အခန်း ၅၇၆
Vol. 58 Ch. 576
အခန်း (၅၇၆)
“ကြီးလိုက်တဲ့ကျားနတ်ဆိုးကြီး”
တစ္ဆေအိုကြီးဖူ လကိုပင် ဖုံးကွယ်ထားသော ကျားနတ်ဆိုးကြီးကို ကြည့်ကာ စကားပင်မပြောနိုင်တော့ပေ။
သို့သော် ရှီးရွှမ်၏နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တက်သွားသည်။
“အခု လျှို့ဝှက်ရတနာတိုက် ပွင့်လာတော့ နတ်ဆိုးနဲ့မိစ္ဆာမျိုးစုံ ရောက်လာကြပြီပဲ”
သူတို့နှစ်ဦး စကားပြောနေတုန်း ကျားနတ်ဆိုးကြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
၎င်းက အတော်လေး ကြီးမားသော ကျားနတ်ဆိုးကြီးတစ်ကောင်ပင်။
လူအုပ်ထဲတွင် ဗဟုသုတရှိသူများ မရှားပါးပေ။ စွမ်းအားကြီး နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူငါးဦးကို မြင်တော့ သူတို့ ချက်ချင်း အော်ဟစ်လိုက်ကြ၏။
“သူတို့...သူတို့က တျန်းချန်အကြီးအကဲငါးဦးပဲ”
“ကြယ်ကိုးပွင့်စီတန်းပြီး လျှို့ဝှက်ရတနာတိုက်ပွင့်လာတော့ သေမျိုးလောကနဲ့ ကင်းနေကြတဲ့ အကြီးအကဲငါးဦး လှုပ်လှုပ်ရွရွဖြစ်သွားမယ် မထင်ထားဘူး”
“တျန်းချန် အကြီးအကဲငါးဦး”
ရှီးရွှမ် တီးတိုးရေရွတ်လိုက်သည်။
တစ္ဆေအိုကြီးဖူ အလျင်အမြန် ပြောလိုက်၏။
“စီနီယာ တျန်းချန်အကြီးအကဲငါးဦးဆိုတာ ဂိုဏ်အဖွဲ့အစည်းတစ်ခုခုက မဟုတ်ဘူး။ တျန်းချန်တောင်ထဲက ထင်းရှူးပင်၊ ဖားပြုတ်၊ အရိုး၊ ကျားနဲ့ ဝိညာဉ်တစ်ခုကနေ ပြောင်းလဲလာတယ်လို့ ဆိုကြတယ်”
“သူတို့ပြောင်းလဲသွားရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီးတော့ ခန့်မှန်းချက်တွေ အများကြီး ရှိတယ်။ တချို့က မဟာဧကရာဇ်တစ်ပါး တက်လှမ်းသွားတဲ့ ကောင်းချီးတွေကနေ သူတို့ ဖြစ်တည်လာတာလို့ ဆိုကြတယ်”
“တချို့ကတော့ မယုံနိုင်စရာကောင်းတဲ့ အခွင့်အရေးတချို့ကို ရခဲ့တယ်လို့ ပြောကြတယ်”
“ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြီးအကဲငါးဦးလုံးက အင်မော်တယ်ဧကရာဇ်တစ်ပါးနဲ့ အနည်းအများတော့ ဆက်စပ်နေကြတယ်”
“ငါ နားလည်ပြီ”
ရှီးရွှမ် ပြောနေရင်း သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသည်။ သတ်ဖြတ်ခြင်းနယ်မြေမှ ထွက်ခွာလာပြီးနောက် သူ နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် တစ်ခါမှ မတိုက်ခိုက်ရသေးသဖြင့် အကြီးအကဲငါးဦး၏ ခွန်အားကို သူ မသိပေ။
“ငါတို့တျန်းချန်အကြီးအကဲငါးဦးကို မှတ်မိနေတဲ့ လူတွေ ဒီလောကမှာ ရှိနေသေးမယ်လို့ မထင်ထားခဲ့ဘူး”
တာအိုဆရာကျောင်းတော်သားအိုကြီး သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့တွေ ငါတို့ ဘယ်သူဆိုတာကို သိနေမှတော့ ဘာလို့ ချက်ချင်း နောက်မဆုတ်ကြတာလဲ။ တျန်းချန်တောင်ရဲ့ လျှို့ဝှက်ရတနာတိုက်က မင်းတို့ လိုချင်တပ်မက်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး”
ထိုစကားများထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အမူအရာများ ကွဲပြားသွားကြ၏။
အချို့ ကြောက်ရွံ့ကြပြီး အချို့သည် ဆန္ဒမရှိကြသလို အချို့ကလည်း မကျေမနပ်ဖြစ်သွားကြသည်။
