဖြတ်ခြင်းအရှိန်အဝါသည် အသုံးဝင်ကြောင်း တွေ့လာရ၏။

သူ ၎င်းတို့ကို ဖိနှိပ်ရန် ဗုဒ္ဓကျမ်းစာများကို အသုံးပြုပြီး လိုအပ်သည့်အခါတွင် လွှတ်ပေးရန်သာ လိုအပ်သည်။ သူ့တာအိုနှလုံးသား လုံလောက်အောင် ခိုင်မာနေသရွေ့ သတ်ဖြတ်ခြင်းအရှိန်အဝါတို့သည် သူ့ကို လမ်းပျောက်သွားအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ယနေ့တွင် ရှီးရွှမ် အပြင်လူများရှေ့၌ အနည်းငယ် အားအင်ထုတ်ပြရပေမည်။ လူအုပ်ကြီး၏ တုံ့ပြန်မှုကိုမြင်တော့ အကျိုးသက်ရောက်မှု အလွန်ကောင်းမွန်ကြောင်း သူ သိလိုက်သည်။

“ဆရာ”

လျန်ယီ၏အသံသည် လူတိုင်းကို လက်တွေ့ကမ္ဘာသို့ ပြန်ဆွဲခေါ်လာ၏။

တောင်ပိုင်းတောင်တန်းတစ္ဆေလေးကောင် ဦးဆောင်ကာ ဦးညွှတ်လိုက်ကြသည်။

“တောင်ပိုင်းတောင်တန်းကတစ္ဆေလေးကောင် စီနီယာကို အရိုအသေပေးပါတယ်”

ယနေ့တွင် သူတို့ တောင်အထက်၌တောင်၊ ကောင်းကင်အထက်၌ ကောင်းကင်ရှိသည်ဟူသော အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်သွားကြ၏။ သူတို့ရှေ့မှ အမျိုးသားနှင့် နှိုင်းယှဉ်ပါက သူတို့ကို နတ်ဆိုးကျင့်ကြံသူများဟု သတ်မှတ်၍ မရနိုင်တော့ပေ။ နာမည်ဆိုးဖြင့် ကျော်ကြားရုံ သက်သက်သာ ဖြစ်သည်။

“ကျွန်မတို့ စီနီယာကိုအရိုအသေပေးပါတယ်”

ကျင်းရှီတို့သည် သူတို့ရှေ့က ကြေးဝါမျက်နှာဖုံးတပ်ထားသော အမျိုးသားကို အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ကြ၏။ ကံကောင်းထောက်မစွာ သူတို့ရှေ့က အမျိုးသားသည် ယခင်က သူတို့ကို တိုက်ခိုက်ရန် မရည်ရွယ်ခဲ့ချေ။ ထိုသို့မဟုတ်ပါက သူတို့ နတ်ဆိုးဓားပြဆယ့်ရှစ်ယောက်နှင့် တူညီသော အဆုံးသတ်မျိုး သေချာပေါက်ကြုံတွေ့ရပေလိမ့်မည်။

အံ့အားအသင့်ဆုံးသူသည် ချန်ကျွင်းတောက်ပင် ဖြစ်သည်။ သူ ငရဲတံခါးရှေ့တွင် တစ်ပတ်လျှောက်လာရမည်ဟု ဘယ်တုန်းကမှ မတွေးထားပေ။ ကံကောင်းထောက်မစွာ ကြောက်မက်ဖွယ်ကောင်းသော ထိုအမျိုးသားသည် သူ့ကို တိုက်ခိုက်ရန် မရည်ရွယ်ခဲ့ပေ။

“ချန်ကျွင်းတောက် စီနီယာကိုအရိုအသေပေးပါတယ်”

“အင်း”

ရှီးရွှမ် စကားတစ်ခွန်း အသာပြန်ဖြေပြီးနောက် ပြောလိုက်သည်။

“လူစုံပြီဆိုမှတော့ လျှို့ဝှက်ရတနာတိုက်ကို အတူတူ ဖွင့်ကြတာပေါ့။ ဒါပေမဲ့ အဲဒီမတိုင်ခင် ငါတို့သဘောတူညီချက်တစ်ခု လုပ်ကြရအောင်”