တစ္ဆေအိုကြီးဖူ သူ့အသံကို နှိမ့်ကာ မေးလိုက်သည်။ “စီနီယာ ကျုပ်တို့ ဘာလုပ်ကြမလဲ”
ရှီးရွှမ် ပြုံးကာ ပြောလိုက်သည်။ “ငါတို့ လျှို့ဝှက်ရတနာတိုက်ထဲဝင်မှာပေါ့။ တခြားသူတွေ ဝင်တာမဝင်တာ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ လျှို့ဝှက်ရတနာတိုက်ကို ငါတို့ ဖွင့်ခဲ့တာ။ ရတနာတောင်ကို ရောက်ပြီးမှ လက်ဗလာနဲ့ ထွက်သွားရမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလေ”
သူ့လေသံက အလွန်တည်ငြိမ်နေသော်လည်း လူအုပ်ကြီးကို စိတ်ဓာတ်တက်ကြွသွားစေသည်။
လူတိုင်း သူတို့ရွေးချယ်မှုများ မှန်ကန်ခဲ့သည့်အတွက် မယုံနိုင်လောက်အောင် စိတ်သက်သာရာရသွားကြသည်။
တျန်းချန်အကြီးအကဲငါးဦးကိုပင် မကြောက်ရွံ့သော စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦးသည် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး သို့မဟုတ် ဘုရင်တစ်ပါးပင် ဖြစ်နိုင်၏။
“သွားကြစို့”
လူအုပ်ထဲမှ မည်သူမျှ မကန့်ကွက်သည်ကို မြင်တော့ ရှီးရွှမ် လျန်ယီကို ခေါ်ကာ အလင်းတံခါးဆီ လျှောက်သွားသည်။
သူတို့အဖွဲ့၏ ထူးခြားသောလှုပ်ရှားမှုသည် လူတိုင်း၏ အံ့အားသင့်သော အကြည့်များကို ဆွဲဆောင်သွား၏။
အကြီးအကဲကျား အထက်မှနေ၍ သူတို့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့အားလုံး အကြီးအကဲတာအိုဆရာရဲ့ စကားကို မကြားလိုက်ကြတာလား”
၎င်းကိုကြားတော့ ရှီးရွှမ် တိုးညှင်းစွာ ပြောလိုက်၏။
“ငါတို့ ကြားလိုက်ရင်ရော ဘာဖြစ်လဲ။ လျှို့ဝှက်ရတနာတိုက်ကို ငါတို့ ပူးပေါင်းပြီး ဖွင့်ခဲ့တာလေ။ မင်း ငါတို့ကို တားဆီးဖို့ ရည်ရွယ်ထားတာလား”
ဘေးမှ ပွဲကြည့်ပရိတ်သတ်များ အမှန်အကန်စကားများကိုကြားတော့ ကြေးဝါမျက်နှာဖုံးတပ်ထားသော အမျိုးသားကို အလိုအလျောက် လက်မထောင်ပြလိုက်မိကြသည်။
သူတို့ သေခြင်းတရားကို မကြောက်ရွံ့သူများအား မြင်ဖူးသော်လည်း တစ်စုံတစ်ယောက်က သေရန်ပြေးဝင်သွားသည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“လူငယ်လေး မင်း ငါတို့တျန်းချန်အကြီးအကဲငါးဦးရဲ့ ဂုဏ်သတင်းကို မကြားဖူးဘူးလား”
အကြီးအကဲကျား ကြယ်တာရာပမာ တောက်ပနေသော မျက်လုံးတစ်စုံဖြင့် ရှီးရွှမ်ကို တည့်တည့်ကြည့်ရင်း မေးလိုက်၏။
“ဂုဏ်သတင်းလား”
ရှီးရွှမ် အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
“ဟီးဟီး မင်း ဒါကို ဂုဏ်သတင်းလို့ခေါ်ရင် ဒီသခင်လေး ပင်လယ်လေးစင်းကို ဖြတ်ပြီး နာမည်ကြီးနေတာ ကြာပြီ”
‘မောက်မာလိုက်တဲ့သူ။ ဒီမျက်နှာဖုံးတပ်ထားတဲ့သူက နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်များလား’
ဤအတွေး လူတိုင်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
“မင်း ဘယ်သူလဲ”
အကြီးအကဲကျားဘေးတွင် ရပ်နေသော ကျောင်းတော်သားအိုကြီး အလိုအလျောက် မေးမြန်းလိုက်သည်။
“ငါ့နာမည်ကို ပြောလိုက်ရင် မင်းတို့ လန့်သေသွားမှာဆိုးရတယ်။ ဒါပေမဲ့ သတ်ဖြတ်ခြင်းနယ်မြေမှာတော့ လူတိုင်းက ငါ့ကို သတ်ဖြတ်ခြင်းဖြတ်တောက်ဓားလို့ ခေါ်ကြတယ်”
ရှီးရွှမ် ပြောနေရင်း သတ်ဖြတ်ခြင်းအရှိန်အဝါ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံသို့ စောင့်တက်သွား၏။
တိုက်တိုက်ဆိုင်ဆိုင် ထိုအခိုက် မိုးကုတ်စက်ဝိုင်းမှ တိမ်တိုက်တစ်ခု လွင့်မျောလာသည်။ သော့အလင်းရောင်ဖြင့် တောက်ပနေသော တိမ်တိုက်ကြီးသည် သွေးစွမ်းအင်ဖြင့် သွေးပမာ ရဲရဲနီသွားသည်ကို တွေ့နိုင်၏။
‘ကြောက်ဖို့ကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါ’
‘သတ်ဖြတ်ခြင်းဖြတ်တောက်ဓားက ဘယ်သူများလဲ’
လူအုပ်ကြီး ထိုသူ၏ဇာစ်မြစ်ကို စတင် စဉ်းစားနေချိန် နောက်ထပ်အော်ဟစ်သံတစ်သံ လူအုပ်ထဲမှ ထွက်ပေါ်လာသည်။
“မှတ်မိပြီ။ သူက သတ်ဖြတ်ခြင်းဖြတ်တောက်ဓားဆိုတဲ့ ဝမ်တောက်ကျောင်းတော်က ပါရမီရှင်အသစ်ပဲ။ သတ်ဖြတ်ခြင်းနယ်မြေမှာ ဆယ်နှစ်တာကို အချိန်တစ်ရက်လို ကျင့်ကြံခဲ့တယ်လို့ ပြောကြတယ်။ သတ်ဖြတ်ခြင်းအရှိန်အဝါက သူ့ကို ဝန်းရံနေပေမဲ့ သူ့ဓားက ပြိုင်ဘက်ကင်းနေသေးတယ်။ သူ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ မသိကြပေမဲ့ သူ့ဓားဆီကနေ ဘယ်နတ်ဆိုးမှ မလွတ်မြောက်ဖူးဘူး”
ဝမ်တောက်ကျောင်းတော် ပါရမီရှင်ဟူသော စကားလုံးသည် သူရဲကောင်းများကို ခြိမ်းခြောက်ရန် လုံလောက်ပေသည်။
ဝမ်တောက်ကျောင်းတော်၏ အမြွှာမြင့်မြတ်သားတော်များ၏ ဂုဏ်သိက္ခာကို လောကကြီး သိထား၏။ သူတို့နှစ်ဦးသည် ကျောင်းတော်ပါရမီရှင်များ၏ ကိုယ်စားပြုများ ဖြစ်ကြသည်။
သူတို့နှစ်ဦး ပေါ်ထွက်လာကတည်းက ပါရမီရှင်များအဖြစ် ခေါ်ဆိုခံရပြီး အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းလည်း ရှိ၏။
တျန်းချန်အကြီးအကဲငါးဦး၏ အမူအရာများ တောင့်တင်းသွားကြသည်။ ဤနေရာတွင် ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်တစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
သူတို့ နီဗားနားရှင်သန်ခြင်းအဆင့်တွင် ရှိနေကြသော်လည်း ဘုရင်အဖြစ် ဘွဲ့မခံရသေးပေ။ ဝမ်တောက်ကျောင်းတော်ကဲ့သို့ ဧရာမအင်အားစုကြီးတစ်ခုကို ရင်ဆိုင်ရပါက သူတို့၌ ထွက်ပြေးရန် အခွင့်အရေးပင် ရှိမည် မဟုတ်ချေ။
အကြီးအကဲငါးဦး စကားမပြောသည်ကိုမြင်တော့ ရှီးရွှမ် ပြုံးကာ မေးလိုက်သည်။
“အခု ငါ ဝင်လို့ရပြီလား”
“အောမီထောဖော်”
ဘုန်းကြီးအိုကြီး ပထမဆုံး စကားဆိုလိုက်သည်။ “လျှို့ဝှက်ရတနာတိုက်ကို သခင်လေးတို့ ဖွင့်ခဲ့တာဆိုတော့ ဒီဘုန်းန်းကြီး မတားပါဘူး”
“အနည်းဆုံးတော့ မင်း အသိဉာဏ်ရှိသားပဲ”
ရှီးရွှမ် ပြောလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
“နေဦး”
အကြီးအကဲကျား ရှီးရွှမ်နှင့် အခြားသူများကို တားဆီးရန် စကားဆိုလိုက်၏။
ရှီးရွှမ် သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ မေးမြန်းလိုက်သည်။
“မင်းမှာ ကိစ္စ ရှိသေးလို့လား”