“ကျေးဇူးပြုပြီး ပြောပါ စီနီယာ”

တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင် တညီတညွတ်တည်း ပြောလိုက်သည်။ ကျန်လူအုပ်ကြီး သဘောတူညီချက်ကို ထုတ်မပြောသော်လည်း သူတို့ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူညီလိုက်၏။

ရှီးရွှမ် ဆက်ပြောသည်။

“လျှို့ဝှက်ရတနာတိုက်ပွင့်လာရင် ပတ်ဝန်းကျင်က ကျင့်ကြံသူတွေ သေချာပေါက် အလန့်တကြား ဖြစ်သွားလိမ့်မယ်။ အကယ်၍ တစ်ယောက်ယောက် လုယက်ချင်တယ်ဆိုရင် ငါတို့ရန်သူကို အတူတူ ရင်ဆိုင်ကြရမယ်။ လျှို့ဝှက်ရတနာတိုက်ထဲမှာ ဘယ်လိုရတနာတွေ ရနိုင်မလဲဆိုတာကတော့ ကိုယ့်စွမ်းရည်တွေအပေါ်မှာပဲ မှီခိုကြမယ်”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် ရွှင်လန်းသွားကြသည်။ စီနီယာ ဤမျှ ကျိုးကြောင်းဆီလျော်လိမ့်မည်ဟု မထင်ထားပေ။

အကြည့်ချင်းဖလှယ်ပြီးနောက် လူတိုင်း ပြိုင်တူပြောလိုက်ကြသည်။

“ကျွန်တော်တို့ စီနီယာရဲ့ ဦးဆောင်မှုနောက် လိုက်နာဖို့ ဆန္ဒရှိပါတယ်”

“ဒီလိုဆိုမှတော့ စလိုက်ကြစို့”

ရှီးရွှမ် သူ့သိုလှောင်လက်စွပ်ထဲမှ သော့ကို ထုတ်ယူကာ ပြောလိုက်သည်။

၎င်းကိုမြင်တော့ အင်အားကြီး အဖွဲ့သုံးဖွဲ့ သူတို့သော့များကို ပြိုင်တူထုတ်ယူလိုက်ကြ၏။

သော့ကိုးချောင်း တစ်ပြိုင်နက်ပေါ်လာသည်နှင့် သော့တစ်ချောင်းတိုင်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ ကြယ်ကိုးပွင့်၏ပုံရိပ် ဖြစ်ပေါ်လာသည်။

ထို့နောက် ကောင်းကင်မှကြယ်ကိုးပွင့်သည် တျန်းချန်တောင်ဆီ အလင်းတန်းကိုးခုကို ပစ်လွှတ်လိုက်၏။

ထိုအလင်းတန်းကိုးခုသည် တျန်းချန်တောင်ပေါ်တွင် ပေါင်းစည်းသွားကာ ဧရာမအလင်းတံခါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဖြစ်စဉ်သည် မိုင်ထောင်ချီအချင်းဝက်အတွင်းမှ ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများကို အလန့်တကြား ဖြစ်သွားစေပြီး သူတို့အားလုံး တျန်းချန်တောင်ဆီသို့ ချက်ချင်း ပျံသန်းလာကြသည်။

အလင်းတံခါး အပြည့်အဝမဖြစ်ပေါ်လာခင် ပုံရိပ်ရာပေါင်းများစွာ တျန်းချန်တောင်၏ ပတ်ဝန်းကျင်တွင် ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်း မူလက တိတ်ဆိတ်နေသော တျန်းချန်တောင်သည် သက်ဝင်လှုပ်ရှားလာသည်။

တောင်ပိုင်းတောင်တန်းမှ နတ်ဆိုးလေးကောင် ရှီးရွှမ်အနားသို့ အလိုအလျောက် ပို၍တိုးကပ်သွားကြ၏။ ၎င်းကိုမြင်တော့ ချန်ကျွင်းတောက် ရှီးရွှမ်တို့ဆရာတပည့်အနားသို့ တိတ်တဆိတ် ကပ်သွားသည်။ နောက်မှ ရောက်လာသူများနှင့် နှိုင်းယှဉ်ပါက သူတို့ရှေ့မှ စီနီယာသည် အေးစိမ့်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထုတ်လွှတ်နေသော်လည်း ကျိုးကြောင်းသင့်သော လူတစ်ဦးပင်။

မြင့်မြတ်တာအိုကျောင်းတော်မှလူများ သူတို့မောက်မာမှုကို ချထားကာ ရှီးရွှမ်နောက်တွင် သွားရပ်ကြသည်။

“ဟားဟားဟား”

ကျယ်လောင်သော အသံတစ်သံ တျန်းချန်တောင်ပေါ်၌ ပဲ့တင်ထပ်သွားသည်။

“ဒါဆို တျန်းချန်တောင်မှာ လျှို့ဝှက်နယ်မြေတစ်ခု တကယ် ရှိနေတာပေါ့။ ဒီတာအိုဆရာ နှစ်ပေါင်းများစွာ တောင်ခြေမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ အချည်းနှီး မဖြစ်ခဲ့ဘူး”

ထိုအသံနှင့်အတူ ရွှေသမင်တစ်ကောင်ကို စီးနင်းလာသော တာအိုကျောင်းတော်သားအိုကြီးတစ်ဦး မိုးကုတ်စက်ဝိုင်းမှ ထွက်‌ပေါ်လာသည်။

တာအိုကျောင်းတော်သားအိုကြီးကိုမြင်တော့ လူတိုင်း အကြောင်းပြချက်ကင်းမဲ့စွာ သူတို့စိတ်ထဲတွင် အလွန်ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာ၏။

တာအိုကျောင်းတော်သားအိုကြီးသည် မြင့်မြတ်အရှိန်အဝါထုတ်လွှတ်နေသော်လည်း သူ့လှုပ်ရှားမှုတိုင်းသည် နတ်ဆိုးစွမ်းအင်တို့ကို ဖော်ကြူးနေသည်။

သူ မဆင်းသက်ခင် နောက်ပြောင်နေသည့် နောက်အသံတစ်သံ အနီးအနားမှ ထွက်ပေါ်လာသည်။

“အောမီထောဖော် ဒကာလု ခင်ဗျား အရမ်းစောပြီး ဝမ်းသာနေတယ်။ ဒီလိုအခွင့်အရေးကြီးက ခင်ဗျား တစ်ယောက်တည်း ခံစားနိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

၎င်းကိုကြားတော့ တာအိုကျောင်းတော်သားအိုကြီး ဒေါသမထွက်သွားသည့်အပြင် ပြုံးကာ ပြောလိုက်သည်။

“ကတုံးပြောင်မြည်းအိုကြီး မင်း ရောက်နေရင် ဟန်ဆောင်တာကို ရပ်ပြီး ထွက်လာတော့”

“အောမီထောဖော် ဒကာလေး ခင်ဗျား အရင်လို စိတ်မရှည်တုန်းပဲ။ ဘုန်းကြီး ဒီမှာ‌ပါ”

ထိုဘုန်းကြီး၏ စကားမဆုံးခင် ရုတ်တရက် လေပြင်းတစ်ချက် ဖြတ်တိုက်ခတ်သွားသည်။ စပါးအုံးဖြူတစ်ကောင် ကောင်းကင်ယံမှ ဆင်းသက်လာပြီး စပါးအုံးခေါင်းပေါ်တွင် မီးခိုးရောင် မုတ်ဆိတ်မွေးများနှင့် ဘုန်းကြီးအိုတစ်ပါး ရပ်နေ၏။

ဘုန်းကြီးအိုကြီး ကြင်နာတတ်သော မျက်နှာနှင့် ကရုဏာတရား ထားပုံပေါ်သော်လည်း သူ့အစိမ်းရောင် သူငယ်အိမ်တစ်စုံသည် လူသားမျိုးနွယ်မဟုတ်ကြောင်းဖော်ပြနေသည်။