“မင်းကိုယ်မင်း ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်လို့ ပြောတာနဲ့ တကယ်ကြီး ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင် ဖြစ်သွားတာလား”
အကြီးအကဲကျား သူ့မျက်လုံးများကို ရှီးရွှမ်အပေါ်၌ ဇောက်ချထားသည်။ အကယ်၍ ချွင်းချက်ထားပေးလိုက်ပါက အခြားသူများကလည်း မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များဖြစ်ကြောင်း ဆိုလာလျှင် သူတို့ အချည်းနှီးလာသလို ဖြစ်သွားပေလိမ့်မည်။
“အော်”
ရှီးရွှမ် စိတ်ဝင်တစား မေးလိုက်သည်။
“ဒါဆို မင်း ဘာလိုချင်တာလဲ”
အကြီးအကဲကျား ပြောလိုက်၏။ “ငါတို့ကို သက်သေပြပါ”
“မင်း သေချာလို့လား”
ရှီးရွှမ်၏လေသံသည် တည်ငြိမ်နေပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများ ထိုးထွက်နေသော လူတစ်ဦးနှင့် လုံးလုံးမှမတူပေ။
“ဟုတ်တယ်”
သခင်မဟွာ ဝင်ပြောလိုက်သည်။
“ကျွန်မတို့ သခင်လေးကို မယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမှာ စောင့်ကြည့်နေတဲ့မျက်လုံးတွေ အများကြီး။ သခင်လေးက ကိုယ့်ကိုယ်ကိုယ် သက်သေမပြဘူးဆိုရင် အဆုံးသတ်ဖို့ ခက်ခဲလိမ့်မယ်”
ရှီးရွှမ် တျန်းချန်အကြီးအကဲငါးဦးကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ငါ့လက်ထဲကဓား ထက်လားဆိုတာ ဘယ်သူစမ်းပေးချငိလဲ”
အကြီးအကဲငါးဦး အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ကျန်အကြီးအကဲလေးဦး အကြီးအကဲကျားကို စိုက်ကြည့်လိုက်ကြ၏။
“ဟမ့်”
အကြီးအကဲကျား အေးစက်စွာ နှာမှုတ်လိုက်သည်။
“သေရမှာတော့ ကြောက်ပြီး လောဘကကြီးသေးတဲ့ ငကြောင်တစ်အုပ်။ မင်းရဲ့ ဓားသိုင်းကို ဒီဘုရင် ကိုယ်တိုင် ကြည့်ရသေးတာပေါ့။ မင်းရဲ့ဓားကို ဆွဲထုတ်လိုက်စမ်း”
လူတိုင်း၏ အကြည့်များသည် ရှီးရွှမ်အပေါ်သို့ ကျရောက်သွားသည်။ ရှီးရွှမ် လူအုပ်ထဲမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ရှီးရွှမ် လေထဲသို့ တက်လိုက်ပြီး သူ့လက်ထဲမှ ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ ပြောလိုက်သည်။
“မင်းဆန္ဒအတိုင်းပါပဲ”
သူ့စကားအဆုံး ဓားရှည်သည် ဓားအိမ်ထဲမှ ရုတ်တရက် ထွက်လာပြီး သူ အကြီးအကဲကျားဆီသို့ ပေါ့ပေါ့ပါးပါး ထိုးသွင်းလိုက်သည်။
ကလန်
ဓားမြည်သံနှင့်အတူ ဓားချီတစ်ခု ကောင်းကင်ကို ဖြတ်သန်း ခုတ်ပိုင်းသွား၏။
တောက်ပသည့် လရောင်အောက်တွင် လူအုပ်ကြီး ဓားချီများ ဝန်းရံနေသော သွေးပမာနီရဲသည့် ဓားဓမ္မပုံရိပ်တစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
ဓားဆန္ဒပုံဖော်ခြင်း၊ ဓားဆန္ဒ အလုံးစုံပြီးပြည့်စုံခြင်းအဆင့်။
ဤအတွေး လူအုပ်ကြီး၏ စိတ်ထဲတွင် ဖြတ်ပြေးသွားချိန် ရှီးရွှမ် သူ့လက်ထဲရှိ ရတနာဓားကို ဖြည်းညှင်းစွာ ပြန်ထည့်လိုက်ပြီး တိုးညှင်းစွာ ပြောသည်။
“ဘယ်သူ ရှိသေးလဲ”
သူ့အသံမဆုံးသေးခင် ကောင်းကင်ယံရှိ ဧရာမကျားကြီး သူ့ခေါင်းနှင့်ခန္ဓာ အိုးစားကွာသွားပြီး မြေပြင်ဆီသို့ ပြုတ်ကျလာလေ၏။