ကျင့်ကြံသူများအားလုံး ဘုန်းကြီးအိုကြီး ပေါ်လာသည်ကို မြင်တော့ လေးနက်သွားကြ၏။ သူ့ထံမှ ထွက်ပေါ်နေသော ဖိအားသည် နီဗားနားရှင်သန်ခြင်းအဆင့်မှပင်။

ဘုန်းကြီးနှင့် တာအိုဆရာတို့ ထွက်ပေါ်လာချိန် ဆွဲဆောင်မှုရှိသည့်အသံတစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

“ရှင်တို့ လူအိုကြီးနှစ်ယောက် တကယ်ကို အပြေးမြန်တာပဲ။ ကျွန်မမှာ ရှင်တို့ကို စိတ်ပူနေရတာ။ ရှင်တို့ ကျွန်မကိုတောင် မစောင့်ကြဘူး”

၎င်းအသံကိုကြားတော့ ဘုန်းကြီးနှင့်တာအိုဆရာတို့ နှုတ်ခမ်းထောင့်များ တွန့်သွားကြပြီး သူတို့မျက်လုံးများထဲတွင် မသက်မသာဖြစ်မှုများ ဖြတ်ပြေးသွားသည်။

ကောင်းကင်ယံတွင် ပန်းမိုးများ ရွာသွန်းဖြိုးလာပြီး ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦး လေထဲတွင် ထွက်ပေါ်လာ၏။

သူမ မျက်မှောင်ကြုတ်မှု၊ အပြုံးနှင့် လှုပ်ရှားမှုတိုင်းသည် အမျိုးသားကျင့်ကြံသူမျာ၏ စိတ်ကို ဂယက်ထသွားစေသည်။

သူမ မည်သူ့အပေါ်တွင်မျှ မြူဆွယ်မထားသော်လည်း လူတိုင်း သူမထံမှ အကြည့်မခွာနိုင်အောင် ဖြစ်နေကြ၏။

ရှီးရွှမ်ပင် အနည်းငယ်ပိုကြည့်လိုက်မိပြီး တွေးလိုက်သည်။

‘သဘာဝဆွဲဆောင်မှုပဲ။ ဒီတစ္ဆေကျင့်ကြံသူ ဘယ်က ရောက်လာတာလဲ’

သူတို့ရှေ့က ပြိုင်ဘက်ကင်းအောင် လှပသော အမျိုးသမီးသည် တစ္ဆေကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ဘုန်းကြီးအို ပြောလိုက်၏။

“သခင်မဟွာ ဒီမှာ လူတွေအများကြီး ရှိနေတယ်။ ကျေးဇူးပြုပြီး ဒီဘုန်းကြီးအိုကြီးကို လှောင်တာ ရပ်လိုက်ပါ။ တာအိုရောင်းရင်းကျောင်းတော်သားနဲ့ ကျားဘုရင်တို့ရော ဘယ်မှာလဲ”

သခင်မဟွာ သူမ အင်္ကျီလက်ကို ဝှေ့ယမ်းကာ နာကြည်းမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ဘုန်းကြီးအိုကြီးကို ကြည့်လိုက်သည်။

“ဆရာကြီးဖာ ကျွန်မက အဲဒီသားရဲကြီးနဲ့ ကျောင်းတော်သားလောက်တောင် မကောင်းဘူးလား”

ဘုန်းကြီးအို စကားမပြောတော့ပေ။ သူ့မျက်လုံးများကို တိတ်တဆိတ်သာ မှိတ်လိုက်၏။

“ဝေါင်း”

ရုတ်တရက် ကျားဟိန်းသံတစ်ချက် တောင်တန်းများကို ဖြတ်သန်းကာ ပဲ့တင်ထပ်သွားသည်။ ဟိန်းဟောက်သံကို ကြားတော့ လူတိုင်း၏ ဝိညာဉ်များ တုန်ယင်သွားကြပြီး ကျင့်ကြံမှုနိမ့်ပါးသောလူအချို့ ထိတ်လန့်ကာ တိုက်ရိုက်မေ့လဲသွားကြသည်။

တစ်ချိန်တည်းမှာပင် ဧရာမအရိပ်ကြီးတစ်ခု တျန်းချန်တောင်ကို ဖုံးအုပ်သွားသည်။

All Chapters